မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

သူ့​သား​အိမ်ရာ​ပြစ်မှားမှု​ကြောင့် ဒါဝိဒ်​နှင့်​ဗေသရှေဘ​တို့ သေဒဏ်​မခံရ​ဘဲ သူတို့၏​မွေးကင်းစ​သားလေး အဘ​ယ့်​ကြောင့်​သေဆုံး​ရသနည်း။

“လင်​ရှိသော​မိန်းမ​နှင့် အခြားသော​ယောက်ျား သင့်​နေသည်​ကို​တွေ့​မိ​လျှင် ထို​ယောက်ျား​နှင့်​မိန်းမ​နှစ်ယောက်​တို့သည် အသေ​သတ်​ခြင်း​ကို​ခံရ​မည်။ ထိုသို့ [ဆိုးသော] အပြစ်ကို ဣသရေလ​အမျိုး​မှ​ပယ်ရှား​ရမည်” ဟု​မောရှေ​ပညတ်​က​ဆို​သည်။ (တရားဟောရာ ၂၂:၂၂) ယေဟောဝါ​သည် ဒါဝိဒ်​နှင့်​ဗေသရှေဘ​တို့၏​အပြစ်ကို ပညတ်တရား​အောက်​ရှိ တရားသူကြီး​များ​အား စီရင်​စေပါ​က ထို​သူ့​သား​အိမ်ရာ​ပြစ်မှားသူ​မောင်နှံ​သည် သေဒဏ်​ခံရ​မည်​ဖြစ်၏။ လူသား​ဖြစ်သူ တရားသူကြီး​များသည် နှလုံးကို မသိ​မြင်နိုင်​သောကြောင့် အပြစ်​ကျူးလွန်​သူ၏ အကျင့်အကြံ​ပေါ်​မူတည်ပြီး တရား​စီရင်​ကြ​ပေမည်။ သူ့​သား​အိမ်ရာ​ပြစ်မှား​ပါ​က သေဒဏ်​သင့်​မည်​ဖြစ်၏။ ထို​အပြစ်ကို ဣသရေလ​တရားသူကြီး​များ လွှတ်​ငြိမ်းချမ်း​သာ​ပေး​ခွင့်​မရှိပါ။

အခြား​တစ်ဖက်​တွင်​မူ စစ်မှန်သော​ဘုရားသခင်​သည် လူတို့၏​နှလုံးကို​သိ​မြင်နိုင်​ပြီး ခွင့်လွှတ်​ထိုက်​ကြောင်း​သိမြင်​ပါ​က ကိုယ်တော်​ခွင့်လွှတ်​တော်​မူ​သည်။ ယေဟောဝါ​သည် ဒါဝိဒ်​နှင့် ဘုရားသခင့်​နိုင်ငံတော်​ပဋိညာဉ်ဖွဲ့​ထား​ရာ ထို​ကိစ္စ​ကို​ခြွင်းချက်​ထား​ကာ ကိုယ်တော်တိုင်​စီရင်​ရန် ရွေးချယ်​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၇:၁၂-၁၆) “မြေကြီး​တစ်ခွင်လုံး​၏​တရားသူကြီး” သည် ထိုသို့​ရွေးချယ်ပိုင်ခွင့်​ရှိ၏။—ကမ္ဘာဦး ၁၈:၂၅

ယေဟောဝါ​သည် ဒါဝိဒ်​၏​စိတ်နှလုံး​ကို ဆန်းစစ်​ရာ​တွင် အဘယ်အရာ​တွေ့မြင်​ခဲ့​သနည်း။ “ဒါဝိဒ်​သည် ဗာသရှေဘ​နှင့်​မှားယွင်း​၍ ပရောဖက်​နာသန်​၏​ဆုံးမခြင်း​ကို​ခံ​ပြီး​မှ စပ်ဆို​သော​ဆာလံ” ဟူ​သည့် ဆာလံ ၅၁ အထက်​ရှိ​စာတမ်း​က ဒါဝိဒ်​၏​ခံစားချက်​ကို ဖော်ပြ​သည်။ ဆာလံ ၅၁:၁-၄ တွင် ဤသို့​ဆို​ထား​၏– “အို​ဘုရားသခင်၊ ကျေးဇူးပြု​ချင်​သော စေတနာ​စိတ်တော်​ရှိသည်​အတိုင်း အကျွန်ုပ်​ကို​သနားတော်မူ​ပါ။ စုံမက်​တော်​မူ​ခြင်း ကရုဏာ​များပြား​သည်​နှင့်​အညီ အကျွန်ုပ်​လွန်ကျူးခြင်း​အပြစ်ကို​ဖြေ​တော်​မူ​ပါ။ [မကောင်းမှု] အညစ်အကြေး​ကို အကုန်အစင်​ဆေးကြော​၍ အကျွန်ုပ်​ကို​သန့်ရှင်း​စေတော်မူ​ပါ။ အကျွန်ုပ်​လွန်ကျူး​ပါ​ပြီ​ဟု​ဝန်ချ​လျက် ကိုယ်​အပြစ်ကို အစဉ်မပြတ်​အောက်မေ့​လျက်​နေပါ​၏၊ ကိုယ်တော်​ကို​ပြစ်မှား​ပါ​ပြီ။ ကိုယ်တော်​ကို​သာ​ပြစ်မှား​၍ မျက်မှောက်တော်၌​ပင် မတရားသော​အမှုကိုပြု​ပါ​ပြီ။” ဒါဝိဒ်​၏​နှလုံး​ထဲ​ရှိ ကြီးစွာ​သော​နောင်တ​ကို စစ်မှန်သော​နောင်တ​အဖြစ် ယေဟောဝါ​ရှုမြင်ခဲ့​ရမည်​ဖြစ်​ပြီး အပြစ်​ကျူးလွန်​သူကို ကရုဏာ​ပြ​သင့်​သည်​ဟု ဆုံးဖြတ်​ခဲ့​ပေမည်။ ထို့​ပြင် ဒါဝိဒ်​ကိုယ်တိုင် သနား​ကြင်နာ​တတ်​သူ​ဖြစ်​ရာ ယေဟောဝါ​သည် သနား​ကြင်နာ​တတ်​သူကို သနားတော်မူ​၏။ (၁ ဓမ္မ​ရာဇဝင် ၂၄:၄-၇; မဿဲ ၅:၇; ယာကုပ် ၂:၁၃) ထို့​ကြောင့် ဒါဝိဒ်​သည် အပြစ်ကို​ဝန်ခံ​သည့်​အခါ နာသန်​က ‘အသက်​တော်​ကို​ချမ်းသာ​စေခြင်း​ငှာ ထာဝရ​ဘုရားသခင်​သည် ကိုယ်တော်​အပြစ်ကို​ပယ်​တော်​မူ​ပြီ’ ဟု​ဆို​၏။—၂ ဓမ္မ​ရာဇဝင် ၁၂:၁၃

သို့သော် ဒါဝိဒ်​နှင့်​ဗေသရှေဘ​တို့သည် အပြစ်​၏​အကျိုးဆက်​အားလုံး​မှ လွှတ်​ငြိမ်းချမ်း​သာ​ခွင့်​ရမည်​မဟုတ်ပါ။ ‘ဤ​အမှု​အားဖြင့် ထာဝရ​ဘုရားသခင်​ကို မထီမဲ့မြင်​ပြုသော​ကြောင့် ယခု​ရသော​သား​သည် ဆက်​ဆက်​သေရ​မည်’ ဟု ဒါဝိဒ်​အား နာသန်​လျှောက်ဆို​၏။ ထို့​ကြောင့် ဒါဝိဒ်​သည် ခု​နစ်​ရက်​တိုင်​အစာရှောင်​ပြီး ပူဆွေး​ငိုကြွေး​ခဲ့​သော်လည်း သူတို့​သားလေး​မှာ ဖျားနာ​ကာ သေဆုံး​ခဲ့​လေ​သည်။—၂ ဓမ္မ​ရာဇဝင် ၁၂:၁၄-၁၈

တရားဟောရာ ၂၄:၁၆ တွင် “သား​သည် အဘ​၏​အပြစ်​ကြောင့်​လည်းကောင်း အသေ​မခံရ” ဟု​ဆို​ထား​ရာ သား​ဖြစ်သူ အဘယ်ကြောင့်​သေဆုံး​ရ​ကြောင်း အချို့​က နားမလည်​နိုင်​ဖြစ်နေ​ကြသည်။ သို့သော် လူသား​ဖြစ်သူ တရားသူကြီး​များ​သာ ထို​အမှုကို​စီရင်​ခဲ့​ပါ​က မိဘများ​အပြင် သား​အိမ်တွင်း​မှ မမွေး​သေး​သော​ကလေး​လည်း အသက်ဆုံး​ကြ​ရ​ပေမည်။ သား​ဖြစ်သူ​သေဆုံးရခြင်း​ကြောင့် ဗေသရှေဘ​နှင့်​ပြစ်မှား​မိ​သည့် မိမိ၏​အပြစ်ကို ယေဟောဝါ​မည်မျှ​မနှစ်မြို့​ကြောင်း ဒါဝိဒ် ပို​၍​သဘောပေါက်ခဲ့​ပေမည်။ ထို​အမှုကို ယေဟောဝါ တရား​သဖြင့်​စီရင်​ခဲ့​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြသည်၊ အကြောင်း​မှာ “ဘုရားသခင်​၏​နည်းလမ်းတော်​သည် စုံလင်” သောကြောင့်​တည်း။—၂ ဓမ္မ​ရာဇဝင် ၂၂:၃၁သမ္မာ။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် စစ်မှန်သော​နောင်တ​ရခဲ့