နွမ်းပါးမှုကို လူတို့ အဆုံးတိုင်စေနိုင်မည်လော
နွမ်းပါးမှုကို လူတို့ အဆုံးတိုင်စေနိုင်မည်လော
သန်းပေါင်းများစွာသောသူတို့သည် နွမ်းပါးမှုဒဏ် မခံစားရဘဲ ကြီးပြင်းလာကြသည်။ ဆာဆာလောင်လောင်ဖြင့် အိပ်ရာဝင်ရခြင်း၊ ခိုက်ခိုက်တုန်အချမ်းဒဏ်ကြောင့် အိမ်မပျော်နိုင်ခြင်းတို့ကို မကြုံဖူးကြချေ။ သို့တိုင် ထိုသူအများစုသည် ချို့ငဲ့သူတို့ကို သနားကာ တကူးတကကူညီပေးတတ်ကြသည်။
သို့သော် လူတို့သည် ပြည်တွင်းစစ်၊ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်းနှင့် အခြားပြဿနာများကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို အကြီးအကျယ်ခံစားနေရဆဲပင်။ ယင်းတို့သည် တစ်နိုင်စိုက်ပျိုးသူ အာဖရိကလယ်သမားများအတွက် အိပ်မက်ဆိုးဖြစ်နေ၏။ အချို့က မိမိတို့၏ အိုးအိမ်များကိုစွန့်ခွာကာ မြို့ကြီးများသို့ ပြောင်းရွှေ့ကြရသည်၊ တိုင်းတစ်ပါးတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေကြရသည်။ အခြားကျေးလက်သားတို့မူ ဘဝတိုးတက်ရေးအတွက် မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြ၏။
လူဦးရေများလွန်းသော မြို့ကြီးများသည် နွမ်းပါးမှုပျိုးခင်းများ ဖြစ်လေ့ရှိသည်။ အသီးအနှံစိုက်ပျိုးစရာ မြေကွက်မရှိသလောက်ပင်။ အလုပ်အကိုင်ရဖို့လည်း ခက်ခဲ၏။ သို့နှင့် လူအများမှာ ကြံရာမရဖြစ်ကာ ရာဇဝတ်ကောင်ဘဝ ရောက်သွားကြရရှာသည်။ မြို့သားတို့က အကူအညီတောင်းဆိုကြသော်လည်း လူ့အုပ်ချုပ်မှုများသည် တိုးပွားလျက်ရှိသော နွမ်းပါးမှုပြဿနာကို မဖြေရှင်းနိုင်ကြချေ။ ၂၀၀၃၊ နိုဝင်ဘာလတွင်ထုတ်ပြန်သည့် ကုလသမဂ္ဂပြန်တမ်းကိုရည်ညွှန်း၍ လန်ဒန်အင်ဒီပဲန်းဒဲန့်တ်က ဤသို့ဆိုသည်– “ကမ္ဘာသားတို့ ပိုမိုဆာလောင်လာနေသည်။ ယနေ့ကမ္ဘာတစ်ဝန်းတွင် လူ ၈၄၂ သန်းသည် အာဟာရချို့တဲ့နေသည့်အပြင် နောက်ထပ်ဆာလောင်သူ ၅ သန်းကျော် နှစ်စဉ်တိုးလာနေခြင်းကြောင့် ယင်းကိန်းဂဏန်းမှာ တရိပ်ရိပ်တက်နေသည်။”
တောင်အာဖရိကရှိ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသည် ရံဖန်ရံခါ ချို့ငဲ့သူတို့ထံမှစာများ လက်ခံရရှိတတ်သည်။ ဥပမာ၊ ဘလူမ်ဖန်တိန်းမြို့မှ လူတစ်ဦးက ဤသို့ရေးခဲ့၏– “ကျွန်တော့်မှာ အလုပ်မရှိဘူး၊ ဒါကြောင့် အခွင့်အရေးရတိုင်း မြို့ထဲမှာခိုးတယ်။ အဲဒီလိုမှမခိုးရင် ရက်နဲ့ချီပြီး ကျွန်တော်တို့ ငတ်ပြတ်နေရတယ်၊ ခိုက်ခိုက်တုန်အချမ်းဒဏ်လည်း ခံရသေးတယ်။ အလုပ်လုံးဝမရှိဘူး။ အလုပ်အကိုင်နဲ့ စားစရာရဖို့ လမ်းပေါ်မှာ ခြေဦးတည့်ရာသွားလာနေရတဲ့ လူတွေအများကြီးပဲ။ တချို့က အမှိုက်ပုံးထဲမှာ ရှာဖွေစားသောက်ကြရတယ်။ တချို့ကျတော့ ကိုယ့်ကိုယ်ကိုသတ်သေကြတယ်။ ကျွန်တော့်လိုလူတွေ စိတ်ပျက်လက်ပျက်ဖြစ်ပြီး မျှော်လင့်ချက်မဲ့နေကြတယ်။ အနာဂတ်အတွက် ဘာမျှော်လင့်ချက်မှ မရှိသလိုပဲ။ ကျွန်တော်တို့ကို စားသောက်ဖို့၊ အဝတ်ဝတ်ဖို့လိုအောင် ဖန်ဆင်းထားတဲ့ ဘုရားသခင်က ဒါတွေကိုမတွေ့ဘူးလား။” စိုးရိမ်ပူပန်မှုများအတွက် နှစ်သိမ့်ဖွယ်အဖြေရှိပါသည်။ ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာတွင် ဤအဖြေများပါရှိကြောင်း နောက်ဆောင်းပါးက တင်ပြပါလိမ့်မည်။