နွမ်းပါးမှုမရှိသည့်ကမ္ဘာ နီးပြီ
နွမ်းပါးမှုမရှိသည့်ကမ္ဘာ နီးပြီ
မဂ္ဂဇင်းမျက်နှာဖုံးပါ ပရဒိသုရုပ်ပုံများသည် နွမ်းပါးသူတို့အတွက် စွဲမက်နှစ်သက်စရာဖြစ်၏။ ကနဦးလူသားမောင်နှံ အာဒံနှင့်ဧဝတို့သည် ပရဒိသုတွင် အမှန်တကယ်နေထိုင်ခဲ့ကြရသည်။ သူတို့၏စံအိမ်ကား ဧဒင်ဥယျာဉ်ပင်တည်း။ (ကမ္ဘာဦး ၂:၇-၂၃) ထိုပရဒိသုပျောက်ဆုံးခဲ့ရသော်လည်း အနာဂတ်ပရဒိသုဖြစ်သော နွမ်းပါးမှုမရှိသည့်ကမ္ဘာသစ်ကို ယုံကြည်ခြင်းသည် အိပ်မက်မျှမဟုတ်ပါ။ ယင်းသည် သမ္မာကျမ်းစာပါ ကတိတော်များအပေါ် အခိုင်အမာအခြေပြုထား၏။
ယေရှုခရစ်၏မြေကြီးအသက်တာ နောက်ဆုံးနေ့ရက်တွင် ကိုယ်တော်ပေးခဲ့သော ကတိတော်ကို သုံးသပ်ကြည့်ပါ။ ယေရှုနှင့်အတူသေဆုံးခဲ့သော လူဆိုးတစ်ဦးသည် လူသားတို့၏ပြဿနာများကို ဘုရားသခင်ဖြေရှင်းပေးနိုင်ကြောင်း ယုံကြည်သည်။ သို့ဖြစ်၍ ‘သခင်၊ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ’ ဟုသူပြောခဲ့၏။ ယေရှုသည် ဘုရင်အဖြစ်စိုးစံပြီး လူသေတို့ အသက်ပြန်ရှင်လာမည်ကို လူဆိုးယုံကြည်ကြောင်း ထိုစကားများက ဖော်ပြနေသည်။ ‘သင့်အား ယနေ့ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူပရဒိသု၌ရှိလိမ့်မည်’ ဟုယေရှုဖြေဆိုခဲ့၏။—လုကာ ၂၃:၄၂၊ ၄၃၊ ကဘ။
ပရဒိသုတွင်နေထိုင်မည့်သူတို့အကြောင်း ကျမ်းစာကဤသို့ဆိုသည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁) မှန်ပါသည်၊ ‘သူတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။’—မိက္ခာ ၄:၄။
သို့ဆိုလျှင် ယခု နွမ်းပါးမှု အဘယ်ကြောင့်ရှိနေရသနည်း။ ဆင်းရဲနွမ်းပါးသူတို့ကို ဘုရားသခင် အဘယ်အကူအညီပေးထားသနည်း။ အဘယ်အချိန်တွင် ဆင်းရဲနွမ်းပါးမှု အဆုံးတိုင်မည်နည်း။
နွမ်းပါးမှုတည်ရှိရသည့်အကြောင်းရင်း
ကောင်းကင်တမန်ဆိုးတစ်ပါးဖြစ်သူ စာတန်အစပျိုးလိုက်သော ပုန်ကန်မှုကြောင့် အာဒံနှင့်ဧဝတို့နေထိုင်ခဲ့သည့် ပရဒိသုပျောက်ဆုံးခဲ့ရသည်။ စာတန်သည် မိမိကိုယ်စားပြောဆိုပေးသူအဖြစ် မြွေကိုအသုံးပြုကာ အပင်တစ်ပင်၏အသီးကို မစားဖို့တားမြစ်ထားသည့် ဘုရားသခင့်ပညတ်ကိုချိုးဖောက်ရန် ဧဝအားသွေးဆောင်ခဲ့သည်။ ဘုရားသခင်ထံမှ အမှီအခိုကင်းကင်းနေထိုင်ခြင်းဖြင့် သာ၍ကောင်းသောအသက်တာရရှိမည်ဟု စာတန်အယုံသွင်းခဲ့သည်။ တားမြစ်ထားသောအသီးကို ဧဝပေးသည့်အခါ အာဒံသည် ဇနီး၏မျက်နှာသာရဖို့စားလိုက်ခြင်းဖြင့် ဘုရားသခင်ကိုကျောခိုင်းလိုက်လေသည်။—ကမ္ဘာဦး ၃:၁-၆; ၁ တိမောသေ ၂:၁၄။
ပုန်ကန်သူမောင်နှံကို ပရဒိသုမှ တရားသဖြင့်မောင်းထုတ်လိုက်ပြီး ထိုအချိန်မှစ၍ အသက်ဆက်ရေးအတွက် သူတို့ ရုန်းကန်ခဲ့ကြရသည်။ ယေဟောဝါသည် မိမိအား မနာခံခြင်း၏ရလဒ်များ ထင်ရှားစေရန် စာတန်ကို အပြစ်ရှိသောလူသားတို့အပေါ် ယနေ့တိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။ မြေကြီးပေါ်တွင် ပရဒိသုဖြစ်လာရန် လူတို့မစွမ်းဆောင်နိုင်ကြောင်း လူ့သမိုင်းက သက်သေထူခဲ့ပြီ။ (ယေရမိ ၁၀:၂၃) အတိအကျဆိုရလျှင် ဘုရားသခင်ထံမှ အမှီအခိုကင်းကင်းနေခြင်းသည် ဆင်းရဲနွမ်းပါးမှုအပါအဝင် ဆိုးရွားသည့်ပြဿနာများသာ ဖြစ်ပေါ်စေခဲ့ပြီ။—ဒေ. ၈:၉။
သို့သော် နွမ်းပါးသူတို့သည် ဤခက်ခဲနေသော လောကတွင် မျှော်လင့်ချက်မဲ့မနေကြပါ။ ဘုရားသခင့်မှုတ်သွင်းခံစကားတော် သမ္မာကျမ်းစာတွင် သူတို့အတွက် လမ်းညွှန်ချက်ကောင်းပါရှိသည်။
“မစိုးရိမ်ကြနှင့်”
နွမ်းပါးသူများစွာပါဝင်သော ပရိသတ်ကို ယေရှုဟောပြောစဉ် ဤသို့ဆိုခဲ့၏– “မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။ . . . ထို့ကြောင့် အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို [ပြင်ပ] လူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။”—မဿဲ ၆:၂၆-၃၃။
နွမ်းပါးသူတစ်ဦးသည် ခိုးစရာမလိုပါ။ (သု. ၆:၃၀၊ ၃၁) ဘဝတွင် ဘုရားသခင်ကိုဦးစားထားမည်ဆိုလျှင် သူ့ကို ကိုယ်တော်ထောက်မပေးပါလိမ့်မည်။ တောင်အာဖရိကရှိ လီဆိုသိုးနိုင်ငံသား တူကီစို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ၁၉၉၈ ခုနှစ်တွင် နိုင်ငံခြားတပ်များသည် အစိုးရပုန်ကန်မှုကိုနှိမ်နင်းရန် လီဆိုသိုးနိုင်ငံထဲ ဝင်ရောက်လာကြသည်။ စစ်ဒဏ်ကြောင့် ဆိုင်များလုယက်ခံရသည်၊ လူတို့အလုပ်လက်မဲ့ဖြစ်သွားကြပြီး အစားအစာခေါင်းပါးခဲ့သည်။
တူကီစိုသည် မြို့တော်၏အနွမ်းပါးဆုံးရပ်ကွက်တွင် နေထိုင်သည်။ အိမ်နီးချင်းများစွာသည် အသက်ဆက်ရေးအတွက် ဆိုင်များကိုလုယက်ကြသည်။ တူကီစိုသည် တစ်ခန်းတည်းရှိသော သူ၏အိမ်သို့ပြန်ရောက်လာသည့်အခါ မိမိနှင့်အတူနေထိုင်သူအမျိုးသမီး မာစေးစိုသည် လုယက်ပစ္စည်းများစွာယူလာခဲ့ကြောင်း သိလိုက်ရ၏။ ယင်းသို့ပြုခြင်းသည် ဘုရားသခင့်ပညတ်နှင့်ဆန့်ကျင်ကြောင်း တူကီစိုရှင်းပြကာ “ဒါတွေကို အပြင်ထုတ်လိုက်ပါ” ဟုပြောခဲ့သည်။ သူ့စကားကို မာစေးစိုနာခံခဲ့သည်။ အိမ်နီးချင်းများက သူတို့ကိုလှောင်ပြောင်ကာ လုယက်ခိုးယူထားသည့် အစားအစာများကို သယ်ဆောင်သွားကြသည်။
တူကီစိုသည် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာလေ့လာရာမှ သိရှိခဲ့ရာများကြောင့် ယင်းသို့ပြုမူရခြင်းဖြစ်၏။ ဘုရားသခင့်ပညတ်ကိုနာခံသည့်အတွက် သူငတ်ပြတ်ခဲ့သလော။ မငတ်ခဲ့ပါ။ နောက်ပိုင်းတွင် တူကီစိုပူးပေါင်းနေသည့် ယေဟောဝါသက်သေများ၏အသင်းတော်မှ အကြီးအကဲတို့က သူနှင့်ဆက်သွယ်ကာ အစားအစာယူလာပေးကြသည်။ အမှန်မှာ လီဆိုသိုးနိုင်ငံအနီးတစ်ဝိုက်ရှိ တောင်အာဖရိကမှ ယေဟောဝါသက်သေများက မိမိတို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများအတွက် ကယ်ဆယ်ရေးပစ္စည်းနှစ်တန်ကျော် ပို့ပေးခဲ့ကြသည်။ ဘုရားသခင်အား တူကီစိုနာခံခြင်းနှင့် အသင်းတော်၏မေတ္တာပါစွာ ကူညီပေးခြင်းတို့ကို မာစေးစိုအထင်ကြီးစွဲမှတ်သွားရာ သူလည်း ကျမ်းစာစလေ့လာခဲ့သည်။ နောက်ဆုံး၊ သူတို့နှစ်ဦး တရားဝင်လက်ထပ်လိုက်ပြီး ယေဟောဝါသက်သေများအဖြစ် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီလာခဲ့ကြသည်။ ယခု သူတို့သည် ဘုရားသခင်အား တည်ကြည်စွာအမှုဆောင်လျက်ရှိသည်။
ယေဟောဝါဘုရားသခင်သည် နွမ်းပါးသူတို့ကို ဂရုစိုက်တော်မူ၏။ (“နွမ်းပါးသူများကို ဘုရားသခင် မည်သို့ရှုမြင်တော်မူသနည်း” ခေါင်းစဉ်ရှိ လေးထောင့်ကွက်ကိုရှု။) ကိုယ်တော်သည် မိမိအကြောင်းပိုမိုသိရှိလိုသူ တူကီစိုနှင့်မာစေးစိုကဲ့သို့သော အခြားသူများကို မေတ္တာပါစွာကူညီပေးလျက်ရှိသည်။ ကိုယ်တော်၏နှုတ်မြွက်တော်တွင် နေ့စဉ်အသက်တာအတွက် လက်တွေ့ကျအကြံပြုချက် ပေးထားသည်။
ကောင်းမွန်လှသော ပြင်ဆင်ပေးမှု
ယေဟောဝါသက်သေများသည် နွမ်းပါးသူတို့အပေါ် ဘုရားသခင်ပြသသည့် စိုးရိမ်မကင်းဖြစ်မှုမျိုးကို အမြဲကြိုးစားတင်ပြကြသည်။ (ဂလာတိ ၂:၁၀) သဘာဝဘေးဒဏ်ကြောင့် ခရစ်ယာန်စစ်များ အခက်အခဲကြုံရသည့်အခါ လိုအပ်သောအကူအညီပေးရန် စီစဉ်လေ့ရှိသည်။ ထို့ထက်ကား သက်သေခံတို့သည် နွမ်းပါးသူများအပါအဝင် လူအားလုံး၏ဝိညာဉ်ရေးလိုအပ်ရာကို အရေးပေးကူညီကြသည်။ (မဿဲ ၉:၃၆-၃၈) လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်အတွင်း လေ့ကျင့်မှုရထားသူ ထောင်နှင့်ချီသောအမှုဆောင်တို့သည် ခရစ်ယာန်သာသနာပြုများအဖြစ် တိုင်းတစ်ပါးတွင် အမှုဆောင်ခဲ့ကြပြီ။ ဥပမာ၊ ဖင်လန်နိုင်ငံမှ ခရစ်ယာန်သာသနာပြုမောင်နှံသည် စီဆိုသိုးဘာသာစကားသင်ယူကာ တူကီစိုနှင့်မာစေးစိုတို့ကို ယေရှု၏တပည့်များဖြစ်လာစေရန် သွန်သင်ပေးနိုင်ခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ဤခရစ်ယာန်သာသနာပြုလုပ်ငန်းကိုထမ်းဆောင်ရန် ကြွယ်ဝချမ်းသာသည့်နိုင်ငံရှိ သက်သောင့်သက်သာဘဝမျိုးကိုစွန့်ကာ နွမ်းပါးသည့်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ဖို့လိုလေ့ရှိသည်။
အသက်ဆက်ရေးအတွက် ခိုးယူခြင်းသည် ခရစ်ယာန်စစ်များအတွက်မဟုတ်ပါ။ ထိုသို့ပြုမည့်အစား ယေဟောဝါဘုရားသခင်၏ထောက်မပေးနိုင်စွမ်းကို သူတို့ယုံကြည်စိတ်ချကြသည်။ (ဟေဗြဲ ၁၃:၅၊ ၆) မိမိလူတို့ကို ယေဟောဝါထောက်မကူညီသည့် နည်းတစ်နည်းမှာ အချင်းချင်းဂရုစိုက်ကြသော မိမိအားဝတ်ပြုသူများ၏ ကမ္ဘာချီအဖွဲ့အစည်းအားဖြင့်ဖြစ်သည်။
နွမ်းပါးသူများကို ယေဟောဝါကူညီပေးသည့် နောက်နည်းတစ်နည်းမှာ နေ့စဉ်အသက်တာအတွက် လက်တွေ့ကျအကြံပြုချက်များ ပေးခြင်းဖြစ်သည်။ ဥပမာ၊ “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ မိမိလက်နှင့်ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ” ဟုကျမ်းစာကဆိုထား၏။ (ဧဖက် ၄:၂၈) အလုပ်လက်မဲ့ဖြစ်သူများစွာသည် အသီးအနှံစိုက်ပျိုး၊ ပြုစုရေးတို့ကို ကြိုးစားလုပ်ကိုင်ခြင်းဖြင့် အလုပ်ရှိလာကြသည်။ အရက်သေစာသုံးစွဲခြင်းအစရှိသော အကျင့်ဆိုးများကိုရှောင်ကြဉ်ရန် သမ္မာကျမ်းစာက သွန်သင်ပေးခြင်းဖြင့် နွမ်းပါးသူတို့ကို ငွေချွေတာတတ်စေသည်။—ဧဖက် ၅:၁၈။
နွမ်းပါးမှုမရှိသည့်ကမ္ဘာ—အဘယ်အချိန်တွင်နည်း
စာတန်အုပ်စိုးသည့် ‘နောက်ဆုံးသောကာလ’ တွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း ကျမ်းစာကဖော်ပြ၏။ (၂ တိမောသေ ၃:၁) မကြာမီ၊ ယေဟောဝါဘုရားသခင်သည် ယေရှုခရစ်ကိုစေလွှတ်ကာ လူတို့ကိုတရားစီရင်တော့မည်။ ထိုအခါ အဘယ်အရာဖြစ်ပျက်လာမည်နည်း။ ပုံဥပမာတစ်ခုတွင် ယေရှု ဤသို့အဖြေပေးခဲ့သည်– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်အခြံအရံနှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေတော်မူသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ သိုးတို့ကို လက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတ္တံ့။”—မဿဲ ၂၅:၃၁-၃၃။
ဤပုံဥပမာမှသိုးများမှာ ယေရှု၏မင်းအရိုက်အရာကို လက်အောက်ခံသူများဖြစ်ကြသည်။ သူတို့သည် ယေရှုအား သိုးထိန်းအဖြစ်လက်ခံကာ ကိုယ်တော့်နောက်လိုက်ကြသောကြောင့် သိုးနှင့်ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ (ယောဟန် ၁၀:၁၆) ဤသိုးကဲ့သို့သောပုဂ္ဂိုလ်များသည် ယေရှု၏စုံလင်သောအုပ်ချုပ်မှုအောက်တွင် အသက်ရကြမည်။ နွမ်းပါးမှုမရှိသော ကမ္ဘာသစ်တွင် သူတို့ ပျော်ရွှင်စွာနေထိုင်ကြလိမ့်မည်။ ယေရှု၏အုပ်စိုးမှုကိုငြင်းပယ်သူ ဆိတ်ကဲ့သို့သောသူများမူ ထာဝရပျက်စီးသွားပါလိမ့်မည်။—မဿဲ ၂၅:၄၆။
ဘုရားသခင့်နိုင်ငံတော်သည် ဆိုးသွမ်းမှုကိုအဆုံးတိုင်စေမည်။ ထိုအခါ နွမ်းပါးမှုရှိတော့မည်မဟုတ်။ ယင်းအစား ကမ္ဘာပေါ်တွင် အချင်းချင်းချစ်ခင်၊ ဂရုစိုက်သူတို့သာ နေထိုင်ကြပါလိမ့်မည်။ ဤကမ္ဘာသစ်မျိုး အမှန်တကယ်ဖြစ်လာနိုင်ကြောင်း ယေဟောဝါသက်သေများ၏ မေတ္တာပြည့်ဝသော အပြည်ပြည်ဆိုင်ရာညီအစ်ကိုများအသင်းအပင်းက ဖော်ပြသည်၊ အကြောင်းမှာ ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့၍ဖြစ်သည်။—ယောဟန် ၁၃:၃၅။
[စာမျက်နှာ ၆၊ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံများ]
နွမ်းပါးသူများကို ဘုရားသခင် မည်သို့ ရှုမြင်တော်မူသနည်း
သမ္မာကျမ်းစာတွင် လူသားတို့၏ဖန်ဆင်းရှင်အား “ငတ်မွတ်သောသူတို့ကိုကျွေးမွေးတော်မူ” သည့်အရှင်ဟု ဆိုထား၏။ (ဆာလံ ၁၄၆:၇) ကျမ်းစာတွင် နွမ်းပါးသူများကို ဘုရားသခင်ဂရုစိုက်တော်မူကြောင်းဖော်ပြသည့် အခန်းငယ်တစ်ရာကျော် ပါရှိသည်။
ဥပမာ၊ ရှေးခေတ်ဣသရေလလူမျိုးကို ယေဟောဝါပညတ်ပေးခဲ့စဉ်က လယ်သမားများသည် မိမိတို့၏လယ်ထောင့်တို့ကို အကုန်အစင်မရိတ်သိမ်းကြရန် မိန့်မှာခဲ့၏။ သံလွင်ပင် သို့မဟုတ် စပျစ်ပင်မှ ကျန်ကြွင်းသောအသီးကို သူတို့မဆွတ်ခူးရချေ။ ထိုပညတ်များသည် ဧည့်သည်၊ မိဘမဲ့ကလေး၊ မုဆိုးမနှင့် အခြားနွမ်းပါးသူတို့အတွက် မေတ္တာပါသောအစီအစဉ်ဖြစ်သည်။—ဝတ်ပြုရာ ၁၉:၉၊ ၁၀; တရားဟောရာ ၂၄:၁၉-၂၁။
ထို့ပြင် ဣသရေလလူမျိုးကို ဘုရားသခင် ဤသို့မိန့်မှာခဲ့၏– “မိဘမရှိသောသူငယ်နှင့် မုဆိုးမကို သင်တို့သည် မနှောင့်ယှက်ရ။ နှောင့်ယှက်ခြင်းတစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင် ငါသည် ထိုအသံကိုအမှန်ကြား၍ ငါအမျက်ပြင်းစွာထွက်လျက် သင်တို့ကို ဓားဘေးဖြင့်ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍ သားသမီးများသည်လည်း မိဘမရှိသောသူငယ်ဖြစ်ကြလိမ့်မည်။” (ထွက်မြောက်ရာ ၂၂:၂၂-၂၄) ဝမ်းနည်းစရာမှာ ချမ်းသာသောဣသရေလလူများစွာသည် ထိုစကားများကို မနာခံခဲ့ကြချေ။ ထို့အတွက်ကြောင့်နှင့် အခြားအပြစ်များကြောင့် ယေဟောဝါဘုရားသခင်သည် ပရောဖက်များမှတစ်ဆင့် ဣသရေလလူမျိုးကို အမျိုးမျိုးသတိပေးခဲ့သည်။ (ဟေရှာယ ၁၀:၁၊ ၂; ယေရမိ ၅:၂၈; အာမုတ် ၄:၁-၃) အဆုံး၌ ဘုရားသခင်သည် ဣသရေလနယ်မြေကို အာရှုရိလူမျိုးနှင့် နောက်ပိုင်းတွင် ဗာဗုလုန်လူမျိုးတို့အား သိမ်းပိုက်စေခဲ့သည်။ ဣသရေလလူများစွာ အသတ်ခံခဲ့ရပြီး အသတ်မခံရသူတို့မှာ တိုင်းတစ်ပါးသို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံခဲ့ကြရသည်။
ဘုရားသခင်၏ချစ်သားတော် ယေရှုခရစ်သည် ဆင်းရဲနွမ်းပါးသူများကို ခမည်းတော်နည်းတူ မေတ္တာပြခဲ့၏။ ဓမ္မအမှုဆောင်ရခြင်း၏ရည်ရွယ်ချက်ကို ယေရှု ဤသို့ရှင်းပြခဲ့သည်– ‘ထာဝရဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ နွမ်းပါးသူတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။’ (လုကာ ၄:၁၈၊ ၁၉) ယင်းကြောင့် ယေရှုသည် နွမ်းပါးသူများကိုသာ ဟောပြောခဲ့သည်ဟု မဆိုလိုပါ။ ကိုယ်တော်သည် ချမ်းသာသူတို့ကိုလည်း မေတ္တာပါစွာကူညီပေးပါသည်။ သို့သော် ထိုသို့ကူညီပေးရာတွင် နွမ်းပါးသူများကိုဂရုစိုက်ကြောင်း ယေရှုဖော်ပြလေ့ရှိသည်။ ဥပမာ၊ ချမ်းသာသူအရာရှိတစ်ဦးအား ကိုယ်တော် ဤသို့အကြံပေးခဲ့၏– “ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့။”—လုကာ ၁၄:၁၊ ၁၂-၁၄; ၁၈:၁၈၊ ၂၂; ၁၉:၁-၁၀။
ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်တို့သည် နွမ်းပါးသူများကို အလွန်ဂရုစိုက်တော်မူသည်။ (မာကု ၁၂:၄၁-၄၄; ယာကုပ် ၂:၁-၆) သေဆုံးခဲ့သောနွမ်းပါးသူဒုနှင့်ဒေးကို ယေဟောဝါမှတ်မိနေခြင်းက သူတို့ကို ကိုယ်တော်ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်။ ထိုသို့သောသူများသည် နွမ်းပါးမှုမရှိသည့်ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်လာကြပါလိမ့်မည်။—တမန်တော် ၂၄:၁၅။
[ရုပ်ပုံများ]
ယေဟောဝါသက်သေများ၏ အပြည်ပြည်ဆိုင်ရာညီအစ်ကိုအသင်းအပင်းက ကမ္ဘာသစ်ဖြစ်လာနိုင်ကြောင်း ဖော်ပြ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
တူကီစိုအား ကျမ်းစာသင်ပေးသူ ခရစ်ယာန်သာသနာပြုနှင့်အတူ တူကီစိုနှင့် မာစေးစို
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
မိမိအား ကျမ်းစာသင်ပေးသူ ခရစ်ယာန်သာသနာပြုနှင့်အတူ အိမ်တံခါးဝတွင် မာစေးစို