မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အသိပညာဖြင့် မိသားစုများ ခိုင်မြဲ

ဘုရားသခင့်အသိပညာဖြင့် မိသားစုများ ခိုင်မြဲ

‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏’

ဘုရားသခင့်​အသိပညာ​ဖြင့် မိသားစု​များ ခိုင်မြဲ

“ဘာလင်​တံတိုင်း​ကြီး။” အာဂျင်တီးနား​ရှိ ဇနီး​မောင်နှံ​တစ်စုံ​သည် သူတို့၏​အိမ်ကို နှစ်​ပိုင်း​ခွဲထား​ရန် တည်ဆောက်​ထား​သည့်​နံရံ​ကို ထိုသို့​ပင် သူတို့​ခေါ်​ခဲ့​၏! သူတို့တွင် ပြန်​မသင့်​မြတ်​နိုင်​သည့် သဘောထား​ကွဲလွဲ​မှုများ​ရှိ​နေ၍ တစ်ဦး​ကိုတစ်​ဦး ကြည့်​မရ​ဖြစ်နေ​ကြသည်။

ဝမ်းနည်းစရာမှာ၊ အဆိုပါ​ဇနီး​မောင်နှံ​တို့​သာ ထိုသို့​ဖြစ်နေ​သည်မဟုတ်​ပါ။ မိသားစု​များစွာ​တွင် စကား​များ​ခြင်း၊ ဖောက်ပြန်​ခြင်း၊ အကြီးအကျယ်​ရန်လို​ခြင်း​တို့​ဖြစ်နေ​ကြသည်။ မိသားစု​အစီအစဉ်ကို ဘုရားသခင်​ကိုယ်တော်တိုင် အစပြု​တီထွင်​ခဲ့​သောကြောင့် ယင်း​သို့​ဖြစ်နေ​ခြင်း​သည် ဝမ်းနည်းစရာပင်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၂၃၊ ၂၄) အမှန်​မှာ ဘုရားသခင်​၏​ဆုကျေးဇူး​ဖြစ်သည့် မိသားစု​သည် အချင်းချင်း​အလွန်​ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​ရန် အကောင်းဆုံး​နေရာ​ဖြစ်သည်။ (ရုသ ၁:၉) မိသားစု​တစ်စုလုံး​သည် ဘုရားသခင်​ပေး​ထားသော မိမိတို့၏​တာဝန်​များ​ကို ကျေပွန်ခြင်း​ဖြင့် ယေဟောဝါ​အား ဂုဏ်တင်​နိုင်​ပြီး အချင်းချင်း​အတွက်​လည်း ကောင်းချီး​ဖြစ်စေ​နိုင်​သည်။ *

မိသားစု​အစီအစဉ်ကို ဘုရားသခင်​အစပြု​ခဲ့​ရာ မိသားစု​များ မည်သို့​ဖြစ်​သင့်​ကြောင်း​သိရှိဖို့ ကိုယ်တော်​ရှုမြင်သည့်​အတိုင်း ရှုမြင်​ရန်လို​သည်။ အထူးသဖြင့် အခက်အခဲ​များ ပေါ်လာ​သည့်​အခါ မိသားစု​ဘဝ အောင်မြင်​စေရန် လက်တွေ့ကျ​အကြံပြုချက်များ​ကို သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်။ လင်ယောက်ျား​များနှင့်​ပတ်သက်​၍ ကျမ်းစာ​က “ယောက်ျား​တို့သည် မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ခင်ပွန်း​တို့ကို ချစ်​ရ​ကြ​မည်” ဟု​ဆို​၏။ ဤ​တောင်းဆိုချက်​အတိုင်း လင်ယောက်ျား​ပြုမူ​သည့်​အခါ သူ၏​ဇနီးသည် “ကိုယ်​ခင်ပွန်း​ကို အလွန်​ရိုသေ” မည်​ဖြစ်သည်။—ဧဖက် ၅:၂၅-၂၉၊ ၃၃က​ဘ။

မိဘ​နှင့် သားသမီး​စပ်ကြား ဆက်ဆံ​ရေး​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “အဘ​တို့၊ ကိုယ်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြုလျက် ကျွေးမွေး​ကြလော့။” (ဧဖက် ၆:၄) ယင်းက မိဘ​စကား​ကို သားသမီး​များ​နာခံ​ဖို့ သာ၍​လွယ်ကူ​စေသည့် နွေးထွေး​လှိုက်လှဲသော မိသားစု​ဝန်းကျင်​ကို ဖြစ်ပေါ်​စေ​၏။—ဧဖက် ၆:၁

အထက်​ဖော်ပြ​ပါ​အချက်များ​သည် မိသားစု​ဘဝ​နှင့်​ပတ်သက်​သည့် ကျမ်းစာ​အကြံပြုချက်​ကောင်း​ကို ပေါ်လွင်​စေ​သည်။ ဘုရားသခင်​၏​မူများ​ကို ကျင့်သုံး​ခြင်း​အားဖြင့် လူအများသည် အိမ်တွင်း၌ ပျော်ရွှင်မှု​ကို ခံစား​ကြ​ရ၏။ ဥပမာ၊ အစပိုင်း​တွင် ဖော်ပြ​ခဲ့​သော အာဂျင်တီးနား​မှ ဇနီး​မောင်နှံ​ကို​ကြည့်​ပါ။ သူတို့သည် ယေဟောဝါသက်သေ​များနှင့် သုံးလ ကျမ်းစာ​လေ့လာ​ပြီး​နောက် အိမ်ထောင်ရေး​နှင့်​ပတ်သက်​သည့် ပညာရှိ​အကြံပြုချက်ကို နှစ်ဦးစလုံး စတင်​ကျင့်သုံး​လာ​ကြသည်။ အချင်းချင်း​ဆက်ဆံ​ရေး​တိုးတက်စေ​ရန်၊ တစ်ဦး၏​လိုအပ်ရာ​ကို တစ်ဦး​နားလည်​ပေး​ရန်၊ ခွင့်လွှတ်​တတ်လာ​ရန် သူတို့​ကြိုးစား​ကြ​၏။ (သု. ၁၅:၂၂; ၁ ပေတရု ၃:၇; ၄:၈) အခြေအနေ​များ​က ထိန်းချုပ်​နိုင်​ပုံ​မရှိသည့်​အခါ ဒေါသကို ချုပ်တည်း​ပြီး ဘုရားသခင်​ထံ အကူအညီ​တောင်းခံ​ဖို့ သိရှိ​လာ​ကြသည်။ (ကောလောသဲ ၃:၁၉) မကြာမီ၊ “ဘာလင်​တံတိုင်း​ကြီး” ပြိုကျ​သွား​လေ​တော့​သည်!

မိသားစုကို ဘုရားသခင် ခိုင်မြဲ​စေနိုင်

ဘုရားသခင်​၏​စံနှုန်း​များ​ကို သိရှိပြီး ကျင့်သုံး​ခြင်း​သည် မိသားစု​အား ဖိစီးမှုများ​ကို ခံရပ်​စေနိုင်​၏။ ထိုသို့​ပြု​ရန် အရေးကြီး​၏၊ အကြောင်း​မှာ ကျွန်ုပ်​တို့​ခေတ်တွင် မိသားစု​အစီအစဉ်ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​လိမ့်​မည်​ဟု ပရောဖက်ပြု​ထား​၍​ဖြစ်သည်။ လက်ရှိ​ကိုယ်ကျင့်တရား​နှင့် လူ့​ဘောင်​အဖွဲ့အစည်း​၏ ပျက်စီး​ယိုယွင်းမှု​ကို ပေါလု​ကြို​ဟောခဲ့​သည်။ ‘ဘုရားသခင်​ဝတ်၌​မွေ့လျော်ယောင်ဆောင်’ သူတို့တွင်​ပင် တည်ကြည်မှု​မရှိခြင်း၊ ‘ပကတိ​ကြင်နာ​စုံမက်မှု’ ကင်း​ခြင်း​နှင့် မိဘ​စကား​နားမထောင်ခြင်း​တို့​ဖြစ်သည့် ‘နောက်ဆုံး​ကာလ’ ၏​လက္ခဏာကို တွေ့ ရှိ​ရ​လိမ့်​မည်​ဟု သူ​ပြော​ခဲ့​သည်။—၂ တိမောသေ ၃: ၁-၅

ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​ရန် ကြိုးစား​ခြင်း​သည် မိသားစု​အပေါ် ဤသို့​သော​ဆိုးကျိုး​များ ကျရောက်​ခြင်း​ကို တားဆီး​နိုင်၏။ ကြုံတွေ့​နေရ​သော အခက်အခဲ​ပြဿနာ​များ​ကို ဝိညာဉ်​ရေး​ဖြင့် ရင်ဆိုင်​ဖြေရှင်း​နိုင်​ကြောင်း မိသားစု​များစွာ သိရှိ​ခဲ့​ကြပြီ။ အိမ်သား​များသည် ဘုရားသခင်​နှင့် ဆက်ဆံ​ရေး​ကောင်း ဆက်​ရှိစေ​လိုလျှင် သူတို့သည် ကျမ်းစာ​မူများ​ကို ကျင့်သုံး​ပြီး ‘ထာဝရ​ဘုရားသခင်​သည် အိမ်ကို​ဆောက်​တော်​မ​မူလျှင် ဆောက်​သော​သူတို့သည် အချည်းနှီး​လုပ်ဆောင်ကြ’ ကြောင်း သဘောပေါက်​ဖို့​လို​သည်။ (ဆာလံ ၁၂၇:၁) မိသားစု​ဘဝတွင် ပျော်ရွှင်​စေရန် အအောင်မြင်ဆုံး​နည်း​မှာ ဘုရားသခင်​ကို ဦးထိပ်​ထားခြင်း​ဖြစ်သည်။—ဧဖက် ၃:၁၄၊ ၁၅

ဟာဝိုင်ယီကျွန်း​မှ ဒဲနစ္စ​ဆို​သူ အမျိုးသား​တစ်ဦး​သည် ထိုသို့​ပင်​ကြုံတွေ့ ခဲ့​ရ၏။ သူသည် ခရစ်ယာန်​အမည်ခံ​ထား​သော်လည်း ဆဲရေး​တိုင်းထွာ၊ ရန်​ဖြစ်လေ့​ရှိ၏။ စစ်မှုထမ်း​ပြီး​နောက် ပို​၍​ပင်​ရန်လို​တတ်လာ​ကာ အငြိုး​ကြီး​လာ​လေ​သည်။ သူက ဤသို့​ပြောပြ​သည်– “ကျွန်တော် အမြဲ​ရန်ဖြစ်​နေတာ။ ဘာကိုမှ ဂရုမစိုက်​ဘူး၊ သေ​ရမှာ​ကိုလည်း မကြောက်​ဘူး။ ဆဲဆို​ပြီး ရန်​ပဲ​ဖြစ်နေ​တယ်။ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​တဲ့ ကျွန်တော့်​ဇနီး​က ကျမ်းစာ​လေ့လာ​ဖို့ အားပေးခဲ့တယ်။”

ဒဲနစ္စ​သည် ဇနီး​၏​ကြိုးစား​အားထုတ်မှု​များ​ကို လက်မခံ​ချေ။ သို့သော် ဇနီး​၏​ခရစ်ယာန်​အမူအကျင့်​က သူ၏​အပျက်​သဘောထားကို ပျော့ပျောင်း​သွား​စေ​သည်။ နောက်ဆုံး​တွင် ဒဲနစ္စ​သည် ဇနီး၊ သားသမီး​များနှင့်​အတူ ခရစ်ယာန်​အစည်းအဝေး​တစ်ခု​ကို လိုက်​တက်​ခဲ့​သည်။ ထို့နောက် ကျမ်းစာ​သင်အံမှု​ကို ဒဲနစ္စ လက်ခံ​လိုက်ပြီး ကောင်းစွာ​တိုးတက်လာ​လေ​သည်။ သူသည် ၂၈ နှစ်လုံး​လုံး​သောက်​ခဲ့​သည့် ဆေးလိပ်​ကို ဖြတ်လိုက်​ပြီး သူ​ကြိုးစား​နှိမ်နင်း​နေသည့် အကျင့်​များ​ကို ကျင့်​နေကြ​သော မိတ်ဆွေဟောင်း​များနှင့် အဆက်ဖြတ်​ခဲ့​သည်။ ဒဲနစ္စ​သည် ယေဟောဝါ​အား ကျေးဇူး​တင်​စွာ​ဖြင့် ဤသို့​ဆို​၏– “ကျွန်တော့်​ရဲ့​မိသားစု​ဘဝ တိုးတက်​ကောင်းမွန်​လာပြီ။ မိသားစု​လိုက် အစည်းအဝေးတွေ​တက်​ကြ၊ အမှုဆောင်ထွက်​ကြတယ်။ ကျွန်တော့်​ဒေါသကို ချုပ်တည်း​နိုင်​ပြီး မ​ဆဲဆို​တော့​တဲ့​အတွက် ကျွန်တော့်​ကလေး​နှစ်ယောက်​က ကျွန်တော့်​ကို မကြောက်​တော့​ဘူး။ ကျွန်တော်​တို့​ဝိုင်းဖွဲ့​ပြီး စကားပြော​ဆို၊ ကျမ်းစာ​ဆွေးနွေး​လာနိုင်​ကြတယ်။ တကယ်လို့​သာ ကျမ်းစာ​မ​လေ့လာ​ခဲ့ရင် ဒီ​က​နေ့ ဒီမှာ ကျွန်တော်​ရှိ​မှာ​မဟုတ်ဘူး၊ အဲ့ဒီ​လောက်​ထိ ကျွန်တော် စိတ်​ဆ​တ်​တာ။”

မိသားစု​များသည် ယေဟောဝါ​၏​အလိုတော်ကို ကြိုးစား​လုပ်ဆောင်ကြ​သည့်​အခါ ပျော်ရွှင်​နိုင်​ကြသည်။ ကျမ်းစာ​မူများ​ကို အိမ်သား​တစ်ဦးတည်း ကျင့်သုံး​လျှင်​ပင် မည်သူမျှ​မကျင့်​သုံး​သည်ထက် သာ၍​ကောင်း​ကြောင်း တွေ့ ရှိခဲ့​ရပြီ။ ခရစ်ယာန်​အိမ်ထောင်​တစ်စု​ကို ပျိုးထောင်​ပေး​ရာ​တွင် လိမ္မာပါးနပ်မှု​နှင့် အချိန်​ပေးဖို့​လို​သည့် ကြိုးစား​အားထုတ်မှု​ဖြစ်သည်။ ယေဟောဝါ​သည် ဤသို့​သော​မိသားစု​များ​၏ ကြိုးစား​တည်ဆောက်မှု​များ​ကို အောင်မြင်​စေမည်​ဟု ယုံကြည်​စိတ်ချ​နိုင်​သည်။ ဆာလံဆရာ​၏​ဤ​စကား​များ​ကို သူတို့​သံယောင်လိုက်​နိုင်​ကြ​မည်– ‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏။’—ဆာလံ ၁၂၁:၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ၂၀၀၅ ယေဟောဝါသက်သေ​များ​၏​ပြက္ခဒိန်၊ မေ/ဇွန်​ကို​ရှု။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

ဘုရားသခင်​ကြောင့် “ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိသော မိသားစု​တိုင်း​၏​အမည် . . . ဖြစ်တည်​၏။”—ဧဖက် ၃:၁၅၊ က​ဘ

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

မိသားစု​အစီအစဉ်ကို ယေဟောဝါ​အလွန်​တန်ဖိုး​ထား

“‘အချင်း​တို့ များပြား​စွာ​မွေးဖွား​ကြလော့။ မြေကြီးကို​ပြည့်စေ​၍​နိုင်​ကြလော့’ ဟု​မိန့်တော်မူ​၍ သူတို့ကို ကောင်းချီး​ပေး​တော်​မူ​၏။”—ကမ္ဘာဦး ၁:၂၈

‘ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူတို့သည် ပျော်ရွှင်​ကြ​၏။ သင်၏​မယား​သည် သင့်​အိမ်နား​မှာ များစွာ​အသီးသီး​သော စပျစ်​နွယ်ပင်​ကဲ့သို့ ဖြစ်​လိမ့်​မည်။’—ဆာလံ ၁၂၈:၁၊ ၃