မာရီမြို့ ရှေးသဲကန္တာရဘုရင်မ
မာရီမြို့ ရှေးသဲကန္တာရဘုရင်မ
“အဖော်တွေနဲ့အတူ ကျွန်တော်တို့ရဲ့အောင်မြင်မှုကို ပွဲခံပြီး အဲ့ဒီည အိပ်ရာဝင်တဲ့အခါ ကျွန်တော်ဝမ်းသာလုံးဆို့နေတယ်” ဟူ၍ ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင် အန်ဒရေပရိုကဆိုသည်။ ၁၉၃၄၊ ဇန်နဝါရီလတွင် ဆီးရီးယားနိုင်ငံ၊ ဥဖရတ်မြစ်ပေါ်ရှိ အာဘူး ကေမာလ်မြို့ငယ်အနီး တေလ် ဟာရီရီ၌ ပရိုနှင့်အဖွဲ့သည် “မာရီရှင်ဘုရင်၊ အဲန်လီလ်ယဇ်ပုရောဟိတ်ကြီး လာမ်ဂျီ-မာရီ” ဟူ၍ ကမ္ပည်းထိုးထားရာကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ဤတွေ့ရှိချက်ကြောင့် သူတို့ဝမ်းသာပီတိဖြစ်ခဲ့ကြ၏။
နောက်ဆုံးတွင် မာရီမြို့ကို ရှာဖွေတွေ့ရှိကြလေတော့သည်! ဤရှာဖွေတွေ့ရှိချက်က ကျမ်းစာကျောင်းသားများအတွက် အဘယ်ကြောင့် စိတ်ဝင်စားစရာဖြစ်သနည်း။
အဘယ်ကြောင့် စိတ်ဝင်စားစရာဖြစ်သနည်း
မာရီမြို့တည်ရှိခဲ့ကြောင်း ရှေးကျမ်းများမှ သိရသော်လည်း ၎င်းနေရာအတိအကျကိုမူ မသိကြချေ။ ဆူမေးရီးယန်းကျမ်းဆရာများ၏အဆိုအရ မာရီမြို့သည် မက်ဆိုပိုတေးမီးယားတစ်ခွင်ကို တစ်ချိန်က အုပ်ချုပ်ခဲ့ပုံရှိသည့် နန်းစိုက်ရာနေရာဖြစ်၏။ ဥဖရတ်မြစ်ကမ်းပါးတွင် တည်ဆောက်ထားသော မာရီမြို့သည် ပါရှန်းပင်လယ်ကွေ့ဒေသနှင့် အာဆီးရီးယား၊ မက်ဆိုပိုတေးမီးယား၊ အနာတိုလီယာ၊ မြေထဲပင်လယ်ကမ်းရိုးတန်းတို့ကို ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းဆုံပေါ်တွင် မဟာဗျူဟာမြောက်စွာတည်ရှိ၏။ မက်ဆိုပိုတေးမီးယားတွင်မရှိသော သစ်၊ သတ္တုနှင့် ကျောက်မျက်စသော ကုန်ပစ္စည်းများကို ထိုမြို့မှတစ်ဆင့် တင်ပို့ခဲ့ကြရသည်။ မာရီမြို့သည် အဆိုပါကုန်ပစ္စည်းများကို အခွန်ကောက်ခံခြင်းဖြင့် အလွန်ချမ်းသာကြွယ်ဝလာရာ ထိုဒေသကို ကြီးစိုးနိုင်ခဲ့လေသည်။ သို့သော် ဆီးရီးယားကို အက်ကက်ရှင်ဘုရင် ဆာဂွန် သိမ်းပိုက်ချိန်တွင် အဆိုပါကြီးစိုးမှု အဆုံးတိုင်သွားလေသည်။
ဆာဂွန်အောင်ပွဲခံပြီး အနှစ် ၃၀၀ ခန့်တိုင် မာရီမြို့ကို စစ်ဘုရင်ခံများက အဆင့်ဆင့်အုပ်ချုပ်ခဲ့ကြသည်။ သူတို့၏လက်ထက်တွင် ထိုမြို့သည် အတော်အတန် ချမ်းသာကြွယ်ဝလာပြန်သည်။ သို့သော် နောက်ဆုံးရှင်ဘုရင် ဇင်ရီ-လင်မ် လက်ထက်တွင် မာရီမြို့၏အရှိန်သြဇာ ကျဆင်းသွားလေသည်။ ဇင်ရီ-လစ်မ်သည် စစ်အောင်ပွဲများ၊ စာချုပ်များနှင့် ထိမ်းမြား၍မဟာမိတ်များဖွဲ့ခြင်းဖြင့် သူ၏အင်ပါယာ ခိုင်ခံ့လာစေရန် ကြိုးစားခဲ့သည်။ သို့သော် ဘီ.စီ.အီး. ၁၇၆၀ ပြည့်နှစ်ခန့်တွင် ဗာဗုလုန်ရှင်ဘုရင် ဟာမူရာဘီသည် ထိုမြို့ကို သိမ်းပိုက်ဖျက်ဆီးလိုက်ရာ ပရိုခေါ်ဆိုခဲ့သည့် “ရှေးကမ္ဘာ၏အလင်းတစ်ခုဖြစ်သော ယဉ်ကျေးမှု” ပျောက်ကွယ်သွားလေသည်။
ဟာမူရာဘီ၏စစ်သည်တော်များသည် မာရီမြို့ကို ဖျက်ဆီးလိုက်သည့်အခါ သူတို့သည် မျက်မှောက်ခေတ် ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များကို မထင်မမှတ် အကြီးအကျယ်အကျိုးပြုခဲ့ကြသည်။ မီးလွတ်ရွှံ့အုတ်နံရံများကို သူတို့ဖြိုချစဉ် အချို့နေရာများရှိ အဆောက်အအုံအချို့ မြေအောက် ၁၅ ပေအထိ မြှုပ်သွားရာ အချိန်ကာလဒဏ်ကို ခံနိုင်ခဲ့၏။ ရှေးဟောင်းသုတေသနပညာရှင်များသည် ဝတ်ကျောင်း၊ နန်းတော်အပျက်အယွင်းများနှင့် ရှေးခေတ်ယဉ်ကျေးမှုတစ်ခုကို ပိုမိုသိရှိစေသည့် ရှေးဟောင်းပစ္စည်းမြောက်မြားစွာ၊ ကျောက်စာ ထောင်နှင့်ချီတို့ကို တူးဖော်တွေ့ရှိခဲ့ကြသည်။
မာရီမြို့၏အပျက်အယွင်းများကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားကြရသနည်း။ ဘိုးဘေးအာဗြဟံ အသက်ရှင်ခဲ့သည့်အချိန်ကို သုံးသပ်ကြည့်ပါ။ အာဗြဟံသည် ရေလွှမ်းမိုးဘေးပြီးနောက် အနှစ် ၃၅၂ နှစ်အကြာ ဘီ.စီ.အီး. ၂၀၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူသည် နောဧ၏ဒသမမြောက်မျိုးဆက်ဖြစ်သည်။ ဘုရားသခင်၏မိန့်မှာချက်အရ အာဗြဟံသည် သူ၏ဇာတိ ဥရမြို့မှထွက်၍ ခါရန်မြို့သို့ သွားခဲ့သည်။ အာဗြဟံအသက် ၇၅ နှစ်ရှိချိန် ဘီ.စီ.အီး. ၁၉၄၃ ခုနှစ်တွင် ခါရန်မှ ခါနာန်ပြည်သို့ ဆက်သွားခဲ့သည်။ “ဥရမြို့မှ [ခါနာန်ပြည်ရှိ] ယေရုရှလင်မြို့သို့ အာဗြဟံပြောင်းရွှေ့ခဲ့ခြင်းသည် သမိုင်းအရ မာရီခေတ်အချိန်ကဖြစ်သည်” ဟုအီတာလျံရှေးဟောင်းသုတေသနပညာရှင် ပါအိုလို မားတီကဆိုသည်။ ထို့ကြောင့် မာရီမြို့ကို ရှာဖွေတွေ့ရှိခြင်းသည် ဘုရားသခင်၏တည်ကြည်သောကျေးကျွန် အာဗြဟံအသက်ရှင်နေထိုင်ခဲ့သည့်လောကကို မြင်ယောင်စေသောကြောင့် ကျွန်ုပ်တို့အတွက် တန်ဖိုးရှိ၏။ *—ကမ္ဘာဦး ၁၁:၁၀–၁၂:၄။
ထိုအပျက်အယွင်းများက အဘယ်အရာကိုဖော်ပြသနည်း
မက်ဆိုပိုတေးမီးယားတစ်ခွင်တွင် ဘာသာတရားထွန်းကားသကဲ့သို့ မာရီမြို့တွင်လည်း ကြီးစိုးခဲ့သည်။ ထိုအချိန်က လူတို့သည် နတ်ဘုရားများကို ဝတ်ပြုကိုးကွယ်ရမည်ဟု ယူမှတ်ခဲ့ကြ၏။ အရေးကြီးသောဆုံးဖြတ်ချက်မချမီ နတ်ဘုရားများ၏အလိုဆန္ဒကို အမြဲမေးမြန်းလေ့ရှိကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ဝတ်ကျောင်းခြောက်ကျောင်း၏ အပျက်အယွင်းအစအနများကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့တွင် ခြင်္သေ့ဝတ်ကျောင်း (ကျမ်းစာအခေါ် ဒါဂုန်ဖြစ်သည့် ဒါဂန်ဝတ်ကျောင်းဟု ယူမှတ်ဖွယ်ရှိ) နှင့်မျိုးအောင်နတ်ဘုရားမ အစ်ရှိတာအပြင် နေနတ်ဘုရား ရှာမက်ရှ်တို့၏ ဝတ်ကျောင်းများလည်းပါဝင်သည်။ မူလအစ၌ အဆိုပါဝတ်ကျောင်းများတွင် လူတို့ပူဇော်ပသ ဆုတောင်းဝတ်ပြုကြသည့် နတ်ဘုရားရုပ်တုတစ်ခုရှိသည်။ ဝတ်ပြုကိုးကွယ်သူများသည် မိမိတို့၏ပြုံးရွှင်စွာဆုတောင်းနေသည့် ရုပ်ပုံများကို ဝတ်ကျောင်းရှိ ခုံတန်းလျားများပေါ် တင်ထားခြင်းဖြင့် မိမိတို့ အမြဲဝတ်ပြုကိုးကွယ်နေသည်ဟု ယူမှတ်ကြ၏။ ပရိုက ဤသို့ဖော်ပြသည်– “ထိုရုပ်ပုံသည် ယနေ့ . . . ဝတ်ပြုရေးတွင် အသုံးပြုသောဖယောင်းတိုင်ကဲ့သို့ဖြစ်သည်၊ ထိုထက်ပင် ယုံကြည်သူကို ကိုယ်စားပြုသည် ဟုယူမှတ်ကြသည်။”
တေလ် ဟာရီရီအပျက်အယွင်းတွင် အံ့မခန်းဖွယ်အကောင်းဆုံး ရှာဖွေတွေ့ရှိချက်မှာ မာရီ၏နောက်ဆုံးရှင်ဘုရင် ဇင်ရီ-လစ်မ်အမည်ဖြင့် သိရှိကြသည့် ဧရာမနန်းတော်အဆောက်အဦကြီး၏ အပျက်အယွင်းများဖြစ်သည်။ ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင် လူဝီစ်-ယူဂါစ် ဗဲန်ဆဲန်က ယင်းကို “ရှေးခေတ်အရှေ့တိုင်းဗိသုကာပညာ၏ အဖိုးတန်ကျောက်မျက်” ဟုခေါ်ဆိုခဲ့သည်။ ခြောက်ဧကကျော်ကျယ်သော ထိုနန်းတော်တွင် အခန်း ၃၀၀ ခန့်နှင့် ဝင်းခြံများပါရှိသည်။ ရှေးခေတ်ကပင် ဤနန်းတော်ကြီးကို ကမ္ဘာ့အံ့ဖွယ်တစ်ခုအဖြစ် ယူမှတ်ကြ၏။ ဂျော့ဂျ် ရူးသည် သူ၏ရှေးခေတ်အီရတ်စာအုပ်တွင် ဤသို့ဆိုသည်– “၎င်းသည် အလွန်ကျော်ကြားခဲ့သဖြင့် ဆီးရီးယားကမ်းခြေတွင်နေထိုင်သော ဥဂရစ်ရှင်ဘုရင်သည် သူ၏သားတော်ကို ‘ဇင်ရီ-လစ်မ်၏နန်းတော်’ သို့ အလည်အပတ်သွားရန် ကုန်းတွင်းပိုင်း ၆၀၀ ကီလိုမီတာ [မိုင် ၃၇၀] ခရီးကို စေလွှတ်ခဲ့၏။”
ဧည့်သည်များသည် ဧရာမနန်းတော်ဝင်းသို့မရောက်မီ မျှော်စင်များကြားရှိ ဝင်ပေါက်တစ်ခုတည်းမှ ခိုင်ခံ့သောနန်းတော်တွင်းသို့ ဝင်ကြရ၏။ မာရီမြို့၏နောက်ဆုံးဘုရင် ဇင်ရီ-လစ်မ်သည် ရာဇပလ္လင်ပေါ်ထိုင်ကာ စစ်ရေး၊ စီးပွားရေးနှင့် သံတမန်ရေးကိစ္စများကို ကိုင်တွယ်ပြီး စီရင်ချက်ချ၏၊ ဧည့်သည်တော်များနှင့် သံတမန်များကို လက်ခံတွေ့ဆုံခဲ့၏။ ဧည့်သည်တော်များသည် တည်းခိုစရာအခန်းများရရှိကြပြီး ရှင်ဘုရင်သည် စားတော်ပွဲကြီးအတွင်းတွင် သူတို့ကို ပုံမှန်ဖျော်ဖြေလေ့ရှိ၏။ ဟင်းလျာများတွင် မွှေးကြိုင်သောကြက်သွန်ဖြူဆော့နှင့် တို့စားရန် အမဲသား၊ သိုးသား၊ ဒရယ်သား၊ ငါး၊ ကြက် အကင်နှင့်အပြုတ်တို့အပြင် ဟင်းသီးဟင်းရွက်၊ ဒိန်ခဲအမျိုးမျိုးလည်းပါသည်။ အချိုပွဲများတွင် လတ်ဆတ်သောသစ်သီး၊ သစ်သီးခြောက်၊ သစ်သီးယိုနှင့် အနုစိတ်ပုံဖော်ထားသောကိတ်မျိုးစုံပါရှိသည်။ ဧည့်သည်တော်များ ရေငတ်ပြေစေရန် ဘီယာနှင့် ဝိုင်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နန်းတွင်း၌ ကျန်းမာရေးအသုံးအဆောင်များလည်းရှိ၏။ မြေနီထည်စည်ပိုင်းများ၊ ဆောင့်ကြောင့်ထိုင်အိမ်သာများ တပ်ဆင်ထားသည့် ရေချိုးခန်းများကို တွေ့ရှိခဲ့သည်။ ဤရေချိုးခန်းများ၏ကြမ်းပြင်နှင့် နံရံအောက်ခြေပိုင်းတို့တွင် ရေနံကတ္တရားစေးသုတ်ထား၏။ ရေဆိုးကို အုတ်မြောင်းများမှတစ်ဆင့် စီးဆင်းစေခဲ့သည်၊ ရေနံကတ္တရားစေးသုတ်ထားသော ရေလုံမြေစေးပိုက်လုံးများကို နှစ်ပေါင်း ၃,၅၀၀ ခန့်ကြာပြီးနောက်၌ပင် အသုံးပြုနိုင်ဆဲရှိသည်။ တော်ဝင်မိန်းမအဆောင်မှ အမျိုးသမီးသုံးဦး ရောဂါကြီးခံစားနေရချိန်တွင် ထုတ်ပြန်သော စည်းကမ်းချက်မှာ တိကျပြတ်သား၏။ ဖျားနာနေသော ဤအမျိုးသမီး၏ရောဂါ မကူးစက်စေရန် သူ့ကို သီးခြားခွဲထုတ်ထားရ၏။ “မည်သူမျှ သူ၏ခွက်နှင့် မသောက်ရ၊ သူ၏စားပွဲတွင် အစာမစားရ၊ သူ၏ခုံတွင် မထိုင်ရ။”
ဤမှတ်တမ်းမှတ်ရာများမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိကြသနည်း
ပရိုနှင့်အဖွဲ့သည် အကေးဒီးယန်းဘာသာစကားဖြင့် ရေးသားထားသော ကျူနီဖောင်းစာကျောက်ပြား အချပ်ပေါင်း ၂၀,၀၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။ ဤကျောက်ပြားများသည် အချင်းချင်းရေးပို့သည့်စာများ၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့်ဆိုင်သောစာများဖြစ်၏။ ဤမှတ်တမ်းမှတ်ရာများအနက် သုံးပုံတစ်ပုံကိုသာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ သို့တိုင် ၎င်းတို့သည် အတွဲပေါင်း ၂၈ တွဲရှိ၏။ ၎င်းတို့သည် အဘယ်တန်ဖိုးရှိသနည်း။ မာရီမြို့ရှေးဟောင်းသုတေသနအဖွဲ့၏ ဒါရိုက်တာဇင်န်-ကလော့ဒ် မာရ်ဂါရိုန်က ဤသို့ဆိုသည်– “မာရီမြို့၏မှတ်တမ်းမှတ်ရာများကို ရှာဖွေမတွေ့ရှိမီ ကျွန်ုပ်တို့သည် မက်ဆိုပိုတေးမီးယားနှင့် ဆီးရီးယား၏ ဒုတိယအနှစ်တစ်ထောင်အစ၏သမိုင်း၊ ယဉ်ကျေးမှုနှင့် နေ့စဉ်ဘဝအသက်တာအကြောင်း ဘာမျှမသိကြချေ။ ထိုကျောက်ပြားများကြောင့် သမိုင်းကြောင်းများစွာကို ရေးသားနိုင်ခဲ့ပြီ။” ပရို၏အဆိုအရ ထိုမှတ်တမ်းမှတ်ရာများပါ “လူတို့အကြောင်းနှင့် ဓမ္မဟောင်းကျမ်းပါ ရှေးဘိုးဘေးများ၏ခေတ်အကြောင်း ပြောဆိုရာတို့သည် အံ့ဖွယ်ကောင်းအောင် ဆင်တူ၏။”
မာရီမြို့တွင်တွေ့ရှိခဲ့သော ကျောက်ပြားများသည် ကျမ်းပိုဒ်အချို့ကိုလည်း ရှင်းလင်းနားလည်စေ၏။ ဥပမာ၊ ရန်သူ၏ကြင်ရာတော်များကို သိမ်းပိုက်ခြင်းသည် “ထိုစဉ်က တော်ဝင်မျိုးနွယ်၏ ထူးခြားသောအမူအကျင့်တစ်ခု” ဖြစ်သည်ဟုတင်ပြ၏။ ခမည်းတော်၏ကိုယ်လုပ်တော်များရှိရာသို့ဝင်ရန် ရှင်ဘုရင်ဒါဝိဒ်၏သားတော် အဗရှလုံကို သစ္စာဖောက်အဟိသောဖေလ အကြံပြုခြင်းသည် အထူးအဆန်းမဟုတ်ချေ။—၂ ဓမ္မရာဇဝင်ချုပ် ၁၆:၂၁၊ ၂၂။
၁၉၃၃ ခုနှစ်ကတည်းက တေလ် ဟာရီရီတွင် ရှေးဟောင်းသုတေသနကင်ပိန်း ၄၁ ခုရှိခဲ့ပြီ။ သို့သော် မာရီမြို့၏ဧက ၂၇၀ မှ ၂၀ ကိုသာ တူးဖော်စစ်ဆေးခဲ့ရသေးသည်။ ရှေးသဲကန္တာရဘုရင်မဖြစ်သော မာရီမြို့တွင် စိတ်ဝင်စားစရာ တူးဖော်တွေ့ရှိချက်များစွာ ရှိဦးမည်မှာ သေချာ၏။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ဖျက်ဆီးခံရပြီးနောက် ဗာဗုလုန်သို့ ပြည်နှင်ခံရသောဂျူးများသည် မာရီမြို့အပျက်အယွင်းနားမှ ဖြတ်လျှောက်သွားခဲ့ကြပေမည်။
[စာမျက်နှာ ၁၀ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပါရှန်းပင်လယ်ကွေ့
ဥရ
မက်ဆိုပိုတေးမီးယား
ဥဖရတ်မြစ်
မာရီ
အာဆီးရီးယား
ခါရန်
အနာတိုလီယာ
ခါနာန်
ယေရုရှလင်
(ပင်လယ်ကြီး)
မြေထဲပင်လယ်
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဤမှတ်တမ်းမှတ်ရာတွင် မာရီဘုရင်အိုင်ဒူန်-လင်မ်သည် သူ၏ဆောက်လုပ်ရေးလုပ်ငန်းအကြောင်း ဝါကြွားထား
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
လာမ်ဂျီ-မာရီရုပ်တုကိုရှာဖွေတွေ့ ရှိခဲ့ခြင်းကြောင့်မာရီမြို့တကယ်ရှိခဲ့ကြောင်း သိရှိနိုင်ခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဆုတောင်းနေသော မာရီမြို့၏ကြီးကြပ်မှူး အက်ဘီ-အီလ်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
နတ်ဘုရားမရုပ်တုတစ်ခုတင်ထားခဲ့သောနန်းတော်စင်မြင့်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
မီးလွတ်ရွှံ့အုတ်ဖြင့်ဆောက်လုပ်ထားသည့် မာရီမြို့မှအပျက်အယွင်းများ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
နန်းတော်ရေချိုးခန်း
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
မာရီမြို့ကို သိမ်းပိုက်သူ နာရာမ်-ဆင်န်၏ အောင်ပွဲခံကျောက်ပြား
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
နန်းတော်အပျက်အယွင်းများတွင် ကျူနီဖောင်းကျောက်ပြားစာအချပ်ပေါင်း ၂၀,၀၀၀ ခန့် တွေ့ ရှိခဲ့
[Picture Credit Line on page 10]
Mission archéologique française de Tell Hariri - Mari (Syrie)
[Picture Credit Lines on page 11]
မှတ်တမ်းမှတ်ရာ– Musée du Louvre, Paris; statue: © Mission archéologique française de Tell Hariri - Mari (Syrie)
[Picture Credit Lines on page 12]
ရုပ်ပုံ– Musée du Louvre, Paris; podium and bathroom: © Mission archéologique française de Tell Hariri - Mari (Syrie)
[Picture Credit Lines on page 13]
အောင်ပွဲခံမတ်ရပ်ကျောက်ပြား–Musée du Louvre, Paris; palace ruins: © Mission archéologique française de Tell Hariri - Mari (Syrie)