ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
“ကိုယ်တော်ကိုသိကျွမ်းစေခြင်းငှာ နည်းလမ်းတော်ကိုပြတော်မူပါ။”—ထွက်မြောက်ရာ ၃၃:၁၃၊ သမ္မာ။
၁၊ ၂။ (က) အီဂျစ်လူတစ်ဦးက ဟေဗြဲလူတစ်ဦးအား ညှဉ်းဆဲနေသည်ကို မောရှေမြင်သောအခါ ထိုနည်းအတိုင်း အဘယ်ကြောင့်တုံ့ပြန်ခဲ့သနည်း။ (ခ) ယေဟောဝါ၏လုပ်ငန်းအတွက် သင့်လျော်သူဖြစ်ရန် အဘယ်အရာကို မောရှေသင်ယူဖို့လိုသနည်း။
မောရှေသည် ဖာရောဘုရင်၏အိမ်တော်သားအဖြစ် ကြီးပြင်းလာပြီး အီဂျစ်မင်းစိုးရာဇာတို့၏အတတ်ပညာကို သင်ယူတတ်မြောက်ခဲ့သည်။ သို့သော် သူသည် အီဂျစ်လူမျိုးမဟုတ်ကြောင်း၊ သူ့မိဘများမှာ ဟေဗြဲလူမျိုးဖြစ်ကြောင်း မောရှေသိရှိခဲ့သည်။ အသက် ၄၀ အရွယ်တွင် ဣသရေလအမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားလေ၏။ အီဂျစ်လူတစ်ဦးက ဟေဗြဲလူတစ်ဦးအား ညှဉ်းဆဲသည်ကို မောရှေမြင်သောအခါ မသိလိုက်ဘာသာမနေခဲ့ပါ။ အီဂျစ်လူကို သူသတ်ပစ်လိုက်သည်။ ယေဟောဝါ၏လူမျိုးတော်ဘက်နေဖို့ သူရွေးချယ်၍ ညီအစ်ကိုတို့ကို ကယ်နုတ်ဖို့ မိမိကို ဘုရားသခင်အသုံးပြုနေသည်ဟု မောရှေထင်မှတ်ခဲ့သည်။ (တမန်တော် ၇:၂၁-၂၅; ဟေဗြဲ ၁၁:၂၄-၂၆) ထိုအဖြစ်အပျက်ကို လူတို့သိသွားကြသောအခါ အီဂျစ်တော်ဝင်မိသားစုက မောရှေကို ဆန့်ကျင်ပုန်ကန်သူတစ်ဦးအဖြစ် ရှုမြင်ခဲ့ကြရာ အသက်လုပြီး ထွက်ပြေးခဲ့ရသည်။ (ထွက်မြောက်ရာ ၂:၁၁-၁၅) ဘုရားသခင်၏အသုံးတော်ခံသူတစ်ဦးဖြစ်နိုင်ဖို့ဆိုလျှင် မောရှေသည် ယေဟောဝါ၏နည်းလမ်းတော်များကို ပိုမိုသိကျွမ်းလာရန် လိုသေးသည်။ သူသည် သင်ပေး၍ရသောသူ ဖြစ်လာပါမည်လော။—ဆာလံ ၂၅:၉။
၂ မောရှေသည် နောက်အနှစ် ၄၀ တိုင် ပြည်နှင်ခံသိုးထိန်းတစ်ဦးအဖြစ် နေထိုင်ခဲ့ရသည်။ ဟေဗြဲညီအစ်ကိုများက သူ့ကို အသိအမှတ်မပြုခဲ့ကြသည့်အတွက် နာကြည်းခံပြင်းနေမည့်အစား ဘုရားသခင်ခွင့်ပြုရာကို မောရှေအောက်ကျို့ခံယူခဲ့သည်။ နှစ်ပေါင်းများစွာ အသိအမှတ်ပြုမခံရပုံရှိသော်လည်း ယေဟောဝါပုံသွင်းပေးခြင်းကို မောရှေခံယူခဲ့သည်။ ကိုယ့်ကိုယ်ကိုအထင်ကြီး၍မဟုတ်ဘဲ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် လှုံ့ဆော်မှုဖြင့် နောက်ပိုင်းတွင် သူဤသို့ရေးသားခဲ့သည်– “မောရှေသည် မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ၏။” (တောလည်ရာ ၁၂:၃) ယေဟောဝါသည် မောရှေကို ထူးခြားထင်ရှားသောနည်းအမျိုးမျိုးဖြင့် အသုံးပြုခဲ့သည်။ ကျွန်ုပ်တို့လည်း နူးညံ့သိမ်မွေ့ခြင်းကိုရှာမည်ဆိုလျှင် ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။—ဇေဖနိ ၂:၃။
တာဝန်တစ်ခုအပ်နှင်းခံရ
၃၊ ၄။ (က) မောရှေကို ယေဟောဝါ အဘယ်တာဝန်ပေးအပ်ခဲ့သနည်း။ (ခ) မောရှေကို မည်သို့ထောက်ပံ့ကူညီပေးခဲ့သနည်း။
၃ တစ်နေ့သ၌ ယေဟောဝါအားကိုယ်စားပြုသော ကောင်းကင်တမန်တစ်ပါးသည် သိနာကျွန်းဆွယ်ရှိ ဟောရပ်တောင်အနီးတွင် မောရှေအား စကားပြောလေ၏။ မောရှေကို ဤသို့မိန့်မှာခဲ့သည်– “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ ခံရသောညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နုတ်၍ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။” (ထွက်မြောက်ရာ ၃:၂၊ ၇၊ ၈) ယင်းနှင့်ပတ်သက်၍ အလုပ်တာဝန်တစ်ခုကို မောရှေအား ဘုရားသခင်ပေးစရာရှိ၏၊ သို့သော် ထိုတာဝန်ကို ယေဟောဝါ၏နည်းလမ်းတော်အတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။
၄ ယေဟောဝါ၏ကောင်းကင်တမန်က “ယခုသွားလော့။ သင်သည် ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်မည်အကြောင်း သင့်ကို ဖာရောဘုရင်ထံသို့ ငါစေလွှတ်မည်” ဟုဆက်ပြောသည်။ မောရှေ တွန့်ဆုတ်သွားသည်။ တာဝန်ယူထမ်းဆောင်ရန် မိမိ၌အရည်အချင်းမရှိဟု မောရှေယူမှတ်ခဲ့သည်၊ သူ၌အစွမ်းအစမရှိသည်မှာမှန်သည်။ သို့သော် ယေဟောဝါက “ငါသည် သင်နှင့်အတူရှိလိမ့်မည်” ဟုမောရှေကို စိတ်ချစေခဲ့သည်။ (ထွက်မြောက်ရာ ၃:၁၀-၁၂) မောရှေသည် ဘုရားသခင်စေလွှတ်လိုက်သူ အမှန်ဖြစ်ကြောင်း သက်သေထူမည့် အံ့ဖွယ်နိမိတ်များပြုလုပ်နိုင်စွမ်းကို သူ့အား ယေဟောဝါအပ်နှင်းခဲ့သည်။ မောရှေ၏အစ်ကို အာရုန်သည် သူ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် လိုက်သွားရမည်ဖြစ်သည်။ သူတို့မည်သို့ပြောဆို၍ မည်သို့ပြုလုပ်ရမည်ကို ယေဟောဝါသွန်သင်ပေးမည်ဖြစ်သည်။ (ထွက်မြောက်ရာ ၄:၁-၁၇) ထိုတာဝန်ကို မောရှေ ကျေပွန်စွာထမ်းဆောင်ပါမည်လော။
၅။ ဣသရေလလူတို့၏သဘောထားသည် မောရှေအတွက် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ခုဖြစ်သနည်း။
၅ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် မောရှေနှင့် အာရုန်တို့ကို အစပိုင်းတွင် ယုံခဲ့ကြသည်။ (ထွက်မြောက်ရာ ၄:၂၉-၃၁) သို့သော် မကြာမီ “ဣသရေလအမျိုးအကြပ်အဆော်တို့” သည် မိမိတို့ကို ဖာရောဘုရင်နှင့် သူ့အမှုထမ်းများရှေ့ “ရွံရှာ” စရာဖြစ်စေသည့်အတွက် မောရှေနှင့် သူ့အစ်ကိုတို့ကို အပြစ်တင်ကြ၏။ (ထွက်မြောက်ရာ ၅:၁၉-၂၁; ၆:၉) ဣသရေလလူတို့သည် အီဂျစ်ပြည်မှ ထွက်ခွာချိန်တွင် အီဂျစ်စစ်ရထားများလိုက်ပါလာသည့်အတွက် ကြောက်လန့်နေခဲ့ကြသည်။ ရှေ့တွင် ပင်လယ်နီ၊ နောက်တွင် စစ်ရထားများရှိနေရာ ညှပ်ပူးညှပ်ပိတ်မိနေပြီဟုသိပြီး မောရှေကို သူတို့အပြစ်တင်ခဲ့ကြသည်။ အသင်ဆိုလျှင်မည်သို့တုံ့ပြန်မည်နည်း။ ဣသရေလလူတို့တွင် လှေသင်္ဘောများမရှိသော်လည်း မောရှေသည် ယေဟောဝါညွှန်ကြားသည်အတိုင်း လူတို့ကို ချီတက်သွားစေသည်။ ထို့နောက် ဘုရားသခင်သည် ပင်လယ်ရေကို လှန်ပြန်စေပြီး ပင်လယ်ကြမ်းပြင်ကို ခြောက်သွေ့စေသဖြင့် ဣသရေလလူတို့ ဖြတ်လျှောက်သွားနိုင်ခဲ့ကြသည်။—ထွက်မြောက်ရာ ၁၄:၁-၂၂။
လွတ်မြောက်ခြင်းထက် သာ၍အရေးကြီးသောကိစ္စ
၆။ ယေဟောဝါသည် မောရှေကို တာဝန်ပေးသောအခါ အဘယ်အရာကို အလေးပေးဖော်ပြခဲ့သနည်း။
၆ မောရှေကိုတာဝန်ပေးအပ်ရာတွင် ယေဟောဝါသည် မိမိ၏နာမတော်အရေးပါကြောင်း အလေးပေးဖော်ပြခဲ့သည်။ ထိုနာမတော်ကိုလည်းကောင်း၊ ၎င်းနာမ ကိုယ်စားပြုသောပုဂ္ဂိုလ်ကိုလည်းကောင်း ရိုသေလေးစားဖို့ အရေးကြီး၏။ နာမတော်ကိုမေးမြန်းသောအခါ ယေဟောဝါက “ငါဖြစ်စေလိုရာကို ငါဖြစ်စေမည်” ဟုမောရှေအားမိန့်ဆိုခဲ့သည်။ ထို့ပြင် မောရှေသည် ဣသရေလအမျိုးသားတို့ကို ဤသို့ပြောရမည်ဖြစ်သည်– ‘သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင် တည်းဟူသော ယေဟောဝါသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ။’ ယေဟောဝါဤသို့ထပ်၍မိန့်မှာသည်– “ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။” (ထွက်မြောက်ရာ ၃:၁၃-၁၅) ကမ္ဘာတစ်ဝန်းရှိ ကိုယ်တော်၏ကျေးကျွန်များသည် ဘုရားသခင်ကို ယေဟောဝါအမည်ဖြင့် သိရှိကြဆဲဖြစ်၏။—ဟေရှာယ ၁၂:၄၊ ၅; ၄၃:၁၀-၁၂။
၇။ ဖာရောသည် မောက်မာသော်လည်း အဘယ်အရာပြုလုပ်ရန် မောရှေကို ဘုရားသခင်တိုက်တွန်းခဲ့သနည်း။
၇ မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ထံဝင်၍ ယေဟောဝါ၏နာမဖြင့် သတင်းပေးခဲ့ကြသည်။ သို့သော် ဖာရောသည် ဤသို့မောက်မာစွာ ဆိုလေ၏– “ယေဟောဝါကား မည်သူဖြစ်သောကြောင့် သူ့စကားကိုငါနားထောင်၍ ဣသရေလလူမျိုးကိုလွှတ်လိုက်ရမည်နည်း။ ယေဟောဝါကို ငါလုံးလုံးမသိ။ ဣသရေလအမျိုးသားတို့ကိုလည်း ငါမလွှတ်။” (ထွက်မြောက်ရာ ၅:၁၊ ၂၊ ကဘ) ဖာရောသည် နှလုံးခိုင်မာရုံမက လှည့်စားတတ်ကြောင်း ထင်ရှားသော်လည်း သူ့ကို ထပ်ခါထပ်ခါ သတင်းသွားပေးဖို့ မောရှေအား ယေဟောဝါတိုက်တွန်းခဲ့သည်။ (ထွက်မြောက်ရာ ၇:၁၄-၁၆၊ ၂၀-၂၃; ၈:၁၊ ၂၊ ၂၀) ဖာရောဒေါသထွက်နေသည်ကို မောရှေတွေ့ရသည်။ သူနှင့်နောက်တစ်ဖန်တွေ့ဆုံလျှင်လည်း အကျိုးရှိပါမည်လော။ ဣသရေလလူတို့သည် လွတ်မြောက်လိုစိတ်ပြင်းပြလျက်ရှိ၏။ ဖာရောကမူ အပြတ်ငြင်းဆိုသည်။ အသင်သာဆိုလျှင် မည်သို့ပြုမည်နည်း။
၈။ ဖာရောနှင့်စပ်လျဉ်းသည့် အခြေအနေကို ယေဟောဝါကိုင်တွယ်ပုံမှ အဘယ်အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သနည်း၊ ထိုအဖြစ်အပျက်များက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။
၈ မောရှေသည် နောက်ထပ်သတင်းတစ်ခုကို ဤသို့ကြားသိစေခဲ့သည်– ‘ဟေဗြဲလူတို့၏ဘုရားသခင် ယေဟောဝါက ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း လွှတ်လော့။’ ဤသို့လည်း ဘုရားသခင်မိန့်တော်မူခဲ့သည်– “အကယ်စင်စစ် ငါ့တန်ခိုးကိုသင်အားပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေတစ်ပြင်လုံးတွင်ကျော်စောစေခြင်းငှာလည်းကောင်း သင့်ကိုငါတည်စေခဲ့ပြီ။ သို့မဟုတ်လျှင် ငါ့လက်ကိုငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကပ်ရောဂါဖြင့်ဒဏ်ခတ်လေပြီ။ သင့်ကိုလည်း မြေကြီးပေါ်ကသုတ်သင်ပယ်ရှင်းလေပြီ။” (ထွက်မြောက်ရာ ၉:၁၃-၁၆၊ သမ္မာ) နှလုံးခိုင်မာသောဖာရောကို အရေးယူခြင်းအားဖြင့် ယေဟောဝါသည် မိမိအားဖီဆန်သူတိုင်းအတွက် သတိပေးချက်ဖြစ်စေဖို့ မိမိ၏တန်ခိုးတော်ကို ထင်ရှားပြရန် ရည်ရွယ်တော်မူသည်။ ထိုဖီဆန်သူတို့တွင် “ဤလောကကိုအစိုးရသောမင်း” ဟု နောင်တွင် ယေရှုခရစ်ခေါ်ဆိုခဲ့သူ နတ်ဆိုးမင်းစာတန် ပါဝင်ပေမည်။ (ယောဟန် ၁၄:၃၀; ရောမ ၉:၁၇-၂၄) ကြိုတင်ဟောပြောခဲ့သည့်အတိုင်း ယေဟောဝါ၏နာမတော်ကို မြေကြီးတစ်ခွင် ကြေညာခဲ့သည်။ ကိုယ်တော်၏စိတ်ရှည်မှုကြောင့် ဣသရေလလူမျိုးအပြင် သူတို့နှင့်အတူ ပူးပေါင်းဝတ်ပြုလာကြသော အမျိုးမျိုးသောလူအများသည် ကာကွယ်စောင့်ရှောက်ခံခဲ့ကြရသည်။ (ထွက်မြောက်ရာ ၉:၂၀၊ ၂၁; ၁၂:၃၇၊ ၃၈) ထိုအချိန်မှစ၍ ယေဟောဝါ၏နာမတော်ကြေညာခြင်းလုပ်ငန်းကြောင့် စစ်မှန်သောဝတ်ပြုရေးကိုလက်ခံကျင့်သုံးသူ သန်းပေါင်းများစွာ အကျိုးခံစားခဲ့ကြရပြီ။
ပေါင်းရခက်သောလူမျိုးနှင့် ဆက်ဆံပုံ
၉။ မောရှေ၏အမျိုးသားချင်းတို့သည် ယေဟောဝါအား မည်သို့မထီမဲ့မြင်ပြုခဲ့ကြသနည်း။
၉ ဟေဗြဲလူတို့သည် ဘုရားသခင့်နာမတော်ကို သိထားကြသည်။ သူတို့နှင့်စကားပြောသည့်အခါ ထိုနာမတော်ကို မောရှေအသုံးပြုတတ်သည်၊ သို့သော် သူတို့သည် ထိုနာမပိုင်ရှင်ကို ထိုက်သင့်စွာရိုသေလေးစားမှု ပြလေ့မရှိကြချေ။ ဣသရေလလူတို့ကို အီဂျစ်ပြည်မှ အံ့ဖွယ်နည်းဖြင့် ယေဟောဝါကယ်လွှတ်ပေးပြီး မကြာမီပင် သောက်သုံးရန်ရေ ချက်ချင်းမရသောအခါ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ မောရှေကို ပြစ်တင်မြည်တမ်းကြသည်။ ထို့နောက် အစားအစာနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကြပြန်သည်။ သူတို့သည် မိမိနှင့် အာရုန်ကိုသာ မကျေမနပ်ဖြစ်ကြသည်မဟုတ် ယေဟောဝါအား ပြစ်တင်မြည်တမ်းရာရောက်သည်ဟု မောရှေသတိပေးခဲ့သည်။ (ထွက်မြောက်ရာ ၁၅:၂၂-၂၄; ၁၆:၂-၁၂) ယေဟောဝါသည် သိနာတောင်တွင် ဣသရေလလူမျိုးကို ပညတ်တော်ပေးအပ်ပြီးနောက် သဘာဝလွန်ဖြစ်ရပ်များဖော်ပြခဲ့သည်။ သို့ရာတွင် လူတို့သည် နာခံမှုကင်းမဲ့စွာ ဝတ်ပြုကိုးကွယ်ရန် ရွှေနွားရုပ်ပြုလုပ်ပြီး ‘ယေဟောဝါအဖို့ပွဲ’ ခံနေကြသည်ဟု သူတို့ဆိုကြ၏။—ထွက်မြောက်ရာ ၃၂:၁-၉။
၁၀။ ထွက်မြောက်ရာ ၃၃:၁၃ ပါမောရှေ၏တောင်းလျှောက်ချက်ကို ယနေ့ ခရစ်ယာန်ကြီးကြပ်မှူးများ အဘယ်ကြောင့် အထူးစိတ်ဝင်စားကြသနည်း။
၁၀ လည်ပင်းခိုင်မာသောအမျိုးဟု ယေဟောဝါကိုယ်တော်တိုင် ထုတ်ဖော်ပြောဆိုခဲ့သူတို့နှင့် မောရှေမည်သို့ဆက်ဆံရပါမည်နည်း။ ယေဟောဝါထံ သူဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင် ရပါမည်အကြောင်း ကိုယ်တော်ကိုသိကျွမ်းစေခြင်းငှာ နည်းလမ်းတော်ကိုပြတော်မူပါ။” (ထွက်မြောက်ရာ ၃၃:၁၃၊ သမ္မာ) ယေဟောဝါ၏မျက်မှောက်ခေတ် သက်သေခံများကို ဂရုစိုက်ကြည့်ရှုရာတွင် ခရစ်ယာန်ကြီးကြပ်မှူးများသည် ထိုလူမျိုးထက် သာ၍နှိမ့်ချသောသိုးတော်စုကို ထိန်းကျောင်းနေကြ၏။ သို့တိုင် သူတို့လည်း “အိုထာဝရဘုရား[သခင်] ကိုယ်တော်၏နည်းလမ်းတော်များကို အကျွန်ုပ်အားပြညွှန်၍ လမ်းခရီးတော်များကို သွန်သင်တော်မူပါ” ဟုအလားတူဆုတောင်းကြသည်။ (ဆာလံ ၂၅:၄၊ သမ္မာ) ကြီးကြပ်မှူးများသည် ယေဟောဝါ၏နည်းလမ်းတော်များကို သိထားခြင်းဖြင့် သမ္မာကျမ်းစာနှင့် ကိုယ်တော်၏ဂုဏ်ရည်တော်နှင့်အညီ အခြေအနေများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်ကြပါသည်။
မိမိ၏လူမျိုးတော်ထံမှ ယေဟောဝါမျှော်လင့်ရာ
၁၁။ မောရှေအတွက် အဘယ်လမ်းညွှန်ချက်များကို ယေဟောဝါပေးအပ်ခဲ့သနည်း၊ ၎င်းတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့်စိတ်ဝင်စားကြသနည်း။
၁၁ ယေဟောဝါသည် လူမျိုးတော်ထံမှ အဘယ်အရာမျှော်လင့်ကြောင်း သိနာတောင်တွင် နှုတ်မြွက်မိန့်ကြားခဲ့သည်။ ထို့နောက် ရေးမှတ်ထားသော ပညတ်တော်ဆယ်ပါးပါရှိသည့် ကျောက်ပြားနှစ်ချပ်ကို မောရှေရရှိခဲ့သည်။ တောင်ပေါ်မှ သူဆင်းလာချိန်တွင် ဣသရေလလူမျိုးသည် သွန်းထားသောနွားရုပ် ကိုးကွယ်နေသည်ကိုတွေ့သည်နှင့် စိတ်ဆိုးဆိုးဖြင့် ကျောက်ပြားများကို ပစ်ချလိုက်ရာ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားခဲ့သည်။ တစ်ဖန် ယေဟောဝါသည် မောရှေဆစ်ထားသော ကျောက်ပြားများပေါ် ပညတ်တော်ဆယ်ပါးကို ရေးထွင်းပေးပြန်သည်။ (ထွက်မြောက်ရာ ၃၂:၁၉; ၃၄:၁) ဤပညတ်များမှာ ပထမအကြိမ်ပေးစဉ်က အတိုင်းပင်ဖြစ်သည်။ ထိုပညတ်များနှင့်အညီ မောရှေ ပြုမူရမည်ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း မောရှေကိုသိရှိစေ၍ ယေဟောဝါ၏ကိုယ်စားလှယ်အနေနှင့် မောရှေ မည်သို့ပြုမူရမည်ကို ဖော်ပြခဲ့သည်။ ခရစ်ယာန်များသည် မောရှေပညတ်အောက်တွင် မရှိကြသော်လည်း မောရှေကို ယေဟောဝါမိန့်ဆိုခဲ့ရာတို့တွင် မပြောင်းလဲသော အခြေခံမူများစွာပါရှိ၍ ၎င်းတို့သည် ယေဟောဝါအား ဝတ်ပြုသူအားလုံးနှင့် သက်ဆိုင်နေဆဲဖြစ်၏။ (ရောမ ၆:၁၄; ၁၃:၈-၁၀) ထိုမူအချို့ကို သုံးသပ်ကြည့်ကြစို့။
၁၂။ အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ယေဟောဝါတောင်းဆိုခြင်းက ဣသရေလလူမျိုးအပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။
၁၂ ယေဟောဝါအား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုပါ။ အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကိုရလိုကြောင်း ယေဟောဝါမိန့်ဆိုခဲ့ချိန်တွင် ဣသရေလလူမျိုးရှိသည်။ (ထွက်မြောက်ရာ ၂၀:၂-၅) ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း သက်သေသာဓကများစွာကို ဣသရေလလူတို့ မြင်ခဲ့ကြရပြီးဖြစ်သည်။ (တရားဟောရာ ၄:၃၃-၃၅) လူမျိုးခြားတို့သည် အဘယ်အရာကိုပင် ပြုနေကြပါစေ မိမိ၏လူမျိုးတော်တွင် ရုပ်ပုံကိုးကွယ်မှု သို့မဟုတ် နတ်ဆိုးအတတ်လိုက်စားမှုနှင့်ဆိုင်သော မည်သည့်ပုံစံမျိုးကိုမဆို သည်းခံခွင့်ပြုမည်မဟုတ်ကြောင်း ယေဟောဝါ ရှင်းလင်းပြတ်သားစွာဖော်ပြခဲ့သည်။ ကိုယ်တော်အား ဆည်းကပ်ဝတ်ပြုခြင်းသည် ဝတ်ကျေတမ်းကျေမျှ မဖြစ်ရပါ။ သူတို့အားလုံး ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရကြမည်ဖြစ်သည်။ (တရားဟောရာ ၆:၅၊ ၆) ထိုတွင် သူတို့၏အပြောအဆို၊ အမူအကျင့်မက အမှန်ဆိုလျှင် ဘဝကဏ္ဍတိုင်း ပါဝင်မည်ဖြစ်သည်။ (ဝတ်ပြုရာ ၂၀:၂၇; ၂၄:၁၅၊ ၁၆; ၂၆:၁) အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကို ယေဟောဝါတောင်းဆိုကြောင်း ယေရှုခရစ်ကလည်း ရှင်းလင်းစွာဖော်ပြခဲ့သည်။—မာကု ၁၂:၂၈-၃၀; လုကာ ၄:၈။
၁၃။ ဣသရေလလူမျိုးသည် ဘုရားသခင်၏စကားကို အဘယ်ကြောင့် အမှန်နားထောင်ရမည်နည်း၊ ကိုယ်တော်အား နာခံရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သနည်း။ (ဒေ. ၁၂:၁၃)
၁၃ ယေဟောဝါ၏ပညတ်များကို အမှန်တကယ်နာခံပါ။ ဣသရေလလူမျိုးသည် ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့စဉ်က ကိုယ်တော်၏စကားကို အမှန်နားထောင်ပါမည်ဟုကတိပေးခဲ့ကြောင်း သတိပေးခံရဖို့ လိုခဲ့သည်။ သူတို့၌ လွတ်လပ်မှုအတော်အတန်ရှိကြသော်လည်း ယေဟောဝါပေးထားသောပညတ်များကိုကား အမှန်နာခံကြရမည်ဖြစ်သည်။ ယေဟောဝါ၏တောင်းဆိုချက်မှန်သမျှသည် သူတို့၏ကောင်းကျိုးအတွက် ဖြစ်သောကြောင့် ထိုသို့သာနာခံမည်ဆိုလျှင် ဘုရားသခင်ကိုချစ်ကြောင်း ပြသရာရောက်ပြီး သူတို့နှင့် သူတို့သားမြေးများပါ အကျိုးခံစားကြရမည်ဖြစ်သည်။—ထွက်မြောက်ရာ ၁၉:၅-၈; တရားဟောရာ ၅:၂၇-၃၃; ၁၁:၂၂၊ ၂၃။
၁၄။ ဝိညာဉ်ရေးရာများကို ဦးစားပေးဖို့ အရေးကြီးကြောင်း ဣသရေလလူမျိုးကို ဘုရားသခင် မည်သို့အလေးအနက်ဖော်ပြသနည်း။
၁၄ ဝိညာဉ်ရေးရာများကို ဦးစားပေးပါ။ ဣသရေလလူမျိုးသည် ဝိညာဉ်ရေးရာလုပ်ငန်းများကို အချိန်မပေးအားသည့်အထိ ကာယရေးလိုအပ်ရာများကို ဖြည့်စွက်နေဖို့မဟုတ်ပါ။ ဣသရေလလူတို့၏ဘဝသည် လောကရေးရာများနှင့်သာ အချိန်ကုန်နေဖို့မဟုတ်။ သန့်ရှင်းမြင့်မြတ်သည်ဟု သတ်မှတ်ထားသောအချိန်ကို ယေဟောဝါသည် ပတ်စဉ်ဖယ်ထား၏၊ ထိုအချိန်ကို စစ်မှန်သောဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းလုပ်ငန်းအတွက်သာ အသုံးပြုရမည်ဖြစ်သည်။ (ထွက်မြောက်ရာ ၃၅:၁-၃; တောလည်ရာ ၁၅:၃၂-၃၆) နှစ်စဉ်၊ အချိန်သတ်မှတ်ထားသော ဓမ္မစည်းဝေးပွဲများအတွက် ထပ်၍အချိန်ပေးရမည်ဖြစ်သည်။ (ဝတ်ပြုရာ ၂၃:၄-၄၄) ထိုအချိန်များတွင် ယေဟောဝါ၏ တန်ခိုးကြီးလုပ်ရပ်များကို ပြန်ရေတွက်နိုင်မည်၊ ကိုယ်တော်၏နည်းလမ်းတော်များကို ပြန်သတိရမည်ဖြစ်ပြီး ကိုယ်တော်ထံမှရသောကောင်းမှုများအတွက် ကျေးဇူးတင်ကြောင်းဖော်ပြနိုင်ကြမည်ဖြစ်သည်။ ယေဟောဝါအား သူတို့ချစ်မြတ်နိုးကြောင်း ဖော်ပြစဉ် ဘုရားသခင်ကို တိုး၍ချစ်ကြောက်ရိုသေလာကြပြီး ကိုယ်တော့်လမ်းတော်သို့ လိုက်သွားကြပါလိမ့်မည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃) ထိုညွှန်ကြားချက်များပါ ကောင်းကျိုးပြုသည့်မူများသည် မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များကို အကျိုးပြု၏။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
ယေဟောဝါ၏အရည်အသွေးများကို နားလည်တန်ဖိုးထားခြင်း
၁၅။ (က) ယေဟောဝါ၏အရည်အသွေးများကို မောရှေ သိနားလည်ထားခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။ (ခ) အဘယ်မေးခွန်းများသည် ယေဟောဝါ၏အရည်အသွေးတစ်ခုချင်းစီကို အလေးအနက်စဉ်းစားရန် အထောက်အကူဖြစ်မည်နည်း။
၁၅ ယေဟောဝါ၏အရည်အသွေးများကို သိနားလည်ထားခြင်းက လူမျိုးတော်နှင့် မောရှေဆက်ဆံရာတွင်လည်း အထောက်အကူဖြစ်ပေမည်။ ဘုရားသခင်သည် မောရှေရှေ့၌ ကြွသွားတော်မူပြီးလျှင် ဤသို့ကြေညာခဲ့ကြောင်း ထွက်မြောက်ရာ ၃၄:၅-၇ ကဖော်ပြသည်– ‘ယေဟောဝါ၊ ယေဟောဝါ သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ချစ်ခင်ကြင်နာခြင်းနှင့် အမှန်တရားကြွယ်ဝသောသဘောရှိတော်မူသော၊ အထောင်အသောင်းသောသူတို့အား ချစ်ခင်ကြင်နာခြင်းတရားကိုစောင့်တော်မူထသော၊ မှားယွင်းခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ အပြစ်ပြုခြင်းများကိုဖြေလွှတ်သော်လည်း အပြစ်ဒဏ်စီရင်ခြင်းကို အဘယ်နည်းနှင့်မျှ လွတ်ကင်းစေတော်မမူသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်။’ အဆိုပါစကားများကို အချိန်ယူပြီး တွေးတောဆင်ခြင်ပါ။ ကိုယ့်ကိုယ်ကို ဤသို့မေးပါ– ‘အရည်အသွေးတစ်ခုစီက ဘာကိုဆိုလိုသလဲ။ ဒီအရည်အသွေးကို ယေဟောဝါ ဘယ်လိုတင်ပြခဲ့သလဲ။ ဒါကို ခရစ်ယာန်ကြီးကြပ်မှူးတွေ ဘယ်လိုတင်ပြနိုင်မလဲ။ အရည်အသွေးတစ်ခုဟာ ကျွန်ုပ်တို့တစ်ယောက်စီရဲ့ လုပ်ဆောင်မှုကို ဘယ်လိုသြဇာလွှမ်းသင့်သလဲ။’ နမူနာအချို့ကိုသာ သုံးသပ်ကြည့်ပါ။
၁၆။ ဘုရားသခင်၏သနားငဲ့ညှာခြင်းကို ကျွန်ုပ်တို့မည်သို့တိုး၍နားလည် တန်ဖိုးထားနိုင်သနည်း၊ ထိုသို့ပြုဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ ယေဟောဝါသည် ‘သနားတတ်ပြီး ကျေးဇူးပြုတတ်သော ဘုရားသခင်’ ဖြစ်တော်မူ၏။ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်ဟူသော အကိုးအကားစာအုပ်ရှိမည်ဆိုလျှင် “သနားငဲ့ညှာခြင်း” (Mercy) ဟူသောခေါင်းစဉ်အောက် ဖော်ပြထားရာကို ဖတ်ရှုကြည့်ပါ။ သို့တည်းမဟုတ် ကင်းမျှော်စင်စာပေများအညွှန်းဖြင့်ဖြစ်စေ၊ ကင်းမျှော်စင်စာကြည့်တိုက် (စီဒီရွမ်) ကွန်ပျူတာပရိုဂရမ်ဖြင့်ဖြစ်စေ ထိုအကြောင်းအရာကို ရှာဖွေလေ့လာကြည့်ပါ။ * သနားငဲ့ညှာခြင်းနှင့်သက်ဆိုင်သော ကျမ်းချက်များရှာတွေ့ရန် မှန်ပြမာတိကာကို အသုံးပြုပါ။ ယေဟောဝါ၏သနားငဲ့ညှာခြင်းတွင် တစ်ခါတစ်ရံ အပြစ်ဒဏ်လျော့ပေါ့ပေးခြင်းအပြင် ထောက်ထားညှာတာခြင်းပါဝင်ကြောင်း တွေ့ရှိရပါလိမ့်မည်။ ယင်းက မိမိ၏လူမျိုးတော် သက်သာရာရစေဖို့ အရေးယူလုပ်ဆောင်ရန် ဘုရားသခင်ကို လှုံ့ဆော်ပေးသည်။ ယင်း၏အထောက်အထားမှာ ကတိထားရာပြည်သို့ ဣသရေလလူမျိုး ခြေကျင်ခရီးကြမ်းနှင်စဉ် သူတို့၏ကာယရေးနှင့် ဝိညာဉ်ရေးကို ဘုရားသခင်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ (တရားဟောရာ ၁:၃၀-၃၃; ၈:၄) သူတို့အမှားများပြုမိကြသည့်အခါ ယေဟောဝါသည် သက်ညှာစွာ ခွင့်လွှတ်ပေးခဲ့သည်။ ရှေးခေတ်လူမျိုးတော်ကို ကိုယ်တော်သနားခြင်းကရုဏာပြခဲ့သည်။ ကိုယ်တော်၏ မျက်မှောက်ခေတ်ကျေးကျွန်များသည် အချင်းချင်း သာ၍ပင် စာနာထောက်ထားအပ်ပေသည်!—မဿဲ ၉:၁၃; ၁၈:၂၁-၃၅။
၁၇။ ယေဟောဝါ၏ကျေးဇူးပြုတတ်သောသဘောကို နားလည်ထားခြင်းက စစ်မှန်သောဝတ်ပြုရေးကို မည်သို့မြှင့်တင်ပေးနိုင်သနည်း။
၁၇ ယေဟောဝါ၏သနားငဲ့ညှာခြင်းသည် ကျေးဇူးပြုတတ်သောသဘောနှင့် ဒွန်တွဲနေသည်။ ‘ကျေးဇူးပြုတတ်သော’ နှင့် ‘ကျေးဇူးပြုတတ်သောသဘော’ တို့ကို သင်မည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ ယေဟောဝါအား ကျေးဇူးပြုတတ်သူအဖြစ် ဖော်ပြထားသော ကျမ်းချက်များနှင့် ယင်းကို နှိုင်းယှဉ်ကြည့်ပါ။ ယေဟောဝါ၏ ကျေးဇူးပြုတတ်သောသဘောတွင် မိမိလူမျိုးတော်ရှိ ချို့ငဲ့သူများကို မေတ္တာပါပါဂရုစိုက်ခြင်း ပါဝင်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (ထွက်မြောက်ရာ ၂၂:၂၆၊ ၂၇) မည်သည့်နိုင်ငံတွင်မဆို တိုင်းတစ်ပါးသားများရော အခြားသူများပါ အခွင့်မသာသောအခြေအနေ၌ ရှိနေနိုင်သည်။ ထိုသို့သောသူများကို မျက်နှာမလိုက်ဘဲ သနားကြင်နာမှုပြရန် လူမျိုးတော်ကိုသင်ကြားပေးစဉ် သူတို့လည်း အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားများဖြစ်ခဲ့ဖူးကြောင်း ယေဟောဝါ ပြန်အမှတ်ရစေခဲ့သည်။ (တရားဟောရာ ၂၄:၁၇-၂၂) ယနေ့ ဘုရားသခင့်လူမျိုးတော်ဖြစ်သည့် ကျွန်ုပ်တို့ကော မည်သို့နည်း။ ကျေးဇူးပြုတတ်သောသဘောရှိခြင်းသည် ကျွန်ုပ်တို့ကို စည်းလုံးစေပြီး ယေဟောဝါ၏ဝတ်ပြုကိုးကွယ်ရေးသို့ အခြားသူများအား ဆွဲဆောင်ပေးပါသည်။—တမန်တော် ၁၀:၃၄၊ ၃၅; ဗျာ. ၇:၉၊ ၁၀။
၁၈။ တိုင်းတစ်ပါးသားများ၏အကျင့်အကြံနှင့်ပတ်သက်၍ ဣသရေလလူမျိုးကို ယေဟောဝါသွန်သင်ပေးခဲ့သည့် ကန့်သတ်ချက်တို့မှ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။
၁၈ သို့သော် ဣသရေလလူမျိုးသည် ယေဟောဝါနှင့် ကိုယ်တော်၏ကိုယ်ကျင့်တရားစံနှုန်းများကို ချစ်မြတ်နိုးခြင်းထက် တိုင်းတစ်ပါးသားများအား ကြင်နာထောက်ထားခြင်းကို ပိုအရေးမပေးရပါ။ ထို့ကြောင့် ဣသရေလလူမျိုးသည် ပတ်ဝန်းကျင်နိုင်ငံများ၏အကျင့်အကြံ၊၊ သူတို့၏ဘာသာရေးထုံးတမ်းများနှင့် အကျင့်ပျက်ဘဝပုံစံများကို လက်ခံကျင့်သုံးခြင်းမပြုဖို့ သွန်သင်ခံရကြသည်။ (ထွက်မြောက်ရာ ၃၄:၁၁-၁၆; တရားဟောရာ ၇:၁-၄) ယင်းသည် ယနေ့ ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင်သည်။ ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါသည် သန့်ရှင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့လည်း သန့်ရှင်းရကြမည်။—၁ ပေတရု ၁:၁၅၊ ၁၆။
၁၉။ အပြစ်ကျူးလွန်ခြင်းအပေါ် ယေဟောဝါ၏ရှုမြင်ပုံကို နားလည်ထားခြင်းက ကိုယ်တော်၏လူမျိုးတော်ကို မည်သို့ကာကွယ်ပေးနိုင်သနည်း။
၁၉ ယေဟောဝါ၏နည်းလမ်းတော်များကို မောရှေနားလည်စေဖို့ ကိုယ်တော်သည် အပြစ်ပြုခြင်းကို မနှစ်သက်သော်လည်း အမျက်ထွက်နှေးတော်မူကြောင်းသိစေသည်။ ကိုယ်တော်တောင်းဆိုထားရာများကို လူတို့သိရှိလိုက်နာကြစေဖို့ အချိန်ပေးသည်။ နောင်တရသည့်အခါ အပြစ်ကို ယေဟောဝါခွင့်လွှတ်သည်မှန်သော်လည်း ကြီးလေးသောအပြစ်ကျူးလွန်လျှင် ထိုက်သင့်စွာပြစ်ဒဏ်စီရင်တော်မူ၏။ ဣသရေလလူမျိုး၏အကျင့်အကြံသည် နောင်လာနောက်သားများအပေါ် ကောင်းကျိုး၊ ဆိုးကျိုးဖြစ်စေနိုင်ကြောင်း မောရှေကို ကိုယ်တော်သတိပေးခဲ့သည်။ ယေဟောဝါ၏နည်းလမ်းတော်များကို လူမျိုးတော် သိနားလည်ထားခြင်းသည် မိမိတို့ကိုယ်တိုင်ဖြစ်ပေါ်စေသော အခြေအနေများအတွက် ဘုရားသခင်ကို အပြစ်ဖို့ခြင်း၊ ကိုယ်တော်နှောင့်နှေးသည်ဟု ယူဆခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။
၂၀။ ယုံကြည်သူချင်းများအပြင် ဓမ္မအမှုတွင် ဆုံတွေ့ရသူများနှင့် အလိုက်အထိုက်ဆက်ဆံတတ်ဖို့ အဘယ်အရာက ကူညီပေးနိုင်သနည်း။ (ဆာလံ ၈၆:၁၁)
၂၀ အသင်သည် ယေဟောဝါနှင့် ကိုယ်တော့်နည်းလမ်းတော်များကို တိုးသိနားလည်လိုပါက ဆက်၍ဆည်းပူးလေ့လာပါ၊ သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ တွေးတောဆင်ခြင်ပါ။ ယေဟောဝါ၏ဂုဏ်ရည်တော်ဆိုင်ရာ စွဲမှတ်ဖွယ်သွင်ပြင်အမျိုးမျိုးကို အသေအချာဆန်းစစ်ကြည့်ပါ။ ဘုရားသခင်ကို မည်သို့အတုယူနိုင်ကြောင်း၊ သင့်ဘဝကို ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့် မည်သို့ပိုမိုကိုက်ညီစေနိုင်ကြောင်း ဆုတောင်း၍ သုံးသပ်ကြည့်ပါ။ သို့ပြုလျှင် ထောင်ချောက်များကို ရှောင်ရှားစေနိုင်မည်၊ ယုံကြည်သူချင်းတို့နှင့် အသင့်အတင့်ရှိစေမည်၊ အခြားသူများကို ကျွန်ုပ်တို့၏ကြီးမြတ်သောဘုရားသခင်အား သိကျွမ်းလာစေပြီး ကိုယ်တော်အား ချစ်မြတ်နိုးလာစေပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 အားလုံးကို ယေဟောဝါသက်သေများထုတ်ဝေခဲ့။
သင်အဘယ်အရာသိရှိခဲ့သနည်း
• နူးညံ့သိမ်မွေ့သောသဘောသည် မောရှေအတွက် အဘယ်ကြောင့် အရေးကြီးသနည်း၊ ကျွန်ုပ်တို့အတွက်ကော အဘယ်ကြောင့်အရေးပါသနည်း။
• ယေဟောဝါ၏စကားတော်ကို ဖာရောကြားသိစေရန် သူ့ထံအကြိမ်ကြိမ်သွားခြင်းက အဘယ်အကျိုးဖြစ်ထွန်းစေခဲ့သနည်း။
• မောရှေတတ်သိလာသည့် အဘယ်ထူးခြားသောမူအချို့သည် ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင်သနည်း။
• ယေဟောဝါ၏အရည်အသွေးများကို မည်သို့ တိုးသိနားလည်လာနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
မောရှေသည် ယေဟောဝါ၏စကားကို ဖာရောအား မပျက်မကွက်ကြေညာခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိ၏တောင်းဆိုချက်များကို မောရှေအား ထုတ်ဖော်ပြခဲ့
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
ယေဟောဝါ၏အရည်အသွေးများကို တွေးတောဆင်ခြင်ပါ