သာမန်အသိဉာဏ် အဘယ်ကြောင့် ဤမျှနည်းပါးရသနည်း
သာမန်အသိဉာဏ် အဘယ်ကြောင့် ဤမျှနည်းပါးရသနည်း
“သူဘာဖြစ်နေတာလဲ။ အဲ့ဒီလိုမလုပ်သင့်ဘူးဆိုတာ သူသိသင့်တယ်” ဟုအကဲခတ်နေသူတစ်ဦးက ဆို၏။ နောက်တစ်ဦးကမူ မယုံနိုင်လောက်အောင် ခေါင်းကိုလှုပ်ရမ်းကာ “သူ့မှာ သာမန်အသိဉာဏ် နည်းနည်းလေးရှိမယ်ဆိုရင် ဘယ်တော့မှ ဒါမျိုးလုပ်မှာမဟုတ်ဘူး” ဟုရေရွတ်၏။ သင်သည် အလားတူကောက်ချက်မျိုး ကြားဖူးသလော။ သို့သော် “သာမန်အသိဉာဏ်” ဟူသည် အဘယ်နည်း။
“အသိဉာဏ်” ဟူသော စကားလုံးကို “တိကျမှန်ကန်စွာ သိမြင်ခြင်း၊” “နားလည်ခြင်း၊” နှင့် “လက်တွေ့ကျဉာဏ်ပညာ သို့မဟုတ် ချင့်ချိန်ဆုံးဖြတ်ခြင်း” ဟုအဓိပ္ပာယ်ဖွင့်ကြသည်။ ယင်းက လူတစ်ဦးမှာ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို ဆိုလို၏။ သာမန်အသိဉာဏ်ရှိရန် စဉ်းစားနိုင်စွမ်းကို အသုံးပြုဖို့လိုသည်မှာ ထင်ရှား၏။ လူအများသည် မိမိတို့အတွက် အခြားသူများကို စဉ်းစားခိုင်းတတ်ကြသည်။ သတင်းမီဒီယာ၊ ရွယ်တူချင်း၊ ခေတ်စားရာတို့ကို ဆုံးဖြတ်ခွင့်ပြုတတ်ကြသည်။
အကဲခတ်သူတစ်ဦးက ‘အမှန်အတိုင်းပြောရရင် သာမန်အသိဉာဏ် အရမ်းကိုနည်းပါးလာနေပြီ’ ဟုတစ်ချိန်က မှတ်ချက်ချရသည်အထိ မျက်မှောက်ခေတ်လောကတွင် သာမန်အသိဉာဏ် ဤမျှနည်းပါးနေပုံရ၏။ သာမန်အသိဉာဏ်ကို မည်သို့ရယူနိုင်မည်နည်း။ ၎င်း၏အကျိုးကျေးဇူးများကား အဘယ်နည်း။
မည်သို့ရယူမည်နည်း
စဉ်းစားဆင်ခြင်ဉာဏ်ဖွံ့ဖြိုးလာပြီး ကောင်းစွာစီရင်နိုင်စွမ်းရှိရန် အချိန်၊ မပြတ်တမ်းစဉ်းစားသုံးသပ်ခြင်းနှင့် ပုံမှန်ကြိုးစားအားထုတ်မှုတို့ လိုအပ်သော်လည်း သာမန်အသိဉာဏ်ကို အမှန်ပင်ရရှိနိုင်ပါသည်။ သာမန်အသိဉာဏ်ရရှိနိုင်မည့် အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။
သမ္မာကျမ်းစာကို လေ့လာပြီး ၎င်း၏အကြံပြုချက်ကို လိုက်လျှောက်ပါ။ အကောင်းဆုံးရေးထုံးဖြင့် ရှင်းလင်းကျိုးကြောင်းညီစွာ ရေးထားသည့် သမ္မာကျမ်းစာသည် ဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်ဉာဏ်ရှိရန် ကောင်းစွာထောက်ကူပေး၏။ (ဧဖက် ၁:၈) ဥပမာ၊ တမန်တော်ပေါလုသည် ခရစ်ယာန်ချင်းများကို ဤသို့သတိပေးဆုံးမသည်– “ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ အလေးအနက်ထားရသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ စင်ကြယ်သောအရာရှိသမျှ၊ ချစ်ဖွယ်သောအရာရှိသမျှ၊ အသရေရှိသောအရာရှိသမျှ၊ မွန်မြတ်သောအရာရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်လက်ဆင်ခြင်သုံးသပ်ကြလော့။” (ဖိလိပ္ပိ ၄:၈၊ ကဘ) ဤအကြံပြုချက်ကို ကျွန်ုပ်တို့ အမြဲမပြတ်လိုက်လျှောက်ကြမည်ဆိုလျှင် ချင့်ချိန်ဆုံးဖြတ်နိုင်မည်၊ ပညာသတိဖြင့် ပြုမူနိုင်ပါလိမ့်မည်။
အတွေ့အကြုံမှ သင်ယူပါ။ ဆွစ်ကဗျာဆရာတစ်ဦးသည် သာမန်အသိဉာဏ်နှင့် ဘဝအတွေ့အကြုံကို ချိတ်ဆက်ကာ ဤသို့ဆိုသည်– “သာမန်အသိဉာဏ်သည် . . . အတွေ့အကြုံနှင့် ကြိုတင်သိမြင်ခြင်း [တင်ကြိုမြင်ယောင်ခြင်း] တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။” မှန်ပါသည်၊ “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) အကဲခတ်ကြည့်ရှုခြင်း၊ လေ့ကျင့်ခြင်းနှင့် အတွေ့အကြုံတို့ဖြင့် သာမန်အသိဉာဏ်ကို ဖွံ့ဖြိုးလာစေနိုင်မည်။ ကျွန်ုပ်တို့သည် အချိန်ကုန်လာသည်နှင့်အမျှ သာ၍လုပ်တတ်ကိုင်တတ်လာကြသည်။ သို့သော် ကျွန်ုပ်တို့၏အမှားများမှ သင်ယူတတ်ရန် နှိမ့်ချမှုနှင့် ကျိုးနွံမှုရှိဖို့လိုသည်။ ဤနောက်ဆုံးကာလရှိ လူတို့၏ဝါကြွားခြင်း၊ ထောင်လွှားစော်ကားခြင်းနှင့် ဇွတ်တရွတ်နိုင်ခြင်းတို့က သာမန်အသိဉာဏ်မရှိကြောင်း ဖော်ပြသည်။—၂ တိမောသေ ၃: ၁-၅။
အပေါင်းအသင်းများကို ပညာရှိစွာ ရွေးချယ်ပါ။ ကျွန်ုပ်တို့၏အပေါင်းအသင်းများသည် ဉာဏ်ပညာနှင့် သာမန်အသိဉာဏ်ကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ကူညီပေးနိုင်၏၊ သို့မဟုတ် ဟန့်တားနှောင့်ယှက်နိုင်၏။ နယပုံပြင် ၁၃:၂၀ ကဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” ဘုရားသခင်ကိုဖီဆန်၍ ကိုယ်တော်၏စကားတော်ကို လျစ်လျူရှုသူများ၏ စဉ်းစားတွေးခေါ်ပုံနှင့် အကြံဉာဏ်တို့ကို ကျွန်ုပ်တို့လက်ခံစရာမလိုပါ။ ယင်းနှင့်ပတ်သက်၍ နယပုံပြင် ၁၇:၁၂ ကဤသို့ဖော်ပြသည်– “မိုက်သောစိတ် ထဆဲရှိသောလူမိုက်နှင့် မတွေ့ပါစေနှင့်။ သားငယ်ပျောက်သောဝံမနှင့် သာ၍တွေ့ပါစေသော။”
အဘယ်အကျိုးကျေးဇူးရှိသနည်း
သာမန်အသိဉာဏ်ဖွံ့ဖြိုးခြင်းသည် အကျိုးရှိ၏။ ယင်းသည် ဘဝကို ပို၍စိတ်ဝင်စားစရာဖြစ်စေပြီး အချိန်ကုန်သက်သာစေနိုင်၏။ သာမန်အသိဉာဏ်သည် မဆင်မခြင်ပြုလုပ်မိရာမှ ဖြစ်ပေါ်လာတတ်သည့် စိတ်အလိုမကျမှုကိုပင် လျော့နည်းသွားစေနိုင်၏။ ကောင်းစွာမဆုံးဖြတ်နိုင်သူများသည် သူတို့၏ဘဝကို ဆင်းရဲကျပ်တည်းစေ၏။ “မိုက်သောသူသည် ကြိုးစားအားထုတ်သော်လည်း သူတစ်ပါးတို့ကို ပင်ပန်းစေတတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၁၀:၁၅) ဤသို့သောသူများသည် တစ်သက်လုံး ပင်ပင်ပန်းပန်းလုပ်ဆောင်ကြရသော်လည်း အကျိုးရှိရာ တစ်ခုမျှ မဖြစ်မြောက်ချေ။
သန့်ရှင်းခြင်း၊ ပြောဆိုဆက်သွယ်ခြင်း၊ လုံ့လစိုက်ထုတ်ခြင်း၊ ချို့ငဲ့ဆင်းရဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ဘဝကဏ္ဍအသီးသီးတို့နှင့်ပတ်သက်၍ လက်တွေ့ကျအကြံပြုချက်များစွာကို သမ္မာကျမ်းစာက ဖော်ပြပေးထားသည်။ မိမိတို့ဘဝတွင် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းတို့သည် ဉာဏ်ပညာရှိစေသည့် ကျမ်းစာမူများကို ကျင့်သုံးခြင်းအပေါ် များစွာမူတည်ခဲ့ကြောင်း သက်သေထူနိုင်သူ သန်းပေါင်းများစွာရှိသည်။
သာမန်အသိဉာဏ်သည် အသေးစိတ်ဖော်ပြထားသော ညွှန်ကြားချက်များ သို့မဟုတ် စည်းမျဉ်းဥပဒေများကို လိုက်နာရုံထက်မက ပြုမူစေ၏။ ကျွန်ုပ်တို့၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်စေ၏။ သို့သော် သာမန်အသိဉာဏ်ရှိစေရန် အသိပညာဆည်းပူးဖို့လိုသည်။ “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်” ဟူ၍ နယပုံပြင် ၁:၅ ကဆိုသည်။ ကျွန်ုပ်တို့ရရှိသည့် သတင်းအချက်အလက်ကိုလည်း ဆန်းစစ်၍ ကောင်းစွာ ကောက်ချက်ချတတ်ရမည်။ ယင်းက ကျွန်ုပ်တို့အား “ပညာနှင့်ကျင့်ဆောင်” စေနိုင်၏။—သု. ၂၈:၂၆၊ သမ။
ကျိုးနွံမှုနှင့် သာမန်အသိဉာဏ်တို့သည် အပြန်အလှန်ဆက်စပ်လျက်ရှိ၏။ ကျွန်ုပ်တို့သည် တာဝန်များစွာကို ထမ်းဆောင်လိုကြသော်လည်း ကျွန်ုပ်တို့နိုင်သလောက်သာ ကောင်းစွာချင့်ချိန် ပြုလုပ်ဖို့လိုပေမည်။ မှန်ပါသည်၊ တမန်တော်ပေါလုက “သခင်ဘုရား၏အမှုတော်၌ လုပ်ကိုင်စရာများစွာ” ရှိပါဟုဆို၏။ (၁ ကောရိန္သု ၁၅:၅၈၊ ကဘ) သို့တိုင် အဆိုပါသတိပေးဆုံးမစကားကို ဒေ. ၉:၄ ပါ ဤမူနှင့်အညီ ပြုလုပ်သင့်သည်– “အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။” ယေဟောဝါ၏အမှုတော်ကို ကျွန်ုပ်တို့ထမ်းဆောင်သည့်အခါ ကျွန်ုပ်တို့၏ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် အသက်ပိုရှည်စေပြီး အမှုတော်ကို ဆက်ထမ်းဆောင်စေနိုင်မည်။ သာမန်အသိဉာဏ်သည် ပြုလုပ်ရမည့်အရာများကို ပြီးမြောက်စေပြီး တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှု မပျောက်သွားစေရန် ဟန်ချက်ညီစေနိုင်သည်။ သာမန်အသိဉာဏ်သည် အမှန်ပင် အကျိုးကျေးဇူးများစွာ ရရှိစေ၏။
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာတွင်အကြံပြုချက်ကောင်းများစွာပါရှိ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အကဲခတ်ကြည့်ရှုခြင်း၊ လေ့ကျင့်ခြင်းနှင့် အတွေ့အကြုံမှ သာမန်အသိဉာဏ် ဖွံ့ဖြိုးလာနိုင်