မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အဆိုးကို သည်းခံလျက်နေလော့’

‘အဆိုးကို သည်းခံလျက်နေလော့’

‘အဆိုးကို သည်းခံလျက်​နေလော့’

“သခင်​ဘုရား​၏​ကျွန်​သည် ရန်​မ​တွေ့ရ။ ခပ်သိမ်း​သော​သူတို့အား ဖြည်းညင်း​စွာ​ပြုသောသူ၊ . . . သည်းခံ​နိုင်သော​သူ​ဖြစ်​ရမည်။” —၂ တိမောသေ ၂:၂၄

၁။ ခရစ်ယာန်​လုပ်ငန်း​တွင် ပါဝင်​သည့်​အခါ အပြော​ကြမ်း​သူများ​နှင့် အဘယ်ကြောင့် ရံဖန်ရံခါ​ကြုံတွေ့​ရသနည်း။

သင့်ကို​ဖြစ်စေ၊ သင်​ကိုယ်စား​ပြု​ရာ​ကို​ဖြစ်စေ အကောင်း​မမြင်​သူတို့နှင့် တွေ့ကြုံ​ရင်ဆိုင်​ရသောအခါ သင်​မည်သို့​တုံ့ပြန်​တတ်​သနည်း။ နောက်ဆုံး​ကာလ​အကြောင်း တမန်​တော်​ပေါလု​ဖော်ပြ​ရာ​တွင် လူတို့သည် “သူ့​အသရေ​ကို​ရှုတ်ချ​သော​သူ၊ . . . ချောစား​တတ်သော​သူ၊ ကိုယ်​ဣန္ဒြေ​ကို​မချုပ်တည်း​နိုင်သော​သူ၊ ပြင်းထန်သော​သူ” များ​ဖြစ်​ကြ​မည်​ဟု ကြိုပြော​ခဲ့​သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၂) ထိုသို့​သော​သူများကို ဓမ္မ​အမှု​တွင်​ဖြစ်စေ၊ အခြား​လုပ်ဆောင်မှုများ​တွင်​ဖြစ်စေ သင်​ကြုံတွေ့​ရ​ပေမည်။

၂။ ကျွန်ုပ်​တို့အား ကြမ်းတမ်း​စွာ​စကားပြော​ဆို​သူများ​နှင့် ပညာရှိရှိ​ဆက်ဆံ​ရန် အဘယ်​ကျမ်းချက်​များ​က ကူညီပေး​နိုင်​သနည်း။

အပြောအဆို​ရု​န့်​ရင်း​ကြမ်းတမ်း​သူ​တိုင်း မှန်ရာကို လုံးလုံး​စိတ်မဝင်စား​သူများ မဟုတ်​ကြ​ပါ။ အကြီးအကျယ်​ဆင်းရဲ​ခက်ခဲ​ခြင်း၊ စိတ်​အလိုမကျ​ခြင်း​တို့​ကြောင့် အနီးအနား​ရှိ မည်​သူ့ကို​မဆို ဒေါသ​ဖြစ်​မိ​နိုင်​သည်။ (ဒေ. ၇:၇) လူအများသည် ဆဲရေး​တိုင်းထွာ၊ စကားပြော​ကြမ်းတမ်း​လေ့​ရှိသော ပတ်ဝန်းကျင်​တွင် နေထိုင်​လုပ်ကိုင်​ရသော​ကြောင့် ထိုသို့​ပြုမူ​ပြောဆို​တတ်ကြ​သည်။ ယင်းကြောင့် ကျွန်ုပ်​တို့​ခရစ်ယာန်​များ ထိုသို့​ပြောဆို​စ​ရာ​မဟုတ်သော်လည်း အခြားသူများ ထိုသို့​အဘယ်ကြောင့်​ပြောဆို​တတ်ကြ​သည်ကို နားလည်​ရန် ထောက်ကူ​ပေး​သည်။ ရင့်သီး​ကြမ်းတမ်းသော​စကား​ကို ကျွန်ုပ်​တို့ မည်သို့​တုံ့ပြန်​သင့်​သနည်း။ နယပုံပြင် ၁၉:၁၁ က “သတိရှိ​သော​သူသည် မိမိ​အမျက်​ဒေါသကို​ချုပ်တည်း​တတ်၏” ဟု​ဆို​သည်။ ရောမ ၁၂:၁၇၊ ၁၈ က ဤသို့​အကြံပြု​သည်– “အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ . . . သင်တို့သည် တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေကြ​လော့။”

၃။ ကျွန်ုပ်​တို့​ဟော​သော​သတင်း​နှင့် အသင့်အတင့်​ရှိ​ခြင်း မည်သို့ ပတ်သက်​သနည်း။

ကျွန်ုပ်​တို့သည် အမှန်တကယ် အသင့်အတင့်​နေတတ်​သူများ​ဖြစ်​လျှင် ကျွန်ုပ်​တို့၏​စိတ်ထား​က ဖော်ပြ​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့​ပြောဆို​လုပ်ကိုင်​ရာ​များ​သာမက မျက်နှာ​နေ​မျက်နှာထား​နှင့် အသံနေအသံထား​က​လည်း ဖော်ပြ​လိမ့်​မည်။ (သု. ၁၇:၂၇) တမန်​တော်​များ​ကို ဟောပြောရန်​စေလွှတ်​သောအခါ သူတို့ကို ယေရှု​ဤသို့​ညွှန်ကြား​ခဲ့​သည်– “အိမ်​သို့​ဝင်​သောအခါ ငြိမ်သက်ခြင်း​ရှိပါစေ​သော​ဟု နှုတ်ဆက်ခြင်း​ကို​ပြု​ကြလော့။ ထို​အိမ်သည်​ထိုက်တန်​လျှင် သင်တို့​မြွက်​သော​ငြိမ်သက်ခြင်း​ရောက်​လိမ့်​မည်။ မထိုက်တန်​လျှင် သင်တို့​ထံ​သို့​ပြန်လာ​လိမ့်​မည်။” (မဿဲ ၁၀:၁၂၊ ၁၃သမ္မာ) ကျွန်ုပ်​တို့​ဟော​သော​သတင်း​သည် သတင်းကောင်း​ဖြစ်၏။ သမ္မာကျမ်းစာ​က ယင်းကို ‘ငြိမ်သက်ခြင်း​နှင့်ယှဉ်သော သတင်းကောင်း’၊ ‘ဘုရားသခင်​၏​ကျေးဇူးတော်​နှင့်ယှဉ်သော​သတင်းကောင်း’၊ ‘ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော သတင်းကောင်း’ ဟု​ခေါ်ဆို​၏။ (ဧဖက် ၆:၁၅; တမန်​တော် ၂၀:၂၄; မဿဲ ၂၄:၁၄) ကျွန်ုပ်​တို့၏​ပန်းတိုင်​မှာ သူတစ်ပါး​၏​ယုံကြည်ချက်များ​ကို ဝေဖန်​ဖို့ သို့​မဟုတ် သူ၏​ရှုမြင်ပုံ​များ​ကို​အပြစ်​မြင် ငြင်းခုံ​ဖို့​မဟုတ်ဘဲ သမ္မာကျမ်းစာ​မှ သတင်းကောင်းကို သူ့​အား​သိရှိ​စေဖို့​ဖြစ်သည်။

၄။ လာ​ရသည့်​အကြောင်းရင်းကို ပြောပြ​ခွင့်​ပင်မ​ရ​မီ “စိတ်မဝင်စား​ဘူး” ဟု​ပြော​လှာ​သောအခါ သင်​မည်သို့​ပြောဆို​နိုင်​သနည်း။

အိမ်ရှင်​ဖြစ်သူ​သည် ကောင်းကောင်း​နားမထောင်​ဘဲ “စိတ်မဝင်စား​ဘူး” ဟု​ကြွပ်ဆတ်ဆတ်​ပြော​ပေမည်။ များသောအားဖြင့် သင်​ဤသို့​ပြောဆို​နိုင်​ပေမည်– “သမ္မာကျမ်းစာ​ထဲ​က ဒီ​ကျမ်းချက်​လေး​တစ်ချက်​ကိုပဲ ဖတ်ပြ​ပါ​ရစေ။” ထိုသို့​ဖတ်ပြ​သည်ကို သူ​ကန့်ကွက်​ချင်​မှ​ကန့်ကွက်​မည်။ သို့​တည်း​မဟုတ် ဤသို့​ပြောဆို​ရန် သင့်တော်​ပေမည်– “မတရားမှု​မရှိတော့ဘဲ လူတွေ​အားလုံး အချင်းချင်းချစ်​ခင်​တတ်လာ​ကြ​မယ့်​အချိန်​တစ်ချိန်​အကြောင်း ပြောပြ​ချင်​လို့​ပါ။” အိမ်ရှင်​က စိတ်ဝင်စား​ပုံ​မပြ​လျှင် “ဒါပေမဲ့ မိတ်ဆွေ​အတွက် ဒီ​အချိန်​က အဆင်ပြေ​ပုံ​မရှိဘူး” ဟု​ဆက်​ပြော​နိုင်​သည်။ အိမ်ရှင်​တုံ့ပြန်​ပုံ​က ရန်လို​ပုံ​ရှိ​နေလျှင်​ပင် သူသည် “မထိုက်တန်” သူ​ဖြစ်၏​ဟု ကျွန်ုပ်​တို့​ကောက်ချက်​ချ​သင့်​သလော။ မည်သို့​ပင်​တုံ့ပြန်​ပါစေ “ခပ်သိမ်း​သော​သူတို့အား ဖြည်းညင်း​စွာ​ပြုသော . . . သည်းခံ​နိုင်သော​သူ​ဖြစ်” ပါ​ဟူသော ကျမ်းစာ​သွန်သင်ချက်​ကို ပြန်သတိရ​ပါ။—၂ တိမောသေ ၂:၂၄

မ​သိ၍ စော်ကား​ခဲ့

၅၊ ၆။ ရှောလုသည် ယေရှု၏​နောက်လိုက်​များနှင့် မည်သို့​ပြုမူ​ဆက်ဆံ​ခဲ့​သနည်း၊ သူ​အဘယ်ကြောင့် ထိုသို့​ပြုမူ​ခဲ့​သနည်း။

ပထမ​ရာစု​တွင် ရှောလု​အမည်​ရှိသူ​တစ်ဦး​သည် ရိုင်း​ပျ​စွာ​ပြောဆို​ရုံ​မ​က ကြမ်းတမ်း​စွာ​ပြုမူ​ကြောင်း လူသိ​များ​ခဲ့​သည်။ သူသည် ‘သခင်​ဘုရား​၏​တပည့်​တို့​တစ်ဖက်၌​ခြိမ်းခြောက်​၍ အသေ​သတ်​ခြင်း​ငှာ ပြင်းပြ​စွာ​အသက်ရှူ’ သည်​ဟု သမ္မာကျမ်းစာ​က ဆို​၏။ (တမန်​တော် ၉:၁၊ ၂) သူသည် “ကဲ့ရဲ့​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ ကြမ်းကြုတ်​သော (“စော်ကား​ခဲ့၊” သတင်းကောင်း) သူ” ဖြစ်​ဖူး​ကြောင်း နောက်ပိုင်း​တွင် သူ​ဝန်ခံခဲ့​သည်။ (၁ တိမောသေ ၁:၁၃) သူ၏​ဆွေမျိုး​အချို့​သည် ခရစ်ယာန်​များ​ဖြစ်​နှင့်​ပြီး​ဖြစ်​နိုင်​သော်လည်း ခရစ်တော်​၏​နောက်လိုက်​များ​အပေါ် သူ၏​သဘောထားကို ဤသို့​ပြောပြ​ခဲ့​သည်– “အကျွန်ုပ်သည် . . . ပြင်းစွာ​သော အမျက်​ဒေါသ​နှင့်​ယစ်​မူး​သဖြင့် တစ်ကျွန်း​တစ်နိုင်ငံ​တိုင်အောင် သူတို့ကို​ညှဉ်းဆဲ​နှိပ်စက်​ပါ​၏။” (တမန်​တော် ၂၃:၁၆; ၂၆:၁၁; ရောမ ၁၆:၇၊ ၁၁) ထိုသို့​သူ​ကျင့်ကြံ​ပြုမူ​နေစဉ် တပည့်​တို့သည် ရှောလု​နှင့် စကား​အချေအတင်​ပြောဆို​ဖို့ ကြိုးစား​ခဲ့​ကြောင်း အဘယ်​အထောက်အထား​မျှ​မရှိ​ချေ။

အဘယ်ကြောင့် ရှောလု ထိုသို့​ပြုမူ​ခဲ့​သနည်း။ နှစ်များ​လွန်ပြီး​နောက် သူက “ထိုသို့​ငါ​ပြုသော​အခါ ယုံကြည်ခြင်း​မရှိ၊ မသိဘဲ​ပြု” ခဲ့​သည်​ဟု ရေးသားခဲ့​သည်။ (၁ တိမောသေ ၁:၁၃) သူသည် “မိ​စဉ်​ဖ​ဆက်​ကျင့်​သော​တရားကို သေချာ​စွာ” ဆည်းပူး​ခဲ့​သော ဖာရိရှဲ​တစ်ဦး​ဖြစ်သည်။ (တမန်​တော် ၂၂:၃) ရှောလု​၏​ဆရာ ဂါမလျေလ​သည် အတော်ပင် အမြင်​ကျယ်​သူ​ဖြစ်သော်လည်း ရှောလု​၏​အပေါင်းအဖော်​ဖြစ်သူ ယဇ်ပုရောဟိတ်မင်း ကယာဖ​မှာ​မူ တစ်ယူသန်​သူ​ဖြစ်သည်။ ကယာဖ​သည် ယေရှု​ခရစ်​အသတ်​ခံရ​ဖို့ ပူးပေါင်း​ကြံစည်​ရာ​တွင် ဦးဆောင်​ဦး​ရွက်​ပြု​ခဲ့​သူ​ဖြစ်သည်။ (မဿဲ ၂၆:၃၊ ၄၊ ၆၃-၆၆; တမန်​တော် ၅:၃၄-၃၉) နောက်ပိုင်း​တွင် ကယာဖ​သည် ယေရှု၏​တမန်​တော်​များ အ​ရိုက်​အ​နှက်​ခံရ​ဖို့​စီစဉ်​ခဲ့​ပြီး ယေရှု​နာမကို​အမှီပြုလျက် မဟောပြောဖို့ တင်းကျပ်​စွာ​အမိန့်ထုတ်​ပြန်​ခဲ့​သည်။ သတေဖန်​ကို ကျောက်ခဲ​နှင့်​ပစ်​ဖို့ ခေါ်ထုတ်​သွားစဉ် အခြေအနေ​တင်းမာ​နေသော ဗဟို​တရားရုံး​ကို ဦးစီး​ခဲ့​သူ​မှာ ကယာဖ​ဖြစ်သည်။ (တမန်​တော် ၅:၂၇၊ ၂၈၊ ၄၀; ၇:၁-၆၀) ရှောလု​မူ ကျောက်ခဲ​နှင့်​ပစ်​ကြသည်​ကို စောင့်ကြည့်​ခဲ့​ပြီး ဒမာသက်​မြို့ရှိ ယေရှု၏​နောက်လိုက်​များ​ကို လိုက်လံ​ဖမ်းဆီး​နှိပ်ကွပ်​ပစ်​ဖို့ ကယာဖ​၏​အမိန့်​ကို လက်ခံခဲ့သည်။ (တမန်​တော် ၈:၁; ၉:၁၊ ၂) ကယာဖ​၏​သြဇာလွှမ်း​မှု​အောက် သူ၏​လုပ်ဆောင်မှု​သည် ဘုရားသခင်​ဘက်၌ စိတ်အားကြီး​သည့်​သာဓက​ဖြစ်သည်ဟု ရှောလု​ယူဆ​ခဲ့​သော်လည်း အမှန်​အားဖြင့် စစ်မှန်သော​ယုံကြည်ခြင်း သူ၌​မရှိခဲ့​ပါ။ (တမန်​တော် ၂၂:၃-၅) ယင်းကြောင့် ယေရှုသည် မေရှိယ​အစစ်အမှန်​ဖြစ်​ကြောင်း ရှောလု မသိ​ခဲ့​ချေ။ သို့သော် ရှင်ပြန်ထမြောက်​ပြီး​သော​ယေရှုသည် ဒမာသက်​မြို့​အသွား လမ်းပေါ်​၌ ရှောလု​ကို အံ့ဖွယ်​နည်းဖြင့် စကားပြော​သောအခါ သူ​အမြင်မှန်​ရလာ​ခဲ့​သည်။—တမန်​တော် ၉:၃-၆

၇။ ဒမာသက်​မြို့​အသွား​လမ်း​တွင် ယေရှု​နှင့်​တွေ့ဆုံ​ခြင်း​ကြောင့် ရှောလု​မည်သို့​ဖြစ်သွား​သနည်း။

ထိုသို့​ဖြစ်​ပြီး​မကြာမီ တပည့်​ဖြစ်သူ​အာနနိ​သည် ရှောလု​ကို သက်သေခံဖို့ စေလွှတ်​ခံ​ခဲ့​ရသည်။ အသင်​သာ​ဆိုလျှင် သွား​လို​စိတ်​ရှိပါ​မည်​လော။ အာနနိ​သည် စိုးရိမ်မကင်း​ဖြစ်​မိ​သော်လည်း ရှောလု​ကို ကြင်နာ​စွာ​စကားပြော​ဆို​ခဲ့​သည်။ ဒမာသက်​မြို့​သို့​သွားစဉ် အံ့ဖွယ်​နည်းဖြင့် ယေရှု​နှင့်​ဆုံခဲ့​ခြင်း​ကြောင့် ရှောလု​၏​သဘောထား ပြောင်း​သွားပြီ​ဖြစ်သည်။ (တမန်​တော် ၉:၁၀-၂၂) နောက်ပိုင်း​တွင် ထက်သန်​သော​ခရစ်ယာန်​သာသနာပြု တမန်​တော်​ပေါလု​အဖြစ် လူသိ​များ​လာ​လေ​သည်။

နူးညံ့​သိမ်မွေ့​သော်လည်း ရဲစွမ်းသတ္တိ​ရှိ

၈။ တစ်ချိန်က ဆိုးသွမ်းမှု​များ​ပြု​ခဲ့​သူတို့​အပေါ် ခမည်းတော်​ထားသော​သဘောကို ယေရှု မည်သို့​ရောင်ပြန်ဟပ်​ခဲ့​သနည်း။

ယေရှုသည် လူ​တို့​နှင့်​ဆက်ဆံ​ရာ​တွင် နူးညံ့​သိမ်မွေ့​သော်လည်း ရဲစွမ်းသတ္တိ​ရှိသော စိတ်အား​ထက်သန်​သည့် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တစ်ဦး​ဖြစ်သည်။ (မဿဲ ၁၁:၂၉) ကိုယ်တော်​သည် လူဆိုး​တို့ကို မှားယွင်းသော​လမ်းစဉ်​မှ ပြန်လှည့်​လာရန် တိုက်တွန်း​ခဲ့​သူ ကောင်းကင်​ခမည်းတော်​၏ စိတ်​သဘောထားကို ရောင်ပြန်ဟပ်​ပြ​ခဲ့​သည်။ (ဟေရှာယ ၅၅:၆၊ ၇) ယေရှုသည် အပြစ်သား​များနှင့်​ဆက်ဆံ​ရာ​တွင် အကောင်း​ဘက်​ပြောင်း​နိုင်​ခြေ​ရှိသူတို့​ကို ဂရုပြု​တော်​မူ​ပြီး ထိုသို့​သော​သူများကို အားပေး​ကူညီ​ခဲ့​သည်။ (လုကာ ၇:၃၇-၅၀; ၁၉:၂-၁၀) ယေရှုသည် အပြင်ပန်း​ကြည့်​ပြီး သူတစ်ပါးကို အကဲဖြတ်​မည့်​အစား နောင်တ​လမ်း​သို့​သွေးဆောင်​လို​၍ ခမည်းတော်​၏​ကျေးဇူးပြု​တော်​မူ​ခြင်း၊ သည်းခံ​တော်​မူ​ခြင်း​နှင့် စိတ်ရှည်​တော်​မူ​ခြင်း​တို့ကို တုပ​တော်​မူ​၏။ (ရောမ ၂:၄) ယေဟောဝါ​၏​အလိုတော်​မှာ လူအမျိုးမျိုး​တို့သည် နောင်တ​ယူပြီး ကယ်တင်ခြင်း​ရဖို့​ဖြစ်သည်။—၁ တိမောသေ ၂:၃၊ ၄

၉။ ယေရှု​တွင် ဟေရှာယ ၄၂:၁-၄ ပြည့်စုံ​ခဲ့​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​ရသနည်း။

ယေရှု​ခရစ်​အပေါ် ယေဟောဝါ​၏​အမြင်ကို ဖော်ပြ​ရာ​တွင် ခရစ်ဝင်​ကျမ်း​ရေးသူ​မဿဲ​သည် ဤ​ပရောဖက်ပြု​စကား​များ​ကို ကိုးကား​ထား​သည်– “ငါ​ရွေးချယ်သော​ငါ့​ကျွန်​ရင်း၊ ငါ​နှစ်သက်​မြတ်နိုးသော​သူကို ကြည့်ရှု​လော့။ ထို​သူ၏​အပေါ်​၌ ငါ့​ဝိညာဉ်​ကို​ငါ​တည်စေ​မည်။ သူသည် လူအမျိုးမျိုး​တို့ကို တရား​ပေး​လိမ့်​မည်။ ငြင်းခုံခြင်း၊ ဟစ်ကြော်​ခြင်း​ကို​မပြု​၍၊ လမ်းခရီး​၌ သူ၏​အသံကို အဘယ်သူမျှ​မကြား​စေ​ရ။ နင်းနယ်​လျက်​ရှိသော​ကျူပင်​ကို​မ​ချိုး၊ မီးခိုး​များသော​မီး​စာ​ကို​မ​သတ်။ တရားသည် အောင်မြင်ခြင်း​သို့​ရောက်မည်​အကြောင်း စီရင်​လိမ့်​မည်။ သူ၏​နာမကို​လည်း လူအမျိုးမျိုး​တို့သည် ကိုးစား​ကြလိမ့်မည်။” (မဿဲ ၁၂:၁၇-၂၁; ဟေရှာယ ၄၂:၁-၄) ထို​ပရောဖက်ပြု​စကား​နှင့်​အညီ ယေရှုသည် ဆူညံ​သော​အချေအတင်​ငြင်းခုံ​မှုများ​တွင် မပါဝင်​ခဲ့​ချေ။ စိတ်ဖိစီး​ခံ​နေရ​ချိန်​တွင်​ပင် နှလုံး​ရိုး​ဖြောင့်​သူတို့၏​စိတ်​ကို ဆွဲဆောင်​နိုင်သော​နည်းဖြင့် အမှန်တရားကို ပြောဆို​ခဲ့​သည်။—ယောဟန် ၇:၃၂၊ ၄၀၊ ၄၅၊ ၄၆

၁၀၊ ၁၁။ (က) ယေရှုကို​ဆန့်ကျင်​သည့် ပြောင်ပြောင်တင်းတင်း အပြော​ဆို​ဆုံး​သူတို့တွင် ဖာရိရှဲ​များ​ပါဝင်​ကြသော်လည်း သူတို့​ထဲ​မှ​အချို့​ကို ကိုယ်တော်​အဘယ်ကြောင့် သက်သေခံ​ခဲ့​သနည်း။ (ခ) ယေရှုသည် ဆန့်ကျင်သူ​များ​ကို မည်သို့​ဖြေဆို​လေ့​ရှိ​သနည်း၊ သို့သော် အဘယ်အရာကို ကိုယ်တော်​မပြု​သနည်း။

၁၀ ယေရှုသည် ဓမ္မ​အမှုဆောင်ချိန်​အတွင်း ဖာရိရှဲ​များစွာ​နှင့် စကားပြော​ခဲ့​သည်။ သူတို့​ထဲ​မှ​အချို့​သည် ယေရှုကို စကား​ဖြင့်​အကွက်​ဆင်​ဖို့ ကြိုးစား​ခဲ့​ကြသော်လည်း သူတို့​အားလုံး စိတ်ရင်း​မကောင်း​ဟု ယေရှု​ကောက်ချက်​မချ​ခဲ့​ပါ။ အတော်အတန် အပြစ်ရှာ​တတ်​သူ ရှိမုန်​အမည်​ရှိသော​ဖာရိရှဲ​သည် ယေရှုကို အနီးကပ်​လေ့လာ​လို​သဖြင့် ဖိတ်ခေါ်​ကျွေးမွေး​ခဲ့​ဟန်​ရှိသည်။ ထို​ဖိတ်ခေါ်ချက်​ကို ယေရှု​လက်ခံခဲ့​ပြီး ထို​တွင်​ရှိသူ​များ​ကို သက်သေခံ​ခဲ့​သည်။ (လုကာ ၇:၃၆-၅၀) နောက်​တစ်ကြိမ်​တွင် နိကောဒင်​အမည်​ရှိ ထင်ရှားသော​ဖာရိရှဲ​တစ်ဦး​သည် ည​အခါ​မှ ယေရှု​ထံ​လာ​၏။ မှောင်​သွားဖို့​စောင့်​ပြီး​မှ သူ​လာ​သည့်​အတွက် သူ့ကို ယေရှု​အပြစ်မတင်​ခဲ့​ပါ။ သို့​ပြု​မည့်​အစား ယုံကြည်​ကြောင်း​တင်ပြ​လို​သူများ ကယ်တင်ခြင်း​သို့​ရောက်မည်​အကြောင်း သားတော်ကို​စေလွှတ်​ရာ​တွင် ဘုရားသခင်​ပြတော်မူ​ခဲ့​သော​မေတ္တာကို နိကောဒင်​အား သက်သေခံ​ခဲ့​သည်။ ထို့​ပြင် ဘုရားသခင့်​အစီအစဉ်ကို နာခံ​ဖို့​အရေးကြီးကြောင်း​ကိုလည်း ယေရှု ကြင်နာ​စွာ ထောက်ပြ​ခဲ့​သည်။ (ယောဟန် ၃:၁-၂၁) နောက်ပိုင်း​တွင် ယေရှု​နှင့်​ပတ်သက်သော နှစ်​လို့​ဖွယ်​သတင်း​တစ်ခု​ကို အခြား​ဖာရိရှဲ​များ​က ရှုတ်ချ​ပြောဆို​သောအခါ နိကောဒင်​သည် ယေရှု​ဘက်​မှ ပြောဆို​ခဲ့​သည်။—ယောဟန် ၇:၄၆-၅၁

၁၁ ယေရှု​အား ထောင်ချောက်​ဆင်​ဖို့​ကြိုးစား​နေသူတို့​၏ အရေခြုံမှု​ကို ကိုယ်တော်​မသိဘဲ​မနေ​ပါ။ အချည်းနှီး​သော စကား​ရည်​လု​ပွဲ​များ​ဖြစ်ပေါ်​စေဖို့ ကိုယ်တော်​အခွင့်မပေး​ခဲ့​ပါ။ သို့သော် သင့်လျော်​သည့်​အခါ မူ​တစ်ခု​ကို​ဖော်ပြခြင်း၊ ပုံ​ဥပမာ​သုံး​ခြင်း၊ ကျမ်းချက်​တစ်ချက်​ကို ကိုးကားခြင်း​တို့​ဖြင့် တို​တို​နှင့်​အချက်​ကျ​ကျ၊ တန်ခိုး​ပါ​ပါ ဖြေဆို​တတ်​သည်။ (မဿဲ ၁၂:၃၈-၄၂; ၁၅:၁-၉; ၁၆:၁-၄) အခြား​အချိန်​များ​တွင်​မူ အဖြေပေး​သော်လည်း အကျိုးရှိ​မည်​မဟုတ်​ကြောင်း သိမြင်​သည့်​အခါ ယေရှုသည် အဖြေ​မပေး​ဘဲ နေ​တော်​မူ​၏။—မာကု ၁၅:၂-၅; လုကာ ၂၂:၆၇-၇၀

၁၂။ ယေရှုသည် အော်ငေါက်​ခံရ​ချိန်​၌​ပင် လူ​တို့ကို မည်သို့​ကူညီပေး​နိုင်​ခဲ့​သနည်း။

၁၂ တစ်ခါတစ်ရံ ယေရှုသည် နတ်ဆိုးစွဲ​သူတို့၏​အော်ဟစ်​ခြင်း​ကို ခံ​ခဲ့​ရသည်။ ထိုသို့​ဖြစ်သော​အခါ ကိုယ်တော်​သည် သည်းခံ​ပြီး သူတို့​သက်သာရာ​ရစေဖို့​ပင် ဘုရားသခင်​ပေး​ထားသော​တန်ခိုး​ကို​ပင် အသုံးပြု​ခဲ့​သည်။ (မာကု ၁:၂၃-၂၈; ၅:၂-၈၊ ၁၅) ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​ပါဝင်​နေစဉ် လူ​အချို့​က စိတ်ဆိုး​ပြီး​အော်ဟစ်​လာ​လျှင် အလားတူ သည်းခံ​ဖို့​လို​ပြီး ထို​အခြေအနေ​မျိုးကို ကြင်နာ​စွာ၊ လိမ္မာ​ပါးနပ်​စွာ ကိုင်တွယ်​ဖြေရှင်းဖို့​ကြိုးစား​သင့်​သည်။—ကောလောသဲ ၄:၆

မိသားစု​အတွင်း

၁၃။ ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စတင်​လေ့လာ​သော မိသားစု​မှ​သူ​တစ်ဦး​ကို လူ​တို့​အဘယ်ကြောင့် ရံဖန်ရံခါ အတိုက်အခံပြု​တတ်ကြ​သနည်း။

၁၃ ယေရှု၏​နောက်လိုက်​များ သည်းခံမှု​ပြဖို့ အလိုအပ်ဆုံး​နေရာမှာ မိသားစု​အတွင်း​ဖြစ်သည်။ ကျမ်းစာ​အမှန်တရားကို အလွန်​နှစ်သက်​မြတ်နိုး​လာ​သူ​တစ်ဦး​သည် သူ့​မိသားစုကိုလည်း အလားတူ​လက်ခံ​စေ​လို​သည်။ သို့သော် ယေရှု​မိန့်ဆိုခဲ့​သည့်​အတိုင်း မိသားစု​မှ​သူ​အချို့​သည် အတိုက်အခံပြု​နိုင်၏။ (မဿဲ ၁၀:၃၂-၃၇; ယောဟန် ၁၅:၂၀၊ ၂၁) ထိုသို့​ဖြစ်​ဖို့ အကြောင်း​အမျိုးမျိုး​ရှိသည်။ ဥပမာ​အနေ​နှင့် ကျမ်းစာ​သွန်သင်ချက်​သည် ကျွန်ုပ်​တို့ကို ရိုးသား​သူ၊ တာဝန်​သိ​တတ်​သူ၊ ရိုသေ​လေးစား​တတ်​သူ​ဖြစ်စေ​နိုင်​သော်လည်း မည်သည့်​အခြေအနေ​မျိုး​၌​မဆို ဖန်ဆင်း​ရှင်​အပေါ် ကျွန်ုပ်​တို့ သာ၍​တာဝန်​ရှိကြောင်းကိုလည်း သမ္မာကျမ်းစာ​က သွန်သင်ပေး​သည်။ (ဒေ. ၁၂:၁၊ ၁၃; တမန်​တော် ၅:၂၉) ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့၏​သစ္စာစောင့်သိမှု​ကြောင့် အိမ်ထောင်စု​အတွင်း သူ၏​သြဇာ​အာဏာ တစ်နည်း​တစ်​ဖုံ လျော့နည်းလာ​သည်​ဟု ယူဆ​သော မိသားစု​မှ​တစ်ဦးဦး​သည် မကျေမနပ်​ဖြစ်လာ​နိုင်​ပေ​သည်။ ထို​အခြေအနေ​မျိုး ရင်ဆိုင်​ရသည့်​အခါ ယေရှု၏​သည်းခံခြင်း​ပုံသက်သေ​ကို​တုပ​ဖို့ အလွန်​အရေးကြီး​၏!—၁ ပေတရု ၂:၂၁-၂၃; ၃:၁၊ ၂

၁၄-၁၆။ မိသားစု​မှ​သူတို့ကို ယခင်​က အတိုက်အခံလုပ်​ခဲ့​သူ​အချို့ အဘယ်ကြောင့်​ပြောင်းလဲ​ခဲ့​သနည်း။

၁၄ ယခု ယေဟောဝါ​အား ဝတ်ပြု​နေ​သူများစွာ​တို့သည် ကျမ်းစာ​လေ့လာ​ခါ​စ​က ပြောင်းလဲမှု​များ​ပြု​ခဲ့​သောကြောင့် သူတို့၏​အိမ်ထောင်ဖက် သို့​မဟုတ် မိသားစု​မှ​တစ်ဦးဦး​၏​အတိုက်အခံပြု​မှု​ကို ခံ​ခဲ့​ရသူ​များ​ဖြစ်သည်။ အတိုက်အခံပြု​သူများ​သည် ယေဟောဝါသက်သေ​များ​အကြောင်း အပျက်သဘော​ဝေဖန်ချက်​များ​ကို ကြား​ထား​၍​ဖြစ်​မည်၊ မိသားစု​အပေါ် မလိုလား​အပ်သော​သြဇာလွှမ်း​မှု ဖြစ်ပေါ်​လာ​မည်​ကို စိုးရိမ်​သောကြောင့် ဖြစ်​ကောင်း​ဖြစ်​မည်။ သူတို့၏​စိတ်​သဘောထားကို အဘယ်အရာက ပြောင်းလဲ​စေ​ခဲ့​သနည်း။ ဖြစ်ရပ်​များစွာ​တွင် ကောင်းသော​ပုံသက်သေ ဖြစ်လေ့​ရှိသည်။ ယုံကြည်သူ​သည် မိသားစု​တာဝန်​များ​ကို ကျေပွန်​စွာ​ထမ်းဆောင်​ရင်း၊ ကြိမ်းမောင်း​ဆဲဆို​မှုများ​ကို သည်းခံ​ရင်း ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်​၍ ဓမ္မ​အမှု​တွင် ပါဝင်ခြင်း​တို့​ဖြင့် ကျမ်းစာ​သွန်သင်ချက်​ကို စွဲစွဲမြဲမြဲ​လိုက်နာ​ကျင့်သုံး​သည့်​အတွက် တစ်ခါတစ်ရံ မိသားစု​အတိုက်အခံပြု​မှု လျော့နည်း​သွား​တတ်​သည်။—၁ ပေတရု ၂:၁၂

၁၅ အတိုက်အခံပြု​သူသည် စိတ်​စွန်းကွက်​မှု​ကြောင့်​ဖြစ်စေ၊ မာန်​မာန​ကြောင့်​ဖြစ်စေ ကျမ်းစာ​ရှင်းပြချက်ကို နားမထောင်​ဘဲ​နေ​ပေမည်။ မျိုးချစ်စိတ်​ပြင်းပြ​ခဲ့​သည်​ဟု​ဆို​သော အမေရိကန်​ပြည်ထောင်စု​မှ အမျိုးသား​တစ်ဦး ထိုသို့​ဖြစ်​ခဲ့​သည်။ တစ်ကြိမ်​တွင် သူ၏​ဇနီး စည်းဝေးကြီး​တစ်ခု​သွား​တက်​နေစဉ် ထို​သူသည် အဝတ်အစား​အားလုံး​ယူပြီး အိမ်မှဆင်း​သွားခဲ့သည်။ နောက်​တစ်ကြိမ်​တွင် သေနတ်​တစ်လက်​နှင့် အိမ်​မှ​ထွက်သွား​ပြီး မိမိကိုယ်ကို​သတ်​သေ​မည်​ဟု ခြိမ်းခြောက်​ခဲ့​သည်။ စိတ်​ပေါက်​ရာ​ပြု​တတ်သော သူ၏​အမူအကျင့်​သည် ဇနီးသည်​၏​ဘာသာ​တရား​ကြောင့်​ဖြစ်သည်ဟု သူ​အပြစ်​ပုံချ​ခဲ့​သည်။ သို့သော် ဇနီး​ဖြစ်သူ​သည် ကျမ်းစာ​သွန်သင်ချက်​ကို ဆက်လက်​ကျင့်သုံး​ဖို့​ကြိုးစား​ခဲ့​သည်။ အ​နှစ်နှစ်​ဆယ်​အကြာတွင် သူသည်​လည်း ဇနီးသည်​ကဲ့သို့ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ​လေ​သည်။ အယ်လ်ဘေးနီးယား​နိုင်ငံ​မှ အမျိုးသမီး​တစ်ဦး​သည် သမီး​ဖြစ်သူ ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​ပြီး နှစ်ခြင်း​ခံ​လိုက်​သည့်​အတွက် ဒေါသ​ထွက်​သည်။ သမီး​၏​ကျမ်းစာ​အုပ်​ကို ၁၂ ကြိမ်​တိုင် ဖျက်ဆီး​ပစ်​ခဲ့​သည်။ တစ်နေ့​သော် သမီး​ဖြစ်သူ စားပွဲ​ပေါ်​တင်ထား​ခဲ့​သော ကျမ်းစာ​အုပ်​အသစ်​ကို သူ​ဖွင့်လိုက်​သည်။ တိုက်​တိုက်ဆိုင်​ဆိုင် မဿဲ ၁၀:၃၆ ကို​ဖွင့်​မိ​လျက် ထို​တွင်​ဖော်ပြ​ထား​ချက်​သည် မိမိ​နှင့်​သက်ဆိုင်​ကြောင်း မိခင်​ဖြစ်သူ သိမြင်​လေ​သည်။ မည်သို့​ဆို​စေ သမီး​အတွက် စိုးရိမ်​ပူပန်​သည့် မိခင်​ဖြစ်သူ​သည် အခြား​သက်သေခံ​များနှင့်​အတူ အီတလီ​နိုင်ငံ​တွင် ကျင်းပ​မည့်​စည်းဝေးပွဲ​သို့ လိုက်သွား​မည့်​သမီး​အား သင်္ဘောဆိပ်​လိုက်​ပို့​ခဲ့​သည်။ ထို​အုပ်စု​၏ ချစ်ချစ်ခင်ခင်​ရှိ​ပုံ၊ တစ်ယောက်ကို​တစ်ယောက်​ဖက်ယမ်း​ကာ ပြုံးပျော်​ရွှင်​နေကြ​ပုံ​များ​ကို ကြား​ရ​မြင်ရသော​အခါ မိခင်၏​စိတ်သဘောထား ပြောင်းလဲ​စ​ပြု​လာ​လေ​သည်။ မကြာမီ​ပင် ကျမ်းစာ​လေ့လာ​ဖို့ သူ​သဘောတူ​လိုက်​သည်။ ယနေ့ သူသည် အစပိုင်း​တွင် အတိုက်အခံပြု​သူတို့ကို ကြိုးစား​ကူညီပေး​နေပါ​သည်။

၁၆ ဖြစ်ရပ်​တစ်ခု​တွင် လင်ယောက်ျား​တစ်ဦး​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​ထဲ​ဝင်​တော့​မည့် ဇနီးသည်​အား ဓား​ကိုင်​၍ သံ​ကုန်​ဟစ် ကြိမ်းမောင်း​ခြိမ်းခြောက်​ခဲ့​သည်။ ဇနီး​ဖြစ်သူက “ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ထဲ​ဝင်လာ​ပြီး ကိုယ်တိုင်​ကြည့်​ပါ” ဟု ညင်ညင်သာသာ ပြောလိုက်​သည်။ သူ​ဝင်ကြည့်​ခဲ့​ရာ နောက်ဆုံး​တွင် ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်လာ​လေ​သည်။

၁၇။ ခရစ်ယာန်​အိမ်ထောင်စု​တွင် တစ်ခါတစ်ရံ အခြေအနေ​တင်းမာ​လာ​ပါ​က အဘယ်​ကျမ်းစာ​သွန်သင်ချက်​က အထောက်အကူ​ပြု​နိုင်​သနည်း။

၁၇ သင့်​မိသားစုတွင် အိမ်သား​အားလုံး ခရစ်ယာန်​ဖြစ်သည့်​တိုင် လူ့​မစုံလင်မှု​ကြောင့် မိသားစု​အခြေအနေ​တင်းမာ​လာပြီး ကြမ်းကြမ်းတမ်းတမ်း​ပြောဆိုချိန်​များ​ပင် ရှိ​နိုင်​ပေ​သည်။ ရှေး​ဧဖက်​မြို့ရှိ ခရစ်ယာန်​များ ဤသို့​ဆုံးမခံ​ခဲ့​ရခြင်း​သည် မှတ်သားဖွယ်​ဖြစ်၏– “ခပ်သိမ်း​သော​စိတ်​တို​ခြင်း၊ စိတ်ဆိုး​ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်​ငေါ​က်ငေါ်​ခြင်း၊ သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း​တို့ကို​လည်းကောင်း၊ ခပ်သိမ်း​သောမ​နာ​လို​ခြင်း​ကိုလည်း​ကောင်း သင်တို့​မှ​ပယ်ရှား​ကြလော့။” (ဧဖက် ၄:၃၁) သူတို့၏ပတ်ဝန်းကျင်၊ သူတို့​ကိုယ်တိုင်​၏​မစုံလင်မှု​နှင့် တချို့​ကိစ္စရပ်​များ​တွင် ယခင်​ဘဝ​ပုံစံ​တို့​က ဧဖက်​မြို့ရှိ​ခရစ်ယာန်​များ​ကို ဩဇာ​လွှမ်း​နေ​ပုံ​ရှိသည်။ အဘယ်အရာက သူတို့ကို ပြောင်းလဲ​စေမည်​နည်း။ “[သူတို့၏] စိတ်​ကို စေ့ဆော်​သည့်​စွမ်းအား​ဖြင့် အသစ်​ပြုမူ​ခံ” ကြဖို့​လို​နေသည်။ (ဧဖက် ၄:၂၃က​ဘ) သမ္မာကျမ်းစာ​ကို လေ့လာ​ပြီး သူတို့​အသက်တာအပေါ် မည်သို့​သြဇာလွှမ်း​စေ​သင့်​ကြောင်း တွေးတော​ဆင်ခြင်​၍ ခရစ်ယာန်​ရောင်းရင်း​များနှင့် ပေါင်းဖော်​ကာ ဇွဲရှိ​ရှိ ဆုတောင်း​ကြ​စဉ် သူတို့၏​ဘဝ​အသက်တာတွင် ဘုရားသခင့်​ဝိညာဉ်​တော်​အသီးများ ပိုမို​သီးပွင့်​ထင်ရှား​လာပေမည်။ “အချင်းချင်း​ကျေးဇူးပြု​ခြင်း၊ သနားစုံမက်​ခြင်း၊ ဘုရားသခင်​သည် ခရစ်တော်​ကြောင့် သင်တို့၏​အပြစ်ကို​လွှတ်တော်​မူ​သကဲ့သို့ အချင်းချင်း​အပြစ်လွှတ်” တတ်​ရန် သူတို့​သင်ယူ​ကြ​ရ​ပေမည်။ (ဧဖက် ၄:၃၂) အခြားသူ​တို့ မည်သို့​ပင်​ပြုမူ​နေကြပါ​စေ ကျွန်ုပ်​တို့​မူ သည်းခံ​တတ်​ဖို့၊ သနား​ကြင်နာ၊ စာနာ​ထောက်ထား၊ ခွင့်လွှတ်​တတ်​ဖို့​လို​သည်။ “အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ” ရ​ပါ။ (ရောမ ၁၂:၁၇၊ ၁၈) ဘုရားသခင်​ကို​တုပ​သည့်​အနေ​နှင့် စစ်မှန်သော​ချစ်ခြင်း​မေတ္တာကို တင်ပြခြင်း​သည် အစဉ်သဖြင့် လုပ်သင့်​လုပ်​အပ်​ရာ​ဖြစ်၏။—၁ ယောဟန် ၄:၈

ခရစ်ယာန်​တိုင်း​အတွက် အကြံပေး​ချက်

၁၈။ ရှေး​ဧဖက်​မြို့ရှိ အကြီးအကဲ​တစ်ဦး​အတွက် ၂ တိမောသေ ၂:၂၄ ပါ​အကြံပြုချက်​သည် အဘယ်ကြောင့်​သင့်လျော်​သနည်း၊ ယင်းသည် ခရစ်ယာန်​တိုင်း​ကို မည်သို့​အကျိုးပြု​နိုင်​သနည်း။

၁၈ ‘အဆိုးကို သည်းခံ’ နေဖို့ အကြံပေး​ချက်​သည် ခရစ်ယာန်​တိုင်း​အတွက်​ဖြစ်သည်။ (၂ တိမောသေ ၂:၂၄) သို့သော် ဦးဆုံး​အကြံပေး​တိုက်တွန်း​ခံရ​သူ​မှာ တိမောသေ​ဖြစ်သည်၊ ဧဖက်​မြို့တွင် အကြီးအကဲ​တစ်ဦး​အဖြစ် အမှုထမ်း​ချိန်​တွင် သူ၌ သည်းခံခြင်း​တရား​ရှိဖို့လို​ခဲ့​သည်။ ထို​အသင်းတော်​ရှိ လူ​အချို့​သည် မိမိတို့၏​ရှုမြင်ချက်များ​ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်​ပြောဆို​တတ်ကြ​ပြီး အယူဝါဒ​အမှား​ကို သွန်သင်​နေ​၏။ မောရှေ​ပညတ်​၏​ရည်ရွယ်ရင်း​ကို သူတို့​ကောင်းစွာ​သဘောမပေါက်​ကြသော​ကြောင့် ယုံကြည်ခြင်း၊ မေတ္တာ​နှင့် ကောင်းသော​သိစိတ်​၏​အရေးပါမှု​ကို ပိုင်းခြား​နားလည်ခြင်း​မရှိခဲ့​ကြ​ချေ။ ခရစ်တော်​သွန်သင်ချက်​များ​၏ လိုရင်းချက်​နှင့် ဘုရားသခင်​အား​ဆည်းကပ်​ဝတ်ပြုခြင်း​၏ အရေးပါမှု​တို့ကို​မသိ၊ မာန​နှင့်​ယစ်​မူး​၍ စကား​ကြောင့်​သာ​ငြင်းခုံ​သော​အားဖြင့် ရန်ပွဲ​ဖြစ်​ခဲ့​ကြသည်။ ဤ​အခြေအနေ​မျိုးကို ကိုင်တွယ်​ဖြေရှင်းရန် တိမောသေ​သည် ကျမ်းစာ​အမှန်တရား​ဘက် မားမားမတ်မတ်​ရပ်တည်​ရမည်​ဖြစ်၏၊ တစ်ကြိမ်​တည်း​တွင် ညီအစ်ကို​များနှင့် ဖြည်းညင်း​စွာ​ဆက်ဆံ​ရမည်​ဖြစ်သည်။ သိုးတော်စု​သည် မိမိ​ပိုင်ဆိုင်ရာ​မဟုတ်၊ ခရစ်ယာန်​မေတ္တာ​နှင့် စည်းလုံးမှု​တိုးပွား​လာ​စေ​မည့်​နည်းဖြင့် အခြား​သူများ​နှင့် သူ​ဆက်ဆံ​ရမည်ကို မျက်မှောက်ခေတ်​အကြီးအကဲ​များ​ကဲ့သို့ သူသိ​ထား​သည်။—ဧဖက် ၄:၁-၃; ၁ တိမောသေ ၁:၃-၁၁; ၅:၁၊ ၂; ၆:၃-၅

၁၉။ ကျွန်ုပ်​တို့အားလုံး “နူးညံ့​သိမ်မွေ့​ခြင်း” ကို​ရှာ​ယူဖို့ အဘယ်ကြောင့် အရေးကြီး​သနည်း။

၁၉ “နူးညံ့​သိမ်မွေ့​ခြင်း” ကို​ရှာယူ​ရန် မိမိ၏​လူမျိုးတော်ကို ဘုရားသခင်​တိုက်တွန်း​ပါ​သည်။ (ဇေဖနိ ၂:၃က​ဘ) “နူးညံ့​သိမ်မွေ့​ခြင်း” အတွက် ဟေဗြဲ​အသုံးအနှုန်း​သည် ဒေါသ​စိတ်၊ လက်တုံ့ပြန်​လို​စိတ်​မရှိဘဲ ထိခိုက်​နစ်နာမှု​ကို သည်းခံ​နိုင်​စေသည့် စိတ်​နေ​သဘောထား​ရှိကြောင်း ဖော်ပြ​သည်။ ခက်ခဲ​သော​အခြေအနေ​များ​တွင်​ပင် သည်းခံ​တတ်​ရန်​နှင့် ကိုယ်တော်​အား ထိုက်​လျော်​စွာ ကိုယ်စား​ပြုသူ​များ​ဖြစ်​နိုင်​ရန် ယေဟောဝါ​အား စိတ်​ထက်သန်​စွာ အသနားခံ​ကြပါစို့။

သင်​အဘယ်အရာ​သိရှိ​ခဲ့​သနည်း

• ရိုင်း​ပျ​စွာ​ပြောဆို​ခံရသော​အခါ အဘယ်​ကျမ်းချက်​များ​က သင့်ကို​အထောက်အကူ​ပြု​နိုင်​သနည်း။

• ရှောလုသည် အဘယ်ကြောင့် စော်ကား​မော်​ကား​ပြုမူ​ခဲ့​သနည်း။

• ယေရှု၏​ပုံသက်သေ​က လူအမျိုးမျိုး​နှင့် အလိုက်အထိုက် မည်သို့​ဆက်ဆံ​တတ်​စေ​သနည်း။

• အိမ်​တွင် အချင်းချင်း​သည်းခံ စကားပြော​ဆို​ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ​ရနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရှောလု​အကြောင်း ကြားသိ​ထား​သော်လည်း အာနနိ​သည် သူ့ကို​ကြင်နာ​စွာ​ဆက်ဆံ​ခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

မိသားစု​တာဝန်​ကျေပွန်​သော ခရစ်ယာန်​တစ်ဦး​သည် မိသားစု​အတိုက်အခံပြု​မှု​ကို လျော့နည်း​စေနိုင်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် ချစ်ခြင်း​မေတ္တာ​နှင့် စည်းလုံးမှု​ကို တိုးပွား​စေ