ကမ္ဘာချီစည်းလုံးမှု အဘယ်ကြောင့်မရှိရသနည်း
ကမ္ဘာချီစည်းလုံးမှု အဘယ်ကြောင့်မရှိရသနည်း
“ကမ္ဘာသူကမ္ဘာသားတို့သည် ဒုတိယကမ္ဘာစစ်မှစ၍ ဦးဆုံးအကြိမ် စည်းလုံးညီညွတ်နေကြ၏။ . . . သို့ဖြစ်ရကား ဤလောကသည် ကြာမြင့်စွာစောင့်စားခဲ့ရသော ကတိပြုထားသည့် ကမ္ဘာသစ်အစီအစဉ် ဖြစ်ပေါ်လာဖို့ အခွင့်အရေးယူ ဆောင်ရွက်နိုင်ပေသည်။”
အမေရိကန်သမ္မတတစ်ဦးသည် ၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ်က ထိုသို့ပြောကြားခဲ့သည်။ ထိုစဉ်က နိုင်ငံတကာဖြစ်ရပ်များသည် ကမ္ဘာချီစည်းလုံးမှု ရှိလာတော့မည့်ပုံထွက်နေ၏။ အာဏာရှင်အစိုးရများ တစ်ခုပြီးတစ်ခု ပြိုလဲသွားခဲ့ကြ၏။ ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့ရာ ဥရောပအတွက် ခေတ်သစ်တစ်ခေတ် အစပြုလာသည်။ ပဋိပက္ခများ ကမ္ဘာချီဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်ပေးသူအဖြစ် အနောက်တိုင်းမှလူအများစု ယူမှတ်ထားခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု ပျောက်ကွယ်သွားခြင်းက ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည်။ စစ်အေးတိုက်ပွဲပြီးဆုံးသွားသည်နှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအပါအဝင် လက်နက်ဖျက်သိမ်းရေးအကြောင်း အပြုသဘောဖြင့် ပြောဆိုလာကြသည်။ ပါရှန်းပင်လယ်ကွေ့တွင် စစ်ဖြစ်ခဲ့သည်မှာ မှန်ပါသည်၊ သို့သော် ထိုစစ်ပွဲက ကမ္ဘာ့ဒေသအတော်များများကို ငြိမ်းချမ်းသောခေတ်သစ် ရှိလာစေရန် ပို၍သန္နိဋ္ဌာန်ချစေသည့် အခိုက်အတန့်ပြောင်းလဲမှုတစ်ခုမျှ ဖြစ်ဟန်တူ၏။
အကောင်းမြင်သည့် အရိပ်လက္ခဏာများကို နိုင်ငံရေးတွင်သာမက အခြားသောဘဝကဏ္ဍများတွင်လည်း တွေ့မြင်နေရသည်။ ကမ္ဘာ့ဒေသအတော်များများတွင် လူနေမှုအဆင့်အတန်း တိုးတက်လျက်ရှိ၏။ ဆေးလောကတွင် တိုးတက်မှုများက လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်လောက်က ဆရာဝန်များ မစွမ်းဆောင်နိုင်ခဲ့ရာများကို စွမ်းဆောင်နိုင်စေခဲ့သည်။ နိုင်ငံအတော်များများတွင် စီးပွားရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်နေရာ ကမ္ဘာချီကြီးပွားတိုးတက်ရန် တာစူနေသည့်ပုံပင်။ ကိစ္စရပ်များသည် လမ်းမှန်သို့ သွားနေသည့်အလားဖြစ်၏။
နောက်နှစ်အနည်းငယ်အကြာ ယနေ့တွင်မူ “အဘယ်အရာဖြစ်သွားသနည်း။ ကတိပြုထားသည့် ကမ္ဘာချီစည်းလုံးမှု အဘယ်မှာနည်း’ ဟု ကျွန်ုပ်တို့ မေးစရာအကြောင်းပေါ်လာသည်။ ပြောရမည်ဆိုလျှင် ဤလောကသည် လမ်းမှားနေဟန်တူ၏။ အသေခံဗုံးခွဲမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သောလက်နက် အမြောက်အမြားရှိသည်ဟုဆိုခြင်းအပြင် စိုးရိမ်စရာကောင်းသော အခြားအဖြစ်အပျက်များကို သတင်းတွင် ပုံမှန်ကြားသိနေကြရလေပြီ။ ယင်းဖြစ်ရပ်များကြောင့် ဤကမ္ဘာသည် စည်းလုံးမှုနှင့် ဝေးသည်ထက်ဝေးနေသယောင် ရှိနေသည်။ မကြာသေးမီက အထင်ကရ ဘဏ္ဍာရေးမှူးတစ်ဦး ဤသို့ဆိုခဲ့၏– “ကျွန်ုပ်တို့သည် အလျင်အမြန်တိုးများလာနေသည့် အကြမ်းဖက်မှု၏ဝဲသြဃတွင် ရုန်းထွက်၍မရအောင် ရစ်ပတ်ငြိတွယ်လာနေပြီ။”
ကမ္ဘာ့စည်းလုံးမှုလော၊ ကွဲပြားမှုလော
ယူအဲန်ကို ဖွဲ့စည်းတည်ထောင်ခဲ့စဉ်က ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်များအနက်တစ်ခုမှာ “လူများသည် တူညီသောအခွင့်အရေးများနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များရရှိရေးကို အခြေခံလျက် ပြည်ထောင်စုအချင်းချင်း ချစ်ကြည်ရေးကို ခိုင်မြဲစေရန်” ဖြစ်သည်။ အနှစ် ၆၀ နီးပါးကြာပြီးသည့်နောက် ထိုမြင့်မြတ်သည့်ဦးတည်ချက်ကို လက်လှမ်းမီခဲ့ကြပြီလော။ ဝေးလေစွ! “ချစ်ကြည်ရေး” အစား နိုင်ငံအများသည် “ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်” ကို ပို၍စိတ်ဝင်စားဟန်ပြကြသည်။ မိမိတို့မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာတည်ရှိရေးအတွက် လုံးပန်းနေကြသော လူမျိုးများနှင့် လူမျိုးစုများသည် ဤကမ္ဘာကို တိုး၍တိုး၍ ကွဲပြားစေခဲ့ကြပြီ။ ယူအဲန်ကို ဖွဲ့စည်းတည်ထောင်ချိန်က အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံ ရှိခဲ့၏။ ယနေ့တွင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိနေပေပြီ။
ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း ၂၀ ရာစုနှစ်အဆုံးပိုင်းတွင် ဤကမ္ဘာ စည်းလုံးတော့မည့်ပုံပင်။ သို့သော် ထိုစဉ်ကတည်းက ကမ္ဘာသူကမ္ဘာသားများ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားနေသည်ကို လူတို့ တွေ့မြင်ခဲ့ကြရာ အထင်နှင့်အမြင် လွဲနေပေပြီ။ ယူဂိုစလားဗီးယားနိုင်ငံတွင် အကြမ်းဖက်၍ အစိတ်စိတ်အမြွှာမြွှာပြိုကွဲခဲ့ခြင်း၊ ချေချင်းညှာနှင့် ရုရှားတို့၏ ပဋိပက္ခဖြစ်မှု၊ အီရတ်နိုင်ငံရှိစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းဒေသတွင် အဆက်မပြတ်သတ်ဖြတ်နေကြခြင်းတို့သည် စည်းလုံးညီညွတ်မှုမရှိသည်ထက် မရှိဖြစ်လာကြောင်း အထင်အရှားဖော်ပြသည်။
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုများကို စိတ်ရင်းမှန်နှင့် စေတနာဖြင့် ဆောင်ရွက်ကြကြောင်း ယုံမှားစရာမရှိပေ။ ဤသို့ဖြစ်လင့်ကစား ကမ္ဘာချီစည်းလုံးမှု ရနိုင်ဟန်မတူသေးချေ။ လူအများက ‘ကမ္ဘာချီစည်းလုံးမှုရဖို့ ဘာကြောင့် ဒီလောက်ခက်နေရတာလဲ’၊ ‘ဒီလောကဟာ ဘယ်ဆီဘယ်ဝယ်ကို ဦးတည်နေသလဲ’ ဟုတွေးတောနေရလေသည်။
[Picture Credit Lines on page 3]
AP Photo/Lionel Cironneau
Arlo K. Abrahamson/AFP/Getty Images