ကောင်းမှုပြုရာတွင် လက်မလျှော့ကြနှင့်
ကောင်းမှုပြုရာတွင် လက်မလျှော့ကြနှင့်
‘သင်တို့၏ကောင်းသောအကျင့်များကို လူမျိုးများရှေ့၌ ကျင့်နေကြလော့’ ဟုတမန်တော်ပေတရု တိုက်တွန်းခဲ့သည်။ (၁ ပေတရု ၂:၁၂၊ ကဘ) “ကောင်းသော” ဟုပြန်ဆိုသော ဂရိစကားလုံးသည် “နှစ်လို့ဖွယ်သော၊ မွန်မြတ်သော၊ ဂုဏ်အသရေရှိသော၊ ထူးကဲကောင်းမွန်သော” တို့ကို ရည်ညွှန်း၏။ ယခုခေတ်တွင် မွန်မြတ်ပြီး ဂုဏ်အသရေရှိအပြုအမူကို လူအများစုမှ မျှော်လင့်ခြင်းသည် လက်တွေ့မကျပုံရပေမည်။ သို့သော် အများအားဖြင့် ယနေ့ ယေဟောဝါ၏လူမျိုးတော်သည် ပေတရု၏တိုက်တွန်းချက်ကို လိုက်လျှောက်နိုင်ကြသည်။ အမှန်ဆိုသော်၊ သူတို့၏ကောင်းသောအကျင့်ကို ကမ္ဘာကသိကြသည်။
အထူးသဖြင့် ဤ “ခဲယဉ်းသောကာလ” အတွင်း ကျွန်ုပ်တို့ရင်ဆိုင်ရသည့် ဖိစီးမှုများနှင့် စိုးရိမ်ပူပန်များကို သုံးသပ်ကြည့်သည့်အခါ မှတ်သားစရာကောင်း၏။ (၂ တိမောသေ ၃:၁) ကျွန်ုပ်တို့သည် နေ့စဉ် စမ်းသပ်မှုအမျိုးမျိုးခံနေရပြီး ခရစ်ယာန်အသက်တာလမ်းစဉ်ကို အတိုက်အခံပြုခြင်းသည် အထူးအဆန်းမဟုတ်ချေ။ ထို့ပြင် စမ်းသပ်မှုအချို့သည် တစ်ခဏသာဖြစ်သော်လည်း တချို့မှာမူ ကြာရှည်ဖြစ်ပေါ်နေပြီး ပို၍ပင်ပြင်းထန်လာလေသည်။ မည်သို့ပင်ဖြစ်ပါစေ၊ တမန်တော်ပေါလုက ဤသို့သတိပေးဆုံးမခဲ့သည်– “သင်တို့သည် ပန်းလျနွမ်းနယ်မှုမရှိပါက ရာသီချိန်ရောက်လျှင် အသီးအနှံကို ရိတ်သိမ်းရမည်ဖြစ်သောကြောင့် ကောင်းမှုပြုရာတွင် လက်မလျှော့ကြနှင့်။” (ဂလာတိ ၆:၉၊ ကဘ) ဝမ်းနည်းကြေကွဲဖွယ် စမ်းသပ်မှုများနှင့် ရက်စက်ကြမ်းတမ်းသည့် ရန်လိုမှုများကို ကြံ့ကြံ့ခံရင်ဆိုင်နေရစဉ် ကောင်းမှုပြုရန်—အမြဲမပြတ်ပြုနေရန်—မည်သို့ဖြစ်နိုင်မည်နည်း။
ကောင်းမှုပြုစေနိုင်ရာများ
“မွန်မြတ်ခြင်း၊ ဂုဏ်အသရေရှိခြင်း၊ ထူးကဲကောင်းမွန်ခြင်း” တို့သည် အတွင်းလူ၏အခြေအနေ၊ နှလုံးအရည်အသွေးနှင့်ပတ်သက်နေကြောင်း ထင်ရှား၏။ ထို့ကြောင့် စမ်းသပ်မှုများ၊ အခက်အခဲများ ရင်ဆိုင်နေရစဉ် ကောင်းသောအကျင့် ဆက်ကျင့်နိုင်ခြင်းမှာ ကြုံသလိုလုပ်ဆောင်မှုမျိုးမဟုတ်ဘဲ ဘဝကဏ္ဍအသီးသီးတွင် သမ္မာကျမ်းစာမူများကို နေ့စဉ်လိုက်လျှောက်ကာ ကျင့်သုံး၍ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ထောက်ကူပေးနိုင်သည့် အရာအချို့ကား အဘယ်နည်း။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။
ခရစ်တော်၏စိတ်ထားမျိုး ပျိုးထောင်ပါ။ မတရားပုံပေါက်ရာကို သည်းခံနိုင်ဖို့ စိတ်နှိမ့်ချမှုလိုသည်။ မိမိကိုယ်ကို အထင်ကြီးသူတစ်ဦးသည် ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်မည်မဟုတ်ပါ။ သို့သော် ယေရှုသည် “အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၅၊ ၈) ကိုယ်တော့်ကို ကျွန်ုပ်တို့တုပခြင်းဖြင့် မြင့်မြတ်သောလုပ်ငန်းတော်တွင် “အားလျော့စိတ်ပျက်” ကြမည်မဟုတ်ပေ။ (ဟေဗြဲ ၁၂:၂၊ ၃) သင်၏ဒေသခံအသင်းတော်တွင် ဦးဆောင်နေသူများနှင့် တလိုတလား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှိမ့်ချမှုပြပါ။ (ဟေဗြဲ ၁၃:၁၇) တခြားသူများသည် မိမိထက် “သာ၍ကောင်းမြတ်” သည်ဟု ရှုမြင်ပြီး ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူတို့၏အမှုအရာကို ရှုမှတ်တတ်ရန် သင်ယူပါ။—ဖိလိပ္ပိ ၂:၃၊ ၄။
သင့်ကို ယေဟောဝါချစ်ကြောင်း သတိရပါ။ ယေဟောဝါသည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” ကြောင်း ယုံကြည်စိတ်ချရမည်။ (ဟေဗြဲ ၁၁:၆) ကိုယ်တော်သည် ကျွန်ုပ်တို့ကို အမှန်ပင်ဂရုစိုက်တော်မူပြီး ထာဝရအသက်ရစေလို၏။ (၁ တိမောသေ ၂:၄; ၁ ပေတရု ၅:၇) အဘယ်အရာကမျှ ဘုရားသခင်၏မေတ္တာတော်မှ ကျွန်ုပ်တို့ကို မကွာစေနိုင်ကြောင်း သတိရလျှင် စမ်းသပ်မှုခံရစဉ် လက်လျှော့လိုက်မည်မဟုတ်ပေ။—ရောမ ၈:၃၈၊ ၃၉။
ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားပါ။ အထူးသဖြင့် ကျွန်ုပ်တို့ခံရသောစမ်းသပ်မှုများသည် မပြီးဆုံးနိုင်ပုံ သို့မဟုတ် အသက်အန္တရာယ်ရှိပုံရသည့်အခါ ယေဟောဝါကို ယုံကြည်ကိုးစားဖို့လိုသည်။ ယေဟောဝါသည် ‘ကျွန်ုပ်တို့မခံနိုင်သော’ စမ်းသပ်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် “ထွက်မြောက်သောလမ်းကိုလည်း” အမြဲစီစဉ်ပေးမည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်ရမည်။ (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်ကိုးစားသောအခါ အသက်အန္တရာယ်နှင့်ကြုံရသည့်တိုင် သတ္တိရှိရှိရင်ဆိုင်နိုင်ကြမည်ဖြစ်သည်။—၂ ကောရိန္သု ၁:၈၊ ၉။
အမြဲမပြတ်ဆုတောင်းပါ။ နှလုံးပါပါ ဆုတောင်းခြင်းသည် အရေးကြီး၏။ (ရောမ ၁၂:၁၂) စိတ်ရင်းမှန်ဖြင့် ဆုတောင်းခြင်းသည် ယေဟောဝါထံ ချဉ်းကပ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ (ယာကုပ် ၄:၈) “မည်သည့်အရာကို ကျွန်ုပ်တို့တောင်းလျှောက်စေကာမူ ကိုယ်တော်နားညောင်းတော်မူ” ကြောင်းကိုယ်တိုင်တွေ့ကြုံခဲ့ဖူးပေမည်။ (၁ ယောဟန် ၅:၁၄၊ ကဘ) ယေဟောဝါသည် ကျွန်ုပ်တို့၏သမာဓိကို စမ်းသပ်ခွင့်ပြုထားလျှင် ကျွန်ုပ်တို့ ခံနိုင်ရည်ရှိရန် ကိုယ်တော်ထံ ဆုတောင်း၍ အကူအညီတောင်းကြသည်။ (လုကာ ၂၂:၄၁-၄၃) ကျွန်ုပ်တို့သည် ဘယ်တော့မျှ တစ်ဦးတည်းမဟုတ်ဘဲ ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါရှိ၍ အမြဲအောင်မြင်နိုင်ကြောင်း ဆုတောင်းခြင်းက သွန်သင်ပေး၏။—ရောမ ၈:၃၁၊ ၃၇။
ကောင်းသောအကျင့်များ—‘ချီးမွမ်းခြင်းနှင့် ဂုဏ်အသရေရှိခြင်းတို့ဖြစ်စေ’
ခရစ်ယာန်အားလုံးသည် တစ်ချိန်မဟုတ်တစ်ချိန် “အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကိုခံရသောအကြောင်းရှိ” သည်။ သို့တိုင် ကျွန်ုပ်တို့သည် “ကောင်းမှုပြုရာတွင် လက်မလျှော့ကြ” ရချေ။ ဖိစီးမှုများခံရစဉ် သင်၏တည်ကြည်မှုကြောင့် နောက်ဆုံးတွင် ‘ချီးမွမ်းခြင်း၊ ဘုန်းရှိခြင်း၊ ဂုဏ်အသရေရှိခြင်းတို့ဖြစ်စေ’ မည်ဟူသောအသိမှ ခွန်အားရယူပါ။ (၁ ပေတရု ၁:၆၊ ၇) သင့်ကိုတည်ဆောက်မှုဖြစ်စေမည့် ယေဟောဝါ၏ဝိညာဉ်ရေးပြင်ဆင်ပေးချက်အားလုံးမှ အပြည့်အဝအကျိုးရယူပါ။ သင်သည် အကူအညီလိုလျှင် ခရစ်ယာန်အသင်းတော်တွင် သိုးထိန်းများ၊ သွန်သင်ပေးသူများ၊ အကြံပြုသူများအဖြစ် အမှုဆောင်နေကြသူများထံသွားပါ။ (တမန်တော် ၂၀:၂၈) “ကောင်းသောအကျင့်ကိုကျင့်စေ” သည့်အသင်းတော်အစည်းအဝေးအားလုံးကို မှန်မှန်တက်ရောက်ပါ။ (ဟေဗြဲ ၁၀:၂၄) နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုအစီအစဉ်အပြင် ခရစ်ယာန်ဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းသည် သင့်ကို နိုးကြားစေပြီး ဝိညာဉ်ခွန်အားရှိစေမည်။—ဆာလံ ၁:၁-၃; မဿဲ ၂၄:၁၄။
သင်သည် ယေဟောဝါ၏မေတ္တာတော်နှင့် ဂရုစိုက်မှုကို ပို၍ခံစားရလေ၊ “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး” လာလေဖြစ်မည်။ (တိတု ၂:၁၄) “အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ကိုသတိရပါ။ (မဿဲ ၂၄:၁၃) သို့ဖြစ်၍ “ကောင်းမှုပြုရာတွင် လက်မလျှော့ကြ” ရန်စိတ်ပိုင်းဖြတ်ကြပါလေ!
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
ယေဟောဝါသည် ‘ကျွန်ုပ်တို့မခံနိုင်သော’ စမ်းသပ်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် “ထွက်မြောက်သောလမ်းကိုလည်း” အမြဲစီစဉ်ပေးမည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်ရမည်
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံများ]]
သီအိုကရက်တစ်လုပ်ငန်းများတွင် အလုပ်များနေခြင်းသည် စမ်းသပ်မှုများကို ရင်ဆိုင်ရန် အသင့်ရှိစေနိုင်