မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

တပည့်​များသည် အကျဉ်း​ကျနေ​သူ ပေတရု တံခါးဝ​တွင် ရောက်နေ​ကြောင်း ကြားသိ​သောအခါ “ပေတရု​၏​ကောင်းကင်တမန်​ဖြစ်​လိမ့်​မည်” ဟု​အဘယ်ကြောင့်​ဆို​သနည်း။—တမန်​တော် ၁၂:၁၅

တံခါးဝ​တွင် ပေတရု​ကိုယ်စား စေလွှတ်​ခံရ​သော ကောင်းကင်တမန်​တစ်ပါး ရပ်နေ​သည်​ဟု တပည့်​များ​က လွဲမှား​စွာ ယူမှတ်ခဲ့​ကြ​ပေမည်။ ဤ​အပိုဒ်​၏​ရှေ့နောက်စကား​ကို သုံးသပ်ကြည့်​ပါ။

ယာကုပ်​ကို ကွပ်မျက်​ခဲ့​သော ဟေရုဒ်​မင်း​သည် ပေတရု​ကို ဖမ်းဆီး​ခဲ့​သည်။ ထို့​ကြောင့် ပေတရု​သည်လည်း ကွပ်မျက်​ခံရ​လိမ့်​မည်​ဟု တပည့်​များ ယူမှတ်​စ​ရာ​အကြောင်း​ရှိ၏။ သံကြိုး​များနှင့် ချည်နှောင်​ထားသော အကျဉ်း​သ​မား​ပေတရု​ကို စစ်သူရဲ​လေးဦး​တို့သည် အလှည့်ကျ​စောင့်​ခဲ့​ကြ​၏။ တစ်ည​၌ ကောင်းကင်တမန်​တစ်ပါး​သည် ပေတရု​ကို အံ့ဖွယ်​နည်းဖြင့် လွှတ်​ပေး​ပြီး ထောင်​အပြင်​သို့ ခေါ်ထုတ်​သွား​၏။ နောက်ဆုံး​တွင် ဖြစ်ပျက်​ခဲ့​ရာ​ကို ပေတရု​သဘောပေါက်​သည့်​အခါ ‘ယခု​ပင် ဘုရားသခင်​သည် မိမိ​ကောင်းကင်တမန်​ကို စေလွှတ်​၍ ဟေရုဒ်​မင်း​လက်​မှ ငါ့ကို ကယ်နုတ်​တော်​မူ​သည်ကို ငါ​အမှန်​သိ​၏’ ဟု​ဆို​ခဲ့​သည်။—တမန်​တော် ၁၂:၁-၁၁

ပေတရု​သည် တပည့်​များ စုဝေး​ရောက်ရှိ​နေကြ​သော ယောဟန် မာကု​၏​မိခင် မာရိ​အိမ်​သို့ ချက်ချင်း​သွားခဲ့သည်။ တံခါး​ခေါက်​လေ​သော် အစေခံ​ရော​ဒေ​သည် ဖွင့်​ခြင်း​ငှာ လာ​ခဲ့​၏။ သူသည် ပေတရု​၏​အသံကို မှတ်မိ​သောအခါ တံခါးမ​ဖွင့်​ဘဲ အထဲ​သို့​ပြေး​ဝင်၍ အခြား​သူများကို ကြား​ပြော​လေ​၏! တံခါးဝ​တွင် ပေတရု​ရောက်နေ​သည်ကို အစပိုင်း​၌ တပည့်​များ မယုံနိုင်​ခဲ့​ကြ​ချေ။ ၎င်း​အစား၊ သူတို့က “ပေတရု​၏​ကောင်းကင်တမန်​ဖြစ်​လိမ့်​မည်” ဟု​လွဲမှား​စွာ ယူမှတ်ခဲ့​ကြ​၏။—တမန်​တော် ၁၂:၁၂-၁၅

ပေတရု ကွပ်မျက်​ခံရ​ပြီး​ဖြစ်၍ တံခါးဝ​တွင် သူ၏​ရုပ်​မဲ့​ခန္ဓာ​ရောက်ရှိ​နေသည်​ဟု တပည့်​များ ယူမှတ်ခဲ့​ကြ​သလော။ ထိုသို့ ယူမှတ်​ကြလိမ့်မည်​မဟုတ်​ချေ၊ အကြောင်း​မှာ သေလွန်သူ​များသည် “အဘယ်အရာကို​မျှ​မသိ” ကြောင်း သမ္မာကျမ်းစာ​၏​အမှန်တရားကို ယေရှု၏​နောက်လိုက်​များ သိထားကြ​၍​ဖြစ်သည်။ (ဒေ. ၉:၅၊ ၁၀) သို့​ဖြစ်​လျှင် “ပေတရု​၏​ကောင်းကင်တမန်​ဖြစ်​လိမ့်​မည်” ဟု​တပည့်​များ​ပြော​သည့်​အခါ သူတို့ အဘယ်အရာကို ဆိုလို​နိုင်​သနည်း။

သမိုင်း​တစ်လျှောက်​တွင် ဘုရားသခင့်​လူမျိုးတော်ကို ကောင်းကင်တမန်​များ ကူညီပေး​ခဲ့​ကြောင်း ယေရှု၏​တပည့်​များ သိရှိ​ကြသည်။ ဥပမာ၊ ယာကုပ်​က “ငါ့ကို ခပ်သိမ်း​သော​ဘေးဒဏ်​အထဲ​က ကယ်နုတ်​တော်​မူ​သော ကောင်းကင်တမန်” အကြောင်း ပြော​ခဲ့​ဖူး​သည်။ (ကမ္ဘာဦး ၄၈:၁၆) ယေရှုသည် မိမိ​နောက်လိုက်​များ​အလယ်​ရှိ ကလေးငယ်​တစ်ဦး​နှင့်​ပတ်သက်​၍ “သင်တို့သည် ဤ​သူငယ်​တစ်စုံ​တစ်ယောက်ကို မထီမဲ့မြင်​မပြု​မည်​အကြောင်း သတိ​ရှိကြလော့။ ငါ​ဆိုသည်ကား၊ သူတို့၏​ကောင်းကင်တမန်​တို့သည် ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​အဘ​၏​မျက်နှာတော်​ကို အစဉ်မပြတ်​ဖူးမြင်​ကြ​၏” ဟု​ဆို​ခဲ့​ဖူး​သည်။—မဿဲ ၁၈:၁၀

စိတ်ဝင်စားစရာ​မှာ ယန်း​၏​စာသား​အတိုင်း​ဘာသာပြန်​ကျမ်း​က အဲ​န်း​ဂျ​လော့​စ် (“ကောင်းကင်တမန်”) စကားလုံး​ကို “စေတမန်” ဟု​ပြန်ဆို​ထား​သည်။ ဘုရားသခင်​၏​ကျေးကျွန်​တစ်ဦးစီ​တွင် ကိုယ်ပိုင်​ကောင်းကင်တမန် တစ်နည်း​အားဖြင့် “ကိုယ်​စောင့်​ကောင်းကင်တမန်” ရှိကြသည်​ဟု ဂျူး​အချို့​က ယုံကြည်​ကြ​ပုံ​ရ၏။ ဤ​အယူအဆကို သမ္မာကျမ်းစာ​က ထိုသို့​တိုက်ရိုက်​မသွန်သင်​ပါ။ သို့​တိုင် တပည့်​များ​က “ပေတရု​၏​ကောင်းကင်တမန်​ဖြစ်​လိမ့်​မည်” ဟု​ဆို​သည့်​အခါ ပေတရု​ကိုယ်စား စေလွှတ်​ခံရ​သော ကောင်းကင်တမန်​တစ်ပါး တံခါးဝ​တွင် ရပ်နေ​သည်​ဟု သူတို့​ယူမှတ်​ကြ​ခြင်း​ဖြစ်​နိုင်​သည်။