မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယခုဘဝ” အပြည့်အဝ ပျော်ရွှင်ခြင်း!

“ယခုဘဝ” အပြည့်အဝ ပျော်ရွှင်ခြင်း!

ဘဝ​အတ္ထုပ္ပတ္တိ

“ယခု​ဘဝ” အပြည့်အဝ ပျော်ရွှင်​ခြင်း!

တက်​ဒ် ဘက်​ကင်​ဟ​မ် ပြောပြ​သည်

ကျွန်တော် အချိန်ပြည့်​အမှုဆောင်တာ ခြောက်​နှစ်​ရှိခဲ့​ပြီး အိမ်ထောင်သက် ခြောက်​လ​အချိန်​မှာ မမျှော်လင့်​ဘဲ ပိုလီယို​ရောဂါ​ရခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်​မှာ​ဖြစ်​ပြီး ကျွန်တော့်​အသက် ၂၄ နှစ်ပဲ​ရှိသေးတယ်။ ဆေးရုံ​တက်​နေရ​တဲ့ ကိုး​လမှာ ကျွန်တော့်​ဘဝကို ပြန်ပြောင်း​စဉ်းစား​ဖို့ အချိန်​အများကြီး​ရခဲ့တယ်။ ကျွန်တော် မသန်မစွမ်း​ဖြစ်နေ​တော့ ကျွန်တော့်​ဇနီး ဂျွိုက်စ်​နဲ့​အတူ ကျွန်တော်​တို့​ရဲ့​ရှေ့ရေး​က ဘယ်လို​ဖြစ်လာ​မလဲ။

ဘာသာ​တရားကို တစ်ခါ​မှ​စိတ်မဝင်စား​တဲ့ ကျွန်တော့်​အဖေဟာ ၁၉၃၈ ခုနှစ်​မှာ အစိုးရ​ဆို​တဲ့ စာအုပ်​ကို​ရလာတယ်။ * နိုင်ငံရေး​မငြိမ်မသက်၊ စစ်​ဖြစ်​တော့​မယ့်​အခြေအနေ​ကြောင့် အဲ့ဒီ​စာအုပ်​ကို အဖေ​ဝယ်​လာတာ​ဖြစ်​မယ်။ ကျွန်တော်​သိ​သလော​က်၊ အဲ့ဒီ​စာအုပ်​ကို အဖေ တစ်ခါ​မှ​မဖတ်​ဘူး၊ ဘာသာ​တရား​ကိုင်းရှိုင်း​တဲ့ ကျွန်တော့်​အမေ​ပဲ ဖတ်​တယ်။ အဲ့ဒီ​မှာပါတဲ့​သတင်းတရားကို အမေ ချက်ချင်း​လက်ခံခဲ့တယ်။ အင်္ဂလီကန်​ချာ့ခ်ျ​ကနေ အမေ​နုတ်ထွက်​လိုက်တယ်၊ အဖေ​အတိုက်အခံပြု​နေတဲ့​ကြား​က တည်ကြည်​တဲ့​ယေဟောဝါသက်သေ​တစ်ဦး ဖြစ်လာ​ပြီး အမေ​ကွယ်လွန်​သွားတဲ့ ၁၉၉၀ ပြည့်နှစ်​အထိ တည်ကြည်​ခဲ့တယ်။

လန်ဒန်​တောင်ဘက်၊ အက်​ပ်​ဆာ​မ်​မြို့ငယ်​က ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ​ကျင်းပ​တဲ့ ခရစ်ယာန်​အစည်းအဝေး​ကို အမေ​ခေါ်​သွားတာ ကျွန်တော့်​အတွက် ပထမဦးဆုံး​ပဲ။ စ​တိုး​ဆိုင်​အဟောင်း​တစ်ခု​မှာ အသင်းတော်​အစည်းအဝေး​ကျင်းပ​ခဲ့​ကြ​ပြီး အဲ့ဒီ​တုန်း​က ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​ကို ကြီးကြပ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်​ရဲ့ ဟောပြောချက်​ခွေ​ကို နားထောင်​ခဲ့​ကြတယ်။ ဒီ​ဟောပြောချက်​က ကျွန်တော့်​စိတ်ထဲ စွဲမှတ်​ကျန်ရစ်​ခဲ့တယ်။

လန်ဒန်​မြို့ကို​ဝင်စီး​ချိန်မှာ အဆက်မပြတ်​ဗုံးကြဲ​တိုက်ခိုက်​နေ​တော့ အသက်​အန္တရာယ်​ရှိလာပြီ။ ဒါနဲ့ ၁၉၄၀ ပြည့်နှစ်​မှာ လန်ဒန်​မြို့​အနောက်ဘက်​မိုင် ၃၀ မှာ​ရှိတဲ့ ပို​လုံခြုံတဲ့ မေ​ဒဲန်​ဟက်​ဒ်​မြို့လေး​ကို မိသားစု​လိုက်​ပြောင်း​ဖို့ အဖေ​ဆုံးဖြတ်​လိုက်တယ်။ အဲ့ဒီ​မှာ​ရှိတဲ့ အသင်းသား​အ​ယောက် ၃၀ က​တကယ်​ကို အားပေး​တတ်ကြ​တယ်။ ၁၉၁၇ ခုနှစ်​က နှစ်ခြင်း​ခံ​ခဲ့​တဲ့ အမာခံ​ခရစ်ယာန် ဖရက်​ဒ် စ​မ​စ်သ်​က ကျွန်တော့်​ကို စိတ်ဝင်စားမှု​ပြ​တယ်၊ ပို​ပြီး​ထိထိရောက်ရောက် ဟောပြော​တတ်​ဖို့ လေ့ကျင့်ပေး​ခဲ့တယ်။ သူ့ရဲ့​ပုံသက်သေ​နဲ့ မေတ္တာပါ​ကူညီ​မှု​အတွက် အခုထိ သူ့​ထံ​မှာ ကျွန်တော် ကြွေးတင်​နေဆဲပဲ။

အချိန်ပြည့်​လုပ်ငန်းတော်တွင် ပါဝင်ခြင်း

ကျွန်တော့်​အသက် ၁၅ နှစ်​ရှိတဲ့ ၁၉၄၁၊ မတ်​လရဲ့ အေးမြ​တဲ့​နေ့​တစ်နေ့၊ သိမ်း​စ်​မြစ်​မှာ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့တယ်။ အဲ့ဒီ​အချိန်​မှာ ကျွန်တော့်​အစ်ကို ဂျင်မ်​က အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ​တစ်ဦး ဖြစ်နေ​ပြီ။ သူ့​ဇနီး​မက်​ဂျ်​နဲ့​အတူ ဗြိတိန်​တစ်ခွင် လှည့်လည်​ခဲ့​ရတဲ့ တိုက်နယ်၊ ခရိုင်​တာဝန်​တွေ​နဲ့ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ အချိန်​အတော်ကြာ ပါဝင်​ခဲ့​ပြီး​နောက် အခု ဘာ​မင်​ဟ​မ်​မြို့မှာ သူတို့​နေထိုင်ကြ​တယ်။ ကျွန်တော့်​ညီမ ရို​ဘီ​နာ​နဲ့ သူ့​ခင်ပွန်း ဖရဲ​န့်ခ်​တို့​လည်း တည်ကြည်​တဲ့ ယေဟောဝါ​ကျေးကျွန်​တွေ​ဖြစ်တယ်။

အဝတ်အစား​ထုတ်လုပ်​တဲ့​နေရာမှာ စာရင်း​ကိုင်​လုပ်ခဲ့တယ်။ တစ်နေ့​ကျ​တော့ မ​န်​နေး​ဂျင်း​ဒါရိုက်တာ​က ကျွန်တော့်​ကို သူ့​ရုံးခန်း​ထဲ​ခေါ်​ပြီး ကုမ္ပဏီ​အတွက် အ​ဝယ်​တော်​လုပ်ပေးဖို့၊ အဲ့ဒီ​အလုပ်​က ကျွန်တော့်​အတွက် တိုးတက်မှု​ရှိမယ်လို့ ပြော​တယ်။ ဒါပေမဲ့ အစ်ကို​ရဲ့​ပုံသက်သေ​ကို​လိုက်​ဖို့ ကျွန်တော်​စဉ်းစား​နေတဲ့​အတွက် အလုပ်ရှင်ရဲ့​ကမ်းလှမ်းချက်​ကို ငြင်း​ရတဲ့​အကြောင်း တလေးတစား​ရှင်းပြခဲ့တယ်။ အကျိုး​ရှိတဲ့​ခရစ်ယာန်​လုပ်ငန်းမှာ ကျွန်တော်​ပါဝင်​ချင်​တာ​ကို လှိုက်လှိုက်လှဲလှဲ သူ​ချီးမွမ်း​လိုက်တာ ကျွန်တော် အံ့သြခဲ့ရ​တယ်။ ဒါနဲ့ ၁၉၄၄၊ နော်​တာ​မ်​တန်​ခရိုင်​စည်းဝေးကြီး​ပြီး​တာ​နဲ့ ကျွန်တော် အချိန်ပြည့်​ဧဝံဂေလိတရား​ဟောပြောသူ​ဖြစ်လာ​တယ်။

ဒက်ဗဲန်​ပြည်နယ်၊ အက်​စေ​တာ​မြို့မှာ ကျွန်တော် ပထမ​ဆုံး​တာဝန်ကျ​တယ်။ အဲ့ဒီ​တုန်း​က ဒီ​မြို့လေး​ဟာ စစ်​အတွင်း ဗုံးကြဲ​တိုက်ခိုက်မှု​ခံ​ခဲ့​ရတာက​နေ နာလန်ထူ​ခါ​စ​ပဲ​ရှိသေးတယ်။ ဖရဲ​န့်​နဲ့ ရုသ် မ​စ်ဒစ်လ်​တန်​ဆို​တဲ့ ရှေ့ဆောင်​နှစ်ဦး​နေတဲ့ တိုက်ခန်း​မှာ ကျွန်တော်​လည်း​နေ​ရတယ်၊ သူတို့က ကျွန်တော့်​ကို တကယ်​ကြင်နာ​ကြတယ်။ ကျွန်တော့်​အသက် ၁၈ နှစ်ပဲ​ရှိသေးတယ်၊ အဝတ်​မ​လျှော်​တတ်၊ မ​ချက်ပြုတ်​တတ်​ပေမဲ့ တဖြည်းဖြည်း​တတ်​လာတယ်။

ကျွန်တော်​နဲ့​တွဲ​ခဲ့​ရတဲ့ ဟောပြော​ဖက်​က ၁၉၂၀ ပြည့်နှစ်​ကတည်းက ဟောပြောခဲ့တဲ့ အိုင်း​ရ​စ်​လူမျိုး အသက် ၅၀ အရွယ် ဗီခ်​တာ ဂဒ်​ဖြစ်တယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချ​တတ်​ဖို့၊ သမ္မာကျမ်းစာ​ကို စိတ်ဝင်တစား​ဖတ်​တတ်​ဖို့၊ ဘာသာပြန်​ကျမ်း​အမျိုးမျိုးကို တန်ဖိုး​ထား​တတ်​ဖို့ သူ​သင်ပေးတယ်။ ပုံသွင်း​ခံ​နေရ​တဲ့ အဲ့ဒီ​နှစ်တွေ​မှာ ဗီခ်​တာ​ရဲ့​မြဲမြံ​တဲ့ ပုံသက်သေ​ဟာ ကျွန်တော့်​အတွက် အံကိုက်​ပဲ။

ကြားနေ​ခြင်း စိန်ခေါ်ချက်

စစ်​က ပြီး​ခါနီး​ပြီ၊ ဒါပေမဲ့ အာဏာပိုင်တွေ​က လူငယ်တွေကို စစ်မှုထမ်း​ခိုင်း​နေတုန်းပဲ။ ၁၉၄၃ ခုနှစ်​မှာ မေ​ဒဲန်​ဟက်​ဒ်​မြို့က ခုံရုံး​ရှေ့ ကျွန်တော် ရောက်သွား​ပြီး ခရစ်ယာန်​အမှုဆောင်​တစ်ယောက်​အနေ​နဲ့ ကင်းလွတ်ခွင့်​ရဖို့ အမှု​စစ်​ခံ​ခဲ့တယ်။ ကျွန်တော့်​ရဲ့​အယူခံဝင်​ချက် အပယ်ခံ​ခဲ့​ရပေမဲ့ အက်​စေ​တာ​မြို့ကို​သွားပြီး ကျွန်တော့်​ရဲ့​ဓမ္မ​အမှု​တာဝန်​ကို ထမ်းဆောင်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါ​ကြောင့် အက်​စေ​တာ​မြို့က ဒေသ​ဆိုင်ရာ​တရားရုံး​ကိုလာ​ဖို့ ဆင့်ခေါ်​ခံရ​တယ်။ ကျွန်တော့်​ကို အလုပ်ကြမ်း​နဲ့ ထောင်ဒဏ်​ခြောက်​လ ချ​လိုက်တဲ့​အချိန်​မှာ တရားသူကြီး​က ဒီထက်​ပို​ပြီး ပြစ်ဒဏ်ချ​ခွင့်​မရ​လိုက်လို့ ဝမ်းနည်း​မိတယ်​တဲ့။ ထောင်ဒဏ်​ခြောက်​လ​ခံ​ပြီး​တဲ့​နောက် နောက်ထပ်​လေးလ ထောင်ချ​ပြန်​တယ်။

ထောင်​ထဲမှာ သက်သေခံ​ဆို​လို့ ကျွန်တော်​တစ်ယောက်ပဲ​ရှိတာ​ကြောင့် ထောင်​ကြပ်​တွေ​က ကျွန်တော့်​ကို ယေဟောဝါ​လို့​ခေါ်​ကြတယ်။ အဲ့ဒီ​နာမည်​နဲ့ လူစစ်​အခေါ်​ခံရ​တိုင်း ကျွန်တော် ပြန်ထူး​ရတာ တစ်မျိုး​ကြီး​ပဲ၊ ဒါပေမဲ့ နေ့တိုင်း ဘုရားသခင့်​နာမတော် ကြေညာ​တာ​ကို ကြား​ရတာက အမြတ်​ပဲ! အကျဉ်းသားတွေ​ထဲမှာ ကျွန်တော်​ပါ​နေတာဟာ ယေဟောဝါသက်သေ​အနေ​နဲ့ ကျွန်တော့်​ရဲ့​အသိစိတ်ကြောင့်​ဆိုတာ သူတို့​သိ​သွားတယ်။ နောက်ပိုင်း​မှာ ဒီ​ထောင်​ကို နော်​မဲ​န် က​က်စ်​တ​ရို​ရောက်လာ​တော့ ကျွန်တော့်​နာမည် ပြောင်း​သွားပြီး ကျွန်တော်​တို့ကို မောရှေ​နဲ့ အာရုန်​လို့ ခေါ်​ကြတယ်။

ကျွန်တော့်​ကို အက်​စေ​တာ​ထောင်​ကနေ ဘရစ္စတို​လ်​ထောင်၊ နောက်ဆုံး ဝင်​ချက်​စ​တာ​ထောင်​ကို ပို့​လိုက်တယ်။ အခြေအနေ​တွေ​က အဆင်မပြေတာ​များ​ပေမဲ့ ဟာသ​ဉာဉ်​ရှိ​ထား​တာ တော်​သေး​တယ်။ ဝင်​ချက်​စ​တာ​ထောင်​မှာ သတိရအောက်မေ့ပွဲကို နော်​မဲ​န်​နဲ့​အတူ ကျင်းပ​နိုင်​ခဲ့​တာ ပျော်စရာ​ကောင်းတယ်။ အကျဉ်းထောင်​ကို အလည်​လာတဲ့ ဖရန်စစ် ကွတ်​ခ်​က သတိရအောက်မေ့ပွဲ ဟောပြောချက်​ပေး​တယ်။

စစ်​ပြီး​ကာလ အပြောင်းအလဲ​များ

၁၉၄၆၊ ဘရစ္စတို​လ်​စည်းဝေးကြီး​မှာ ကျမ်းစာ​လေ့လာ​ဖို့ အထောက်အကူ​ဖြစ်စေ​တဲ့ “ဘုရားသခင်​သစ္စာတော်​တည်စေ​သတည်း” စာအုပ်​ထုတ်ခဲ့​တုန်း​က ချစ်စရာ​ကောင်း​တဲ့​မိန်းကလေး ဂျွိုက်စ် မော​ရ်​နဲ့ ကျွန်တော်​တွေ့ဆုံ​ခဲ့​ရတယ်၊ သူလည်းပဲ ဒက်ဗဲန်​မှာ ရှေ့ဆောင်​လုပ်နေတယ်။ ကျွန်တော်​တို့​နှစ်ယောက် ခင်မင်​ရင်းနှီး​လာကြပြီး ၁၉၄၇ ခုနှစ်​ကတည်းက ကျွန်တော်​နေခဲ့တဲ့ တစ်​ဗာ​တန်​မြို့မှာ နောက်​လေးနှစ်​အကြာ ကျွန်တော်​တို့ လက်ထပ်​လိုက်ကြတယ်။ တစ်ပတ်​ကို ၁၅ ရှီ​လင် (ယူ.အက်စ်. ဒေါ်လာ ၁.၁၀) ပေး​ရတဲ့​အခန်းမှာ ငှား​နေခဲ့​ကြတယ်။ တကယ့်ကို​ပျော်စရာ​ကောင်းတယ်!

ဆွဲ​ပိုက်​သုံး​လှေ​နဲ့ ငါးဖမ်း​နည်းကို စ​တီထွင်​ခဲ့​တဲ့ သာယာတဲ့ တောင်ဘက်​ပိုင်း​ဘ​ရိခ်စ်​ဟ​မ်​ဆိပ်ကမ်း​မြို့ကို ကျွန်တော်​တို့​လက်ထပ်​တဲ့​နှစ်မှာ​ပဲ ပြောင်း​သွားခဲ့​ကြတယ်။ ဒါပေမဲ့ အဲ့ဒီ​မှာ ကြာကြာ​တောင် မနေ​ရ​သေး​ခင် လန်ဒန်​စည်းဝေးကြီး​တစ်ခု​ကို​အသွား ပိုလီယို​ရောဂါ​ရ​သွားပြီး ကျွန်တော် မေ့မြော​သွားခဲ့တယ်။ အစပိုင်း​မှာ​ပြော​ထား​သလို ကိုး​လ​ဆေးရုံ​တက်ပြီး​မှ ဆင်း​ခွင့်​ရခဲ့တယ်။ ညာဘက်​လက်နဲ့ ခြေထောက်​နှစ်ဖက်စလုံး ဆိုးဆိုးဝါးဝါး​ထိခိုက်​သွားတာ အခုထိ​ပဲ၊ ဒါ​ကြောင့် တုတ်​ကောက်​နဲ့ လမ်း​သွား​နေ​ရတယ်။ ကျွန်တော့်​ချစ်​ဇနီး​က ပြုံးပြုံးရွှင်ရွှင်​နဲ့ ကျွန်တော့်​ကို အမြဲ​အားပေးတဲ့ အဖော်ကောင်း​ဖြစ်​ခဲ့တယ်၊ ဓမ္မ​အမှုမှာ​လည်း အချိန်ပြည့်​ပါဝင်​လိုက်​သေး​တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်​တို့ ဘာလုပ်​ကြ​မလဲ။ ယေဟောဝါ​ရဲ့​လက်တော်​ဟာ ဘယ်တော့မှ မ​တို​ဘူးဆို​တာ ကျွန်တော်​သိရ​တော့​မယ်။

နောက်​တစ်နှစ်​မှာ လန်ဒန်၊ ဝင်​ဘိုလ်​ဒန်​စည်းဝေးပွဲ​တစ်ခု​ကို ကျွန်တော်​တို့​သွား​တက်​ခဲ့​ကြတယ်။ အဲ့ဒီ​အချိန်​မှာ တုတ်​ကောက်​မပါဘဲ ကျွန်တော် လမ်းလျှောက်​လို့​ရ​နေပြီ။ ဗြိတိန်​နိုင်ငံ​မှာ လုပ်ငန်းကြီး​ကြပ်​နေတဲ့ ပ​ရိုက်​စ် ယူးဇ်​နဲ့ အဲ့ဒီ​စည်းဝေး​မှာ ကျွန်တော် တွေ့ဆုံ​ခဲ့တယ်။ သူက ကျွန်တော့်​ကို​တွေ့​တာ​နဲ့ “တိုက်နယ်​လုပ်ငန်းမှာ ခင်ဗျား​ကို ကျွန်တော်​တို့ အသုံးပြု​ချင်​တယ်” တဲ့! ကျွန်တော့်​အတွက် ဒီထက်​ကောင်း​တဲ့ အားပေးမှု မရှိတော့ဘူး! ကျွန်တော့်​ကျန်းမာ​ရေး​ကြောင့် ဖြစ်​ပါ့​မလားလို့ ဂျွိုက်စ်​နဲ့​ကျွန်တော် နှစ်ယောက်စလုံး စဉ်းစား​မိတယ်၊ ဒါပေမဲ့ တစ်ပတ်​ကြာ​လေ့ကျင့်မှု​ရပြီး ယေဟောဝါ​ကို အပြည့်အဝ​ယုံကြည်​ကိုးစားမှု​နဲ့ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် တာဝန်ကျ​တဲ့ အင်္ဂလန်​အနောက်​တောင်ဘက်​ကို ကျွန်တော်​တို့ ထွက်ခွာ​လာ​ခဲ့​ကြတယ်။ အဲ့ဒီ​တုန်း​က ကျွန်တော့်​အသက် ၂၅ နှစ်ပဲ​ရှိသေးတယ်၊ ဒါပေမဲ့ ကျွန်တော့်​ကို တအား​ကူညီပေး​ခဲ့​ကြ​တဲ့ အဲ့ဒီ​က​သက်သေခံတွေရဲ့ ကြင်နာ​မှု​နဲ့ စိတ်ရှည်မှု​ကို အခုထိ မေ့​လို့​မရဘူး။

ကျွန်တော်​တို့​လုပ်ကိုင်​ခဲ့​ရတဲ့ သီအိုကရက်တစ်​လုပ်ငန်း​တွေ​ထဲမှာ အသင်းတော်တွေဆီ လည်ပတ်​ရလို့ ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​တွေ​နဲ့ ပို​ပြီး​ရင်းနှီး​စေတယ်​ဆိုတာ ဂျွိုက်စ်​နဲ့ ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော်​တို့​မှာ ကား​မရှိတော့ ရထား ဒါမှ​မဟုတ် ဘတ်စကား​နဲ့ ခရီးထွက်​ခဲ့​ကြတယ်။ ကျွန်တော့်​ရောဂါ​ကြောင့် မ​နိုင်​ဝန်ထမ်း​နေ​ရပေမဲ့ ၁၉၅၇ ခုနှစ်​အထိ ကျွန်တော်​တို့ အခွင့်ထူး​တွေ​ရခဲ့ကြတယ်။ အားရ​ကျေနပ်စရာ​ဘဝ​လေး​ဖြစ်​ပေမဲ့ အဲ့ဒီ​နှစ်မှာ​ပဲ နောက်ထပ်​စိန်ခေါ်ချက်​တစ်ခု ပေါ်လာ​တယ်။

ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​သို့

အကြိမ် ၃၀ မြောက် ဂိလဒ်​သင်တန်းတက်​ဖို့ ဖိတ်ခေါ်​စာ​ရလို့ ကျွန်တော်​တို့ အံ့သြ​ပီတိ​ဖြစ်​ခဲ့​ကြရတယ်။ ကျွန်တော့်​ရောဂါ​ကို ကောင်းကောင်း​ထိန်း​နိုင်တာ​ကြောင့် ဖိတ်ခေါ်ချက်​ကို ဂျွိုက်စ်​နဲ့ ကျွန်တော် ဝမ်းမြောက်​ဝမ်းသာ လက်ခံ​လိုက်ကြတယ်။ ယေဟောဝါ​ရဲ့​အလိုတော်ကို ကြိုးစား​ထမ်းဆောင်​မယ်​ဆိုရင် အမြဲ​ခွန်အား​ပေး​တယ်​ဆိုတာ အတွေ့အကြုံ​ကနေ သိရှိ​ခဲ့​ကြရတယ်။ ယူ.အက်စ်.အေ.၊ နယူးယောက်​က သာယာ​လှပတဲ့ တောင်​လ​န်​စင်း ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​မှာ အပြင်းအထန်​လေ့ကျင့်မှု​ယူ​ခဲ့​ရတဲ့ ငါး​လ​တာ​အချိန်​က ကုန်​မြန်​လိုက်တာ။ ကျောင်းသား​အများစုကတော့ နယ်လှည့်​လုပ်ငန်းမှာပါ​ဝင်​ခဲ့​ကြ​တဲ့ ဇနီး​မောင်နှံ​တွေ​များတယ်။ တိုင်းတစ်ပါး​သာသနာပြု​လယ်ကွင်း​ကို သွား​ချင်​တဲ့​သူ​ရှိလား​လို့ သင်တန်းဆင်း​တွေ​ကို မေးတဲ့အခါ သွား​လို​တဲ့​သူတွေထဲမှာ ကျွန်တော်​တို့​လည်း​ပါ​တယ်။ ကျွန်တော်​တို့ ဘယ်​နေရာကို သွား​ရမှာ​လဲ။ အရှေ့​အာဖရိက ယူဂန္ဓာ​ကို​သွား​ရမှာ​တဲ့!

အဲ့ဒီ​တုန်း​က ယူဂန္ဓာ​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​ကို ပိတ်ပင်​ထား​တဲ့​အတွက် အဲ့ဒီ​နိုင်ငံ​မှာ အခြေချ​နေထိုင်ပြီး ဝမ်းစာရှာ​အလုပ်ရှာ​ဖို့ ကျွန်တော့်​ကို အကြံပြု​ခဲ့​ကြတယ်။ ရထား​တစ်တန်၊ သင်္ဘော​တစ်တန်​နဲ့ ခရီးရှည်​သွားပြီး​မှ ယူဂန္ဓာ​နိုင်ငံ၊ က​မ်​ပါ​လာ​မြို့ကို ရောက်​လာတယ်။ လူ​ဝင်​မှု​အရာရှိ​တွေ​က ကျွန်တော်​တို့​လာတာကို မကြိုက်​လို့ လအနည်းငယ်​ပဲ နေခွင့်​ပြု​တယ်။ အဲ့ဒီ​နောက် ပြန်ထွက်​သွား​ခိုင်းတယ်။ ဒါနဲ့ ဌာနချုပ်​ရဲ့​ညွှန်ကြားချက်​အရ ရို​ဒီး​ရှား​မြောက်ပိုင်း (အခု ဇမ်ဘီယာ) ကို​ကျွန်တော်​တို့ ခရီးထွက်​ခဲ့​ကြတယ်။ အဲ့ဒီ​မှာ ကျွန်တော်​တို့​နဲ့​အတူ ဂိလဒ်​ကျောင်းတက်​ခဲ့​တဲ့ အတန်းဖော်​လေးဦး ဖရဲ​န့်​နဲ့​ကယ်​ရီ လူဝိစ်၊ ဟေ​ဇ်​နဲ့​ဟာ​ရီ​ယက် ဟော့စ်​ကင်း​စ်​တို့ကို ပြန်​တွေ့ရ​လို့ အရမ်း​ဝမ်းသာ​ခဲ့​ကြရတယ်။ မကြာခင် အဲ့ဒီ​ကနေ ရို​ဒီး​ရှား​တောင်ပိုင်း (အခု ဇင်ဘာဘွေ) မှာ​ပြန်တာ​ဝန်​ကျ​ခဲ့တယ်။

ကျွန်တော်​တို့ ရထား​စီး​လာကြတာ ဘူ​လာ​ဝါ​ယို​မြို့ကို​မရောက်ခင် အရင်ဆုံး ကြီးကျယ်​ခမ်းနား​လှတဲ့ ဗစ်​တိုး​ရီး​ယား​ရေတံခွန်ကြီး​ကို ရိပ်​ခ​နဲ​မြင်​လိုက်ရတယ်။ အဲ့ဒီ​မှာ​အခြေချ​နေထိုင်ဖို့ ရောက်လာ​တဲ့ ဦးဆုံး​သက်သေခံတွေ​ထဲမှာ​ပါ​တဲ့ မက်​ခ်​လာ​ကီ​မိသားစုနဲ့ ကျွန်တော်​တို့ ခဏ​သွား​နေကြ​တယ်။ နောက် ၁၆ နှစ်အထိ သူတို့နဲ့​သိကျွမ်းခွင့်​ရခဲ့တယ်။

အလိုက်သင့်​ပြောင်းလဲ​နေထိုင်​တတ်လာ​ခြင်း

အာဖရိက​လယ်ကွင်း​ကို အကျွမ်းတဝင်​ရှိလာဖို့ နှစ်ပတ်​ကြာ လေ့ကျင့်​ခံရ​ပြီး​တဲ့​နောက် ခရိုင်​ကြီးကြပ်မှူး​အဖြစ် ကျွန်တော် ခန့်အပ်​ခံ​ခဲ့​ရတယ်။ အာဖရိက​တော​ပိုင်း​မှာ အမှုဆောင်ထွက်​ရင် ရေ၊ အစားအစာ၊ အိပ်ရာလိပ်၊ အဝတ်အစား၊ ရုပ်ရှင်​ပြ​စက်၊ မီးစက်၊ ပိတ်ကား​ကြီး​နဲ့ တခြား​လိုအပ်​တာ​တွေ ယူသွား​ရတယ်။ အဲ့ဒီ​ပစ္စည်း​တွေ​အားလုံး​ကို ထုပ်ပိုး​ပြီး လမ်း​ကြမ်း​ပေါ်​ခရီးနှင်​နိုင်​တဲ့ ထရပ်ကား​နဲ့ ထွက်​ခဲ့​ကြတယ်။

အာဖရိက​တိုက်နယ်​ကြီးကြပ်မှူး​တွေ​နဲ့ ကျွန်တော်​တွဲ​အလုပ်လုပ်​နေတုန်း ကျွန်တော်​တို့​နဲ့​ပါ​လာ​ကြ​တဲ့ သူတို့ရဲ့​ဇနီး​တွေ​နဲ့ ကလေး​တွေ​ကို ဂျွိုက်စ်​က ကူညီပေး​ခဲ့တယ်။ အာဖရိက​မြက်ခင်း​ပေါ်မှာ လမ်းလျှောက်​ရတာ အထူးသဖြင့် နေ​ပြင်း​တဲ့​အခါမှာ အရမ်း​ပင်ပန်း​တယ်၊ ဒါပေမဲ့ ဒီလို​ရာသီ​မျိုးမှာ ကျွန်တော် ပို​ပြီးသွား​လာ​လှုပ်ရှား​နိုင်​တဲ့​အတွက် ကျေးဇူး​တင်​မိတယ်။

လူအများစုက ဆင်းရဲ​ကြတယ်၊ သူတို့က ထုံးတမ်း​ဓလေ့​ကို လိုက်စား​ပြီး အယူသီး​ကြတယ်၊ မယား​အများကြီး ယူ​ကြတယ်၊ ဒါပေမဲ့ သမ္မာကျမ်းစာ​ကို​တော့ တအား​လေးစား​ကြတယ်။ တချို့​ဒေသ​တွေ​မှာ သစ်ပင်​အရိပ်​အောက်မှာ၊ ညနေပိုင်း​မှာ​ဆိုရင် မီးအိမ်တွေ​နဲ့​အသင်းတော်​အစည်းအဝေးတွေကို ကျင်းပ​ကြတယ်။ ကြယ်အတိ​ပြီး​တဲ့​ကောင်းကင်​အောက်မှာ သမ္မာကျမ်းစာ​ကို လေ့လာ​ကြ​တဲ့​အခါ ဘုရားသခင့်​ဖန်ဆင်း​ခြင်း​လက်ရာ​ရဲ့ ကြီးကျယ်​ခမ်းနားမှု​ကို ကျွန်တော်​တို့ အမြဲ​အံ့သြမှင်တက်​မိ​တတ်ကြ​တယ်။

နောက်ထပ်​မမေ့နိုင်​စ​ရာ​တစ်ခု​က အာဖရိက​သီးသန့်​နယ်မြေ​တွေ​မှာ ကင်းမျှော်စင်​အသင်းရဲ့​ရုပ်ရှင်တွေကို ပြ​ရတာ​ဖြစ်တယ်။ အသင်းတော်မှာ သက်သေခံ​အ​ယောက် ၃၀ ပဲ​ရှိပေမဲ့ အဲ့ဒီ​အချိန်​မျိုးမှာ​ဆိုရင် ၁,၀၀၀ ဒါမှ​မဟုတ် ဒီထက်မက လာ​ကြည့်​မယ်​လို့ ကျွန်တော်​တို့ ကြိုတင်​သိထားကြတယ်!

အပူပိုင်း​ဒေသမှာ ခဏ​ခဏ ဖျားနာ​နိုင်​ပေမဲ့ အပြုသဘော​အမြဲ​ရှိဖို့ အရေးကြီးတယ်။ တစ်ခါ​တ​လေ ကျွန်တော် ငှက်ဖျား​ထ​တတ်​ပေမဲ့၊ ဂျွိုက်စ်​က အ​မီး​ဗား​ပိုး​ကြောင့် နေမကောင်း​ဖြစ်တတ်​ပေမဲ့ ကျွန်တော်​တို့​နှစ်ယောက်စလုံး နေထိုင်​တတ်လာ​ကြတယ်။

အဲ့ဒီ​နောက် စဲ​လ​စ္စ​ဘရီ​မြို့ (အခု ဟာ​ရာ​ရေ) ဌာနခွဲရုံး​မှာ တာဝန်ကျ​လို့ ယေဟောဝါ​ရဲ့ သစ္စာရှိ​ကျေးကျွန်​တွေ​ဖြစ်​တဲ့ လဲ့စ်​တာ ဒေ​ဗီ၊ ဂျော့ဂျ်​နဲ့​ရူး​ဘီ ဘ​ရက်​ဒ်​လေ​တို့​နဲ့​အတူ ကျွန်တော်​တို့​တွဲ​အလုပ်လုပ်​ခဲ့​ရတာ အခွင့်ထူးပါပဲ။ အစိုးရ​က ကျွန်တော့်​ကို လက်ထပ်​ပေး​ခွင့်​ရှိသူ​အဖြစ် ခန့်အပ်​တဲ့​အတွက် အာဖရိက​ညီအစ်ကို​တွေ​ကို လက်ထပ်​ပေး​နိုင်​ခဲ့လို့ အသင်းတော်မှာ ခရစ်ယာန်​အိမ်ထောင်​နှောင်ကြိုး​ကို ပို​ခိုင်မြဲ​စေနိုင်​ခဲ့တယ်။ နောက်​နှစ်​အနည်းငယ်​မှာ ဘန်တူ​အသင်းတော်​တွေ​မဟုတ်တဲ့ တခြား​အသင်းတော်တွေဆီ လည်ပတ်​ဖို့ နောက်ထပ်​အခွင့်အရေး​တစ်ခု ရ​ပြန်​တယ်။ ဂျွိုက်စ်​နဲ့ ကျွန်တော်​ဟာ ဆယ်နှစ်​ကျော် ဒီလို​လှည့်လည်​ရလို့ ညီအစ်ကို​တွေ​နဲ့ သိကျွမ်းခွင့်​ရခဲ့​တာ၊ သူတို့ရဲ့​ဝိညာဉ်​ရေး​တိုးတက်မှု​ကို တွေ့ရတဲ့​အခါ ကျွန်တော်​တို့ ဝမ်းသာ​ပီတိ​ဖြစ်​ရတယ်။ အဲ့ဒီ​အချိန်အတွင်း ဘော့စ်​ဝါး​နား​နဲ့ မိုဇမ်ဘစ်​မှာ​ရှိတဲ့​ညီအစ်ကို​တွေ​ဆီ​ကိုလည်း ကျွန်တော်​တို့ လည်ပတ်​ခဲ့​ကြတယ်။

တစ်ဖန် ပြောင်းရွှေ့​ရခြင်း

အာဖရိက​တောင်ပိုင်း​မှာ ပျော်စရာ​နှစ်တွေ​ကုန်လွန်​ခဲ့​ပြီး​နောက် ၁၉၇၅ ခုနှစ်​မှာ အနောက်​အာဖရိက၊ စီ​အဲ​ရာ​လေ​ယွန်​မှာ အမှုဆောင်ဖို့ ကျွန်တော်​တို့ကို ခန့်အပ်​ခဲ့တယ်။ ဒီ​လယ်ကွင်း​သစ်​က ဌာနခွဲရုံး​မှာ နေသား​တ​ကျ​ဖြစ်လာ​ပြီး မကြာခင် ကျွန်တော် အကြီးအကျယ်​ငှက်ဖျား​ထ​လာတယ်၊ ဒါနဲ့ အားနည်း​သွား​လို့ နောက်ဆုံး လန်ဒန်​မှာ ဆေး​ပြန်​ကု​ခဲ့​ရတယ်၊ အဲ့ဒီ​ရောက်တော့ အာဖရိက​ကို ပြန်​မသွားဖို့​အကြံပေး​ကြတယ်။ ဒီ​အတွက် ကျွန်တော်​တို့ ဝမ်းနည်း​ခဲ့​ရပေမဲ့ ဂျွိုက်စ်​နဲ့ ကျွန်တော့်​ကို လန်ဒန်​ဗေသလ​မိသားစု​ထဲ​ပါဝင်​ဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ခဲ့​ကြတယ်။ လန်ဒန်​အသင်းတော်​တွေ​မှာ​ရှိတဲ့ အာဖရိက​ညီအစ်ကို​တွေ​က​လည်း ကိုယ့်​ရပ်​ကိုယ့်​အိမ် ရောက်နေ​သလို ခံစား​စေတယ်။ ကျွန်တော့်​ကျန်းမာ​ရေး ကောင်း​လာတဲ့အခါ တခြား​လုပ်ငန်း​တစ်ခု​ကို လုပ်တတ်​ဖို့ ကြိုးစား​ခဲ့​ရတယ်၊ ဝယ်ယူ​ရေး​ဌာန​မှာ ကျွန်တော်​တာဝန်ကျ​တယ်။ နောက်ပိုင်း​နှစ်တွေ​မှာ အရမ်း​တိုးတက်​လာတဲ့​အတွက် ဒီ​အလုပ်ကို အာရုံစိုက်​လုပ်ဆောင်ခဲ့ရ​တယ်။

၁၉၉၀ ပြည့်လွန်​နှစ်များ​အစောပိုင်းမှာ ကျွန်တော်​ချစ်​ရတဲ့ ဂျွိုက်စ်​က အကြော​ရောဂါ​ရလာ​ပြီး ၁၉၉၄ ခုနှစ်​မှာ ကွယ်လွန်​သွား​ရှာတယ်။ ဂျွိုက်စ်​ဟာ မေတ္တာ​ရှိတဲ့၊ သစ္စာ​တည်ကြည်​တဲ့ ဇနီး​ကောင်း​တစ်ယောက်​ဖြစ်​ခဲ့​ပြီး ကျွန်တော်​တို့​အတူတကွ ရင်ဆိုင်ခဲ့​ရတဲ့ အခြေအနေ​အမျိုးမျိုးမှာ ဒေါ​င်​ကျ​ကျ​ပြား​ကျ​ကျ နေထိုင်​လို​စိတ် အမြဲ​ရှိခဲ့တယ်။ ဒီလို​ဆုံးရှုံးမှု​မျိုးကို ကိုင်တွယ်​ဖို့​အတွက် ဝိညာဉ်​ရေး​အမြင် ရှင်းရှင်းလင်းလင်း​ထားပြီး အနာဂတ်​ကို စောင့်မျှော်​နေဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်​သိခဲ့​ရ​ပါ​ပြီ။ ဟောပြောခြင်း​အပါအဝင် သီအိုကရက်တစ်​ဇယား​ကောင်း​ထား​နိုင်​ဖို့ ဆုတောင်းခြင်း​က​လည်း ကျွန်တော့်​ကို အပြည့်အဝ​အာရုံနစ်​ပြီး အလုပ်များ​စေတယ်။—သု. ၃:၅၊ ၆

ဗေသလမှာ အမှုဆောင်​ရတာ အခွင့်ထူး​ဖြစ်​ပြီး တကယ်​ကောင်း​တဲ့ ဘဝ​ပုံစံ​တစ်ခု​ပါ။ ဒီမှာ​ရှိတဲ့ လူငယ်တွေ​အများကြီး​နဲ့​အတူ အလုပ်လုပ်​ရင်း ပျော်ရွှင်​ခဲ့​ရတယ်။ ကျွန်တော်​တို့​ရရှိတဲ့ ကောင်းချီး​တစ်ခု​က​တော့ လန်ဒန်​ဗေသလမှာ ဧည့်သည်​အများကြီး​ကို တွေ့ဆုံ​ရတယ်။ တစ်ခါ​တ​လေ ကျွန်တော်​တာဝန်ကျ​ခဲ့​တဲ့ အာဖရိက,က ချစ်​ရတဲ့​မိတ်ဆွေတွေကို ပြန်တွေ့​တဲ့​အခါ ပျော်စရာ​ကောင်း​တဲ့ ရှေးဟောင်း​နှောင်း​ဖြစ်​တွေ​ကို ပြန်​အမှတ်ရမိ​တယ်။ ဒါတွေ​အားလုံး​ကြောင့် “ယခု​ဘဝ” မှာ ကျွန်တော် အပြည့်အဝ​ပျော်​နိုင်​ပြီး “နောင်​ဘဝ” ကိုလည်း ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ မျှော်လင့်​သွားနိုင်တယ်။—၁ တိမောသေ ၄:၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ၁၉၂၈ ခုနှစ်​တွင် ယေဟောဝါသက်သေ​များ​က ထုတ်ဝေ​ခဲ့​သော်လည်း ယခု ပုံ​မ​နှိပ်​တော့​ပါ။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၄၆ ခုနှစ်​တွင် ကျွန်တော့်​အမေ​နှင့်အတူ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၅၀ ပြည့်နှစ်၊ ကျွန်တော်​တို့ လက်ထပ်​သည့်​နေ့တွင် ဂျွိုက်စ်​နဲ့​အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၅၃၊ ဘရစ္စတို​လ်​စည်းဝေးကြီး​တွင်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ရို​ဒီး​ရှား​တောင်ပိုင်း၊ ယခု ဇင်ဘာဘွေ​ရှိ သီးခြား​အုပ်စု (အထက်) နှင့်​အသင်းတော်​တစ်ခု (လက်ဝဲ) တို့​တွင် အမှုဆောင်​နေကြ​ခြင်း