မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအားမျှော်ကိုးသူများကို ကိုယ်တော်ကာကွယ်ပေး

ယေဟောဝါအားမျှော်ကိုးသူများကို ကိုယ်တော်ကာကွယ်ပေး

ယေဟောဝါ​အား​မျှော်ကိုး​သူများကို ကိုယ်တော်​ကာကွယ်​ပေး

‘ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် သစ္စာတရား​သည် အကျွန်ုပ်​ကို အစဉ်​စောင့်ရှောက်​ပါစေ​သော။’—ဆာလံ ၄၀:၁၁၊ က​ဘ။

၁။ ယေဟောဝါ​ထံ ဒါဝိဒ်​မင်း အဘယ်အရာ​တောင်းလျှောက်​ခဲ့​သနည်း၊ ယင်းကို ယခု မည်သို့​ရရှိ​နေသနည်း။

‘ယေဟောဝါ​ကို စေ့စေ့​မျှော်လင့်’ ခဲ့​သော ရှေး​ဣသရေလ​ဘုရင်​ဒါဝိဒ်က ယေဟောဝါ​သည် “[သူ့]ကို​မျက်နှာ​ပြု​၍ [သူ]အော်ဟစ်​သော​အသံကို​ကြား​တော်​မူ​၏” ဟု​ပြောဆို​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်။ (ဆာလံ ၄၀:၁) ယေဟောဝါ​သည် ကိုယ်တော်​အား ချစ်​မြတ်နိုး​သူများကို ကာကွယ်​စောင့်ရှောက်​ပေး​ကြောင်း ဒါဝိဒ် အကြိမ်ကြိမ်​ကြုံတွေ့​ခဲ့​ဖူး​သည်။ ထို့​ကြောင့် မိမိကို အစဉ်​စောင့်ရှောက်​ပေး​ပါ​ရန် ယေဟောဝါ​အား သူ​တောင်းလျှောက်​နိုင်​ခဲ့​ခြင်း​ဖြစ်သည်။ (ဆာလံ ၄၀:၁၁) “သာ၍​မြတ်သော​ထမြောက်ခြင်း” ကတိ​ရရှိ​ထား​ကြသော တည်ကြည်သူ​အမျိုးသား​နှင့် အမျိုးသမီးများ​တွင်​ပါဝင်သူ ဒါဝိဒ်​သည် ယခု​အချိန်တွင် ထို​ဆုကျေးဇူး​ခံစားရ​မည့်​သူ​တစ်ဦး​အဖြစ် ယေဟောဝါ​၏​မှတ်ဉာဏ်​၌ ဘေးကင်း​လုံခြုံစွာ​ရှိ​နေပါ​သည်။ (ဟေဗြဲ ၁၁:၃၂-၃၅) သို့ဖြင့် သူ၏​အနာဂတ်​မှာ စိတ်​အ​ချ​ရ​ဆုံး​ဖြစ်နေ​ပါ​သည်။ ယေဟောဝါ​၏ ‘အောက်မေ့​ရာ​စာစောင်’ တွင် သူ့​နာမည် စာရင်း​ဝင်​လေ​ပြီ။—မာလခိ ၃:၁၆

၂။ ယေဟောဝါ​၏​ကာကွယ်​မှု​ရခြင်း​သည် အဘယ်အရာကို​ဆိုလို​ကြောင်း သမ္မာကျမ်းစာ​က မည်သို့​နားလည်စေ​သနည်း။

ဟေဗြဲ​အခန်းကြီး ၁၁ ပါ တည်ကြည်သူ​များသည် ယေရှု​ခရစ် ကမ္ဘာ​ပေါ် ခေတ္တ​နေထိုင်ချိန်​မတိုင်မီ​တွင် အသက်ရှင်ခဲ့​ကြ​သူများ​ဖြစ်သော်လည်း ယေရှု​သွန်သင်​ခဲ့​သည့် ဤ​အချက်​အတိုင်း သူတို့​အသက်ရှင်ခဲ့​ကြသည်– “မိမိ​အသက်ကို​နှမြော​သော​သူသည် အသက်​ရှုံး​၏။ ဤ​လောက​၌ အသက်ကို​မုန်း​သော​သူ​မူ​ကား ထာဝရ​အသက်ရှင်ခြင်း​အ​လို့​ငှာ မိမိ​အသက်ကို​စောင့်ရှောက်​လိမ့်​မည်။” (ယောဟန် ၁၂:၂၅သမ္မာ) ထို့​ကြောင့် ယေဟောဝါ​၏​စောင့်ရှောက်ခြင်း​ခံရ​သူများ​သည် ဆင်းရဲ​ဝေဒနာ သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်းမှု​တို့​မှ လွတ်ကင်း​မည်​ဟု​မဆိုလို​ကြောင်း ထင်ရှား​သည်။ ဘုရားသခင်​ရှေ့ နာမည်​ကောင်း​ဆက်​ထိန်းသိမ်း​နိုင်​ဖို့ ဝိညာဉ်​ရေး​အရ လူတစ်ဦး​ကာကွယ်​ခံရ​ခြင်း​ကို ဆိုလို​ပါ​သည်။

၃။ ယေဟောဝါ​သည် ခရစ်တော်​ယေရှုကို စောင့်ရှောက်​ပေး​ခဲ့​ကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း၊ အဘယ်​အကျိုး​ရလဒ် ရခဲ့​သနည်း။

ယေရှု​ကိုယ်တော်တိုင် ကိုယ်​စိတ်​ဆင်းရဲ​စေသော ညှဉ်းပန်း​နှိပ်စက်မှု​နှင့် ပြစ်တင်​ရှုတ်ချမှု​တို့ကို ခံ​ခဲ့​ရသည်၊ နောက်ဆုံး​တွင် ရန်သူများ​သည် ကိုယ်တော်​အား အရှက်တကွဲ၊ နာကျင်​စွာ​သေဆုံး​စေရန်​သတ်ပစ်ခဲ့​ကြသည်။ သို့သော် ယင်းက မေရှိယကို​စောင့်ရှောက်​မည်​ဟူသော ဘုရားသခင့်​ကတိ မတည်​ခြင်း​မဟုတ်ပါ။ (ဟေရှာယ ၄၂:၁-၆) အရှက်တကွဲ​အသတ်ခံရ​ပြီး သုံးရက်​အကြာတွင် ယေရှု​ရှင်ပြန်ထမြောက်ခြင်း​က ယေဟောဝါ​သည် ဒါဝိဒ်​အော်ဟစ်​သော​အသံကို ကြား​ခဲ့​သည့်​နည်းတူ ယေရှု​အကူအညီ​တောင်းခံ​သံ​ကို ကြား​တော်​မူ​ကြောင်း သက်သေထူ​၏။ သမာဓိ​စောင့်သိ​နိုင်​စေရန် ခွန်အား​ပေးခြင်း​ဖြင့် ယေရှု၏​တောင်းခံ​သံ​ကို ယေဟောဝါ​တုံ့ပြန်​ခဲ့​သည်။ (မဿဲ ၂၆:၃၉) ဤသို့​စောင့်ရှောက်​ခံရ​သဖြင့် ယေရှုသည် ကောင်းကင်​တွင် မသေ​နိုင်သော​အဖြစ်ကို​ရရှိ​ပြီး ရွေးနုတ်ဖိုး​ကို ယုံကြည်​ကြောင်း​တင်ပြ​သည့် သန်းနှင့်ချီ​သော​သူတို့သည် ထာဝရ​အသက်​မျှော်လင့်ချက်​ရရှိ​ကြသည်။

၄။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် “အခြားသိုး” တို့ကို အဘယ်​အာမခံချက်​ပေး​ထား​သနည်း။

ယေဟောဝါ​သည် ဒါဝိဒ်​နှင့် ယေရှု​ခေတ်​က​ကဲ့သို့ ယခု​လည်း မိမိ၏​ကျေးကျွန်​များ​ကို စောင့်ရှောက်​ပေး​ရန် လိုလိုလားလား​ရှိပြီး ထိုသို့​ပြု​ပေး​နိုင်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ (ယာကုပ် ၁:၁၇) ကမ္ဘာ​ပေါ်​တွင် အနည်း​အကျဉ်း​မျှ ကျန်ကြွင်း​သော ယေရှု၏ ဝိညာဉ်​တော်​ဖွား​ညီတော်​များသည် ယေဟောဝါ​၏ ဤ​ကတိတော်​ကို ယုံကြည်​စိတ်ချ​နိုင်​ကြ​ပါ​သည်– “ဖောက်ပြန်​ခြင်း၊ ညစ်စွန်း​ခြင်း၊ ညှိုးနွမ်း​ခြင်း​နှင့်​ကင်းစင်​သော . . . ထို​အမွေတော်​သည်​ကား၊ နောက်ဆုံးသော​ကာလ​၌ ထင်ရှားစေ​ခြင်း​ငှာ​ပြင်ဆင်​သော ကယ်တင်ခြင်း​သို့​ရောက်​စေမည်​အကြောင်း၊ ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​၏​တန်ခိုးတော်​သည် စောင့်ရှောက်​တော်​မူ​သော​သင်တို့​အဖို့ ကောင်းကင်ဘုံ​၌ သိုထား​လျက်​ရှိသော​အမွေ​တည်း။” (၁ ပေတရု ၁:၃-၅) မြေကြီး​မျှော်လင့်ချက်​ရှိသော “အခြားသိုး” တို့သည်​လည်း ဘုရားသခင်​ကိုလည်း​ကောင်း၊ ဆာလံဆရာ​မှ​တစ်ဆင့်​ပေး​ခဲ့​သော ဤ​ကတိတော်​ကိုလည်း​ကောင်း ယုံကြည်​အားကိုး​နိုင်​ပါ​သည်– ‘ဘုရားသခင်​၏​သန့်ရှင်းသူ​အပေါင်း​တို့ ယေဟောဝါ​ကို​ချစ်​ကြလော့။ ဘုရားသခင်​သည် သစ္စာရှိ​သော​သူတို့ကို စောင့်မ​တော်​မူ​၏။’—ယောဟန် ၁၀:၁၆; ဆာလံ ၃၁:၂၃

ဝိညာဉ်​ရေး​အရ ကာကွယ်​ခံရ

၅၊ ၆။ (က) ဘုရားသခင်​၏ မျက်မှောက်ခေတ်​လူမျိုးတော်သည် မည်သို့​ကာကွယ်​စောင့်ရှောက်​ခံရ​သနည်း။ (ခ) ဝိညာဉ်​တော်​ဖွား​များသည် ယေဟောဝါ​နှင့် အဘယ်​ဆက်ဆံ​ရေး ရရှိ​ထား​ကြ​သနည်း၊ မြေကြီး​မျှော်လင့်ချက်​ရှိ​သူများ​ကော အသို့နည်း။

ယေဟောဝါ​သည် မျက်မှောက်ခေတ် မိမိ၏​လူမျိုးတော်ကို ဝိညာဉ်​ရေး​အရ ကာကွယ်​စောင့်ရှောက်​ဖို့ အစီအစဉ်များ​ပြုလုပ်​ထား​ပါ​သည်။ နှိပ်စက်​ညှဉ်းပန်း​ခြင်း သို့​မဟုတ် ဘဝ​အခက်အခဲ​များနှင့် ဝမ်းနည်းဖွယ်​အဖြစ်ဆိုး​တို့​မှ သူတို့ကို ကာကွယ် မပေး​သော်လည်း ကိုယ်တော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး ပြတ်တောက်​မသွား​စေဖို့ လိုအပ်​သည့်​အကူအညီ​နှင့် အားပေးမှုကို ပေး​မြဲ​ပေး​လျက်​ရှိသည်။ ထို​ဆက်ဆံ​ရေး​သည် ဘုရားသခင်​၏​မေတ္တာပါ​သော ရွေးနုတ်ဖိုး​ပြင်ဆင်ချက်​ကို ယုံကြည်ခြင်း​အပေါ်​အခြေပြု​သည်။ တည်ကြည်သူ ဤ​ခရစ်ယာန်​များသည် ဘုရားသခင့်​ဝိညာဉ်တော်ဖြင့် ဘိသိက်ပေး​ခံရ​ပြီး ကောင်းကင်​တွင် ခရစ်တော်​နှင့်​တွဲဖက်​အုပ်စိုးရှင်​များ ဖြစ်လာ​ကြသည်။ သူတို့သည် ဝိညာဉ်​ရေး​အရ ဘုရားသခင့်​သားများ​အဖြစ် ဖြောင့်မတ်​သည်​ဟု​ကြေညာ​ခံရ​ပြီး ဤ​စကား​သည် သူတို့နှင့်​သက်ဆိုင်​လာ​လေ​သည်– “မှောင်မိုက်​တန်ခိုး​မှ​လည်းကောင်း ငါ​တို့ကို​နုတ်​၍ ချစ်တော်မူ​သော​သားတော်​၏​နိုင်ငံ​ထဲ​သို့ သွင်း​တော်​မူ​၏။ ထို​သားတော်​၏​အသွေး​အားဖြင့် အပြစ်လွှတ်​တော်​မူ​ခြင်း​တည်း​ဟူသော ရွေးနုတ်​တော်​မူ​ခြင်း​ကျေးဇူး​ကို ငါ​တို့သည်​ခံရ​ကြ​၏။”—ကောလောသဲ ၁:၁၃၊ ၁၄

ဘုရားသခင်​၏ ရွေးနုတ်ဖိုး​ပြင်ဆင်​ပေး​ချက်​မှ သန်းနှင့်ချီ​သော အခြား​တည်ကြည်သူ​ခရစ်ယာန်​များလည်း အကျိုး​ရနိုင်​ကြောင်း ယုံကြည်​စိတ်ချ​ကြသည်။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “လူသား​သည် သူတစ်ပါးကို​စေ​စားခြင်း​ငှာ​မလာ၊ သူတစ်ပါး​အစေ​ကို​ခံ​ခြင်း​ငှာ​လည်းကောင်း၊ မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေးခြင်း​ငှာ​လည်းကောင်း ကြွလာ​သတည်း။” (မာကု ၁၀:၄၅) ထို​ခရစ်ယာန်​များသည် အချိန်တန်လျှင် “ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ” ကို​ခံစား​ရဖို့ မျှော်လင့်​ကြသည်။ (ရောမ ၈:၂၁) ဤ​အတောအတွင်း သူတို့သည် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ရှိ​ထားခြင်း​ကို တန်ဖိုး​ထား​ကြ​ပြီး ထို​ဆက်ဆံ​ရေး တိုးတက်​ခိုင်မြဲ​လာစေဖို့ စိတ်ရင်းမှန်​ဖြင့် ကြိုးစား​ကြသည်။

၇။ ယနေ့ ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​၏​ဝိညာဉ်​ရေး​ကောင်းကျိုး​ကို အဘယ်​နည်းများဖြင့် စောင့်ရှောက်​ပေး​နေသနည်း။

မိမိလူ​မျိုး​တော်​၏ ဝိညာဉ်​ရေး​ကောင်းကျိုး​ချမ်းသာ​ကို ယေဟောဝါ​စောင့်ရှောက်​သည့်​နည်း​တစ်နည်း​မှာ အဆင့်ဆင့်​လေ့ကျင့်​ပေးခြင်း အစီအစဉ်​အားဖြင့်​ဖြစ်သည်။ ဤ​နည်း​အားဖြင့် သူတို့သည် သာ၍​တိကျ​မှန်ကန်သော​အသိပညာကို ရရှိ​ကြသည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ ကိုယ်တော်​၏​အဖွဲ့အစည်း​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်လည်း မပြတ်​လမ်းညွှန်​ပေး​နေပါ​သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ ဘုရားသခင့်​လူမျိုးတော်သည် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ၏​လမ်းညွှန်မှု​အောက်တွင် အပြည်ပြည်ဆိုင်ရာ​မိသားစုကြီး​နှင့်​တူ​၏။ ဤ​ကျွန်​အတန်းအစား​သည် ယေဟောဝါ​၏​ကျွန်​များ​ဖြင့်​ဖွဲ့စည်းထား​သော ထို​မိသားစုကြီး​၏ ဝိညာဉ်​ရေး​လိုအပ်ရာ​များ​အပြင် အကြောင်း​ပေါ်လာ​သည့်​အခါ ကာယရေး​လိုအပ်ရာ​များ​ကို​ပင် နိုင်ငံ​နှင့် လူမှုရေး​အဆင့်အတန်း​မရွေး ဖြည့်စွက်​ကြည့်ရှု​ပေး​နေကြ​သည်။—မဿဲ ၂၄:၄၅

၈။ တည်ကြည်သူ​များ​ကို ယေဟောဝါ​မည်သို့ ယုံကြည်​စိတ်ချ​ထား​သနည်း၊ သူတို့ကို အဘယ်​အာမခံချက်​ပေး​ထား​သနည်း။

ယေဟောဝါ​သည် ယေရှုကို ကာယရေး​အရ ရန်သူများ​၏​တိုက်ခိုက်မှု​မှ မကာကွယ်​ခဲ့​သကဲ့သို့ ယနေ့ ခရစ်ယာန်​များ​ကိုလည်း ထို​နည်းဖြင့် ကာကွယ်​မပေး​ပါ။ သို့သော် ယင်းက ဘုရားသခင့်​မျက်နှာသာတော်​မရ​ဟု အဓိပ္ပာယ်​မ​ဆောင်​ပါ။ ထိုသို့​ဖြစ်​ဖို့ ဝေးလေစွ! မဟာ​စကြဝဠာ​အရေးကိစ္စ​တွင် ကိုယ်တော်​ဘက် သူတို့​ရပ်တည်​ကြ​မည်​ဟု ကိုယ်တော်​ယုံကြည်​စိတ်ချကြောင်း သိသာ​ထင်ရှားစေ​သည်။ (ယောဘ ၁:၈-၁၂; သု. ၂၇:၁၁) ယေဟောဝါ​သည် တည်ကြည်သူ​များ​ကို ဘယ်​သောအခါ​မျှ စွန့်​မည်​မဟုတ်၊ ‘အကြောင်း​မူ​ကား ယေဟောဝါ​သည် တရားကို​နှစ်သက်​တော်​မူ​၏။ မိမိ​သန့်ရှင်းသူ​တို့ကို​လည်း စွန့်​တော်​မ​မူ။ သူတို့သည် စောင့်မ​တော်​မူ​ခြင်း​ကို အစဉ်အမြဲ​ခံရ​ကြလိမ့်မည်။’—ဆာလံ ၃၇:၂၈

ချစ်ခင်​ကြင်နာ​မှု​နှင့် မှန်ကန်မှု​ဖြင့် စောင့်ရှောက်​ခံရ

၉၊ ၁၀။ (က) ယေဟောဝါ​၏​မှန်ကန်မှု​သည် ကိုယ်တော့်​လူမျိုး​ကို မည်သို့​ကာကွယ်​ပေး​သနည်း။ (ခ) ယေဟောဝါ​သည် မိမိ၏​တည်ကြည်သူ​များ​ကို ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​ဖြင့် ကာကွယ်​ပေး​ကြောင်း သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

ဆာလံ ၄၀ ပါ ဆုတောင်းချက်​တွင် ဒါဝိဒ်​သည် ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​နှင့် မှန်ကန်မှု​ဖြင့် စောင့်ရှောက်​ခံရ​ဖို့ တောင်းလျှောက်​ခဲ့​သည်။ ယေဟောဝါ​သည် စစ်မှန်သော၊ ဖြောင့်မတ်ခြင်း​တရားကို​မြတ်နိုးသော ဘုရားသခင်​ဖြစ်​ရာ ကိုယ်တော်​၏​စံနှုန်း​များ​ကို ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​ပေးဖို့​လိုအပ်​သည်။ ထို​စံနှုန်း​များ​အတိုင်း အသက်ရှင်​သူတို့သည် ၎င်းတို့ကို​လျစ်လျူရှု​သူများ ကြုံတွေ့​ရသည့် စိတ်​ဆင်းရဲမှု​များ၊ ကြောက်ရွံ့​မှုများ​နှင့် ပြဿနာ​များ​တို့​မှ အတော်အတန်​ကာကွယ်​ခံရ​ကြသည်။ ဥပမာ၊ မူးယစ်​ဆေးဝါး​နှင့် အရက်​ကို​အလွဲသုံးခြင်း၊ လိင်​ရှုပ်​ပွေ​မှု​နှင့် ကြမ်းကြုတ်​သော​ဘဝ​ပုံစံ​တို့ကို ရှောင်​မည်​ဆိုလျှင် ကိုယ်တိုင်​နှင့် ကိုယ်​ချစ်​မြတ်နိုး​ရသူများကို ကြေကွဲဖွယ်​ပြဿနာ​များစွာ​မှ ကာကွယ်​ပေး​နိုင်​ပါ​သည်။ ယေဟောဝါ​၏​မှန်ကန်သော​လမ်းစဉ်​မှ ဒါဝိဒ်​ကဲ့သို့ တစ်ခါတစ်ရံ လမ်းလွဲ​သွား​သည့် နောင်တ​ရသော​အပြစ်ပြု​သူများ​အတွက်​ပင်​လျှင် ဘုရားသခင်​သည် “ခိုလှုံရာ” ဖြစ်​ဆဲ​ပင်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​သည်။ ‘ကိုယ်တော်​သည် အကျွန်ုပ်​ကို ဘေးလွတ်​စေခြင်း​ငှာ ကွယ်ကာ​စောင့်မ​တော်​မူ​လိမ့်​မည်’ ဟု သူတို့​ဝမ်းသာ​အားရ အော်ဟစ်​နိုင်​ကြသည်။ (ဆာလံ ၃၂:၇) ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု ကြီးမား​လိုက်​လေ​ခြင်း!

၁၀ မကြာမီ ဘုရားသခင်​ဖျက်ဆီး​တော့​မည့် ဆိုးညစ်သော​လောက​နှင့် သီးခြားနေ​ရန် မိမိ၏​ကျေးကျွန်​များ​ကို ကိုယ်တော်​သတိပေး​ခြင်း​သည် ဘုရားသခင့်​ချစ်ခင်​ကြင်နာ​မှု ပုံ​နမူနာ​နောက်တစ်ခု​ဖြစ်သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း မချစ်​ကြ​နှင့်။ လောကကို​ချစ်သော​သူ​မည်​သည်​ကား၊ ခမည်းတော်​ကို​ချစ်ခြင်း​မေတ္တာ​မရှိ။ လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လော[က]စည်းစိမ်​၌​ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​စပ်ဆိုင်​ကြ​၏။” ဤ​သတိပေး​ချက်​ကို အလေးဂရုပြု​ပြီး ထို​အတိုင်း​ပြုမူခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​အသက်ကို အမှန်တကယ် ထာဝစဉ်​စောင့်ရှောက်​နိုင်​ပါ​လိမ့်​မည်၊ အကြောင်း​မှာ– ‘လောက​နှင့်​လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ ထာဝရ​တည်​၏’ ဟု​ကျမ်းချက်​က ဆက်​ပြော​ထား​သည်။—၁ ယောဟန် ၂:၁၅-၁၇

စဉ်းစား​ဆင်ခြင်​နိုင်စွမ်း၊ ပိုင်းခြား​သိမြင်မှု​နှင့် ဉာဏ်ပညာ​တို့​ဖြင့် ကာကွယ်​ခံရ

၁၁၊ ၁၂။ စဉ်းစား​တွေးခေါ်​နိုင်စွမ်း၊ ပိုင်းခြား​သိမြင်မှု​နှင့် ဉာဏ်ပညာ​တို့​က ကျွန်ုပ်​တို့ကို မည်သို့​ကာကွယ်​ပေး​ကြောင်း ရှင်းပြပါ။

၁၁ ဒါဝိဒ်​၏​သား​ရှောလမုန်​သည် ဘုရားသခင့်​မျက်နှာသာ​ရ​လို​သူများ​ထံ ဤသို့​ရေးသား​ရန် မှုတ်သွင်းခံ​ခဲ့​ရသည်– “စဉ်းစား​ဆင်ခြင်​နိုင်သော​စွမ်းရည်​သည် သင့်ကို​စောင့်ရှောက်​၍ ပိုင်းခြား​သိမြင်ခြင်း​သည်လည်း အကာအကွယ်​ပေး​လိမ့်​မည်။” ဤသို့​လည်း​တိုက်တွန်း​ခဲ့​သေး​သည်– “[ဉာဏ်]ပညာ​ကို​ဆည်းပူး​လော့။ . . . မစွန့်​နှင့်။ သူသည် သင့်ကို​ထိန်းသိမ်း​လိမ့်​မည်။ သူ့ကို​ချစ်​လော့။ သင့်ကို​စောင့်မ​လိမ့်​မည်။”—သု. ၂:၁၁က​ဘ; သု. ၄:၅၊ ၆

၁၂ သမ္မာကျမ်းစာ​မှ သိရှိ​ခဲ့​ရာ​များ​ကို တွေးတော​ဆင်ခြင်​သောအခါ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို ကျွန်ုပ်​တို့ အသုံးပြု​ကြသည်။ ထိုသို့​ပြုခြင်း​သည် ပိုင်းခြား​သိမြင်မှု​တိုး​စေ​သည်​ဖြစ်​ရာ ဦးစားပေး​ရမည့်​အရာများ​ကို တော်လျော်​စွာ​သတ်မှတ်​စေနိုင်​သည်။ ထိုသို့​သတ်မှတ်​တတ်​ဖို့ အရေးကြီး​၏၊ အကြောင်း​မှာ တမင်​ဖြစ်စေ၊ မရည်ရွယ်​ဘဲ​ဖြစ်စေ ဦးစားပေး​ရာ​များ​ကို မဆင်မခြင် သတ်မှတ်​သောအခါ ပြဿနာ​များ​ပေါ်လာ​တတ်​ကြောင်း ကိုယ်​ကိုယ်တိုင်​၏​တွေ့ကြုံမှု​မှ ကျွန်ုပ်​တို့​အများစု သိထားကြ​ပြီး​ဖြစ်သည်။ စာတန့်​လောကသည် ကျွန်ုပ်​တို့​ရှေ့တွင် ရုပ်ပစ္စည်း​ကြွယ်ဝမှု၊ ကျော်ကြား​မှု၊ ဩဇာ​အာဏာ ပန်းတိုင်​များ​ချပေး​ထား​၏၊ ယေဟောဝါ​က​မူ သာ၍​အရေးကြီးသော​ဝိညာဉ်​ရေး​စံ​များ​ကို အာရုံစိုက်​စေ​သည်။ အဆိုပါ​ပန်းတိုင်​များ​ကို ဝိညာဉ်​ရေး​စံ​များ​ထက် ပို​၍​ဦးစားပေး​ခြင်း​သည် မိသားစု​များ​ကို ဖရိုဖရဲ​ပြိုကွဲ​စေနိုင်​သည်၊ မိတ်ပျက်​စေပြီး ဝိညာဉ်​ရေး​ပန်းတိုင်​များ​ကို မှေးမှိန်​သွား​စေနိုင်​သည်။ ရလဒ်​အနေ​နှင့် ထိုသို့​သော​သူသည် ယေရှု​ဆို​သည့်​အတိုင်း “လူသည် ဤ​စကြဝဠာ​ကို အကြွင်းမဲ့​အစိုးရ​၍ မိမိ​အသက်​ဝိညာဉ်​ရှုံး​လျှင် အဘယ်​ကျေးဇူးရှိ​သနည်း” ဟူသော ဝမ်းနည်းဖွယ်​အဖြစ်မှန်​ကို​သာ ကြုံတွေ့​ရနိုင်​သည်။ (မာကု ၈:၃၆) ယေရှု၏ ဤ​ညွှန်ကြားချက်​ကို ဉာဏ်ပညာ​က လိုက်နာ​စေ​သည်– “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။”—မဿဲ ၆:၃၃

ကိုယ့်​ကိုယ်ကို​အဓိက​ထားခြင်း​အန္တရာယ်

၁၃၊ ၁၄။ ကိုယ့်​ကိုယ်ကို​အဓိက​ထားခြင်း​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း၊ ထိုသို့​ဖြစ်လာ​ခြင်း​သည် အဘယ်ကြောင့် ပညာ​မဲ့​ရာ​ရောက်​သနည်း။

၁၃ မိမိကိုယ်ကို စိတ်ဝင်စားခြင်း​သည် သဘာဝ​ဖြစ်သည်။ သို့သော် ဘဝတွင် ကိုယ့်​လို​ဘ၊ ကိုယ့်​အကျိုးကို​သာ အဓိက​ထား​လာ​လျှင် စိတ်သောက​ရောက်​ရ​ကြ​၏။ ထို့​ကြောင့် ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ကို ကာကွယ်​စောင့်ရှောက်​ဖို့ ကိုယ့်​ကိုယ်ကို​အဓိက​ထားခြင်း​ကို​ရှောင်ရန် ကိုယ်တော်​ညွှန်ကြား​ပါ​သည်။ ကိုယ့်​ကိုယ်ကို​အဓိက​ထားခြင်း​ဟူသည် “မိမိ​ဆန္ဒ​များ၊ မိမိ​လိုအပ်ရာ​များ သို့​မဟုတ် မိမိ​အကျိုးကို​သာ စိတ်ဝင်စားခြင်း” ကို​ဆိုလို​သည်။ ယနေ့ လူအများ​၌​ရှိသော သဘောထားကို အတိအကျ​ဖော်ပြ​နေခြင်း​မဟုတ်ပေ​လော။ စာတန့်​ဆိုးညစ်သော​အစီအစဉ်​၏ ‘နောက်ဆုံး​ကာလ’ တွင် “လူတို့သည် ကိုယ်ကို​ကိုယ်​ချစ်သော​သူ . . . ဖြစ်​ကြလိမ့်မည်” သို့​မဟုတ် ကိုယ့်​ကိုယ်ကို​အဓိက​ထား​လာ​ကြလိမ့်မည်​ဟု သမ္မာကျမ်းစာ​ကြိုပြော​ထားခြင်း​က ထူးခြား​ပေ​သည်။—၂ တိမောသေ ၃:၁၊ ၂

၁၄ သူတစ်ပါးကို ကိုယ်​နှင့်​အမျှ​ချစ်​ပြီး သူ့​အကျိုးကို စိတ်ဝင်စား​ပါ​ဟူသော ကျမ်းစာ​မိန့်မှာချက်ကို လိုက်နာခြင်း​သည် ဉာဏ်ပညာ​ရှိကြောင်း ခရစ်ယာန်​များ သိရှိနားလည်​ထား​ကြသည်။ (လုကာ ၁၀:၂၇; ဖိလိပ္ပိ ၂:၄) လူအများစုက ယင်းကို လက်တွေ့​မကျ​ဟု ယူဆ​ပေမည်၊ သို့သော် အိမ်ထောင်ရေး​သာယာ​ပြီး မိသားစု​ဆက်ဆံ​ရေး​ကောင်း​ဖို့​နှင့် အားရ​ကျေနပ်ဖွယ်​မိတ်ဖွဲ့မှု​များ​ရှိ​လိုလျှင် ယင်းသည် မ​ရှိ၍​မဖြစ်​ချေ။ ထို့​ကြောင့် ယေဟောဝါ​၏​ကျေးကျွန်​စစ်​တစ်ဦး​သည် သာ၍​အရေးကြီးသော​အရာများ​ကို ဘေးချိတ်​ထား​သည့်​အထိ ကိုယ်ကျိုး​ကို ဘယ်​သောအခါ​မျှ အဓိက​မထား​ရ​ပါ။ ရှေးဦး​ထား​ရမည်​မှာ သူ​ဝတ်ပြု​ကိုးကွယ်​သော​ဘုရားသခင် ယေဟောဝါ​၏​အမှု​ရေးရာ​များ​ကို ဖြစ်သည်။

၁၅၊ ၁၆။ (က) ကိုယ့်​ကိုယ်ကို​အဓိက​ထား​သည့်​စိတ်ထား​သည် အဘယ်​သို့​ဦးတည်​စေနိုင်​သနည်း၊ ယင်းကို မည်သူ သာဓက​ပြ​ခဲ့​သနည်း။ (ခ) သူတစ်ပါးကို အဆောတလျင် စစ်ကြော​စီရင်သူ​သည် အမှန်​အားဖြင့် အဘယ်​သို့​ပြု​ရာ​ကျ​သနည်း။

၁၅ ကိုယ့်​ကိုယ်ကို အဓိက​ထား​သည့်​သဘောထား​သည် မိမိကိုယ်ကို ဖြောင့်မတ်​သည်​ဟု ထင်မြင်​ယူဆ​စေ​သည်​ဖြစ်​ရာ လူတစ်ဦးကို အမြင်​ကျဉ်း​သူ၊ ရောင့်တက်သူ​ဖြစ်လာ​စေနိုင်​၏။ သမ္မာကျမ်းစာ​ဤသို့​ဆို​သည်​မှာ သင့်လျော်​ပါ​သည်– “သူတစ်ပါးကို​စစ်ကြော​စီရင်​တတ်သော​သူ၊ သင်သည် ကိုယ်​အပြစ်ကို​မဖုံး​နိုင်ရာ။ အကြောင်း​မူ​ကား၊ သင်သည် စစ်ကြော​စီရင်​သော​အမှုကို​ပင် ကိုယ်တိုင်​ပြု​သည်​ဖြစ်၍၊ သူတစ်ပါးကို​စစ်ကြော​စီရင်​သည်​တွင် ကိုယ်​အပြစ်ရှိ​ကြောင်းကို စီရင်​ဆုံးဖြတ်​ရာ​ရောက်​၏။” (ရောမ ၂:၁; ၁၄:၄၊ ၁၀) ယေရှု​ခေတ်​မှ ဘာသာရေး​ခေါင်းဆောင်​များသည် မိမိတို့၏​ဖြောင့်မတ်မှု​ကို စိတ်ချ​လွန်း​အားကြီး​သဖြင့် ယေရှု​နှင့် ကိုယ်တော့်​နောက်လိုက်​များ​ကို ပြစ်တင်​ဝေဖန်​ပိုင်ခွင့်​ရှိသည်​ဟု ယူဆ​ခဲ့​ကြသည်။ ထိုသို့​ပြုခြင်း​ဖြင့် တရားသူကြီး​များ​အလား ပြုမူ​ခဲ့​ကြသည်။ ကိုယ့်​အပြစ်​ကိုယ်​မမြင်​ကြ​ရာ နောက်ဆုံး မိမိကိုယ်ကို အပြစ်စီရင်​ရာ​ရောက်​လေ​သည်။

၁၆ ယေရှုကို သစ္စာဖောက်​၍​အပ်နှံ​ခဲ့​သော ကိုယ်တော့်​နောက်လိုက် ယုဒ​သည် မိမိကိုယ်ကို သူတစ်ပါး​အား တရား​စီရင်သူ ဖြစ်လာ​စေ​ခဲ့​သည်။ ဗေသနိ​ရွာတွင် လာဇရု​၏​အစ်မ မာရိက ယေရှု​အပေါ်​သို့ ဆီမွှေး​သွန်းလောင်း​သောအခါ ယုဒ အကြီးအကျယ်​ကန့်ကွက်​ခဲ့​သည်။ သူ၏​အမျက်​ဒေါသကို ဤသို့​ဖော်ပြ​ခဲ့​သည်– “ထို​ဆီမွှေး​ကို ဒေနာရိ​အပြား​သုံး​ရာ​အဖိုး​နှင့်​ရော​င်း၍ ဆင်းရဲသော​သူတို့အား​အဘယ်ကြောင့် မပေး​သနည်း။” သို့သော် ကျမ်းစာ​မှတ်တမ်းက ဤသို့​ဆက်​ရှင်းပြသည်– “ထိုသို့​ဆို​သော်၊ ဆင်းရဲသော​သူတို့​အကျိုးကို​ထောက်၍ ဆို​သည်မဟုတ်။ မိမိသည်​သူခိုး​ဖြစ်​လျက်၊ တပည့်တော်​များ​သုံး​ရန်​ငွေ​အိတ်​ကို​ဆောင်​၍ နှိုက်​ယူ​တတ်သော​ကြောင့်​သာ​ဆို​သတည်း။” (ယောဟန် ၁၂:၁-၆) သူတစ်ပါးကို မ​နှေး​အမြန် စစ်ကြော​စီရင်​နေစဉ် ကိုယ်​ကိုယ်တိုင်​ကို စီရင်​ရာ​ရောက်​ကြသော ယုဒ​နှင့် ဘာသာရေး​ခေါင်းဆောင်​များ​ကဲ့သို့ ဘယ်တော့​မျှ​ဖြစ်​မလာ​ကြ​စို့​နှင့်။

၁၇။ စိတ်​ကြီး​ဝင်​ခြင်း သို့​မဟုတ် ကိုယ့်​ကိုယ်ကို​စိတ်ချ​လွန်း​ခြင်း​နှင့် ဒွန်တွဲ​နေသော​အန္တရာယ်ကို ဖော်ပြ​ပါ။

၁၇ ဝမ်းနည်းစရာမှာ ကနဦး​ခရစ်ယာန်​အချို့​သည် ယုဒ​နည်းတူ ခိုး​တတ်​သူများ​မဟုတ်​ကြသော်လည်း စိတ်​ကြီး​ဝင်​သည့် မာန​ထောင်လွှား​သူများ​ဖြစ်လာ​ကြသည်။ သူတို့နှင့်​ပတ်သက်​၍ ယာကုပ်​က “သင်တို့သည် မိမိ​ထောင်လွှား​ခြင်း​၌ ဝါကြွား​ကြ​သေး​၏” ဟု​ရေးသားခဲ့​သည်။ ထို့နောက် “ထိုသို့​သော​ဝါကြွားခြင်း​ရှိသမျှသည် မကောင်း​မသင့်” ဟု​သူ​ဆက်​ပြော​သည်။ (ယာကုပ် ၄:၁၆) ကျွန်ုပ်​တို့၏​ပြီးမြောက်​အောင်မြင်မှု​များ သို့​မဟုတ် ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ကျွန်ုပ်​တို့​ရရှိသော​အခွင့်ထူး​များ​အကြောင်း ဝါကြွား​ပြောဆိုခြင်း​သည် မိမိကိုယ်ကို​ရှုံးနိမ့်​စေ​၏။ (သု. ၁၄:၁၆) မိမိကိုယ်ကို စိတ်ချ​လွန်း​သည့်​အ​ခိုက် “ဤ​သူ​ရှိသမျှ​တို့သည် ကိုယ်တော်​ကြောင့်​စိတ်ပျက်​ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်​အလျှင်း​မပျက်​ပါ၊ . . . ကိုယ်တော်​နှင့်​တကွ​သေရ​သော်လည်း အကျွန်ုပ်သည် ကိုယ်တော်​ကို​မငြင်း​မ​ပယ်​ပါ” ဟု​ဝါကြွား​ခဲ့​သော တမန်​တော်​ပေတရု​၏ အဖြစ်အပျက်​ကို သတိရ​ပေမည်။ အမှန်​မှာ ကျွန်ုပ်​တို့​ကိုယ်​၌ ဝါကြွား​စ​ရာ အဘယ်အရာမျှ​မရှိပါ။ ကျွန်ုပ်​တို့​ရရှိ​ထား​လေ​သမျှ​သည် ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကြောင့်​သာ​ဖြစ်၏။ ယင်းကို သတိရခြင်းက စိတ်​ကြီး​ဝင်​စေမည်​မဟုတ်ပါ။—မဿဲ ၂၆:၃၃-၃၅၊ ၆၉-၇၅

၁၈။ မာန​ထောင်လွှား​ခြင်း​ကို ယေဟောဝါ မည်သို့​ယူမှတ်​သနည်း။

၁၈ ကျွန်ုပ်​တို့​သိရ​သည်​မှာ “မာန​သည် ပျက်စီးခြင်း​အရင်၊ ထောင်လွှား​သော​စိတ်​သည် တိုက်မိ​၍​လဲ​ခြင်း​အရင်” ဖြစ်၏။ အဘယ်ကြောင့်​နည်း။ “မာနကြီး​ခြင်း၊ ထောင်လွှား​ခြင်း . . . ကို ငါ​မုန်း​၏” ဟု​ယေဟောဝါ​အဖြေပေး​သည်။ (သု. ၈:၁၃; ၁၆:၁၈သမ္မာ) ထို့​ကြောင့် “အာရှုရိဘုရင်​၏ ရဲတင်း​စွာ​ထောင်လွှား​ပြောဆိုခြင်း၊ မော်​သော​မျက်နှာ​နှင့် စိတ်​နေ​မြင့်​ခြင်း” တို့ကို ယေဟောဝါ​အမျက်ထွက်​ခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။ (ဟေရှာယ ၁၀:၁၂သမ္မာ) အဆိုပါ​ထောင်လွှား​မောက်မာ​သူကို ယေဟောဝါ​အရေးယူ​ခဲ့​သည်။ မကြာမီ စာတန့်​လောက​နှင့်အတူ ယင်း​၏ မျက်မြင်ရ​နှင့် မျက်မြင်မရ​သော မာန​ထောင်လွှား၊ စိတ်​နေ​မြင့်​သည့်​ခေါင်းဆောင်​အားလုံး ဒဏ်​စီရင်ခံ​ရ​ကြလိမ့်မည်။ ယေဟောဝါ​ရန်သူများ​၏ ထင်ရာစိုင်း​စိတ်​သဘောထားကို ကျွန်ုပ်​တို့ ဘယ်တော့​မျှ မတင်ပြ​ကြ​စို့​နှင့်!

၁၉။ ဘုရားသခင့်​လူမျိုးတော်သည် အဘယ်​နည်းဖြင့် ဂုဏ်ယူ​ဝင့်ကြွား​နိုင်​ကြ​သော်​ငြား စိတ်​နှိမ့်ချ​ကြ​ရမည်​နည်း။

၁၉ စစ်မှန်သော​ခရစ်ယာန်​များသည် ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်​ရခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​နိုင်​စ​ရာ​အကြောင်း များစွာ​ရှိသည်။ (ယေရမိ ၉:၂၄) တစ်ကြိမ်​တည်း​တွင် စိတ်​နှိမ့်ချဖို့ အကြောင်း​များစွာလည်း​ရှိ၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​မူ​ကား “လူအပေါင်း​တို့သည် [အပြစ်]ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ။” (ရောမ ၃:၂၃) ထို့​ကြောင့် ယေဟောဝါ​၏​ကျေးကျွန်​များ​အဖြစ် ကျွန်ုပ်​တို့၏​အနေအထား​ကို ကာကွယ်​စောင့်ရှောက်​ရန် ဤသို့​ပြောဆို​ခဲ့​သူ တမန်​တော်​ပေါလု​၏​စိတ်​သဘောထားမျိုး ကျွန်ုပ်​တို့​၌​ရှိ​ရ​ကြ​မည်– “ယေရှု​ခရစ်​သည် အပြစ်ရှိ​သော​သူတို့ကို​ကယ်တင်ခြင်း​ငှာ၊ ဤ​လောက​သို့​ကြွလာ​တော်​မူ . . . ၏။ အပြစ်ရှိ​သော​သူတို့တွင် ငါသည် အကြီးဆုံး​ဖြစ်၏။”—၁ တိမောသေ ၁:၁၅

၂၀။ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ယခု မည်သို့​ကာကွယ်​တော်​မူ​သနည်း၊ အနာဂတ်​တွင် သူတို့ကို မည်သို့​ကာကွယ်​ပေး​မည်​နည်း။

၂၀ ယေဟောဝါ​၏​လူမျိုးတော်သည် မိမိတို့​အကျိုး​ထက် ဘုရားသခင့်​အကျိုး​စီးပွား​ကို ဝမ်းမြောက်​ဝမ်းသာ ရှေ့တန်း​တင်​ကြသည်​ဖြစ်​ရာ သူတို့၏​ဝိညာဉ်​ရေး​ကို ယေဟောဝါ ဆက်၍​ကာကွယ်​စောင့်ရှောက်​ပေး​မည်​ဟု ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။ ကြီးစွာ​သော​ဆင်းရဲခြင်း ကျရောက်​သောအခါ မိမိလူ​မျိုး​တော်​၏ ဝိညာဉ်​ရေး​ကို​သာမက ကာယရေး​ကို​ပါ ယေဟောဝါ​ကာကွယ်​ပေး​လိမ့်​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ဘုရားသခင့်​ကမ္ဘာသစ်​ထဲ ဝင်ချိန်​တွင် သူတို့​ဤသို့​ဟစ်ကြွေး​နိုင်​ကြ​ပါ​လိမ့်​မည်– ‘ကြည့်ရှု​လော့။ ဤ​အရှင်​ကား ငါ​တို့​မျှော်လင့်​သော ငါ​တို့၏​ဘုရားသခင်​တည်း။ ငါ​တို့ကို ကယ်တင်​တော်​မူ​လိမ့်​မည်။ ဤ​အရှင်​ကား ငါ​တို့​မျှော်လင့်​သော ယေဟောဝါ​တည်း။ ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​ကြောင့် ငါ​တို့သည် ဝမ်းမြောက်​ရွှင်လန်း​ကြ​ကုန်​အံ့။’—ဟေရှာယ ၂၅:၉

သင်​မှတ်မိ​သလော

• ဒါဝိဒ်​မင်း​နှင့် ယေရှု​ခရစ်​တို့သည် မည်သို့​ကာကွယ်​စောင့်ရှောက်​ခံ​ခဲ့​ရ​ကြ​သနည်း။

• ယေဟောဝါ​၏​လူမျိုးတော်သည် ယနေ့ မည်သို့​ကာကွယ်​ခံရ​ကြ​သနည်း။

• မိမိကိုယ်ကို အလေးထား​လွန်း​ခြင်း​ကို အဘယ်ကြောင့်​ရှောင်သင့်​သနည်း။

• ကျွန်ုပ်​တို့သည် ဂုဏ်ယူ​ဝင့်ကြွား​နိုင်​ကြသော်လည်း အဘယ်ကြောင့် နှိမ့်ချမှု​ရှိ​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]

ဒါဝိဒ်​နှင့် ယေရှုကို ယေဟောဝါ​မည်သို့​ကာကွယ်​ပေး​ခဲ့​သနည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ယနေ့ ဘုရားသခင့်​လူမျိုးတော်သည် ဝိညာဉ်​ရေး​အရ အဘယ်​နည်းများဖြင့် ကာကွယ်​စောင့်ရှောက်​ခံရ​သနည်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]

ယေဟောဝါ​အမှုတော်ထမ်း​ခွင့်​ရ​သဖြင့် ကျွန်ုပ်​တို့ ဂုဏ်ယူ​ဝင့်ကြွား​နိုင်​ကြသော်လည်း အစဉ်သဖြင့် စိတ်​နှိမ့်ချ​ရ​ကြ​မည်