ရိုးသားသူများ ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းကြ
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ရိုးသားသူများ ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းကြ
ယေဟောဝါသက်သေ ကြီးကြီးငယ်ငယ်တို့သည် ရိုးသားကြောင်း ကမ္ဘာသိဖြစ်သည်။ တိုက်ကြီးသုံးတိုက်မှ ပုံနမူနာများကို သုံးသပ်ကြည့်ကြစို့။
နိုင်ဂျီးရီးယားနိုင်ငံမှ အသက်ဆယ့်ခုနစ်နှစ်အရွယ် အိုလူဆိုလာသည် တစ်ရက်တွင် ကျောင်းမှအိမ်သို့အပြန် လမ်းပေါ်တွင် ပိုက်ဆံအိတ်တစ်အိတ် ကောက်ရ၏။ ထိုအခါ သူသည် ကျောင်းအုပ်ကြီးကို ပိုက်ဆံအိတ်ပေးအပ်လိုက်ရာ နိုင်ရာ ၆,၂၀၀ (အမေရိကန်ဒေါ်လာ ၄၅ ခန့်) ရှိကြောင်း ရေတွက်မိသည်။ ကျောင်းအုပ်ကြီးက ပိုက်ဆံအိတ်ကျပျောက်သူ ဆရာအား ပြန်ပေးလိုက်၏။ ဆရာသည် ကျေးဇူးတင်သည့် အနေနှင့် အိုလူဆိုလာအား နိုင်ရာ ၁၀၀၀ (အမေရိကန် ၇ ဒေါ်လာခန့်) ပေးကာ သူ၏ကျောင်းလခအတွက်ဟု ပြောသည်။ ထိုအဖြစ်အပျက်ကို အခြားကျောင်းသားများ သိရှိသွားသောအခါ အိုလူဆိုလာအား ဝိုင်းလှောင်ကြလေသည်။ ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကျောင်းသားတစ်ဦးက မိမိငွေအခိုးခံရကြောင်း တိုင်ကြားရာ ကျောင်းသားအားလုံးကို ဆရာများက ရှာဖွေလေတော့သည်။ ဆရာမက အိုလူဆိုလာအား “မင်း ဒီမှာရပ်နေ၊ ယေဟောဝါသက်သေတွေ မခိုးတတ်ဘူးဆိုတာ ငါသိတယ်” ဟု ပြောသည်။ ငွေကို အိုလူဆိုလာအား ဝိုင်းလှောင်ခဲ့ကြသည့် ကောင်လေးနှစ်ဦးတွင် ရှာတွေ့သွားရာ သူတို့ကို ပြင်းပြင်းထန်ထန် အရေးယူလိုက်သည်။ အိုလူဆိုလာက ဤသို့ရေးသားခဲ့၏– “ကျွန်မကို ဘယ်တော့မှ ခိုးမှာမဟုတ်တဲ့ ယေဟောဝါသက်သေတစ်ယောက်လို့ အများကသိရှိထားကြတဲ့အတွက် ကျွန်မအရမ်းပျော်တယ်၊ အဲ့ဒီအတွက် ယေဟောဝါရဲ့ဘုန်းတော် ထင်ရှားခဲ့တယ်။”
အာဂျင်တီးနားနိုင်ငံသားတစ်ဦးဖြစ်သူ မာစဲလိုသည် တစ်နေ့တွင် အိမ်မှအထွက် အိမ်နောက်ဖေးတံခါးမှ ကိုက်အနည်းငယ်အကွာတွင် လက်ဆွဲအိတ်တစ်လုံး တွေ့ ရှိခဲ့သည်။ အဆိုပါလက်ဆွဲအိတ်ကို အိမ်ထဲယူလာကာ သူတို့ဇနီးမောင်နှံသည် သတိကြီးကြီးနှင့် ဖွင့်လိုက်ကြ၏။ ငွေသားအမြောက်အမြား၊ အကြွေးဝယ်ကတ်ပြားများနှင့် ပီဆိုတစ်သန်းတန်ဖိုးရှိ လက်မှတ်ထိုးထားသည့် ချက်လက်မှတ်တစ်စောင်အပါအဝင် ချက်လက်မှတ်တချို့ကို တွေ့လိုက်ရသဖြင့် သူတို့အလွန်အံ့အားသင့်သွားကြလေသည်။ ယင်းလက်ဆွဲအိတ်ထဲတွင် တယ်လီဖုန်းနံပါတ်တစ်ခုကိုလည်း သူတို့တွေ့ ရှိကြ၏။ သို့နှင့် ပိုင်ရှင်အား ဖုန်းဆက်ခေါ်လိုက်ကာ လက်ဆွဲအိတ်နှင့် ယင်းတွင်ပါရှိရာများကို မာစဲလို၏အလုပ်ရုံတွင် လာယူရန် စီစဉ်လိုက်သည်။ ပိုင်ရှင်ရောက်လာသောအခါ သူ၏ပုံစံမှာ စိုးရိမ်နေပုံပေါက်သည်။ အလုပ်ရှင်က ထိုသူအား မာစဲလိုသည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည့်အတွက် မစိုးရိမ်ဖို့ ပြောသည်။ လက်ဆွဲအိတ်ကိုရှာတွေ့သည့်အတွက် ဆုချသည့်အနေနှင့် ပိုင်ရှင်က မာစဲလိုကို ပီဆို ၂၀ (အမေရိကန် ၆ ဒေါ်လာခန့်) သာ ပေးသည်။ မာစဲလို၏ရိုးသားမှုကို အလုပ်ရှင်သည် အတော်လေးအထင်ကြီးသွားရာ ဤသို့အနည်းငယ်သာဆုချသည်ကို ဒေါသထွက်သွားသည်။ ထိုအခါ မာစဲလိုက ယေဟောဝါသက်သေတစ်ဦးအနေနှင့် မိမိသည် အမြဲရိုးသားဖို့လိုကြောင်း ရှင်းပြခွင့်ရခဲ့သည်။
အောက်ပါတွေ့ ကြုံမှုမှာ ကီရ်ဂစ္စတန်နိုင်ငံမှဖြစ်၏။ အသက်ခြောက်နှစ်ရှိ ရီနတ်သည် အိမ်နီးချင်း အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်ကို ကောက်ရ၏။ ထိုပိုက်ဆံအိတ်တွင် ဆိုးမ် ၁,၁၀၀ (အမေရိကန်ဒေါ်လာ ၂၅ ခန့်) ရှိသည်။ ရီနတ်သည် အမျိုးသမီးအား ပိုက်ဆံအိတ်ကိုသွားပေးသည့်အခါ အမျိုးသမီးက ငွေကိုရေတွက်ကြည့်လိုက်ရာ ဆိုးမ် ၂၀၀ ပျောက်နေကြောင်း ရီနတ်၏မိခင်ကို ပြောပြသည်။ ရီနတ်က အဆိုပါငွေကို မိမိမယူကြောင်း ပြောသည်။ ထိုအခါ လိုနေသည့်ငွေကို အားလုံးထွက်ရှာကြရာ ပိုက်ဆံအိတ်ကောက်ရသည့်နေရာအနီးတွင် ရှာတွေ့ သွားကြ၏။ ထိုအမျိုးသမီးမှာ အလွန်အံ့အားသင့်သွားလေသည်။ ၎င်းအမျိုးသမီးသည် ရီနတ်နှင့် သူ၏မိခင်တို့အား ကျေးဇူးတင်ကြောင်းပြောဆိုခဲ့သည်၊ ပျောက်ဆုံးသွားသည့်ငွေကို ပြန်ပေးသည့်အတွက်နှင့် ရီနတ်ကို ခရစ်ယာန်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးသည့်အတွက် ဖြစ်သည်။