မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျင့်အားဖြင့်သာမဟုတ် မခံစားထိုက်သောကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရ

အကျင့်အားဖြင့်သာမဟုတ် မခံစားထိုက်သောကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရ

အကျင့်​အားဖြင့်​သာ​မဟုတ် မခံစားထိုက်သော​ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း​ရ

“သင်တို့သည် ယုံကြည်ခြင်း​အားဖြင့် . . . ကယ်တင်ခြင်း​သို့ ရောက်​ရ​ကြ​လေ​ပြီ။ . . . ကိုယ့်​အကျင့်​ကြောင့် ကယ်တင်​တော်​မူ​ခြင်း​သို့​ရောက်​သည်မဟုတ်။ သို့​ဖြစ်၍ အဘယ်သူမျှ ဝါကြွား​စ​ရာ​အခွင့်​မရှိ။”—ဧဖက် ၂:၈၊ ၉

၁။ ကိုယ့်​အောင်မြင်မှု​များနှင့်​ပတ်သက်​၍ ခရစ်ယာန်​များသည် လူအများ​နှင့် မည်သို့​ကွာခြား​သနည်း၊ အဘယ်ကြောင့်​နည်း။

ယနေ့ လူတို့သည် မိမိတို့၏​အောင်မြင်မှု​များ​ကို အလွန်​ဂုဏ်ယူ​တတ်ကြ​ပြီး ချက်ချင်း ကိုယ်​ရည်​သွေး​လေ့​ရှိ၏။ ခရစ်ယာန်​များ​မူ ကွာခြား​သည်။ သူတို့သည် စစ်မှန်သော​ဝတ်ပြုရေး​နှင့်​ဆိုင်သော မိမိတို့၏​အောင်မြင်မှု​များ​ကို​ပင် အလေးပေး​ဖော်ပြ​လွန်း​ခြင်း မပြု​ကြ​ချေ။ အုပ်စု​လိုက်​အနေ​နှင့် ယေဟောဝါ​၏​လူမျိုးတော် ပြီးမြောက်​ခဲ့​ရာ​များ​ကြောင့် သူတို့​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​ကြသော်လည်း မိမိတို့၏​ပါဝင်မှု​များ​ကို မဖော်​ပြ​ကြ​ချေ။ ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ပုဂ္ဂိုလ်ရေး​အောင်မြင်မှု​များ​ထက် သဘောထား​မှန်သည် ပို​အရေးကြီးကြောင်း သူတို့​သိထားကြသည်။ အဆုံး​၌ ထာဝရ​အသက်​ရသူ​တစ်ဦး​သည် မိမိ၏ အောင်မြင်မှု​များ​ကြောင့်​မဟုတ်ဘဲ ယုံကြည်ခြင်း​နှင့် ဘုရားသခင်​၏​မခံစားထိုက်သော ကျေးဇူးတော်​ကြောင့် ထို​ဆုကျေးဇူး​ကို​ရရှိ​မည်​ဖြစ်သည်။—လုကာ ၁၇:၁၀; ယောဟန် ၃:၁၆

၂၊ ၃။ အဘယ်အရာကို ပေါလု​ဝါကြွား​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

ဤ​အချက်​ကို တမန်​တော်​ပေါလု ကောင်းစွာ​သိထားပါ​သည်။ “ကိုယ်​၌​စူးသော​ဆူး” မှ သက်သာရာ​ရဖို့ သုံးကြိမ်​ဆုတောင်း​ပြီး​နောက် ယေဟောဝါ​၏​ဤ​ဖြေကြားချက်​ကို သူ​ရရှိခဲ့သည်– “ငါ့​ကျေးဇူး​သည် သင့်​အဖို့​လောက်​ပေ​၏။ ငါ့​တန်ခိုး​သည် အားနည်းခြင်း​အဖြစ်​၌ စုံလင်​တတ်​သည်။” ယေဟောဝါ​၏​ဆုံးဖြတ်ချက်​ကို နှိမ့်ချစွာ​လက်ခံ​ပြီး​နောက် ပေါလု ဤသို့​ပြော​ခဲ့​သည်– “ထို​ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​၌​ကျိန်းဝပ်​မည်​အကြောင်း ငါ့​ကိုယ်​၌​အားနည်းခြင်း​အဖြစ်ကို ဝမ်းမြောက်​သော​စိတ်​နှင့်​ဝါကြွားခြင်း​ငှာ သာ၍​ငါ​အလိုရှိ၏။” ပေါလု​၏​နှိမ့်ချသော​စိတ်ထား​ကို ကျွန်ုပ်​တို့ အတုယူ​လို​စိတ်​ရှိ​သင့်​သည်။—၂ ကောရိန္သု ၁၂:၇-၉

ပေါလု​သည် ခရစ်ယာန်​လုပ်ငန်းများ​ကို ထူးခြား​စွာ​လုပ်ဆောင်ခဲ့​သော်လည်း သူ၏​အောင်မြင်မှု​များသည် မိမိ၏​တတ်ကျွမ်းမှု​များ​ကြောင့်​မဟုတ်​ကြောင်း အသိအမှတ်ပြု​ခဲ့​သည်။ ကျိုးနွံ​စွာ​ဖြင့် သူ​ဤသို့​ဆို​သည်– “စစ်၍​မကုန်နိုင်​သော ခရစ်တော်​၏​ကြွယ်ဝ​ပြည့်စုံခြင်း​၏​ဧဝံဂေလိတရား​ကို တစ်ပါး​အမျိုးသား​တို့အား ဟောပြောခြင်း​ငှာ​လည်းကောင်း၊ . . . သန့်ရှင်းသူ​အပေါင်းတို့တွင် အငယ်ဆုံး​သော​သူ​ထက်​သာ၍​ငယ်​သော​ငါ​အား ထို​ကျေးဇူးတော်​ကို​ပေး​တော်​မူ​ပြီ။” (ဧဖက် ၃:၈၊ ၉) ဤ​တွင် ဝါကြွား​စိတ်​လုံးလုံး​မရှိ၊ ငါ​သာ​လျှင် အမြတ်​ဆုံး​ဟူ၍ စိတ်​ကြီး​ဝင်​ခြင်း​လည်း​မရှိ​ချေ။ “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏။” (ယာကုပ် ၄:၆; ၁ ပေတရု ၅:၅) ကျွန်ုပ်​တို့သည် ပေါလု​၏​ပုံ​နမူနာကို​လိုက်ပြီး အငယ်ဆုံး​သော​ညီအစ်ကို​တို့​ထက် သာ၍​ငယ်​သည်​ဟု မိမိတို့​ကိုယ်ကို ယူမှတ်​ကာ နှိမ့်ချမှု​တင်ပြ​ကြ​ပါသလော။

‘သူတစ်ပါး​သည် ကိုယ်​ထက်သာ​သည်​ဟု ယူမှတ်ခြင်း’

၄။ ကျွန်ုပ်​တို့​ထက် သူတစ်ပါး​သာ​သည်​ဟု ယူမှတ်​ရန် တစ်ခါတစ်ရံ အဘယ်ကြောင့်​အခက်တွေ့​နိုင်​သနည်း။

ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု ဤသို့​ဆုံးမ​ခဲ့​သည်– “ရန်​တွေ့​လို​သော​စိတ်၊ . . . တပ်မက်သော [“အတ္တ၊” က​ဘ] စိတ်​ရှိ၍ အဘယ်​အမှုကို​မျှ​မပြု​ကြ​နှင့်။ သူတစ်ပါး​သည် ကိုယ်​ထက်​သာ၍​ကောင်းမြတ်​သည်​ဟု နှိမ့်ချသော​စိတ်​ရှိ၍ တစ်ယောက်ကို​တစ်ယောက်​ထင်မှတ်​ကြလော့။” (ဖိလိပ္ပိ ၂:၃) ကျွန်ုပ်​တို့သည် အထူးသဖြင့် တာဝန်​ရှိ​အနေအထား​၌​ရှိ​နေလျှင် ယင်းသည် စိန်ခေါ်ချက်​တစ်ခု​ဖြစ်​နိုင်​သည်။ မျက်မှောက်​လောကတွင် အလွန်​ပျံ့နှံ့​လျက်​ရှိသော အပြိုင်အဆိုင်​စိတ်ဓာတ်​၏ ဩဇာ​လွှမ်း​မှု​ကို ကျွန်ုပ်​တို့​အတော်အသင့်​ခံရ​သောကြောင့် နှိမ့်ချမှု​ရှိဖို့ အခက်တွေ့​နိုင်​ပါ​သည်။ ဖြစ်တတ်​သည်​မှာ၊ မိမိတို့​အိမ်​တွင် မွေးချင်း​များနှင့်​ဖြစ်စေ၊ ကျောင်းတွင် ကျောင်းနေ​ဖက်​များနှင့်​ဖြစ်စေ ယှဉ်ပြိုင်​ရန် ကလေး​ဘဝက​တည်း​က သင်ကြား​ခံ​ခဲ့​ရ​ကြ​မည်။ ကျောင်း​အားကစား ကြယ်ပွင့်​ဖြစ်​ခြင်း၊ သို့​တည်း​မဟုတ် လူ​ရည်​ချွန်​ဖြစ်​ခြင်း​အခွင့်ထူး​ကို ကြိုးစား​ရယူရန် အစဉ်မပြတ်​တိုက်တွန်း​ခံ​ခဲ့​ရ​ပေမည်။ မှန်ပါသည်၊ မည်သည့်​အလုပ်​ကောင်း​ကို​မဆို အစွမ်းကုန်​ကြိုးစား​လုပ်ဆောင်ခြင်း​သည် ချီးမွမ်းစရာ​ဖြစ်၏။ သို့သော် ခရစ်ယာန်​များသည် မိမိတို့ကို အလွန်အကျွံ အာရုံစိုက်​စေဖို့​မဟုတ်ဘဲ လုပ်ငန်း​တစ်ခု​မှ အကျိုး​အပြည့်အဝ​ရရှိ​ပြီး သူတစ်ပါးကို​ပါ အကျိုး​ခံစား​စေဖို့ ပြုလုပ်​တတ်ကြ​သည်။ သို့​တိုင် အတော်ဆုံး​အတတ်​ဆုံး​အဖြစ် အမြဲ​ချီးမွမ်း​ခံ​လို​စိတ်​ရှိ​ခြင်း​သည် အန္တရာယ်​ရှိ၏။ မည်သို့​အားဖြင့်​နည်း။

၅။ အပြိုင်အဆိုင်​စိတ်ဓာတ်​ကို ထိန်းချုပ်ခြင်း​မရှိပါ​က မည်သို့​ဖြစ်သွား​နိုင်​သနည်း။

အပြိုင်အဆိုင်​စိတ်ဓာတ် သို့​မဟုတ် အတ္တဆန်​သော​သဘောထား​တို့ကို မထိန်းချုပ်​ပါ​က လူတစ်ဦး​အား ရိုင်း​ပျ​လာ​စေပြီး မာန​ထောင်လွှား​သူ ဖြစ်လာ​စေနိုင်​သည်။ ထို​သူသည် အခြားသူများ​၏​စွမ်းရည်​များနှင့် အခွင့်ထူး​များ​ကို မနာလို​ဖြစ်လာ​နိုင်​ပေ​သည်။ “ငွေ​ကို​တပ်မက်သော [“မနာလို​မျက်စိ​ရှိ၊” က​ဘ] သူသည် ကြွယ်ဝခြင်း​ငှာ အလျင်အမြန်​ပြု​တတ်၏။ နောက်​တစ်ဖန်​ဆင်းရဲခြင်း​သို့ ရောက်မည်​ဟု​မ​အောက်မေ့​တတ်” ဟု နယပုံပြင် ၂၈:၂၂ က​ဆို​၏။ သူ​ရပိုင်ခွင့်​မရှိသော​နေရာများ​ကို​ပင် ရောင့်တက်စွာ လှမ်းယူ​လို​ပေမည်။ သူ၏​လုပ်ရပ်များ​ကို ဆင်ခြေ​ဆင်​လက်​ပေး​ရန် ညည်းညူ​စ​ပြု​လာပြီး သူတစ်ပါးကို ဝေဖန်​လာပေမည်၊ ယင်း​တို့ကို ခရစ်ယာန်​များ ရှောင်ကြဉ်​သင့်​သည်။ (ယာကုပ် ၃:၁၄-၁၆) မည်သို့​ပင်​ဖြစ်စေ သူသည် ငါ​သာ​ပဓာန​သဘောထားကို မွေးမြူ​နေ​လေ​ပြီ။

၆။ အပြိုင်အဆိုင်​စိတ်ဓာတ်​ကို​ရှောင်ရန် သမ္မာကျမ်းစာ​က မည်သို့​သတိပေး​သနည်း။

ထို့​ကြောင့် သမ္မာကျမ်းစာ​က ခရစ်ယာန်​များ​ကို ဤသို့​တိုက်တွန်း​သည်– ‘ငါ​တို့သည် အတ္တဆန်​ခြင်း၊ အချင်းချင်း​ယှဉ်ပြိုင်​ရန် ဆွပေး​ခြင်း၊ အချင်းချင်း​ငြူစူ​ခြင်း​တို့ကို ရှောင်​ကြ​ကုန်​အံ့။’ (ဂလာတိ ၅:၂၆က​ဘ) ထို​စိတ်ထား​မျိုး​ရှိခဲ့​သူ ခရစ်ယာန်​ရောင်းရင်း​တစ်ဦး​အကြောင်း တမန်​တော်​ယောဟန် ဤသို့​ဆို​၏– “အသင်းတော်​ထံ​သို့ မှာ​စာ​ကို​ငါ​ရေး​၍​ပေး​လိုက်​လေ​ပြီ။ သို့သော်လည်း၊ အကဲအမှူး​လုပ်ချင်​သော​ဒယောတရပ်​သည် ငါ​တို့အား​အခွင့်မပေး။ ထို​ကြောင့်၊ ငါ​လာသော​အခါ သူသည်​မိမိ​ပြုသော​အမှုကို မိမိ​သတိရ​စေခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူသည် ငြူစူသော​စကား​နှင့် ငါ​တို့ကို​ကဲ့ရဲ့ . . . တတ်၏။” ခရစ်ယာန်​တစ်ဦး ထို​အခြေအနေ​သို့​ရောက်သွား​ခြင်း​သည် အမှန်​ဝမ်းနည်းစရာပင်!—၃ ယောဟန် ၉၊ ၁၀

၇။ အများ​နှင့်​ယှဉ်ပြိုင်​ရသော ယခု​ခေတ် လုပ်ငန်းခွင်​တွင် အဘယ်အရာကို ခရစ်ယာန်​တစ်ဦး​ရှောင်​လို​မည်​နည်း။

ခရစ်ယာန်​တစ်ဦး​သည် ယှဉ်ပြိုင်​ရသော​ကိစ္စ​မှန်သမျှကို လုံးလုံး​ရှောင်နိုင်​မည်​ဟု ယူဆ​ခြင်း​သည် လက်တွေ့​မကျ​သည်​မှာ​အမှန်။ ဥပမာ၊ ဝမ်းစာရှာ​လုပ်ငန်း​တွင် အခြား​သူများ​နှင့်​ဖြစ်စေ၊ ထုတ်ကုန်​တူသော သို့​မဟုတ် အလားတူ​ဝန်ဆောင်မှု​များ ဆောင်ရွက်​သော စီးပွားရေး​အဖွဲ့အစည်း​များနှင့်​ဖြစ်စေ စီးပွား​ပြိုင်​မှု​ရှိ​ပေမည်။ သို့သော် ထို​အခါ​မျိုး​၌​ပင် ခရစ်ယာန်​တစ်ဦး​သည် သူ၏​စီးပွားရေး​လုပ်ငန်း​ကို လေးစား​သော​သဘော၊ မေတ္တာ​စိတ်​နှင့် စာနာ​ထောက်ထား​မှု​ရှိ​ရှိ လုပ်ကိုင်​လို​ပေမည်။ ဥပဒေ​နှင့်​ဆန့်ကျင်​သော၊ ခရစ်ယာန်မဆန်​သော​အလုပ်များ​ကို သူ​ပြုလုပ်​မည်​မဟုတ်သကဲ့သို့ နိုင်​လို​စိတ်​ပြင်းပြ​သူ၊ ဇာတ်​တူ​သားစား​သည့်​စိတ်ထား​ရှိသူ​အဖြစ် နာမည်​ထွက်​စေမည်​မဟုတ်ပါ။ မည်သည့်​လုပ်ငန်း​တွင်​မဆို နံပါတ်​တစ်​ဖြစ်​ခြင်း​သည် ဘဝတွင် အရေးအပါဆုံး​ဟု သူ​ယူမှတ်​မည်​မဟုတ်ပါ။ လောက​လုပ်ငန်းများ​၌​ပင် ထို​စိတ်ထား​မျိုး​တင်ပြ​ဖို့​လို​သည်​မှန်​လျှင် ဝတ်ပြုရေး​နှင့်​ပတ်သက်​လာ​လျှင် သာ၍​ပင်​လိုအပ်​ပေမည်!

‘သူတစ်ပါး​နှင့်​မ​နှိုင်းယှဉ်​ဘဲ’

၈၊ ၉။ (က) ခရစ်ယာန်​အကြီးအကဲ​များသည် အဘယ်ကြောင့်​တစ်ဦး​နှင့်​တစ်ဦး ယှဉ်ပြိုင်​စ​ရာ​အကြောင်း မရှိ​သနည်း။ (ခ) ၁ ပေတရု ၄:၁၀ သည် ဘုရားသခင့်​ကျေးကျွန်​အားလုံး​နှင့် အဘယ်ကြောင့်​သက်ဆိုင်​သနည်း။

ဝတ်ပြုရေး​နှင့်​ပတ်သက်ပြီး ခရစ်ယာန်​များ​၌ ရှိ​သင့်​ရှိ​ထိုက်​သော စိတ်​သဘောထားကို ဤ​မှုတ်သွင်းခံ​စကား​က ဖော်ပြ​သည်– “လူတိုင်း​ကိုယ်​ပြုသော​အမှုကို​စစ်ကြော​စေ။ သို့ပြုလျှင် သူတစ်ပါး​၌​မဆို [“သူတစ်ပါး​နှင့်​မ​နှိုင်းယှဉ်၊” က​ဘ] ဘဲ ကိုယ်​၌​သာ​ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း​ရှိ​လိမ့်​မည်။” (ဂလာတိ ၆:၄) အသင်းတော်​အကြီးအကဲ​များသည် တစ်ဦး​နှင့်​တစ်ဦး ပြိုင်ဘက်​များ​မဟုတ်​ကြောင်း သိထားကြ​ပြီး အဖွဲ့​လိုက်​ရင်းရင်းနှီးနှီး၊ ပူးပေါင်း​လုပ်ဆောင်ကြ​သည်။ အသင်းတော်​တစ်ခုလုံး​၏​ကောင်းကျိုး​အတွက် မိမိတို့​တတ်နိုင်​သမျှ ပါဝင်​ကူညီ​နိုင်​ကြ​သဖြင့် ဝမ်းမြောက်​ကြသည်။ ဤနည်းဖြင့် ပြိုကွဲ​စေ​တတ်သော အပြိုင်အဆိုင်​စိတ်ဓာတ်​ကို ဖယ်ရှား​ပြီး အသင်းတော်​တစ်ခုလုံး​ရှေ့ စည်းလုံး​သော​ပုံ​နမူနာ​ကောင်း တင်ပြ​ကြသည်။

အကြီးအကဲ​အချို့​သည် အသက်အရွယ်၊ အတွေ့အကြုံ သို့​မဟုတ် ပင်ကိုစွမ်းရည်​များ​ကြောင့် အခြားသူများ​ထက် ပို​၍​ကျွမ်းကျင်​ပေမည်၊ သို့​တည်း​မဟုတ် ထိုးထွင်း​သိမြင်မှု​ပို​ရှိ​ပေမည်။ ယင်းကြောင့် အကြီးအကဲ​များသည် ယေဟောဝါ​၏​အဖွဲ့အစည်း​တွင် တာဝန်​အမျိုးမျိုး​ရရှိ​ထား​ကြသည်။ တစ်ဦး​နှင့်​တစ်ဦး ယှဉ်ပြိုင်​မည့်​အစား ဤ​ဆုံးမ​စကား​ကို သူတို့​မှတ်ထား​ကြသည်– “သင်တို့သည် ဆုကျေးဇူး​တော်​ကို အသီးသီး​ခံရ​ကြသည်​နှင့်​အညီ၊ ဘုရားသခင်​၏ အထူးထူး​အပြားပြား​သော ကျေးဇူးတော်​ဘဏ္ဍာစိုး​ကောင်း​ကဲ့သို့၊ အချင်းချင်း​ဝေငှ​ပေးကမ်း​ကြလော့။” (၁ ပေတရု ၄:၁၀) အမှန်​မှာ ဤ​ကျမ်းချက်​သည် ယေဟောဝါ​၏​ကျေးကျွန်​အားလုံး​နှင့် သက်ဆိုင်​ပါ​သည်၊ အကြောင်း​မှာ သူတို့​အားလုံး​သည် တိကျ​မှန်ကန်သော အသိပညာ​ဆုကျေးဇူး​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်ခွင့်​ကို အနည်း​နှင့်​အများ ရရှိ​ထား​ကြ​၍​ဖြစ်သည်။

၁၀။ မြင့်မြတ်​သော​လုပ်ငန်းတော်​ကို အဘယ်​နည်းဖြင့် ထမ်းဆောင်​မှ​သာ ယေဟောဝါ​လက်ခံ​မည်​နည်း။

၁၀ မိမိတို့​ကိုယ်ကို သူတစ်ပါး​ထက် မြှင့်တင်​ဖို့​မဟုတ်ဘဲ မြင့်မြတ်​သော​လုပ်ငန်းတော်​ကို မေတ္တာ​နှင့် အလေးထား​မှု​တို့​ဖြင့် ထမ်းဆောင်​မှ​သာ ယေဟောဝါ​နှစ်သက်​တော်​မူ​မည်။ ထို့​ကြောင့် စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ခံ​ရာ​တွင် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုကို ဟန်ချက်ညီ​ညီ ရှုမြင်ဖို့​အရေးကြီး​သည်။ မည်သူမျှ အခြားသူ​၏​စိတ်ရင်း​ကို အတိအကျ အကဲမဖြတ်​နိုင်​သော်လည်း ယေဟောဝါ​သည် “နှလုံးကို​ကြည့်ရှု​တတ်​သည်။” (သု. ၂၄:၁၂; ၁ ဓမ္မ​ရာဇဝင် ၁၆:၇) ထို့​ကြောင့် ‘ယုံကြည်ခြင်းနဲ့​ဆိုင်​တဲ့​အကျင့်တွေကို ငါ​ဘာ​ရည်ရွယ်ချက်​နဲ့ ပြုလုပ်​နေတာလဲ’ ဟူ၍ မိမိတို့​ကိုယ်ကို မကြာမကြာ မေးသင့်​သည်။—ဆာလံ ၂၄:၃၊ ၄; မဿဲ ၅:၈

ကျွန်ုပ်​တို့၏​လုပ်ရပ်​အပေါ် လျောက်ပတ်​သော​အမြင်

၁၁။ ကျွန်ုပ်​တို့၏​ဓမ္မ​အမှု​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများကို စဉ်းစား​သုံးသပ်ထိုက်​သနည်း။

၁၁ ယေဟောဝါ​၏​မျက်နှာသာ​ရရှိ​ရေး​တွင် ကျွန်ုပ်​တို့၏​စိတ်ရင်း​သည် အရေးအပါဆုံး​ဖြစ်ပါ​က ယုံကြည်ခြင်း​အကျင့်​များ​ကို မည်မျှ​အလေးထား​ပြုလုပ်​သင့်​သနည်း။ ခရစ်ယာန်​ဓမ္မ​အမှုကို စိတ်ရင်းမှန်​နှင့် လုပ်ဆောင်နေ​သ၍ ကျွန်ုပ်​တို့​အဘယ်အရာကို မည်မျှ​ပြုလုပ်​ကြောင်း မှတ်တမ်းသွင်း​ဖို့ တကယ်​လို​ပါသလော။ ဤ​ကား မေးသင့်​မေးထိုက်သော မေးခွန်းများ​ဖြစ်၏၊ အကြောင်း​မှာ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​လုပ်ရပ်များ​ထက် အရေအတွက်​ကို ဦးစား​မပေး​လို​သကဲ့သို့ ခရစ်ယာန်​လုပ်ငန်း​နှင့်​ပတ်သက်​၍ မှတ်တမ်းကောင်း​သွင်း​ခြင်း​ကို အဓိက​အလေးထား​ရာ ဖြစ်​မလာ​စေ​လို​သောကြောင့်​တည်း။

၁၂၊ ၁၃။ (က) ကျွန်ုပ်​တို့၏​လယ်ကွင်း​လုပ်ငန်း​ကို မှတ်တမ်း​ထား​ရသည့် အကြောင်းရင်း​အချို့​ကား အဘယ်နည်း။ (ခ) ဟောပြောခြင်း​လုပ်ငန်း​၏ ခြုံငုံ​မှတ်တမ်း​ကို​ကြည့်​လိုက်​လျှင် ရွှင်လန်းစရာ အဘယ်​အကြောင်း​များ​ရှိ​သနည်း။

၁၂ ယေဟောဝါ​၏​အလိုတော်​ဆောင်ရန် ဖွဲ့စည်းထားခြင်း​ဟူသော​စာအုပ်​က မည်သို့​ဖော်ပြ​သည်ကို သတိပြုပါ– “ဟောပြောခြင်း​လုပ်ငန်း တိုးတက်မှု​မှတ်တမ်းများ​ကို ယေရှု​ခရစ်​၏ အစောပိုင်း​နောက်လိုက်​တို့ အထူး​စိတ်ဝင်စား​ခဲ့​ကြသည်။ (မာကု ၆:၃၀) ပင်တေကုတ္တေ​ပွဲနေ့​တွင် တပည့်​များ​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​သည့်​အခါ လူ ၁၂၀ ရှိခဲ့​ကြောင်း တမန်​တော်​ကျမ်း​က ဖော်ပြ​ပါ​သည်။ မကြာမီ​ပင် တပည့်​အရေအတွက်​သည် ၃,၀၀၀ ဖြစ်လာ​သည်။ ထို့နောက် ၅,၀၀၀ ဖြစ်လာ​၏။ . . . (တမန်​တော် ၁:၁၅; ၂:၅-၁၁၊ ၄၁၊ ၄၇; ၄:၄; ၆:၇) ဤ​တိုးတက်မှု သတင်း​များသည် တပည့်​များ​ကို အားတက်စေ​လိုက်​မည်​ဖြစ်​ခြင်း!” ထပ်တူ​အကြောင်းရင်း​ကြောင့် ယနေ့ ယေဟောဝါသက်သေ​များသည် ‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လောက​နိုင်ငံ အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့’ ဟူသော ယေရှု၏​စကား​ပြည့်စုံမှု​တွင် ကမ္ဘာ​တစ်ဝန်း​ပြီးမြောက်​ခဲ့​သည့် မှတ်တမ်းများ​ကို အတိအကျ​ထား​ရှိကြ​ခြင်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄) အဆိုပါ​မှတ်တမ်းများ​သည် ကမ္ဘာ့​လယ်ကွင်းတွင် ပြုလုပ်​ခဲ့​ရာ​များ​ကို အရှိအတိုင်း​ဖော်ပြ​သည်။ အဘယ်​ဒေသ​တွင် အကူအညီ​လိုအပ်​နေကြောင်း၊ ဟောပြောခြင်း​လုပ်ငန်း တိုးတက်စေ​ဖို့​အဘယ်​စာအုပ်စာတမ်း​မျိုး မည်မျှ​လိုအပ်​နေကြောင်း သိရှိ​စေပါ​သည်။

၁၃ ထို့​ကြောင့် မှတ်တမ်းသွင်း​ခြင်း​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ပိုမို​ထိရောက်​စွာ​ဟောပြောဖို့ အထောက်အကူ​ပြု​နိုင်​သည်။ ထို့​အပြင် ကမ္ဘာ့​အခြား​ဒေသ​များ​ရှိ ကျွန်ုပ်​တို့​ညီအစ်ကို​များ​၏​လုပ်ငန်း​အကြောင်း ကြား​ရသောအခါ အားရှိ​ကြသည်​မဟုတ်လော။ ကမ္ဘာ​တစ်ဝန်း တိုးပွား၊ ချဲ့ထွင်​နေသည့် သတင်း​များ​က ကျွန်ုပ်​တို့ကို ပီတိဖြာ​စေ​သည်၊ တိုး၍​ပါဝင်​ရန် စေ့ဆော်​ပေး​ပြီး ယေဟောဝါ​၏​ကောင်းချီး​ရဖို့ စိတ်ချ​စေ​သည်။ ကမ္ဘာချီ​မှတ်တမ်း​တွင် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​မှတ်တမ်း ပါဝင်​ကြောင်း​သိရ​ခြင်း​သည်လည်း အလွန်​ကျေနပ်​အားရစရာ​ပင်! ကျွန်ုပ်​တို့၏​မှတ်တမ်း​သည် ကမ္ဘာချီ​မှတ်တမ်း​နှင့် နှိုင်းယှဉ်​ကြည့်​လျှင် အနည်းငယ်​မျှ​ဖြစ်သော်လည်း ယင်းကို ယေဟောဝါ​သတိ​မပြု​ဘဲ မနေ​ပါ။ (မာကု ၁၂:၄၂၊ ၄၃) သင့်​မှတ်တမ်း​မပါ​လျှင် ခြုံငုံ​မှတ်တမ်း ပြည့်စုံ​မည်​မဟုတ်​ကြောင်း သတိရပါ။

၁၄။ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ခြင်း​တွင် ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​အပြင် အဘယ်အရာ​ပါဝင်​သေး​သနည်း။

၁၄ ယေဟောဝါ​၏ ဆက်ကပ်​အပ်နှံ​ကျေးကျွန်​တစ်ဦး​အနေ​ဖြင့် သက်သေခံ​ယောက်စီ​လုပ်ဆောင်​ရသည့် တာဝန်​အများစုကို သူ၏​မှတ်တမ်း​တွင် ဖော်ပြ​မည်​မဟုတ်​ချေ။ ဥပမာ၊ ကျမ်းစာ​ကို သူ​မှန်မှန်​လေ့လာခြင်း၊ ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ပါဝင်ခြင်း၊ အသင်းတော်​တာဝန်​များ​ထမ်းဆောင်ခြင်း၊ ယုံကြည်သူချင်း​များ အကူအညီ​လို​သောအခါ ထောက်ကူ​ပေးခြင်း၊ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​ကို ငွေကြေး​ထောက်ပံ့ခြင်း အစ​ရှိသည်​တို့ကို မှတ်တမ်း​မ​သွင်း​ပါ။ ထို့​ကြောင့် လယ်ကွင်း​လုပ်ငန်း​မှတ်တမ်း​သည် ဟောပြောခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့ကို ဆက်၍​စိတ်​ထက်သန်​စေပြီး အရှိန်​လျှော့​သွားခြင်း​ကို တားဆီး​ပေး​သော်လည်း ယင်း​အပေါ် အမြင်မှန်​ထား​ရ​ကြ​မည်။ ကျွန်ုပ်​တို့​ထာဝရ​အသက် ရထိုက်​မရ​ထိုက် အဆုံးအဖြတ်​ပေး​မည့် ဝိညာဉ်​ရေး​လိုင်စင်​အဖြစ် ယင်းကို မ​ရှုမြင်​ရ​ပါ။

“ကောင်းသော​အကျင့်​များ​၌ စိတ်အားကြီး”

၁၅။ အကျင့်​တစ်ခု​တည်း​က ကယ်တင်ခြင်း​မရ​စေနိုင်​သော်လည်း အဘယ်ကြောင့် ၎င်း​တို့​မ​ရှိ၍​မဖြစ်​သနည်း။

၁၅ အကျင့်​တစ်ခု​တည်း​ဖြင့် ကယ်တင်ခြင်း​သို့ မ​ရောက်​နိုင်​သော်လည်း ၎င်း​တို့ မ​ရှိ၍​မဖြစ်​သည်​မှာ ရှင်း​ပါ​သည်။ ထို့​ကြောင့် ခရစ်ယာန်​များ​ကို “ကောင်းသော​အကျင့်​များ​၌ စိတ်အားကြီး​၍ ပိုင်ဆိုင်​တော်​မူ​သော​အမျိုး” ဟု​ခေါ်ဆို​ထားပြီး “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို​ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ” ရန် အားပေးထား​သည်။ (တိတု ၂:၁၄သမ္မာ; ဟေဗြဲ ၁၀:၂၄) ကျမ်း​ရေးသူ​နောက်​တစ်ဦး ယာကုပ်​က ပို​ထိရောက်​စွာ ဤသို့​ရိုးရိုးရှင်းရှင်း​ပြော​သည်– “ဝိညာဉ်​နှင့်​ကင်း​သော​ကိုယ်​သည် အသေ​ဖြစ်​သကဲ့သို့၊ အကျင့်​နှင့်​ကင်း​သော​ယုံကြည်ခြင်း​သည် အသေ​ဖြစ်၏။”—ယာကုပ် ၂:၂၆

၁၆။ အကျင့်​လုပ်ရပ်​ထက် အဘယ်အရာက ပို​၍​အရေးကြီး​သနည်း၊ သို့သော် အဘယ်အရာကို ကျွန်ုပ်​တို့​သတိပြု​သင့်​သနည်း။

၁၆ ကောင်းသော​အကျင့်​များ​ကိုယ်နှိုက်​က အရေးကြီး​သည်​မှန်​သော်လည်း ယင်း​တို့ကို ပြုလုပ်​သည့်​ရည်ရွယ်ချက်များ​သည် သာ၍​ပင်​အရေးကြီး​၏။ ထို့​ကြောင့် ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်များ​ကို မကြာမကြာ​ဆန်းစစ်​ကြည့်​ဖို့​ကောင်း​၏။ သို့သော် အခြားသူများ​၏​စိတ်ရင်း​ကို အတိအကျ​သိနိုင်​သူ​မရှိ​သဖြင့် သူတစ်ပါး​အား စစ်ကြော​ဆုံးဖြတ်ခြင်း​ကို ကျွန်ုပ်​တို့ သတိပြု​ရ​ကြ​မည်။ “သူတစ်ပါး​ပိုင်​သော​လူကို စစ်ကြော​စီရင်​သော​သင်သည် အဘယ်သူ​နည်း” ဟု​ကျွန်ုပ်​တို့ကို မေး​ပြီး ဤသို့​ရှင်းရှင်း​ဖြေ​ထား​သည်– “သူသည် မိမိ​သခင်​စီရင်​သော​အားဖြင့်​သာ အပြစ်​လွတ်ခြင်း၊ အပြစ်​ခံ​ခြင်း​သို့​ရောက်​ရ၏။” (ရောမ ၁၄:၄) အရာခပ်သိမ်း​၏​သခင် ယေဟောဝါ​နှင့် ကိုယ်တော်​ခန့်အပ်​ထားသော တရားသူကြီး ယေရှု​ခရစ်​တို့သည် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုများ​အပေါ်​သာ​အခြေ​မခံ​ဘဲ ကျွန်ုပ်​တို့၏​စိတ်ရင်း၊ ကျွန်ုပ်​တို့၏​အခွင့်အလမ်း​များ၊ ကျွန်ုပ်​တို့၏​မေတ္တာ​နှင့် သစ္စာ​နှံ​မှု​တို့ကို​ပါ​အခြေ​ပြုပြီး ကျွန်ုပ်​တို့ကို တရား​စီရင်​ပါ​လိမ့်​မည်။ “ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ သမ္မာတရား​ကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်​လျက် ဘုရားသခင့်​ရှေ့၌ နှစ်သက်​တော်​မူ​ဖွယ်​သော​သူ​အဖြစ်​ဖြင့် ကိုယ်ကို​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့” ဟူသော ခရစ်ယာန်​များ​အား ပေး​ခဲ့​သည့် တမန်​တော်​ပေါလု​၏​ဆုံးမ​စကား​နှင့်​အညီ ကျွန်ုပ်​တို့​ပြု​မပြု ယေဟောဝါ​နှင့် ယေရှု​ခရစ်​တို့​က​သာ အတိအကျ​တရား​စီရင်​နိုင်​ပါ​သည်။—၂ တိမောသေ ၂:၁၅သမ္မာ; ၂ ပေတရု ၁:၁၀; ၃:၁၄

၁၇။ အတတ်နိုင်ဆုံး ကြိုးစား​လုပ်ဆောင်နေ​စဉ် ယာကုပ် ၃:၁၇ ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​မှတ်ထား​သင့်​သနည်း။

၁၇ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ထံ​မှ အသင့်အတင့်​သာ မျှော်လင့်​တော်​မူ​၏။ ယာကုပ် ၃:၁၇ [က​ဘ] အရ “အထက်​မှ​သက်ရောက်​သော​ပညာ” တွင် အခြား​အရာများ​အပြင် “သင့်တင့်​လျော်​ကန်” ခြင်း​ပါဝင်​၏။ ဤ​ကိစ္စ​တွင် ယေဟောဝါ​ကို ကျွန်ုပ်​တို့ အတုယူ​မည်​ဆိုလျှင် ပညာရှိ​လမ်းစဉ်​ဖြစ်သည်​သာမက တကယ့်​အောင်မြင်မှု​တစ်ခု ဖြစ်​မည်​မဟုတ်ပေ​လော။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် မိမိတို့​ကိုယ်တိုင်​နှင့် ညီအစ်ကို​များ မတတ်နိုင်​ရာ​ကို တရားလွန် မမျှော်​မှန်း​သင့်​ပါ။

၁၈။ ကျွန်ုပ်​တို့၏​အကျင့်​နှင့် ယေဟောဝါ​၏ မခံစားထိုက်သော​ကျေးဇူးတော်​အပေါ် အမြင်မှန်​ရှိလျှင် အဘယ်အရာကို မျှော်လင့်​နိုင်​သနည်း။

၁၈ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​ဆိုင်ရာ​အကျင့်​များနှင့် ယေဟောဝါ​၏​မခံစားထိုက်သော ကျေးဇူးတော်​အပေါ် အမြင်မှန်​ရှိနေ​သမျှ​ကာလပတ်လုံး ယေဟောဝါ​၏​စစ်မှန်သော​ကျေးကျွန်​များ​၏ အမှတ်အသား​ဖြစ်သည့် ပျော်ရွှင်မှု​ကို ဆက်​တင်ပြ​နေကြပါ​မည်။ (ဟေရှာယ ၆၅:၁၃၊ ၁၄) ကျွန်ုပ်​တို့​ကိုယ်တိုင် မည်မျှ​ပင်​လုပ်ဆောင်​နိုင်​ပါစေ ကိုယ်တော်​၏​လူမျိုးတစ်မျိုး​လုံး​အပေါ် ယေဟောဝါ​သွန်းလောင်း​သော ကောင်းချီး​များ ခံစားရ​၍ ဝမ်းမြောက်​နိုင်​ကြ​ပါ​မည်။ ယေဟောဝါ​ထံ “ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း” နေခြင်း​ဖြင့် အစွမ်းကုန်​ကြိုးစား​လုပ်ဆောင်ရန် ကူညီ​ပေးဖို့ အသနားခံ​ကြ​ပါ​မည်။ သို့ပြုလျှင် “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏ ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် [ကျွန်ုပ်​တို့]၏​စိတ်နှလုံး [နှင့် စိတ်စွမ်း​အား] တို့ကို စောင့်မ​လိမ့်​မည်” မှာ သေချာ သည်။ (ဖိလိပ္ပိ ၄:၄-၇) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​အကျင့်​အားဖြင့်​သာ​မဟုတ်ဘဲ ယေဟောဝါ​၏ မခံစားထိုက်သော​ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း​ရနိုင်​ကြောင်း သိထား​၍ နှစ်သိမ့်မှု​နှင့် အားပေးမှု​ရရှိနိုင်​ကြ​ပါ​သည်!

သင်​ရှင်းပြ​နိုင်​သလော

ခရစ်ယာန်​များသည်

• ကိုယ့်​အောင်မြင်မှု​များ​အကြောင်း ဝါကြွား​ပြောဆိုခြင်း​ကို အဘယ်ကြောင့်​ရှောင်​ကြ​သနည်း။

• အပြိုင်အဆိုင်​စိတ်ဓာတ် တင်ပြခြင်း​ကို အဘယ်ကြောင့်​ရှောင်​ကြ​သနည်း။

• လယ်ကွင်း​ဓမ္မ​အမှု​တွင်​ပါဝင်​သည့် သူတို့၏​လုပ်ဆောင်မှုကို အဘယ်ကြောင့် မှတ်တမ်းသွင်း​ကြ​သနည်း။

• ခရစ်ယာန်​ချင်း​များ​အား စစ်ကြော​ဆုံးဖြတ်ခြင်း​ကို အဘယ်ကြောင့်​ရှောင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

“ငါ့​ကျေးဇူး​သည် သင့်​အဖို့ လောက်​ပေ​၏”

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

အကြီးအကဲ​များသည် အသင်းတော်​၏​ကောင်းကျိုး​အတွက် မိမိတို့​တတ်နိုင်​သမျှ ပါဝင်​ကူညီ​ရခြင်း​ကို ဝမ်းမြောက်​ကြ

[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]

သင့်​မှတ်တမ်း​မပါ​လျှင် ခြုံငုံ​မှတ်တမ်း ပြည့်စုံ​မည်​မဟုတ်