မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ

အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်သောအခါ

အိမ်ထောင်ရေး ကတောက်ကဆတ်​ဖြစ်သော​အခါ

စဉ်းစားဉာဏ်​ရှိသော မည်သည့်​ယောက်ျား၊ မိန်းမ​မျှ အိမ်ထောင်ရေး​ပဋိပက္ခ​ဖြစ်မှု​ကို မလိုလား​ကြသော်လည်း မကြာမကြာ​ဖြစ်လေ့​ရှိ၏။ ဖြစ်တတ်​သည်​မှာ၊ အိမ်ထောင်ဖက်​တစ်ဦး​သည် သူ၏​ကြင်ဖော် စိတ်​တို​အောင် ပြောလိုက်​မိ​သည်။ အသံ​ကျယ်​လာပြီး ဒေါသ​မီး​ထ​တောက်​ရာ ထေ့​လုံး​ငေါ့​လုံး​များ​ဖြင့် စိတ်​လိုက်​မာန်​ပါ စကား​များ​ကြ​တော့​သည်။ ထို့နောက် နှစ်ဦးစလုံး အလျှော့မပေး၊ စကား​မပြော​ဘဲ အေး​တိ​အေးစက်​ဖြစ်သွား​ကြသည်။ အတန်​ကြာသော် ဒေါသ​ပြေ​သွားပြီး အချင်းချင်း​တောင်းပန်​ကြ​ရာ နောက်​တစ်ကြိမ် စကား​မများ​မချင်း ပြန်လည်​သင့်မြတ်​သွား​ကြ​လေ​သည်။

အိမ်ထောင်ရေး ကတောက်ကဆတ်​ဖြစ်မှု​အကြောင်း ဟာသ​များနှင့် တီဗွီ​ဇာတ်လမ်း​များ​တွင် တ​သီ​တ​တန်း​ဖော်ပြ​ပြောဆို​လေ့​ရှိသော်လည်း တကယ်​ဖြစ်လာ​သည့်​အခါ ရ​ယ်​ရွှင်​စ​ရာ​မဟုတ်ပါ။ သမ္မာ​ကျမ်းစာ​ပါ ပညာရှိ​စကား​တစ်ခွန်း​က ဤသို့​ဆို​သည်– “ဆင်ခြင်တုံ​တရား​ကင်းမဲ့​စွာ ပြောဆို​တတ်​သည့်​နှုတ်​သည် ဓား​သဖွယ်​ပြင်းထန်​စွာ ဒဏ်ရာ​ရစေ​နိုင်၏။” (သု. ၁၂:၁၈ခေတ်သုံး) မှန်ပါသည်၊ ကြမ်းတမ်းသော​စကား​သည် ရန်ဖြစ်​ပြီး အတော်ကြာ​အထိ စိတ်ဒဏ်ရာ​များ​အဖြစ် ကျန်ရစ်​နိုင်၏။ အကြမ်းဖက်​သည့်​အထိ​ပင် စကား​များ​နိုင်​သည်။—ထွက်မြောက်ရာ ၂၁:၁၈

လူ့​မစုံလင်မှု​ကြောင့် အိမ်ထောင်တွင် ရံဖန်ရံခါ ပြဿနာ​များ​ပေါ်ပေါက်​တတ်​သည်။ (ကမ္ဘာဦး ၃:၁၆; ၁ ကောရိန္သု ၇:၂၈) သို့သော် မကြာခဏ၊ အကြီးအကျယ် စကား​များ​ခြင်း​ကို သာမန်​ကိစ္စ​အဖြစ် သဘော​မထားသင့်​ပါ။ မကြာမကြာ​စကား​များ ရန်ဖြစ်​သည့်​အကျင့်​သည် နောက်ဆုံး​တွင် ကွာရှင်း​ရဖို့​အလားအလာ များ​စေ​သည်​ဟု သုတေသီ​များ​က သတိပြုမိ​ကြ​၏။ ထို့​ကြောင့် သင်​ကော သင့်​ကြင်ဖော်​ပါ သဘောထား​ကွဲလွဲ​မှုများ​ကို အေးဆေး​ငြိမ်သက်​စွာ ဖြေရှင်း​တတ်​အောင် သင်ယူဖို့​အရေးကြီး​သည်။

အခြေအနေ​ကို ဆန်းစစ်​ကြည့်​ခြင်း

သင့်​အိမ်ထောင်တွင် မကြာမကြာ စကား​များ​ခြင်း​သည် အကျင့်​ဖြစ်နေ​ပြီ​လော​ဟု စိစစ်​ကြည့်​ပါ။ သင်​နှင့် သင့်​ကြင်ဖော်​တို့ သဘောထား​မ​တိုက်ဆိုင်​သည့်​အခါ မည်သို့​ဖြစ်လေ့ဖြစ်ထ​ရှိ​သနည်း။ စကားပြော​ဆို​နေရင်း ချက်ချင်း လမ်းကြောင်း​ပြောင်း​ကာ စော်ကား​သည့်​စကားလုံး​များ၊ စွပ်စွဲချက်​များ တရ​စပ်​ပစ်ခတ်​သည့်​အခြေအနေ​သို့ ဆိုက်​သွား​သလော။ သို့​ဖြစ်​လျှင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

ဦးဆုံး၊ အသင်​ကိုယ်တိုင် ပြဿနာ​ကို မည်သို့​ကြီးထွား​စေ​နေကြောင်း ရိုးရိုးသားသား​ဆန်းစစ်​ကြည့်​ပါ။ သင်သည် ဒေါသ​ထွက်​လွယ်​သလော။ အငြင်းအခုံ​ပြု​တတ်​သည့်​သဘော​ရှိသလော။ ယင်း​နှင့်​ပတ်သက်​၍ သင့်​ကြင်ဖော်​က မည်သို့​ဆို​မည်​နည်း။ စကား​များ​ရန်ဖြစ်​ခြင်း​နှင့်​ပတ်သက်​၍ သင်တို့​နှစ်ဦးစလုံး​သည် အမြင်မတူ​နိုင်သော​ကြောင့် ဤ​နောက်ဆုံး​မေးခွန်း​ကို သုံးသပ်ကြည့်​ဖို့​အရေးကြီး​၏။

ဥပမာ၊ သင့်​ကြင်ဖော်​သည် သိုသိုသိပ်သိပ်​နေတတ်​သူ​ဖြစ်သော်လည်း အသင်​က​မူ ဘွင်းဘွင်းရှင်းရှင်း စိတ်ထဲ​ရှိရာ​ကို အားမာန်ပါပါ​ပြောဆို​တတ်​သည်​ဆိုပါစို့။ “ငါ​ကြီးပြင်း​ခဲ့​တဲ့ မိသားစုမှာ အားလုံး​က ဒီလိုပဲ ပြောဆို​တတ်ကြ​တာ။ အဲဒါ စကား​များ​တာ​မဟုတ်ဘူး!” ဟု​သင်​ဆို​ပေမည်။ ယင်း​သို့​ပြောဆိုခြင်း​ကို ငြင်းခုံ​နေသည်​ဟု သင်​မြင်​ချင်​မှ​မြင်​မည်။ သို့သော် ပွင့်ပွင့်လင်းလင်း​ပြောဆိုခြင်း​ဟု သင်ယူ​ဆရာ​ကို သင့်​ကြင်ဖော်​က ထိခိုက်​နာကျင်စေ​သော ရန်လို​သည့်​စကား​ဟု မြင်​ပေမည်။ သင်တို့​နှစ်ဦး​၏ စကားပြော​ဆို​ဆက်သွယ်နည်း မတူ​ကြောင်း​သိထား​ရုံ​ဖြင့် အထင်လွဲ​မှား​မှုများ​ကို တားဆီး​ပေး​နိုင်​သည်။

အော်ဟစ်​ပြောဆို​မှ အငြင်းပွား​ခြင်း​မဟုတ်​ကြောင်းကို​လည်း သတိရပါ။ ခရစ်ယာန်​များ​ထံ ပေါလု​ဤသို့​စာရေး​ခဲ့​သည်– “အော်ဟစ်​ငေါ​က်ငေါ်​ခြင်း၊ သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း​တို့ကို . . . သင်တို့​မှ​ပယ်ရှား​ကြလော့။” (ဧဖက် ၄:၃၁) “အော်ဟစ်​ငေါ​က်ငေါ်​ခြင်း” ဟူသည် ကျယ်ကျယ်လောင်လောင်​ပြော​ခြင်း​ဖြစ်​ပြီး “သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း” က​မူ ပြောလိုက်​သည့်​စကား​ပါ​အကြောင်းအရာကို ဆိုလို​သည်။ ယင်းကို​ထောက်​သော် ဒေါသ​ထွက်​အောင်​ဆွပေး​သော၊ ဂုဏ်​ငယ်​စေသော​စကား​များ​ကို တိုးတိုး​ပြော​လျှင်​ပင် ရန်​တွေ့​စကား​များ​ခြင်း​ဖြစ်​နိုင်​သည်။

ယင်းကို​မှတ်သား​ပြီး သင့်​အိမ်ထောင်ဖက်​နှင့် သဘောထား​ကွဲလွဲ​မှုများ​ကို သင်​မည်သို့​ဖြေရှင်း​ကြောင်း ပြန်​သုံးသပ်ကြည့်​ပါ။ အသင်​သည် ရန်လို​တတ်​သူ​လော။ ကျွန်ုပ်​တို့​သိရှိ​ခဲ့​သည့်​အတိုင်း ထို​မေးခွန်း​၏​အဖြေ​မှန်သည် သင့်​ကြင်ဖော်​၏​ရှုမြင်ပုံ​အပေါ် များစွာ​မူတည်​၏။ သင့်​ကြင်ဖော်​၏​ရှုမြင်ပုံသည် အကဲဆတ်​လွန်း​သည်​ဟု ပစ်ပယ်​လိုက်​မည့်​အစား သူ့​အမြင်​နှင့် သင့်ကိုယ်​သင်​မြင်ပြီး လိုအပ်​လျှင် ပြုပြင်​ပြောင်းလဲ​လိုက်ပါ။ ပေါလု​က “ကိုယ်​အကျိုးကို​အဘယ်သူမျှ​မ​ရှာ​စေ​နှင့်။ သူ့​အကျိုးကို​လူတိုင်း​ရှာ​စေ” ဟု​ရေးသားခဲ့​သည်။—၁ ကောရိန္သု ၁၀:၂၄

“အဘယ်​သို့​ကြားနာ​ရသည်ကို သတိပြု​ကြလော့”

“သင်တို့သည် အဘယ်​သို့​ကြားနာ​ရသည်ကို သတိပြု​ကြလော့” ဟူသော ယေရှု၏​စကား​တွင် သဘောထား​ကွဲလွဲ​မှုများ​ကို ကိုင်တွယ်​ဖြေရှင်း​နည်း နောက်တစ်နည်း တွေ့ရှိ​ရသည်။ (လုကာ ၈:၁၈) ဤ​တွင် ယေရှုသည် အိမ်ထောင်ရေး​ဆက်သွယ်မှု​အကြောင်း ပြောနေခြင်း​မဟုတ်​သည်​မှာ မှန်ပါသည်။ သို့သော် မူ​အရ သက်ဆိုင်​သည်။ သင့်​ကြင်ဖော်​စကားပြော​သောအခါ သင်​ကောင်းကောင်း နားထောင်​သလော။ နား​ပင် ထောင်​၏​လော။ သို့​တည်း​မဟုတ် သင်​စုံ​စုံ​စေ့စေ့ နားမလည်​သော ပြဿနာ​များ​ကို နှုတ်​သွက်သွက်​ဖြင့် ကြားဖြတ်​ဖြေရှင်း​ပေး​တတ်​သလော။ “အကျိုးအကြောင်းကို​မ​စစ်​မီ [“နားမထောင်​မီ၊” က​ဘ] အမှု​စီရင်​သော​သူသည် မိုက်​သော​အပြစ်၊ အရှက်ကွဲ​ရသော​အပြစ်ရှိ​၏” ဟု​သမ္မာကျမ်းစာ​က​ဆို​၏။ (သု. ၁၈:၁၃) ထို့​ကြောင့် လင်​နှင့်​မယား ကတောက်ကဆတ်​ဖြစ်​ကြသောအခါ သဘောထား​ကွဲလွဲ​မှု​ကို​ဆွေးနွေး​ပြီး တစ်ဦး​ကိုတစ်​ဦး ကောင်းကောင်း​နားထောင်​ပေးဖို့​လို​၏။

သင့်​ကြင်ဖော်​၏​အမြင်ကို ဘေးချိတ်​ပစ်​မည့်​အစား ‘ကိုယ်ချင်းစာ​နာ​စိတ်’ ပြဖို့ ကြိုးစား​ပါ။ (၁ ပေတရု ၃:၈) မူရင်း​ဂရိ​တွင် ဤ​စကားလုံး​သည် အခြားသူ​နှင့်အတူ ခံစားခြင်း​ဟု အဓိပ္ပာယ်​ရှိ၏။ ကိစ္စ​တစ်ခု​နှင့်​ပတ်သက်​၍ သင့်​ကြင်ဖော် စိတ်သောက​ရောက်​နေလျှင် အသင်​လည်း ဝေမျှ​ခံစား​သင့်​သည်။ ကိစ္စရပ်​ကို တစ်ဖက်သား​၏​အမြင်​နှင့် ကြည့်​တတ်​ဖို့ ကြိုးစား​ပါ။

ဘုရားသခင်​ကို​ကြောက်ရွံ့​သော​အမျိုးသား ဣဇာက်​သည် ထိုသို့​ပြု​ပုံ​ရှိသည်။ သူ၏​ဇနီး ရေဗက္က​သည် သား​ယာကုပ်နှင့်​ပတ်သက်သော မိသားစု​ကိစ္စ​တစ်ခု​ကြောင့် အလွန်​စိတ်ပူ​နေကြောင်း သမ္မာကျမ်းစာ​က​ဆို​သည်။ သူက “ကျွန်မ​သည် ဟေ​သ​အမျိုးသမီး​တို့​ကြောင့်၊ ကိုယ်​အသက်ကို ငြီးငွေ့​လှ​၏။ ဤ​ပြည်သူ​သမီး​ကဲ့သို့​သော​သူ၊ ဟေ​သ​အမျိုးသမီးနှင့် ယာကုပ်​အိမ်ထောင်ဖက်​ပြု​လျှင် ကျွန်မ​အသက်ရှင်​၍ အဘယ်​ကျေးဇူးရှိ​ပါ​လိမ့်​မည်​နည်း” ဟု​ဣဇာက်​ကို​ဆို​လေ​၏။—ကမ္ဘာဦး ၂၇:၄၆

ရေဗက္က​သည် စိုးရိမ်​ပူပန်​လွန်း​သဖြင့် ထို​ကိစ္စ​ကို ပုံကြီးချဲ့​ပြောဆို​ခဲ့​ခြင်း​ဖြစ်​ပေမည်။ သူ့​အသက်ကို သူ အမှန်တကယ် ငြီးငွေ့​ပါသလော။ ဟေ​သ​အမျိုးသမီး​တစ်ဦး​နှင့် သူ့​သား အိမ်ထောင်ပြု​ခဲ့​လျှင် သူ​အမှန်ပင် အသက်မရှင်​လို​တော့​ပြီ​လော။ ထိုသို့​ဖြစ်​နိုင်​မည်​မဟုတ်ပေ။ သို့​တိုင် ဣဇာက်​သည် ရေဗက္က​၏​ခံစားချက်​ကို အသေးအဖွဲ​ကိစ္စ​ဟု သဘော​မထား​ခဲ့​ချေ။ ယင်းအစား ရေဗက္က​၏​စိုးရိမ်မှု​ကို ဂရုစိုက်​ဖို့​လို​ကြောင်း အသိအမှတ်​ပြုပြီး အရေးယူ​လုပ်ဆောင်ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၂၈:၁) နောက်​တစ်ကြိမ် သင်၏​ကြင်ဖော်​က ကိစ္စရပ်​တစ်ခု​နှင့်​ပတ်သက်​၍ စိုးရိမ်မကင်း​ဖြစ်​ကြောင်း​ဖော်ပြ​လျှင် အလားတူ​ပြု​ပါ။ အသေးအဖွဲ​ကိစ္စ​အဖြစ် သဘောထား​ပစ်ပယ်​မည့်​အစား သင့်​အိမ်ထောင်ဖက်​စကားပြော​သည့်​အခါ နားထောင်ပါ၊ သူ၏​အမြင်ကို လေးစား​ပြီး ကိုယ်ချင်းစာ​နာ​စွာ တုံ့ပြန်​ပါ။

နားထောင်ခြင်း​နှင့် ထိုးထွင်း​သိမြင်ခြင်း

သမ္မာ​ကျမ်းစာ​ပါ ပညာရှိ​စကား​တစ်ခွန်း​က​ဤသို့​ဆို​သည်– “ထိုးထွင်း​သိမြင်​တတ်​သူသည် မိမိ​အမျက်​ဒေါသကို​ချုပ်တည်း​တတ်၏။” (သု. ၁၉:၁၁က​ဘ) ဒေါသ​ပေါက်ကွဲ​နေချိန်​တွင် သင်၏​ကြင်ဖော်​နှုတ်​မှ​ထွက်​သော စိတ်​နာကြည်း​စ​ရာ​စကား​တိုင်း​ကို စိတ်​လိုက်​မာန်​ပါ​တုံ့ပြန်​မိဖို့ အလွန်​လွယ်​၏။ သို့သော် ထိုသို့​ပြုခြင်း​သည် အများအားဖြင့် အငြင်းပွားမှု​ကို မီးထိုး​ယပ်ခတ်​ပေး​ရာ​ရောက်​သည်။ ထို့​ကြောင့် သင့်​ကြင်ဖော်​စကားပြော​ဆို​နေစဉ် ပြော​သည့်​စကား​များ​ကို နားထောင်​ရုံ​သာမက ထိုစကား​လုံး​များ​နောက်ဝယ်​ရှိ ခံစားချက်​များ​ကို​ပါ သဘောပေါက်​ဖို့ ကြိုးစား​ပါ။ ထိုသို့​ထိုးထွင်း​သိမြင်​တတ်​ခြင်း​က သင်​ကိုယ်တိုင်​၏ စိတ်​အနှောင့်အယှက်​ဖြစ်စရာ​များ​ထက် ပြဿနာ​၏​ရင်းမြစ်ကို သိမြင်စေပါ​လိမ့်​မည်။

ဥပမာ၊ ဇနီးသည်​က “ကျွန်မ​ကို ရှင်​အချိန်​နည်းနည်းမှ​မပေးဘူး!” ဟု သင့်​အား​ပြော​သည်​ဆိုပါစို့။ ထို​အခါ သင်​စိတ်​တို​သွားပြီး သူ၏​စွဲချက်​ကို တုံး​တိ​တိ ငြင်းဆို​လို​ပေမည်။ “ပြီး​ခဲ့​တဲ့​လ​က မင်းကို တစ်ရက်လုံး​လုံး အချိန်ပေး​ခဲ့​တာ​ပဲ!” ဟု​သင်​တုံ့ပြန်​ပေမည်။ သို့သော် သင့်​ဇနီး​ပြော​သည်ကို ဂရုတစိုက်​နားထောင်​မည်​ဆိုလျှင် နောက်ထပ်​အချိန်​ပေးဖို့ သူ​တောင်းဆို​နေခြင်း​မဟုတ်​ကြောင်း တွေ့ရှိ​နိုင်​သည်။ အမှန်ဆိုလျှင် သူသည် လျစ်လျူရှု​ခံရ​ပြီး အချစ်​မခံရ​ဟု ခံစား​နေရ​ကြောင်း ဖွင့်ဟ​ပြောဆို​နေခြင်း​ဖြစ်​ပြီး သူ​စိတ်အေး​ရန် အားပေး​စကား​ကြား​လို​၍ ဖြစ်​ပေမည်။

သင်သည် ဇနီး​တစ်ဦး​ဖြစ်​ပြီး ခင်ပွန်း​သည်​က ဝယ်ခြမ်း​ပြီး​ခါ​စ ပစ္စည်း​တစ်ခု​နှင့်​ပတ်သက်​၍ သူ၏​စိတ်ပူ​ပန်​မှု​ကို ထုတ်ပြော​သည်​ဆိုပါစို့။ “ဒီလောက်တောင် ငွေ​သုံး​လိုက်ရ​သလား” ဟု မယုံနိုင်​စွာ ပြောလိုက်​ပေမည်။ ထို​အခါ သင်က မိသားစု​အသုံးစရိတ်​ကို​ဖြစ်စေ၊ သူ​ဝယ်​သည့်​ပစ္စည်း​တစ်ခု​နှင့် သင်​ဝယ်​သော​ပစ္စည်း​တန်ဖိုး​ကို​ဖြစ်စေ နှိုင်းယှဉ်​ပြီး မိမိကိုယ်ကို ကာကွယ်​ပြောဆို​ပေမည်။ သို့သော် ထိုးထွင်း​သိမြင်​တတ်​ခြင်း​က သင်၏​ခင်ပွန်း​သည် ငွေ​သုံးစွဲခြင်း​ကိစ္စ​ကို​ပြောနေခြင်း​မဟုတ်​ကြောင်း သိမြင်စေပါ​လိမ့်​မည်။ ယင်းအစား အရေးပါသော​ပစ္စည်း​တစ်ခု​ဝယ်​လိုက်​ရာ​တွင် သူ့ကို​မတိုင်ပင်​သည့်​အတွက် စိတ်​အနှောင့်အယှက်​ဖြစ်​ခြင်း​ကို ဖော်ပြ​နေ​ပေမည်။

မှန်ပါသည်၊ မောင်နှံစုံ​တို့သည် တစ်ဦး​ကိုတစ်​ဦး​အချိန်ပေး​ပုံ၊ ပစ္စည်း​ဝယ်​ဖို့​ဆုံးဖြတ်ချက်​ချ​ပုံ​ချင်း မတူ​နိုင်​ကြ​ပေ။ အငြင်းပွား​စ​ရာ​ကိစ္စ​များ​ဖြစ်ပေါ်​လာ​လျှင် ထိုးထွင်း​သိမြင်မှု​သည် ဒေါသ​ထိန်း​စေပြီး အကြောင်းရင်းကို သိမြင်​စေနိုင်​မည်​ဖြစ်သည်။ စိတ်​လိုက်​မာန်​ပါ တုံ့ပြန်​မည့်​အစား ကျမ်း​ရေးသူ​ယာကုပ်​၏ ဤ​တိုက်တွန်းချက်​ကို လိုက်နာပါ​လေ– “နား​ကြား​ခြင်း​ငှာ​လျင်မြန်​ကြ​စေ။ စကားပြော​ခြင်း​ငှာ​လည်းကောင်း၊ အမျက်ထွက်ခြင်း​ငှာ​လည်းကောင်း နှေး​ကြ​စေ။”—ယာကုပ် ၁:၁၉

သင့်​ကြင်ဖော်​အား စကားပြော​သည့်​အခါ သင်၏​အသံနေအသံထား​သည် အရေးပါ​ကြောင်း သတိရပါ။ “ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ပင်​ပျောက်စေ​တတ်၏” ဟု သမ္မာကျမ်းစာ​ဆို​၏။ (သု. ၁၂:၁၈) လင်​နှင့်​မယား ကတောက်ကဆတ်​ဖြစ်​ချိန်​၌ သင်​ပြောဆို​သော​စကား​သည် စိတ်နာ​စ​ရာ​ဖြစ်စေ​သလော၊ အမျက်​ကို​ငြိမ်း​စေ​သလော။ ဆက်သွယ်မှု​အတွက် အတားအဆီး​ဖြစ်သလော၊ ပြန်​ပြေလည်​စေ​သလော။ ကျွန်ုပ်​တို့​သိရှိ​ခဲ့​သည့်​အတိုင်း ဒေါသတကြီး စိတ်​လိုက်​မာန်​ပါ​တုံ့ပြန်​ခြင်း​သည် အချေအတင်​ငြင်းခုံ​မှု​ကို​သာ ဖြစ်ပွား​စေ​သည်။—သု. ၂၉:၂၂

သဘောထား​ကွဲလွဲ​မှု​သည် ခွန်း​ကြီး​ခွန်း​ငယ်​ဖြစ်လာ​လျှင် စကား​များ​ရသည့်​အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးပမ်း​ပါ။ လူကို​မဟုတ်၊ သဘောထား​ကွဲလွဲ​ရသည့်​အကြောင်းရင်းကို အာရုံစိုက်ပါ။ မည်သူ​မှန်သည်​ထက် အဘယ်အရာ​မှန်သည်​ကို အဓိက​ထား​ပါ။ အငြင်းပွား​နေသည့်​ကိစ္စ​ကို မီးလောင်​ရာ​လေ​ပင့်​သည့် စကား​မျိုး​မပြော​မိဖို့ သတိပြုပါ။ “ကြမ်းတမ်းသော​စကား​မူ​ကား အမျက်​ကို​နှိုးဆော်​တတ်၏” ဟု သမ္မာကျမ်းစာ​ဆို​သည်။ (သု. ၁၅:၁) သင်၏​စကား​နှင့် ပြောဆို​ပုံ​ပြောဆို​နည်း​က သင့်​ကြင်ဖော်​၏​ပူးပေါင်း​ဆောင်ရွက်မှု​ကို ရနိုင်​မ​နိုင် အဆုံးအဖြတ်​ပေး​ပေမည်။

အနိုင်​ရဖို့​မဟုတ် ပြေလည်​ဖို့ ရည်ရွယ်​ပါ

သဘော​ကွဲလွဲ​မှုများ​ကို ဖြေရှင်း​ရာ​တွင် ပန်းတိုင်​မှာ အနိုင်​ရဖို့​မဟုတ် ပြဿနာ​ပြေလည်​ဖို့​ဖြစ်သည်။ ပြေလည်​အောင် သင်​မည်သို့​ဖြေရှင်း​နိုင်​မည်​နည်း။ အသေချာဆုံး​နည်း​မှာ ကျမ်းစာ​သွန်သင်ချက်​ကို ရှာဖွေပြီး လက်တွေ့​ကျင့်သုံး​ခြင်း​ဖြစ်သည်၊ အထူးသဖြင့် လင်ယောက်ျား​များ​က ယင်းကို အစပြု​လုပ်ဆောင်​သင့်​သည်။ လတ်တလော​ဖြစ်နေ​သော ကိစ္စရပ်​များ သို့​မဟုတ် ပြဿနာ​များ​အပေါ် ခံယူ​ချက်​ပြင်းထန်​နေ​မည့်​အစား ၎င်းတို့ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ ရှုမြင်ပါ​လေ။ ကိုယ်တော့်​ထံ​ဆုတောင်း​ပြီး ကျွန်ုပ်​တို့၏​စိတ်နှလုံး​နှင့် စိတ်စွမ်း​အား​တို့ကို စောင့်မ​ပေး​မည့် ဘုရားသခင်​၏​ငြိမ်သက်ခြင်း​ကို ရှာယူပါ။ (ဧဖက် ၆:၁၈; ဖိလိပ္ပိ ၄:၆၊ ၇) ကိုယ့်​အမှုအရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ သင့်​ကြင်ဖော်​၏​အမှုအရာ​ကို ရှုမှတ်​ရန် ကြိုးပမ်း​အားထုတ်ပါ။—ဖိလိပ္ပိ ၂:၄

အခြေအနေ​ကို ပိုမို​ဆိုးဝါး​စေ​လေ့​ရှိစေသည်​မှာ နာကြည်း​ချက်​များနှင့် မထိန်းချုပ်​နိုင်သော စိတ်​လှုပ်ရှားမှုများ​အတိုင်း စဉ်းစား​ပြုမူခြင်း​ဖြစ်သည်။ တစ်ဖက်​တွင်​မူ သမ္မာကျမ်းစာ​သွန်သင်ချက်​နှင့်​အညီ ပြုပြင်​ရန်​အသင့်ရှိခြင်း​က ငြိမ်သက်ခြင်း၊ စိတ်သဘော​ညီညွတ်ခြင်း​ရှိစေ​သည့်​အပြင် ယေဟောဝါ​ထံ​မှ ကောင်းချီး​ခံစား​စေ​သည်။ (၂ ကောရိန္သု ၁၃:၁၁) ထို့​ကြောင့် “အထက်​မှ​သက်ရောက်​သော​ပညာ” ၏​လမ်းပြမှု​ကို​ခံယူ​ပါ၊ ဘုရားသခင်​နှစ်သက်သော အရည်အသွေးများ တင်ပြ​ပါ၊ “အသင့်အတင့်​နေခြင်း​ငှာ​ပြုစု​တတ်သော​သူ” များ​အဖြစ် အကျိုးကျေးဇူးများ​ကို ရိတ်သိမ်း​ပါ​လေ။—ယာကုပ် ၃:၁၇၊ ၁၈

အမှန်​မှာ၊ ကိုယ့်​အကြိုက်ကို စွန့်လွှတ်​ဖို့​လိုအပ်​လျှင်​ပင် သဘောထား​ကွဲလွဲ​မှုများ​ကို အေးအေးဆေးဆေး​ဖြေရှင်း​တတ်​ဖို့ ကျွန်ုပ်​တို့အားလုံး သင်ယူ​သင့်​သည်။ (၁ ကောရိန္သု ၆:၇) “အမျက်ထွက်ခြင်း၊ စိတ်ဆိုး​ခြင်း၊ မနာလို​ခြင်း၊ သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း၊ ညစ်ညူး​သော​စကား​ကို​သုံး​ခြင်း​တို့ကို” ပယ်ရှား​ပြီး “လူဟောင်း​၏​အကျင့်​တို့​နှင့် လူဟောင်း​၏​ကိုယ်ကို​ချွတ်ပယ်​၍ . . . အသစ်​ပြုပြင်​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်” ပါ​ဟူသော ပေါလု​၏​တိုက်တွန်းချက်​ကို လက်တွေ့​ကျင့်သုံး​ပါ​လေ။—ကောလောသဲ ၃:၈-၁၀

တစ်ခါတစ်ရံ၊ နောင်​မှ ယူကျုံး​မရ​ဖြစ်စေ​သည့်​စကား​မျိုးကို သင်​ပြောဆို​မိ​ပေမည်။ (ယာကုပ် ၃:၈) ထိုသို့​ဖြစ်​လျှင် သင့်​ကြင်ဖော်​ကို တောင်းပန်​လိုက်ပါ။ ဆက်၍​ကြိုးပမ်း​အားထုတ်ပါ။ အချိန်တန်သော်၊ သဘောထား​ကွဲလွဲ​မှုများ​ကို ဖြေရှင်း​ရာ​၌ တိုးတက်​အောင်မြင်​လာ​ကြောင်း သင်တို့​နှစ်ဦးစလုံး တွေ့မြင်​ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အငြင်းပွားမှု​လျော့ပါး​စေသည့် ခြေလှမ်း​သုံးခု

• သင့်​ကြင်ဖော် စကားပြော​ချိန်​တွင် နားထောင်ပါ။ သု. ၁၀:၁၉

• သူ၏​ရှုမြင်ပုံကို လေးစားပါ။ ဖိလိပ္ပိ ၂:၄

• ချစ်ခင်​ကြင်နာ​စွာ တုံ့ပြန်​ပါ။ ၁ ကောရိန္သု ၁၃:၄-၇

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ယခု သင်​ပြု​နိုင်​သည်​မှာ

အောက်ပါ​မေးခွန်းများကို သင့်​အိမ်ထောင်ဖက်​အား မေးကြည့်ပါ၊ သူ့​အဖြေ​များ​ကို ကြား​မ​ဖြတ်​ဘဲ နားထောင်ပါ။ ထို့နောက် သင့်​ကြင်ဖော်​ကို တစ်​လှည့်​မေး​စေပါ။

• ကျွန်ုပ်​သည် ရန်လို​တတ်​သူ​လော။

• သင်ရင်​ဖွင့်ပြော​နေစဉ် ကျွန်ုပ် အမှန်တကယ်​နားထောင်ပါ​သလော၊ သင်​ပြော​၍​မပြီး​ခင် စိတ်​လိုက်​မာန်​ပါ တုံ့ပြန်​တတ်​သလော။

• ကျွန်ုပ်​၏​စကား​များသည် သင့်အတွက် စာနာစိတ်​ကင်း​သော သို့​မဟုတ် ဒေါသ​ထွက်​စေသော စကား​မျိုး​ဖြစ်နေ​သလော။

• အထူးသဖြင့် ကိစ္စ​တစ်ခု​နှင့်​ပတ်သက်ပြီး ကျွန်ုပ်​တို့​သဘောထားကွဲ​နေလျှင် အချင်းချင်း​ပြောဆို​ဆက်သွယ်​ပုံ တိုးတက်စေ​ဖို့ နှစ်ဦးစလုံး အဘယ်အရာ​ပြု​နိုင်​သနည်း။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သင်​နားထောင်ပါ​သလော

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ပစ်ထား​ခံရ​ပြီး​အချစ်​မခံရ​ဘူးလို့ ကျွန်မ​ခံစား​ရတယ်”

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ကျွန်မ​ကို ရှင်​အချိန်​နည်းနည်းမှ​မပေးဘူး!”

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

“ပြီး​ခဲ့​တဲ့​လ​က မင်းကို တစ်ရက်လုံး​လုံး အချိန်ပေး​ခဲ့​တာ​ပဲ!”