မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဤလောကအဘယ်ဆီသို့ ဦးတည်နေသနည်း

ဤလောကအဘယ်ဆီသို့ ဦးတည်နေသနည်း

ဤ​လောက​အဘယ်​ဆီ​သို့ ဦးတည်​နေသနည်း

ကမ္ဘာချီ​စည်းလုံးမှု။ အလွန်​နှစ်သက်စရာ​ပင်။ ယင်းကို​မလိုလား​သူ ရှိပါ​မည်​လော။ မှန်​၏၊ စည်းလုံးမှု​အကြောင်း များစွာ​ပြောဆို​နေကြ​ပေ​သည်။ ကမ္ဘာ့​ခေါင်းဆောင်​များသည် အစည်းအဝေး​များ​တွင် ယင်း​အကြောင်းကို ကြိမ်ဖန်​များစွာ အာရုံစိုက်ခဲ့​ကြပြီ။ ၂၀၀၀ ပြည့်နှစ် ဩဂုတ်​လ​က ဘာသာရေး​ခေါင်းဆောင် ၁,၀၀၀ ကျော်​တို့သည် အနှစ်​တစ်ထောင် ကမ္ဘာ့​ငြိမ်းချမ်းရေး ထိပ်သီး​အစည်းအဝေး​အတွက် နယူးယောက်​မြို့ရှိ ယူအဲန်​တွင် တွေ့ဆုံ​ခဲ့​ကြ​လေ​သည်။ ကမ္ဘာ့​ပဋိပက္ခ​များနှင့်​စပ်လျဉ်း၍ ဖြေရှင်း​နည်း​များ​ကို သူတို့​ဆွေးနွေး​ခဲ့​ကြ​၏။ သို့ရာတွင် အဆိုပါ​ကွန်​ဖ​ရ​င့်​ကိုယ်နှိုက်​က ကမ္ဘာ​တွင်​အငြင်းပွား​နေ​မှုများ​ကို ရောင်ပြန်ဟပ်​သည်။ ယေရုရှလင်​မြို့မှ . . . ဘာသာရေး​ခေါင်းဆောင်​တစ်ဦး​သည် ဂျူး​ဘာသာရေး​ခေါင်းဆောင်​တစ်ဦး ရောက်ရှိ​နေသည့်​အတွက် လာဖို့​ငြင်းဆန်​ခဲ့​၏။ ရန်​ပွား​မည်​စိုး​၍ အစည်းအဝေး​ပထမ​နှစ်​ရက်​တွင် ဒ​လိုင်း​လား​မား​ကို မဖိတ်​ခေါ်​သည့်​အတွက် တက်ရောက်သူ​အချို့ စိတ်​အနှောင့်အယှက်​ဖြစ်သွား​ကြ​၏။

၂၀၀၃ ခုနှစ် အောက်တိုဘာ​လ​က ထိုင်း​နိုင်ငံ​တွင် ကျင်းပ​ခဲ့​သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း​ဆောင်ရွက်​ရေး​အဖွဲ့ (APEC) ထိပ်သီး​အစည်းအဝေး​တွင် ပစိဖိတ်​သမုဒ္ဒရာ​နှင့်​ကျောခိုင်း​နံ​စပ် တည်ရှိ​နေကြ​သည့် တိုင်းနိုင်ငံ​တို့သည် ကမ္ဘာ့​လုံခြုံရေး​ကိစ္စ​များ​ကို ဆွေးနွေး​နှီးနှော​ခဲ့​ကြ​၏။ တက်ရောက်​ခဲ့​သည့် နိုင်ငံ​ပေါင်း ၂၁ နိုင်ငံ​တို့သည် အကြမ်းဖက်​အုပ်စု​များ​ကို ဖြို​ခွင်း​ရန် ကတိပြု​ခဲ့​ကြ​ပြီး ကမ္ဘာချီ​လုံခြုံရေး တိုးတက်စေ​မည့်​နည်းလမ်းများ​ကို သဘောတူ​လက်ခံခဲ့​ကြသည်။ သို့​တိုင်၊ ကွန်​ဖ​ရ​င့်​ဆွေးနွေးပွဲ​အတောအတွင်း ဂျူး​လူမျိုးများ​ကို မုန်းတီး​လွန်း​၍​ပြောလိုက်​သည့် ဝန်ကြီးချုပ်​တစ်ဦး၏ ထိုးနှက်​စွပ်စွဲချက်​များ​ကို ကိုယ်စားလှယ်​အတော်များများ မကျေမနပ်​ဖြစ်သွား​ခဲ့​ကြ​၏။

စည်းလုံးမှု အဘယ်ကြောင့်​မရှိ​ရသနည်း

ဤ​လောကကို ပြန်လည်​စုစည်း​ခြင်း​အကြောင်း အတော်များများ ပြောဆို​ကြသော်လည်း လက်​ဆု​ပ်​လက်ကိုင်​ပြ​နိုင်သော အကျိုး​ရလဒ်များ​ကို​ကား မ​တွေ့ရှိ​ရသလောက်​ပင်။ လူအများ စိတ်ရင်းမှန်​ဖြင့် ကြိုးပမ်း​အားထုတ်​နေသည့်​ကြား​မှ ကမ္ဘာချီ​စည်းလုံးမှု​သည် ၂၁ ရာစု​တိုင် အဘယ်ကြောင့် လက်လှမ်းမမီ​နိုင်​ဆဲ​ဖြစ်နေ​ရသနည်း။

အေ​ပက် (APEC) ကွန်​ဖ​ရ​င့်​ဆွေးနွေးပွဲ​သို့ တက်ရောက်​လာ​ခဲ့​ကြ​သည့် ဝန်ကြီးချုပ်​များ​အနက် ဝန်ကြီးချုပ်​တစ်ဦး၏​စကား​များ​တွင် အဖြေ​တစ်စိတ်​တစ်ပိုင်း​ပါ​သည်။ သူက “အမျိုးသား​မာန်​မာန​လို့​ခေါ်​တဲ့​အရာ ရှိနေလို့​ဖြစ်တယ်” ဟု​ပြောကြား​ခဲ့​သည်။ မှန်ပါသည်၊ လူ့​ဘောင်​အဖွဲ့အစည်း​သည် မျိုးချစ်စိတ်​ပျံ့နှံ့​လျက်​ရှိ၏။ ကိုယ့်​ကြမ္မာ​ကိုယ်​ဖန်တီး​လို​စိတ်​က လူမျိုးတစ်မျိုး​စီ​နှင့် လူမျိုးစု​တစ်စု​စီ​ကို တွန်းအား​ပေး​နေသည်။ ယှဉ်ပြိုင်​လို​စိတ်​နှင့် လို​ဘ​ကြီး​သည့်​စိတ်​တို့ ပေါင်းစပ်​ထားသော အမျိုးသားရေး အချုပ်အခြာအာဏာ​သည် တည်ငြိမ်မှု​မရှိ​ချေ။ ကိစ္စရပ်​များစွာ​တွင် နိုင်​ငံ့​အကျိုး​စီးပွား​နှင့် ကမ္ဘာလုံး​ဆိုင်ရာ​အကျိုး​စီးပွား ဆန့်ကျင်​လာ​သည့်​အခါ နိုင်​ငံ့​အကျိုး​စီးပွား​ကို​သာ ဦးစားပေး​တတ်ကြ​၏။

ဆာလံဆရာ​က မျိုးချစ်စိတ်​ကို “သေစေတတ်သော​ကပ်ရောဂါ” ဟူ၍ သင့်လျော်​စွာ သုံးနှုန်း​ဖော်ပြ​ခဲ့​သည်။ (ဆာလံ ၉၁:၃သမ္မာ) ယင်းသည် ကပ်ရောဂါ​တစ်ခု​နှင့်​တူ​ပြီး ဖော်​မပြ​နိုင်​လောက်​အောင် ဆင်းရဲခြင်း​ဝေဒနာ​များစွာ ဖြစ်ပေါ်​စေ​ခဲ့ပြီ။ မျိုးချစ်စိတ်​နှင့် ယင်းကြောင့်​ဖြစ်ပွား​ခဲ့​သည့် သူတစ်ပါးကို​မုန်းတီးစိတ်​သည် ရာစုနှစ်များစွာ​တည်ရှိ​ခဲ့ပြီ။ ယနေ့လည်း မျိုးချစ်စိတ်​ကြောင့် ဆက်၍​စိတ်ဝမ်းကွဲ​နေကြ​ရာ ယင်းကို ကမ္ဘာ့​ခေါင်းဆောင်​များ တား​၍​မရနိုင်​ဘဲ​ဖြစ်နေ​ကြသည်။

ကမ္ဘာ့​ပြဿနာ​များ​၏ အရင်းအမြစ်​သည် မျိုးချစ်စိတ်​နှင့် ကိုယ်ကျိုးရှာ​ခြင်း​တို့​ဖြစ်​ကြောင်း ပညာရှင်​များစွာ အသိအမှတ်ပြု​ကြသည်။ ဥပမာ၊ ယူအဲန်​အထွေထွေ​အတွင်းရေးမှူး​ချုပ်​ဟောင်း ဦး​သန့်​က ဤသို့​ထုတ်ဖော်​ပြောဆို​ခဲ့​၏– “ယနေ့ ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​သည့် ပြဿနာ​မြောက်မြားစွာ​သည် လွဲမှား​သော​သဘောထားများ​ကြောင့် ဖြစ်​ရသည်။ . . . အဆိုပါ​သဘောထားများ​တွင် သဘောထား​ကျဉ်းမြောင်းသော မျိုးချစ်စိတ်—‘မှား​မှား​မှန်မှန် ငါ့​နိုင်ငံ’—ပါဝင်​သည်။” သို့​တိုင်၊ ယနေ့ ကိုယ်ကျိုးရှာ​ခြင်း​တွင် အာရုံနစ်​မြုပ်​နေကြ​သော မျက်မှောက်ခေတ်​တိုင်းနိုင်ငံ​တို့သည် မိမိတို့​ကိုယ်ပိုင် အချုပ်အခြာအာဏာ ပိုမို​ရရှိ​ရေး​အတွက် အပူ​တ​ပြင်း​တောင်းဆို​နေကြ၏။ အခွင့်သာ​သူတို့သည် အာဏာကို နည်းနည်း​မျှ စွန့်လွှတ်​လို​စိတ်​မရှိကြ​ချေ။ဥပမာ၊ ဥရောပ​သမဂ္ဂ​နှင့်​ပတ်သက်​၍ နိုင်ငံတကာ​သံတော်ဆင့်​သတင်းစာ​က ဤသို့​ကောက်ချက်​ချ​ခဲ့​၏– “ယှဉ်ပြိုင်​မှု​နှင့် အယုံအကြည်မဲ့​ခြင်း​တို့သည် ဥရောပ​နိုင်ငံရေး​၏ အခြေခံ​ပုံစံ​များ​ဖြစ်​နေဆဲ​ပင်။ အီး​ယူ (ဥရောပ​သမဂ္ဂ) အဖွဲ့ဝင်​နိုင်ငံ​အများစု​သည် အဖွဲ့ဝင်​နိုင်ငံ​တစ်နိုင်ငံ​က ဩဇာ​အာဏာ​ပို​ရရှိ​သွားပြီး ဦးဆောင်​နေ​ရန်ကို လက်မခံနိုင်​ကြ​သေး​ချေ။”

သမ္မာကျမ်းစာ​က လူ့​အုပ်ချုပ်ရေး​အားလုံး​၏ အကျိုး​ရလဒ်ကို ဤသို့​မှန်ကန်​စွာ ဖော်ပြ​သည်– ‘လူတစ်ဦး​သည် တစ်ဦး​အပေါ်​တွင် အုပ်စိုး​လျက် သူ၏​အကျိုးကို​ဖျက်ဆီး​ခဲ့​ကြပြီ။’ (ဒေ. ၈:၉သမ္မာ) ဤ​ကမ္ဘာ​မြေ​ကို သီးခြား​နိုင်ငံ​များ​အဖြစ် အစိတ်စိတ်အမြွှာမြွှာ ပိုင်းခြား​လိုက်ခြင်း​ဖြင့် အဖွဲ့​လိုက်​ရော တစ်ဦးချင်း​စီ​ပါ ဤ​ကျမ်းစာမူ​၏​ပြည့်စုံချက်​ကို နဖူး​တွေ့​ဒူး​တွေ့ တွေ့ခဲ့​ရလေ​ပြီ– “သူတစ်ပါး​နှင့်​မ​ရောနှော​သော​သူသည် မိမိ​အလိုဆန္ဒ​ပြည့်စုံစေရန်​သာ​ရှာဖွေ​၍ ပညာ​လမ်းအတိုင်း​မလိုက်​ဘဲ မကောင်း​ကြံစည်​ပြုလုပ်​တတ်၏။”—သု. ၁၈:၁သမ္မာ။

ကျွန်ုပ်​တို့အတွက် ဘယ်အရာ​အကောင်းဆုံး​ဖြစ်သည်​ကို သိရှိ​သည့် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် လူသားတို့အား ကိုယ်ပိုင်​အုပ်ချုပ်မှု​များ​တည်ထောင်​ပြီး အုပ်ချုပ်​ကြ​ရန် တစ်ခါမျှ​မရည်ရွယ်ခဲ့​ပေ။ ဤသို့​လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​နှင့် အရာခပ်သိမ်း​ကို ကိုယ်တော်​ပိုင်ဆိုင်​ကြောင်း လူ​တို့ လျစ်လျူရှု​ခဲ့​ကြပြီ။ ဆာလံ ၉၅:၃-၅ က ဤသို့​ဆို​သည်– ‘ယေဟောဝါ​သည် ကြီးမြတ်သော​ဘုရားသခင်၊ ဘုရားတကာ​တို့​ထက် ကြီးမြတ်သော​ဘုရင်​ဖြစ်​တော်​မူ​၏။ မြေကြီး​နက်နဲရာ​အရပ်​တို့သည် လက်တော်​၌​ရှိကြ​၏။ တောင်ထိပ်​တို့ကို​လည်း ပိုင်တော်မူ​၏။ ပင်လယ်​ကိုလည်း​ဖန်ဆင်း​၍ ပိုင်တော်မူ​၏။ ကုန်း​ကိုလည်း လက်တော်​နှင့်​ပြုပြင်​တော်​မူ​၏။’ အုပ်စိုးရှင်​အဖြစ် လူသား​အားလုံး​မျှော်ကိုး​သင့်​သည့် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​မှာ ဘုရားသခင်​ဖြစ်​ပေ​သည်။ တိုင်းနိုင်ငံ​တို့သည် မိမိတို့​ကိုယ်ပိုင် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အာဏာ​ရရှိ​ရေး​ကို အမီလိုက်​နေခြင်း​အားဖြင့် ကိုယ်တော်​၏​အလိုတော်ကို ဆန့်ကျင်​နေကြ၏။—ဆာလံ ၂:၂

အဘယ်အရာ​လိုအပ်​သနည်း

ဤ​ကမ္ဘာ​အား စည်းလုံး​လာ​စေနိုင်​မည့် တစ်ခု​တည်း​သော​နည်းလမ်း​မှာ လူ​ခပ်သိမ်း​၏​အကျိုးကို အမှန်တကယ်​စိတ်ဝင်စား​သည့် ကမ္ဘာ့​အာဏာ​တစ်ခု​ရှိ​ခြင်း​ဖြစ်သည်။ ကျိုးကြောင်း​ဆင်ခြင်​တတ်​သူ​အများ​က ယင်းကို အသိအမှတ်ပြု​ကြ​၏။ သို့ရာတွင် ထိုသို့​အသိအမှတ်ပြု​သူတို့သည် ရင်းမြစ်​အမှား​ကို အားထား​မျှော်ကိုး​လေ့​ရှိ၏။ ဥပမာ၊ ဘာသာရေး​ခေါင်းဆောင်​များ​အပါအဝင် သတင်း​အစီရင်ခံ​သူများစွာ​သည် ကမ္ဘာချီ​စည်းလုံးမှု​အတွက် ယူအဲန်​ကို မျှော်ကိုး​ကြဖို့ လူ​တို့အား တိုက်တွန်း​ခဲ့​ကြပြီ။ သို့ရာတွင် လူ့​အဖွဲ့အစည်း​များ​၏ စံနှုန်း​များသည် မည်မျှ​မြင့်မြတ်​စေ​ကာ​မူ လူသား​တို့၏ အပြည်ပြည်ဆိုင်ရာ​ပြဿနာ​များ​ကို တစ်ခါ​မှ မဖြေရှင်း​ပေး​နိုင်​ခဲ့​ကြ​ချေ။ ယင်းအစား အဆိုပါ​အဖွဲ့အစည်း​အများစု​သည် တိုင်းနိုင်ငံ​အသီးသီး​တွင်​ရှိ စည်းလုံးမှု​ကင်းမဲ့​ခြင်း​ကို​သာ ရောင်ပြန်ဟပ်​နေကြ​သည်။

သမ္မာကျမ်းစာ​က “မင်း​များ​မှ​စ၍ မ​ကယ်တင်​နိုင်သော​လူသားကို မကိုးစား​ကြ​နှင့်” ဟု​ဆို​ခြင်း​ဖြင့် လူ့​အဖွဲ့အစည်း​များ​ကို မမျှော်​ကိုး​ရန် သတိပေး​သည်။ (ဆာလံ ၁၄၆:၃) ယင်းကြောင့် ကမ္ဘာချီ​စည်းလုံးမှု​ကို မျှော်လင့်​၍​မရ ဖြစ်စေ​ပါသလော။ လုံးဝ​မဖြစ်စေ​ပါ။ အခြား​နည်းလမ်း​တစ်ခု​ရှိပါ​သေး​သည်။

ဘုရားသခင်​သည် ကမ္ဘာ​ကို​စည်းလုံးစေ​နိုင်​သည့် အုပ်ချုပ်မှု​တစ်ခု​ကို ဖွဲ့စည်း​တည်ထောင်​ထား​နှင့်​ပြီး​ဖြစ်​ကြောင်း လူအများ သတိမမူ​မိ​ကြ​ချေ။ သမ္မာကျမ်းစာ​က ယေဟောဝါ​ဘုရားသခင်​အကြောင်း ဤသို့​ဆို​သည်– “ငါ​၏​ရှင်ဘုရင်​ကို သန့်ရှင်းသော​ဇိအုန်​တောင်တော်​ပေါ်မှာ ငါ​ကိုယ်တိုင်​ဘိသိက်ပေး​ပြီ။ ငါ့ကို​တောင်း​လော့။ လူအမျိုးမျိုး​တို့ကို သင်၏​အမွေဥစ္စာ​ဖို့ ငါ​ပေး​မည်။ မြေကြီးစွန်း​တိုင်အောင် ပိုင်ထိုက်​သော​အခွင့်​ကိုလည်း ငါ​ပေး​မည်။” (ဆာလံ ၂:၆၊ ၈) ဤ​ကျမ်းချက်​တွင် ယေဟောဝါ​ဘုရားသခင်​သည် ‘မိမိ၏​ရှင်ဘုရင်​ကို ဘိသိက်ပေး’ ထားပြီး​ဖြစ်​ကြောင်း၊ အဆိုပါ​ရှင်ဘုရင်​ကို အခန်းငယ် ၇ တွင် “ငါ့​သား” ဟူ၍ ရည်ညွှန်း​ထား​ကြောင်း သတိပြုပါ​လေ။ ထို​ဘုရင်​သည် တိုင်းနိုင်ငံ​အပေါင်း​ကို အုပ်စိုး​ရသည့်​အခွင့် ရရှိ​ထားပြီ​ဖြစ်သည့် ဘုရားသခင်​၏ အဦးဆုံး​ဝိညာဉ်​သားတော် ယေရှု​ခရစ် ကိုယ်တော်တိုင်​ပင်​ဖြစ်​ပေ​သည်။

ကမ္ဘာချီ​စည်းလုံး​လာ​မည့်​ပုံ

ဘုရားသခင်​တည်ထောင်​ထား​သည့် ဤ​ကောင်းကင်​အုပ်ချုပ်မှု​ကို လူအများစုက အသိအမှတ်​မပြု​ကြ​ပေ။ တိုင်းနိုင်ငံ​များသည် မိမိတို့​တွင် ကိုယ်ပိုင်​အုပ်ချုပ်ပိုင်ခွင့်​ရှိသည်​ဟု​ထင်ကြ​ကာ ယင်းကို ကျား​ကုတ်​ကျား​ခဲ ကိုင်ဆွဲ​ထား​ကြသည်။ သို့ရာတွင် ဘုရားသခင်​သည် မိမိ၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​နှင့် မိမိ​တည်ထောင်​ထားသော​အုပ်ချုပ်မှု​ကို ငြင်းဆန်သူ​တို့အား သည်းခံ​တော်​မူ​မည်​မဟုတ်ပေ။ ဤ​အစီအစဉ်ကို​လက်မခံသူ​တို့​နှင့်​စပ်လျဉ်း၍ ဆာလံ ၂:၉ [သမ္မာ] က ဤသို့​ဆို​သည်– “သင် [သားတော်​ယေရှု​ခရစ်] သည် သူတို့ကို သံ​လှံတံ​နှင့်​ရိုက်​ချိုး​၍ မြေအိုး​ကို​ခွဲ​ဖျက်​သကဲ့သို့ ခွဲ​ဖျက်​ရ​လိမ့်​မည်။” သူတို့​သိမြင်​သည်​ဖြစ်စေ၊ မသိ​မြင်​သည်​ဖြစ်စေ တိုင်းနိုင်ငံ​တို့သည် ဘုရားသခင်​အား​ဆန့်ကျင်​တိုက်ခိုက်​ရန် ယခု​ချီတက်​လျက်​နေကြ​သည်။ သမ္မာကျမ်းစာ​၏ နောက်ဆုံး​စာစောင်​က ‘လောက​တစ်နိုင်ငံ​လုံး​တွင်ရှိသော ရှင်ဘုရင်​တို့’ သည် ‘အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး​စစ်ပွဲ’ သို့ စုရုံး​နေကြ​ကြောင်း ဖော်ပြ​သည်။ (ဗျာ. ၁၆:၁၄) တိုင်းနိုင်ငံ​များနှင့် ၎င်းတို့၏​ကွဲပြား​နေသော လမ်းစဉ်​တို့သည် သုတ်သင်​ဖယ်ရှားခံ​ရတော့မည်။ သို့ဖြင့် ဘုရားသခင့်​အုပ်ချုပ်မှု​သည် အနှောင့်အယှက်​မရှိ ၎င်း​၏​လုပ်ငန်း​ကို ဆောင်ရွက်​နိုင်​ပါ​လိမ့်​မည်။

စကြဝဠာ​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​အဖြစ် ယေဟောဝါ​ဘုရားသခင်​သည် မိမိ​သားတော်​အားဖြင့် စည်းလုံး​သော​ကမ္ဘာ ဖြစ်ပေါ်​လာဖို့ လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​ပေး​ရန် တန်ခိုးတော်​ကို အမြော်အမြင်​ရှိ​ရှိ အသုံးပြု​တော်​မူ​လိမ့်​မည်။ ဘုရားသခင့်​အစိုးရ​သည် စစ်မှန်သော​စည်းလုံးမှု​ကို ဖြစ်ပေါ်​လာ​စေမည်​ဖြစ်​ကာ ဖြောင့်မတ်ခြင်း တရား မြတ်နိုးသူ​အားလုံး​ကို ကောင်းချီး​ပေး​ပါ​လိမ့်​မည်။ သင်၏​ကျမ်းစာ​တွင် ဆာလံ ၇၂ ကို မိနစ်​အနည်းငယ် အချိန်ပေး​၍ ဖတ်ရှု​ကြည့်​ပါ​လေ။ ထို​တွင် ဘုရားသခင့်​သားတော်​၏​အုပ်ချုပ်မှု​သည် လူအပေါင်း​အတွက် အဘယ်အရာ​လုပ်ဆောင်ပေး​မည်​ကို ပရောဖက်ပြု ပုံဖော်​ပေး​ထား​ပါ​သည်။ လူတို့သည် စစ်မှန်သော​ကမ္ဘာချီ​စည်းလုံးမှု​ကို တွေ့ ကြုံ​ခံစား​ကြ​ရမည်၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှု၊ ဆင်းရဲ​မွဲတေမှု​အစ​ရှိသည့် ပြဿနာ​အားလုံး ရှိတော့မည်​မဟုတ်။

ယနေ့ ကွဲပြား​နေသည့်​ကမ္ဘာကြီး​တွင် ထိုသို့​မျှော်လင့်ခြင်းသည် အလွန်​တ​ရာ​လက်တွေ့​မကျ​လှ​ဟု လူအများ ယူဆကြ​၏။ သို့သော် ထိုသို့​ယူဆ​မည်​ဆိုလျှင် မှားသွား​ပေ​လိမ့်​မည်။ ဘုရားသခင်​၏​ကတိတော်​များသည် တစ်ခါမျှ မဖြစ်​ဘဲ​မနေ​ခဲ့၊ နောင်​တွင်​လည်း ဖြစ်မြဲ​ဖြစ်​ရ​လိမ့်​မည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) ဤ​အပြောင်းအလဲ​ကို သင်​တွေ့မြင်​လို​ပါသလော။ သင်​တွေ့မြင်​နိုင်​ပါ​သည်။ အမှန်​ဆို​ရ​လျှင် ထို​အချိန်တွင် အသက်ရှင်​ရန် အသင့်ပြင်​ဆင်​နေကြ​သူများ ရှိနေ​နှင့်​ပြီ။ သူတို့သည် တိုင်းနိုင်ငံ​အသီးသီး​မှ ထွက်​လာ​ကြ​သူများ​ဖြစ်သော်လည်း တိုက်ခိုက်​နေ​မည့်​အစား ယခု သူတို့သည် ဘုရားသခင့်​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အောက် စည်းလုံးစွာ​နေ,နေကြ​သည်။ (ဟေရှာယ ၂:၂-၄) သူတို့​ကား မည်သူ​များ​နည်း။ သူတို့ကို ယေဟောဝါသက်သေ​များ​ဟူ၍ လူသိ​များ​ကြ​၏။ သူတို့၏ အစည်းအဝေး​ကျင်းပ​ရာ​နေရာများ​သို့ လည်ပတ်​ရန် ဖိတ်ခေါ်ချက်​ကို လက်ခံပါ​လေ။ ဘုရားသခင့်​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို လက်အောက်ခံ​ရန်​နှင့် အမြဲ​တည်ရှိ​သွား​မည့် စည်းလုံးမှု​ကို မွေ့လျော်​ရန် သင့်​အား ကူညီပေး​နိုင်​သူတို့နှင့် ပေါင်းသင်း​ရခြင်း​မှ သင်​စိတ်​လန်းဆန်းမှု​ရရှိပါ​လိမ့်​မည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

တိုင်းနိုင်ငံ​အသီးသီး​မှ လူတို့သည် စည်းလုံး​သော​ကမ္ဘာ​တွင် အသက်ရှင်​ရန် အသင့်ပြင်​ဆင်​နေကြ

[Picture Credit Line on page 4]

Saeed Khan/AFP/Getty Images

[Picture Credit Lines on page 5]

သောက​ဖိစီး​နေသော အမျိုးသမီး– Igor Dutina/AFP/Getty Images; ကန့်ကွက်​နေ​သူများ– Said Khatib/AFP/Getty Images; သံချပ်ကာ​ကား​များ– Joseph Barrak/AFP/Getty Images