မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းတွင် ယေဟောဝါအားချီးမွမ်းခြင်း

ကျောင်းတွင် ယေဟောဝါအားချီးမွမ်းခြင်း

ကျောင်းတွင် ယေဟောဝါ​အား​ချီးမွမ်း​ခြင်း

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​လူငယ်များသည် ကျောင်းတွင် မိမိတို့၏​အပြောအဆို၊ အမူအကျင့်​တို့​ဖြင့် ဘုရားသခင်​အား​ချီးမွမ်း​ရန် နည်းလမ်း​ရှာတွေ့ခဲ့​ကြသည်။ ၎င်းတို့၏​လူငယ့်​ဇွဲ​ကို ဖော်ပြ​သော တွေ့ကြုံမှု​တချို့​ကို သတိပြုပါ။

ဂရိ​နိုင်ငံ​မှ သက်သေခံ​လူငယ်​တစ်ဦး​သည် ကမ္ဘာ့​လေထု​ညစ်ညမ်းမှု​အကြောင်း စာစီစာကုံး​ရေးသား​ရန် တာဝန်ရ​ခဲ့​သည်။ သူသည် ကင်းမျှော်စင်​စာပေ​များ​အညွှန်း​တွင် ရှာဖွေပြီး​နောက် နိုးလော့!မဂ္ဂဇင်း​ပါ အကူအညီ​ဖြစ်စေ​သော အကြောင်းအရာများ​ကြောင့် စာစီစာကုံး​ရေးနိုင်​ခဲ့​ကြောင်း နိဂုံးပိုင်း​တွင် ဖော်ပြ​ခဲ့​သည်။ ဆရာမ​က မိမိ​ဖတ်ဖူး​ခဲ့​သမျှ​တွင် အကောင်းဆုံး​စာစီစာကုံး​တစ်ပုဒ်​ဖြစ်​ကြောင်း ပြောလိုက်​၏။ နောက်ပိုင်း​တွင် ဆရာမ​က ဆွေးနွေး​နှီးနှော​ပွဲ​တစ်ခု​၌ ထို​အချက်အလက်​များ​ကို အသုံးပြု​တင်ဆက်​ခဲ့​ရာ အကျိုး​ဖြစ်ထွန်း​ခဲ့​သည်။ ထို​အခါ ညီအစ်မ​ငယ်​က “ဆရာ/ဆရာမ​များ—သူတို့​မ​ရှိလျှင် မည်သို့​ဖြစ်​နိုင်​မည်​နည်း” ဆောင်းပါး​အပါအဝင် အခြား​နိုးလော့!စာစောင်​များ​ကို ဆရာမ​အား ဝေငှ​ရန် ဆုံးဖြတ်​လိုက်​သည်။ နောက်ပိုင်း၌ ဆရာမ​က အတန်း​ထဲ​တွင် နိုးလော့!မဂ္ဂဇင်း​အကြောင်း ချီးမွမ်း​ပြောဆို​လိုက်​ရာ အခြား​ကျောင်းသား​များလည်း ဖတ်​လို​၍ တောင်းဆို​ကြ​၏။ သို့​နှင့် ညီအစ်မ​ငယ်​သည် အခြား​ဆောင်းပါး​များ​ကို ၎င်း​တို့​ဖတ်ရှု​နိုင်​ရန် ကျောင်း​သို့ မဂ္ဂဇင်း​စာစောင်​များ ယူလာခဲ့​ရသည်။

အာဖရိက​နိုင်ငံ၊ ဘီနင်​မြို့တွင် ဆယ်ကျော်သက်​ခရစ်ယာန်​တစ်ဦး​သည် တစ်မူထူး​ခြား​သော​ဖိအား​ကို ခံ​နေရ​သည်။ ထုံးစံ​အရ သူ့​ကျောင်း​မှ ကျောင်းသား​တချို့​၏​မိဘများ​က ၎င်းတို့၏​ကလေး​များ စာမေးပွဲ​မဖြေမီ ခက်ခဲ​သော​ဘာသာရပ်​များ​အတွက် ဝိုင်း​ကျူရှင်​ထား​ပေးဖို့ စီစဉ်​ကြသည်။ သို့သော် ကျူရှင်​ဆရာများ​က စနေနေ့​နံနက်ပိုင်း​ကို ကျူရှင်​ချိန်​အဖြစ် ရွေးချယ်​ခဲ့​သည်။ “စနေနေ့​မနက်​ဟာ အသင်းတော်​တစ်ခုလုံး အမှုဆောင်ထွက်​ကြ​တဲ့​အချိန်​ပဲ။ အဲ့ဒီ​အချိန်​ဟာ ကျွန်မ​အတွက် အပျော်ဆုံး​အချိန်​ဖြစ်​လို့ ဘာနဲ့မှ​မလဲ​နိုင်ဘူး!” ဟု​သက်သေခံ​ငယ်​လေး​က ဆို​ခဲ့​သည်။ သက်သေခံ​တစ်ဦး​ဖြစ်သော ကြင်ဖော်​မဲ့​ဖခင်​က​လည်း လိုက်လျော​ကာ မိဘများနှင့်​တိုင်ပင်​ပြီး ကျူရှင်​ဆရာများ​ကို အချိန်​ပြောင်း​ပေးဖို့ တောင်းဆို​ခဲ့​၏။ သူတို့​အားလုံး လက်မခံကြ​ချေ။ ထို​အခါ ညီအစ်မ​ငယ်​က ကျူရှင်​မတက်ဖို့ ဆုံးဖြတ်​လိုက်ပြီး အသင်းတော်​လိုက် ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ခဲ့​သည်။ အတန်းဖော်​များ​က သူ့ကို​လှောင်ပြောင်​ကြ​ကာ သက်သေခံ​ထွက်​ခြင်း​အပြင် သူ၏​ဘုရားသခင်​ကို စွန့်​လွှတ်လိုက်​ရန် တိုက်တွန်း​ခဲ့​ကြသည်။ ညီအစ်မ​ငယ် စာမေးပွဲ​ကျ​လိမ့်​မည်​ဟု သူတို့​တထစ်ချ​တွက်​ထား​ကြ​၏။ ဖြစ်​ပုံ​မှာ ကျူရှင်​ယူ​သော ကျောင်းသား​တစ်စုလုံး စာမေးပွဲ​ကျ​ပြီး ကျွန်ုပ်​တို့၏​ညီအစ်မ​ငယ်​မူ စာမေးပွဲ​အောင်​သွား​သည်။ သူတို့ ဆက်​မ​လှောင်ပြောင်​ရဲ​တော့​ပါ။ ယင်းအစား ယခု​အခါ အတန်းဖော်​များ​က “မင်းရဲ့​ဘုရားသခင်​ကို ဆက်​ပြီး​ကိုးကွယ်​သင့်တယ်” ဟု​သူ့ကို​ပြော​နေကြ၏။

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​တွင် ၁၂ နှစ်အရွယ် မိန်းကလေး​တစ်ဦး​သည် စာအုပ်​တစ်အုပ်​ကို နှုတ်​တိုက်​တင်ပြ​ပြောဆို​ရန် တာဝန်ရ​သည်။ သူ၏​မိခင်​က အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား စာအုပ်​ကို​အသုံးပြုရန် အကြံပြု​ခဲ့​၏။ သူ၏​နိဒါန်း​ကို ဤသို့​အစပြုမေး​လိုက်​သည်– “အသက်​ရှင်ခဲ့သမျှမှာ ဘယ်သူ​အကြီးမြတ်ဆုံး​လို့​ထင်​ပါ​သလဲ။” ထို့နောက် ယေရှု၏​မြေကြီး​အသက်တာ​နှင့် ကိုယ်တော့်​သွန်သင်ချက်​များ​အကြောင်း သူ​ရှင်းပြ​ပြီး​သော် “ခွင့်လွှတ်​ခြင်း​ဆိုင်ရာ​သင်ခန်းစာ” ခေါင်းစဉ်​ကို ဆွေးနွေး​တင်ဆက်​ခဲ့​သည်။ ဆရာမ​က “သမီး​ပြော​ခဲ့​သမျှ​မှာ ဒါက အကောင်းဆုံး​ပဲ!” ဟု​ဆို​ကာ စာအုပ်​တစ်အုပ်​ကို ကျေးဇူး​တင်​စွာ​လက်ခံ​ယူ​ခဲ့​၏။ အတန်းသား​တချို့​လည်း စာအုပ်​ကို ရယူလို​ကြသည်။ နောက်​တစ်နေ့​တွင် ထို​မိန်းကလေး​သည် စာအုပ် ၁၈ အုပ်​ဝေငှ​လိုက်ရ​၍ ပီတိ​ဖြစ်​ခဲ့​သည်။

အဆိုပါ​လူငယ်များသည် ကျောင်းတွင် ယေဟောဝါ​အား ချီးမွမ်း​ခွင့်​ရ​၍ အလွန်​ပျော်ရွှင်​နေကြ​သည်။ ကျွန်ုပ်​တို့အားလုံး​လည်း ထို​လူငယ်များ​၏​ဇွဲ​ကို တုပ​နိုင်​ကြ​ပါ​သည်။