မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့

မိဘတို့၊ မိသားစုလိုအပ်ရာများကို ပံ့ပိုးပေးကြလော့

မိဘတို့၊ မိသားစု​လိုအပ်ရာ​များ​ကို ပံ့ပိုး​ပေး​ကြလော့

“မိမိလူ​တို့ကို​မပြု​စု . . . သော​သူ​မည်​သည်​ကား ယုံကြည်ခြင်း​တရားကို ငြင်းပယ်​၏။”—၁ တိမောသေ ၅:၈

၁၊ ၂။ (က) ခရစ်ယာန်​အစည်းအဝေး​များ​သို့ အတူတကွ တက်ရောက်​လာ​ကြသော မိသားစု​များ​ကို တွေ့မြင်​ရခြင်း​သည် အဘယ်ကြောင့်​အားရှိစရာ​ဖြစ်သနည်း။ (ခ) အစည်းအဝေး​များ​ကို အချိန်မီ​ရောက်ရှိ​လာရန် မိသားစု​များ ကြုံတွေ့​ရသည့် စိန်ခေါ်ချက်​အချို့​ကား အဘယ်နည်း။

အစည်းအဝေး​မစ​မီ ခရစ်ယာန်​အသင်းတော်​ပတ်လည်​ကို ဝေ့ကြည့်​လိုက်​လျှင် သန့်ရှင်း​သပ်ရပ်​စွာ ဝတ်စား​ဆင်ယင်​ထားသော ကလေး​များ မိဘများ​၏​ဘေး​တွင် ထိုင်​နေကြ​သည်ကို တွေ့ရ​ပေမည်။ ဤ​မိသားစု​များ​တွင် ယေဟောဝါ​ကို​ချစ်​သည့်​မေတ္တာ၊ အချင်းချင်း​ကို​ချစ်​သည့်​မေတ္တာ တွေ့မြင်​ရခြင်း​သည် အားရ​ကျေနပ်စရာ​မဟုတ်ပေ​လော။ သို့သော် မိသားစု​လိုက် အစည်းအဝေး​များ​သို့ အချိန်မီ​ရောက်ရှိ​လာရန် မည်မျှ​ကြိုးစား​အားထုတ်​ရသည်ကို သတိ​မထား​မိ​တတ်ကြ​ချေ။

အများအားဖြင့် မိဘတို့​သည် တစ်နေ့လုံး အလွန်​အလုပ်များ​ကြ​ပြီး အစည်းအဝေး​ရှိသော​ည​များ​တွင် ပို​၍​ပင် အလုပ်များ​တတ်ကြ​သည်။ အစားအသောက် ချက်ပြုတ်​ပြင်ဆင်​ရ၊ အိမ်မှုကိစ္စ​များ လုပ်ကိုင်​ရ၊ ကျောင်းစာ​များ အပြီးသတ်​ပေး​ရ​ကြ​၏။ ယောက်စီ​ယောက်​တိုင်း ရေချိုး၊ အစာစား၊ အချိန်မီ အသင့်ရှိ​စေရန် အကြီး​လေး​ဆုံး​ဝန်ကို မိဘများ ထမ်း​ရသည်။ ကလေး​များနှင့်​ပတ်သက်​၍ အ​ခန့်​မသင့်​လျှင် မသင့်​မလို မထင်မမှတ်​ရာ​များ ဖြစ်ပေါ်​တတ်​သည်။ သားကြီး ကစား​နေစဉ် သူ၏​ဘောင်းဘီ စု​တ်​သွား​သည်။ သားငယ်​၏​စားစရာ​များ ဖိတ်​ကျ​ကုန်သည်။ သားသမီး​များ ရန်ဖြစ်​ကြ​လေ​တော့​သည်။ (သု. ၂၂:၁၅) ရလဒ်​ကား အဘယ်နည်း။ မိဘများ​က သေချာ​စွာ စီစဉ်​ထား​လျက်​ပင် က​မော​က်​က​မဖြစ်​သွားပေ​မည်။ သို့​တိုင် ထို​မိသားစု​သည် အစည်း​ဝေး​မစ​မီ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ အမြဲလိုလို​ရောက်ရှိ​နေတတ်​သည်။ ယေဟောဝါ​၏​အမှုဆောင်​များ​အဖြစ် ကြီးပြင်း​လာ​ကြသော ကလေး​များ​ကို တစ်ပတ်​ပြီး​တစ်ပတ်၊ တစ်နှစ်​ပြီး​တစ်နှစ် တွေ့မြင်​ရခြင်း​သည် အမှန်​အားရှိစရာ​ပင်!

၃။ မိသားစု​များ​ကို ယေဟောဝါ အလွန်​တန်ဖိုး​ထား​ကြောင်း မည်သို့​သိရှိ​ရသနည်း။

မိဘ​အနေ​နှင့် သင်၏​တာဝန်​သည် တစ်ခါတစ်ရံ ခက်ခဲ​မည်၊ ပင်ပန်း​နွမ်းလျ​မည်​ဖြစ်သော်လည်း သင်၏​ကြိုးစား​အားထုတ်မှုကို ယေဟောဝါ အလွန်​တန်ဖိုး​ထား​ကြောင်း စိတ်ချ​နိုင်​သည်။ ယေဟောဝါ​သည် မိသားစု​အစီအစဉ်ကို အစပြုရှင်​ဖြစ်​တော်​မူ​၏။ သို့​ဖြစ်၍ “မိသားစု​တိုင်း​၏ အမည်​သည်” ယေဟောဝါ​ကြောင့် ဖြစ်တည်​နေရ​ခြင်း​ဖြစ်သည်။ (ဧဖက် ၃:၁၄၊ ၁၅က​ဘ) ထို့​ကြောင့် အသင်​မိဘတို့၊ သင်တို့၏ မိသားစု​တာဝန်​များ​ကို ကျေပွန်​ရန် နည်း​မှန်​လမ်းမှန် ကြိုးစား​ကြ​သည့်​အခါ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​ကို ဂုဏ်ပြု​ရာ​ရောက်​၏။ (၁ ကောရိန္သု ၁၀:၃၁) ယင်းသည် အခွင့်ထူး​ကြီး​မဟုတ်ပေ​လော။ သို့​ဖြစ်၍ မိဘများ​ကို ယေဟောဝါ​ပေး​ထား​သည့် တာဝန်​အကြောင်း သုံးသပ်ခြင်း​သည် လျောက်ပတ်​ပေ​၏။ ဤ​ဆောင်းပါး​တွင် မိသားစုကို ပံ့ပိုး​ပေးခြင်း​အကြောင်း သုံးသပ်ကြ​မည်။ မိသားစုကို မိဘများ ပံ့ပိုး​ပေး​ရန် ဘုရားသခင်​မျှော်လင့်သည့် နည်း​သုံးနည်း​ကို ပြန်​သုံးသပ်ကြည့်​ကြ​စို့။

ကာယရေး​ပံ့ပိုး​ခြင်း

၄။ မိသားစုတွင် သားသမီး​များ​၏​လိုအပ်ရာ​များ​ကို ပံ့ပိုး​ပေး​ရန် အဘယ်​အစီအစဉ်များ​ကို ယေဟောဝါ​ပြုလုပ်​ပေး​ခဲ့​သနည်း။

တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “မိမိလူ​တို့ကို​မပြု​စု၊ ထို​မျှ​မ​က၊ မိမိ​အိမ်သူအိမ်သား​တို့ကို မပြု​စု​သော​သူ [“မည်သူ​မဆို၊” က​ဘ] မည်​သည်​ကား၊ ယုံကြည်ခြင်း​တရားကို ငြင်းပယ်​၏။ မယုံကြည်​ဖူး​သော​သူ​ထက် သာ၍​ယုတ်မာ​၏။” (၁ တိမောသေ ၅:၈) “မည်သူ​မဆို” ဟု​ပေါလု​ပြော​သည့်​အခါ အဘယ်သူ​ကို ရည်ရွယ်​ခဲ့​သနည်း။ အများအားဖြင့် အိမ်ထောင်ဦးစီး ဖခင်​ဖြစ်သည်။ ဘုရားသခင်​သည် မိန်းမကို​လည်း ယောက်ျား​၏​အထောက်အမ​အဖြစ် ဂုဏ်တင်​၏။ (ကမ္ဘာဦး ၂:၁၈) ကျမ်းစာ​ခေတ်​မှ အမျိုးသမီးများ​သည် သူတို့၏​ခင်ပွန်း​များနှင့်​အတူ မိသားစုကို ပံ့ပိုး​ပေး​တတ်ကြ​သည်။ (သု. ၃၁:၁၃၊ ၁၄၊ ၁၆) ယနေ့ ကြင်ဖော်​မဲ့​မိသားစု​များသည် ပို​၍​ပင်​များ​လာ​လေ​ပြီ။ * ခရစ်ယာန်​ကြင်ဖော်​မဲ့​မိဘများသည် သူတို့၏​အိမ်ထောင်​ကို ကောင်းစွာ​ပံ့ပိုး​ပေး​လျက်​ရှိကြသည်။ အမှန်​မှာ၊ ဖခင်​ဦးစီး​သည့် မိဘ​နှစ်ပါးစလုံး​ရှိသော မိသားစု​သည် အကောင်းဆုံး​ဖြစ်၏။

၅၊ ၆။ (က) မိသားစုကို ကြိုး​စား၍ ကာယရေး​ပံ့ပိုး​နေ​သူများ ရင်ဆိုင်​နေရ​သည့် စိန်ခေါ်ချက်​အချို့​ကား အဘယ်နည်း။ (ခ) လောက​အလုပ်အပေါ် အဘယ်​အမြင်​သဘောထားကို ထိန်းထား​ခြင်း​က ခရစ်ယာန်​ပံ့ပိုးသူ​များ​ကို ဆက်​ကြိုးစား​စေနိုင်​မည်​နည်း။

၁ တိမောသေ ၅:၈ တွင်​အဘယ်​ပံ့ပိုး​မှု​မျိုးကို ပေါလု​ပြောဆို​လို​သနည်း။ ရှေ့နောက်စကား​များ​အရ မိသားစု​၏​ကာယရေး​လိုအပ်ရာ​များ​ကို တိုက်ရိုက်​ပြောဆို​နေခြင်း​ဖြစ်၏။ မျက်မှောက်​လောကတွင် အိမ်ထောင်ဦးစီး​သည် ကာယရေး​ပံ့ပိုး​ပေး​ရန် အခက်အခဲ​များစွာ ရင်ဆိုင်​ရ​ပေမည်။ အလုပ်​ထုတ်​ခံရ​ခြင်း၊ အလုပ်​လက်မဲ့​နှုန်း​တက်လာ​ခြင်း​နှင့် နေထိုင်​စရိတ် မြင့်မား​လာ​ခြင်း​ကဲ့သို့​သော စီးပွားရေး​အခက်အခဲ​များ ကမ္ဘာ​အနှံ့​တွင် ဖြစ်ပေါ်​လျက်​ရှိ၏။ ဤ​ကဲ့သို့​သော​စိန်ခေါ်ချက်​များ​ကြား ဆက်​ကြိုးစား​ရန် ပံ့ပိုး​ပေး​သူအား အဘယ်အရာက ကူညီပေး​နိုင်​သနည်း။

ပံ့ပိုးသူ​က မိမိသည် ယေဟောဝါ​ပေး​သော​တာဝန်​ကို ထမ်းဆောင်​နေကြောင်း သတိရ​သင့်​သည်။ မှုတ်သွင်းခံ​ပေါလု​၏​စကား​များ​က အဆိုပါ​မိန့်မှာချက်ကို လိုက်နာ​နိုင်​လျက်​နှင့် မလိုက်နာ​သူကို “မယုံကြည်​ဖူး​သော​သူ” နှင့်​နှိုင်းယှဉ်​ထား​သည်။ ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင်​၏​ရှေ့မှောက်​တွင် ထိုသို့​မဖြစ်စေ​ရန် အစွမ်းကုန်​ကြိုးစား​ရ​လိမ့်​မည်။ သို့သော် မျက်မှောက်​လောက​ရှိ လူများစွာ​၌ “ပကတိ​ကြင်နာ​စုံမက်ခြင်း” မရှိကြ​ခြင်း​မှာ ဝမ်းနည်းစရာပင်။ (၂ တိမောသေ ၃:၁၊ ၃) ဖခင်​များစွာ​သည် တာဝန်​မယူ​ဘဲ မိသားစု​များ​ကို ပစ်ထား​ကြသည်။ ခရစ်ယာန်​လင်ယောက်ျား​များ​မှာ​မူ မိသားစု​အား ကြင်နာ​စွာ ပံ့ပိုး​ပေး​ပြီး ယင်းကို အလေးအနက်​ထား​ကြ​၏။ ခရစ်ယာန်​ပံ့ပိုး​ပေး​သူများ​သည် သူတို့၏​လုပ်ဖော်ကိုင်ဖက်​များနှင့်​မတူဘဲ အစေခံ​အလုပ်များ​ကို​ပင် ဂုဏ်​ရှိသည်၊ အရေးပါ​သည်​ဟု သဘောထားကြ​သည်၊ အကြောင်း​မှာ ၎င်း​အလုပ်​မျိုး​ဖြင့် သူတို့​ချစ်​မြတ်နိုး​ရသူများကို ဘုရားသခင့်​အလိုတော်နှင့်​အညီ ပံ့ပိုး​ပေး​နိုင်​၍​ဖြစ်သည်။

၇။ ယေရှု၏​ပုံသက်သေ​ကို မိဘများ သုံးသပ်ခြင်း​သည် အဘယ်ကြောင့် လျောက်ပတ်​သနည်း။

ယေရှု၏​စုံလင်သော​ပုံသက်သေ​ကို သုံးသပ်ကြည့်​ခြင်း​က​လည်း အကူအညီ​ဖြစ်​ကြောင်း အိမ်ထောင်ဦးစီး​များ တွေ့ရှိ​ရ​ပေမည်။ သမ္မာကျမ်းစာ​က ယေရှု​အား “ထာဝရ​အဘ” ဟူ၍ ပရောဖက်ပြု​ရည်ညွှန်း​ထား​သည်ကို သတိရပါ။ (ဟေရှာယ ၉:၆၊ ၇) ‘နောက်ဆုံး​အာဒံ’ အနေ​နှင့် ယေရှုသည် ယုံကြည်သူများ​၏​ဖခင်​အဖြစ် ‘ပထမ​လူ​အာဒံ’ နေရာတွင် ထိရောက်​စွာ အစားထိုး​သည်။ (၁ ကောရိန္သု ၁၅:၄၅) ကိုယ်ကျိုးရှာ​ဖခင်​ဖြစ်​ခဲ့​သူ အာဒံ​နှင့်​မတူဘဲ ယေရှုသည် စံ​ထား​အပ်သော​ဖခင်​ဖြစ်၏။ ကိုယ်တော်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က “ခရစ်တော်​သည် ငါ​တို့​အဖို့​အ​လို့​ငှာ အသက်​တော်​ကို​စွန့်​တော်​မူ​သည်​အရာ​ကို ငါ​တို့သည်​ထောက်၍ မေတ္တာတော်ကို​သိရ​ကြပြီ” ဟု​ဆို​၏။ (၁ ယောဟန် ၃:၁၆) ယေရှုသည် သူတစ်ပါး​အတွက် မိမိ၏​အသက်ကို စိတ်လို​ကိုယ်​လျောက် စွန့်​တော်​မူ​၏။ ကိုယ်တော်​သည် နေ့စဉ် အသေးအဖွဲ​ကိစ္စ​များ​တွင်​လည်း မိမိ​ထက် သူတစ်ပါး​အရေး​ကို ဦးစားပေး​တော်​မူ​သည်။ အသင်​မိဘတို့၊ ထို​ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို တုပ​အပ်​သည်။

၈၊ ၉။ (က) ကိုယ်ကျိုး​စွန့်​၍ သားပေါက်​များ​ကို ကျွေးမွေး​သည့် ငှက်​များ​မှ မိဘများ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ (ခ) ခရစ်ယာန်​မိဘ​များစွာ​သည် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို မည်သို့​ဖော်ပြ​ကြ​သနည်း။

မိဘများသည် ဘုရားသခင်​၏​ခေါင်းမာ​သော​လူမျိုးတော်​အား ယေရှု​မြွက်ဆို​ခဲ့​သော ဤ​စကား​များ​မှ ကိုယ်ကျိုး​စွန့်​မေတ္တာ​အကြောင်း များစွာ​သင်ယူ​နိုင်​သည်– “ကြက်မ​သည် မိမိ​သားငယ်​တို့ကို အတောင်​အောက်​၌ စုရုံး​သကဲ့သို့ သင်၏​သားတို့​ကို စုရုံး​စေခြင်း​ငှာ ကြိမ်ဖန်​များစွာ ငါ​အလိုရှိ​ပြီ။” (မဿဲ ၂၃:၃၇) ဤ​တွင် မိခင်​ကြက်မ​သည် သားငယ်​များ​ကို အတောင်​ဖြင့် ကာကွယ်​ပေး​ပုံ​ကို ယေရှု​က ပီပြင်​စွာ ရုပ်လုံးဖော်​ပြ​၏။ အမှန်​ဆို​သော် ငှက်​ပေါက်စ​များ​ကို အန္တရာယ်​မှ အသက်စွန့်​ကာကွယ်​ရန် အသင့်ရှိ​သည့် မိခင်​ငှက်​၏​သဘာဝ​သိစိတ်​မှ မိဘများ သင်ယူစရာ​များစွာ​ရှိ​ပေ​သည်။ သို့သော် မိဘ​ငှက်​များ နေ့စဉ် ပြုလုပ်​ရာ​များသည် မှတ်သား​လောက်​ပေ​၏။ သူတို့သည် ခေါက်​တုံ့​ခေါက်​ပြန် ဆက်တိုက် အစာ​ရှာ​ထွက်ကြ​သည်။ မောဟိုက်​မတတ်​ဖြစ်နေ​စဉ်​ပင် သားငယ်​များ​ဟ​ထားသော ပါးစပ်​ထဲ အစာ​ချပေး​၏၊ ထို​အခါ သားငယ်​များသည် အစာကို မျိုချ​ပြီး ပို​၍​ပင် ကျွတ်​ကျွတ်​ညံ​လာ​တတ်ကြ​၏။ ယေဟောဝါ​ဖန်ဆင်း​ထားသော သတ္တဝါ​အများ​သည် သူတို့​သားငယ်​များ​၏​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ရာ​တွင် “သဘာဝ​စိတ်ဖြင့် ပညာရှိ” တတ်ကြ​သည်။—သု. ၃၀:၂၄က​ဘ။

ထို​နည်းတူ၊ ကမ္ဘာ​တစ်ဝန်း​ရှိ ခရစ်ယာန်​မိဘများ ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ပြ​နေကြ​သည်​မှာ ချီးကျူး​စ​ရာ​ကောင်း​၏။ သားသမီး​များ​ကို ဘေးရောက်​စေ​မည့်​အစား သင်တို့​ကိုယ်တိုင် ဘေးသင့်​ခံ​လို​ကြ​ပေမည်။ ထို့​ပြင် သင်တို့၏​အိမ်ထောင်​ကို ပံ့ပိုး​ပေး​ရန် စိတ်လို​ကိုယ်​လျောက် နေ့စဉ် ကိုယ်ကျိုး​စွန့်​နေကြ​သည်။ သင်တို့​အများစု​သည် စောစီး​စွာ အိပ်ရာ​ထ၍ အလွန်​ပင်ပန်း​သော​အလုပ်ကို လုပ်ကြ​ရသည်။ အာဟာရ​ရှိသော​အစားအစာ​များ ကျွေးမွေး​နိုင်​ရန် ကြိုးပမ်း​ကြ​ရသည်။ သားသမီး​များ သန့်ရှင်း​သပ်ရပ်​သော အဝတ်အစား​ရှိဖို့၊ တော်​သင့်​သော​အိမ်​တွင် နေထိုင်​ရဖို့၊ ပညာရေး အလုံအလောက်​ရှိဖို့ ကြိုးစား​ရုန်းကန်​ကြ​ရမည်။ သင်တို့သည် နှစ်စဉ်​ရက်​ဆက် ထိုသို့​ကြိုးစား​လုပ်ဆောင်နေ​ရ​ကြ​၏။ ဤသို့​ကိုယ်ကျိုး​စွန့်​၍ ကြံ့ကြံ့ခံရပ်​တည်​မှု​ကို ယေဟောဝါ အားရ​နှစ်သက်​တော်​မူ​၏! (ဟေဗြဲ ၁၃:၁၆) တစ်ချိန်တည်း​တွင် သင်၏​အိမ်ထောင်​ကို ပံ့ပိုး​ပေး​ရန် ထို​ထက်​သာ၍​အရေးကြီးသော​နည်း​များ​ရှိသေး​ကြောင်း သတိရပါ။

ဝိညာဉ်​ရေး​ပံ့ပိုး​မှု

၁၀၊ ၁၁။ လူ့​လိုအပ်ရာ​များ​တွင် အရေးကြီးဆုံး​ကား အဘယ်နည်း၊ ခရစ်ယာန်​မိဘများသည် သားသမီး​များ​အား အဆိုပါ​လိုအပ်ရာ​ကို ဖြည့်ပေး​ရန် ဦးစွာ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၀ ကာယရေး​ပံ့ပိုး​မှု​ထက် ဝိညာဉ်​ရေး​ပံ့ပိုး​မှု​သည် သာ၍​အရေးကြီး​၏။ ယေရှု​က ဤသို့​မိန့်ဆိုခဲ့သည်– “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရသည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်။” (မဿဲ ၄:၄; ၅:၃) အသင်​မိဘတို့၊ ဝိညာဉ်​ရေး​ပံ့ပိုး​ရန် အဘယ်အရာ​ပြုလုပ်​နိုင်​ကြ​သနည်း။

၁၁ ဤ​အကြောင်း​နှင့်​ပတ်သက်​၍ တရားဟောရာ ၆:၅-၇ လောက် အဘယ်​ကျမ်းပိုဒ်​ကို​မျှ ကိုးကား​ထားခြင်း​မရှိ​ချေ။ ကျေးဇူးပြု​၍ သင်တို့၏​ကျမ်းစာ​ကို​ဖွင့်ပြီး အဆိုပါ​အခန်းငယ်​များ​ကို ဖတ်ပါ။ ယေဟောဝါ​အား ချစ်​မြတ်နိုး​ပြီး ကိုယ်တော်​၏​စကား​များ​ကို နှလုံး​သွင်း​၍ မိမိတို့၏​ဝိညာဉ်​ရေး​ကို ဦးစွာ​ပျိုးထောင်​ကြ​ရန် မိဘများ​အား မိန့်မှာ​ထား​ကြောင်း သတိပြုပါ။ မှန်ပါသည်၊ သင်တို့သည် ယေဟောဝါ​၏​နည်းလမ်းတော်​များ၊ မူများ​နှင့် ပညတ်​များ​ကို အမှန်တကယ်​နားလည်​ပြီး ချစ်​မြတ်နိုး​လာ​တတ်​ရန် သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​၍ ဆင်ခြင်​တွေးတော​ပြီး ဘုရားသခင့်​စကားတော်​ကို လေးလေးနက်နက် လေ့လာသူ​ဖြစ်​ဖို့​လို​သည်။ သို့​ဖြစ်​လျှင် သင်တို့ကို ရွှင်လန်း​အားရ​စေပြီး ယေဟောဝါ​အား ရိုသေ​လေးမြတ်၊ ချစ်​မြတ်နိုး​လာ​စေ​မည့် စိတ်ဝင်စားဖွယ် ကျမ်းစာ​အမှန်တရား သင်တို့၏​နှလုံး​တွင် ပြည့်လျှံ​နေ​ပေ​လိမ့်​မည်။ ထို​အခါ သင်တို့၏​သားသမီး​များ​ကို ဝေမျှပေး​ကမ်း​နိုင်​မည့် ကောင်းသော​အရာများ​စွာ ရှိ​ပေ​လိမ့်​မည်။—လုကာ ၆:၄၅

၁၂။ မိဘများသည် သားသမီး​များ​ကို ကျမ်းစာ​အမှန်တရား​သွန်သင်ပေး​သည့်​အခါ ယေရှု၏​ပုံသက်သေ​ကို မည်သို့​တုပ​နိုင်​သနည်း။

၁၂ ဝိညာဉ်​ရေး​ကောင်းသော မိဘများသည် တရားဟောရာ ၆:၇ ပါ​ဆုံးမ​စကား​ကို လက်တွေ့​ကျင့်သုံး​၍ အခွင့်အရေး​ရ​တိုင်း သားသမီး​များ​အား ယေဟောဝါ​၏​စကားတော်​ကို “ကြိုးစား​သွန်သင်” ပေး​ရန် အသင့်ရှိ​ကြသည်။ “ကြိုးစား​သွန်သင်” ခြင်း​ဟူသည် အထပ်ထပ်​သင်ကြား​ပြီး စွဲမှတ်စေ​ခြင်း​ဟု အဓိပ္ပာယ်​ရ၏။ ကျွန်ုပ်​တို့အားလုံး အထူးသဖြင့် ကလေး​များသည် သင်ယူ​နိုင်​ရန် အထပ်ထပ် ကြား​ရ​မြင်ရဖို့​လို​ကြောင်း ယေဟောဝါ ကောင်းစွာ​သိတော်မူ၏။ သို့​ဖြစ်၍ ယေရှုသည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် အထပ်ထပ်​ပြောဆို​ပြုမူ​ပြ​ခဲ့​၏။ ဥပမာ၊ မာနကြီး​ပြီး ဂုဏ်​ပြိုင်​မည့်​အစား စိတ်​နှိမ့်ချဖို့ တပည့်​များ​အား ကိုယ်တော် သွန်သင်ပေး​သည့်​အခါ ထို​မူကို​ပင် နည်း​အမျိုးမျိုးဖြင့် အထပ်ထပ် ပြောဆို​ပြုမူ​ပြ​ခဲ့​သည်။ ကျိုးကြောင်း​ဆင်ခြင်​ပြ​ခြင်း၊ ပုံဆောင်​ပြ​ခြင်း၊ လက်တွေ့​သရုပ်ပြ​ခြင်း​တို့​ဖြင့် ကိုယ်တော်​သွန်သင်​ပေး​ခဲ့​၏။ (မဿဲ ၁၈:၁-၄; ၂၀:၂၅-၂၇; ယောဟန် ၁၃:၁၂-၁၅) သို့ရာတွင် ကိုယ်တော် တစ်ခါမျှ စိတ်​မ​တို​ခဲ့​သည်​မှာ မှတ်သားထိုက်​၏။ ထို​နည်းတူ​စွာ၊ မိဘများသည် ယေဟောဝါ​၏​မူများ​ကို သားသမီး​များ နားလည်​သဘောပေါက်​ပြီး လက်တွေ့​ကျင့်သုံး​နိုင်​သည့်​အထိ အခြေခံ​အမှန်တရား​များ​ကို သွန်သင်ပေး​ရန် နည်းလမ်းများ​ရှာ​ယူ၍ စိတ်ရှည်ရှည်​ဖြင့် အထပ်ထပ် ပြောဆို​ပြုမူ​ပြဖို့​လို​သည်။

၁၃၊ ၁၄။ မိဘများသည် အဘယ်​အထောက်အကူ​ပြု​အရာများ​ကို အသုံးပြု၍ သားသမီး​များ​အား ကျမ်းစာ​အမှန်တရား​များ သွန်သင်ပေး​နိုင်​သည့် အချိန်​အခါ​အချို့​ကား အဘယ်နည်း။

၁၃ မိသားစု​သင်အံမှု​ပြု​ချိန်​သည် ဤသို့​သွန်သင်ပေး​ရန် အသင့်တော်ဆုံး​အချိန်​ဖြစ်သည်။ တည်ဆောက်မှု​ဖြစ်စေ​ပြီး ပျော်ရွှင်စရာ​ကောင်းသော မိသားစု​ကျမ်းစာ​သင်အံမှု​ကို မှန်မှန်​ပြုလုပ်​ပေးခြင်း​သည် မိသားစု​ဝိညာဉ်​ရေး​အတွက် အဓိက​ဖြစ်၏။ ကမ္ဘာ​တစ်ဝန်း​ရှိ ခရစ်ယာန်​မိသားစု​များသည် ဤသို့​သော​သင်အံမှုများ ပြုလုပ်​လျက်​ရှိကြသည်၊ ယေဟောဝါ​အဖွဲ့အစည်း​က ပြင်ဆင်​ပေး​ထားသော စာအုပ်စာတမ်း​ကို အသုံးပြု၍ သားသမီး​များ​၏​လိုအပ်ရာ​များနှင့်​အညီ သင်အံမှု​ပြု​ကြ​၏။ ထိုသို့​ပြု​ရန် ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့ စာအုပ်​အပြင် လူငယ်များ​အမေး—တာသွား​သည့်​အဖြေ စာအုပ်​တို့သည် အထူး​အထောက်အကူ​ပြု​၏။ * သို့သော် မိသားစု​သင်အံမှု​ပြု​ချိန်​၌​သာ သားသမီး​များ​ကို သွန်သင်ပေး​ရမည်​မဟုတ်ပါ။

၁၄ တရားဟောရာ ၆:၇ တွင်​ဖော်ပြ​သည့်​အတိုင်း အသင်​မိဘတို့၊ သားသမီး​များနှင့် ဝိညာဉ်​ရေးရာ ဆွေးနွေး​နိုင်​သည့် အချိန်​အခါ​များစွာ​ရှိပါ​သည်။ အတူတူ ခရီး​သွားစဉ်၊ အလုပ်လုပ်​စဉ်၊ အပန်းဖြေ​စဉ် သားသမီး​များ​၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ပံ့ပိုး​ပေး​ရန် အခွင့်အရေးရှာ​ယူ​နိုင်​ပေ​သည်။ ကျမ်းစာ​အမှန်တရား​များ​အကြောင်း သင်တို့၏​သားသမီး​များ​ကို အဆက်မပြတ် “ဆို​ဆုံးမ” နေစရာ​မလိုပါ။ ၎င်း​အစား၊ တည်ဆောက်မှု​ဖြစ်စေ​သည့် ဝိညာဉ်​ရေး​အကြောင်းကို မိသားစု​လိုက် စကားစမြည်​ပြောဆို​ရန် ကြိုးစား​ပါ။ ဥပမာ၊ နိုးလော့! မဂ္ဂဇင်း​တွင် အကြောင်းအရာ​မျိုးစုံ​ပါရှိ​သည်။ ဤ​အကြောင်းအရာများ​ကို​အခြေပြု​၍ ယေဟောဝါ​ဖန်ဆင်း​ထားသော တိရစ္ဆာန်​များ၊ ကမ္ဘာ​တစ်ဝန်း​ရှိ သဘာဝ​အလှ​များ၊ စိတ်ဝင်စားဖွယ် လူ့​ယဉ်ကျေးမှု​များနှင့် ဘဝ​ပုံစံ​များ​အကြောင်း စကားစမြည်​ပြောဆို​နိုင်​ကြ​၏။ ဤသို့​စကားစမြည်​ပြောဆိုခြင်း​ဖြင့် သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​အတန်းအစား​က ပြင်ဆင်​ပေး​ထားသော စာအုပ်စာတမ်း​များ​ကို လူငယ်များ ပိုမို​ဖတ်ရှု​လို​ကြ​ပေ​လိမ့်​မည်။—မဿဲ ၂၄:၄၅-၄၇

၁၅။ ခရစ်ယာန်​ဓမ္မ​အမှုသည် စိတ်ဝင်စားစရာ​ကောင်းပြီး အကျိုး​ရှိကြောင်း မိဘများ​က သားသမီး​များ​အား မည်သို့​သိမြင်​စေနိုင်​မည်​နည်း။

၁၅ သင်တို့၏​သားသမီး​များနှင့် တည်ဆောက်မှု​ဖြစ်စေ​သော စကားစမြည်​ပြောဆိုခြင်း​ဖြင့် တခြား​ဝိညာဉ်​ရေး​လိုအပ်ရာ​ကို​ပါ ဖြည့်ဆည်း​ပေး​နိုင်​မည်။ ခရစ်ယာန်​ကလေး​များသည် မိမိတို့၏​ယုံကြည်ချက်ကို သူတစ်ပါး​အား ထိရောက်​စွာ ပြောပြ​တတ်​ဖို့​လို​သည်။ သင်တို့သည် ကင်းမျှော်စင် သို့​မဟုတ် နိုးလော့! တို့​တွင်​ပါ​သည့် စိတ်ဝင်စားစရာ အကြောင်းအရာ​တစ်ခုခု​ကို ပြောဆို​နေကြ​စဉ် ထို​အကြောင်းအရာကို ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​ဆက်စပ်​၍ ဖော်ပြ​ရန် အခွင့်အရေးရှာ​ယူ​နိုင်​သည်။ ဥပမာ၊ ဤသို့​မေး​နိုင်၏– “ယေဟောဝါ​နဲ့​ပတ်သက်ပြီး ဒီ​အကြောင်းကို လူ​အများကြီး​သိ​ရင် မကောင်း​ဘူးလား။ ဒီ​အကြောင်းကို တစ်ဦး​တစ်ယောက် စိတ်ဝင်စား​လာအောင် ဘယ်လို​လုပ်နိုင်​မယ် ထင်​သလဲ။” ဤသို့​ဆွေးနွေးခြင်း​ဖြင့် လူငယ်များသည် မိမိတို့​သိရှိ​ထား​ရာ​တို့ကို သူတစ်ပါး​အား ပြောပြ​ရန် ပို​၍​စိတ်ဝင်စား​လာ​ကြ​ပေ​သည်။ ထို့နောက် သင်တို့၏​သားသမီး​များနှင့်​အတူ အမှုဆောင်ထွက်​သည့်​အခါ အဆိုပါ​ဆွေးနွေးမှု​ကို လက်တွေ့​ကျင့်သုံး​ကြောင်း သူတို့​တွေ့မြင်​ကြ​မည်။ ခရစ်ယာန်​ဓမ္မ​အမှုသည် စိတ်ဝင်စားစရာ​ကောင်းပြီး ပျော်ရွှင်စရာ​အလုပ်​ဖြစ်သည့်​အပြင် အလွန်​အားရ​ကျေနပ်စရာ၊ ရွှင်လန်းမှု​ပေး​ကြောင်း သားသမီး​များ သိရှိ​လာ​ကြ​ပေမည်။—တမန်​တော် ၂၀:၃၅

၁၆။ သားသမီး​များသည် မိဘများ​၏​ဆုတောင်းချက်​များ​ကို နားထောင်ခြင်း​ဖြင့် အဘယ်အရာ​သိရှိ​လာ​ကြ​မည်​နည်း။

၁၆ မိဘများ ဆုတောင်း​သည့်​အခါ​တွင်​လည်း သားသမီး​များ​၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ပံ့ပိုး​ပေး​ကြသည်။ ယေရှုသည် မည်သို့​ဆုတောင်း​ရမည်ကို တပည့်​များ​အား သင်ပေးခဲ့​ပြီး သူတို့နှင့်​အတူ ကြိမ်ဖန်​များစွာ ဆုတောင်း​ခဲ့​၏။ (လုကာ ၁၁:၁-၁၃) ယေဟောဝါ​၏​သားတော်​နှင့်အတူ ဆုတောင်း​ခဲ့​ကြ​ခြင်း​ဖြင့် သူတို့​မည်မျှ​တတ်သိလာ​မည်​ကို စဉ်းစား​ကြည့်​ပါ! ထို​နည်းတူ၊ သင်တို့၏​ဆုတောင်းချက်​များ​မှ သားသမီး​များ အတော်အတန်​သင်ယူ​နိုင်​ကြ​ပေမည်။ ဥပမာ၊ ယေဟောဝါ​သည် မိမိ​ထံ​ချဉ်းကပ်​၍ ကျွန်ုပ်​တို့၏​အဘယ်​စိုးရိမ်​ပူပန်မှု​ကို​မဆို ရင်ဖွင့်​ဆုတောင်း​စေ​လို​ကြောင်း သူတို့​သိရှိ​လာ​ကြ​ပေမည်။ မှန်ပါသည်၊ သင်တို့၏​ဆုတောင်းချက်​များ​ဖြင့် သားသမီး​များ သိရှိ​လာ​ကြ​မည့် အရေးကြီးသော​ဝိညာဉ်​ရေး​အမှန်တရားမှာ သူတို့သည် ကောင်းကင်​ခမည်းတော်​နှင့် ဆက်ဆံ​ရေး​ရှိ​နိုင်​ကြောင်း​ဖြစ်သည်။—၁ ပေတရု ၅:၇

စိတ်ပိုင်း​ဆိုင်ရာ​ပံ့ပိုး​ခြင်း

၁၇၊ ၁၈။ (က) သားသမီး​များ​ကို မေတ္တာပြ​ခြင်း​၏ အရေးကြီးမှုကို သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။ (ခ) သားသမီး​များ​ကို ချစ်​မြတ်နိုး​ကြောင်း ဖခင်​များ ဖော်ပြ​ရာ​တွင် ယေဟောဝါ​ကို မည်သို့​တုပ​သင့်​သနည်း။

၁၇ သားသမီး​များ​တွင် အရေးကြီးသော စိတ်ပိုင်း​ဆိုင်ရာ​လိုအပ်ရာ​များလည်း​ရှိ၏။ ဤ​လိုအပ်ရာ​များ​ကို ပံ့ပိုး​ပေး​ရန် အလွန်​အရေးကြီးကြောင်း မိဘများ​အား သမ္မာကျမ်းစာ​က မှာကြား​ထား​သည်။ ဥပမာ၊ ငယ်ရွယ်​သော​အမျိုးသမီးများ​သည် “သားသမီးကို​ချစ်” ကြ​ရန် သတိပေး​ခံရ​၏။ ထိုသို့​သူတို့​ပြုခြင်း​က ငယ်ရွယ်​သော​မိခင်များ​၏​သိစိတ်ကို နှိုးဆွ​ပေးခြင်း​ဖြစ်သည်။ (တိတု ၂:၄) အမှန်​မှာ၊ ကလေး​ကို မေတ္တာပြ​ရမည်။ ယင်းက မေတ္တာပြ​တတ်​ရန် ကလေး​ကို သင်ပေးခြင်း​ဖြစ်​ပြီး သူ့​ဘဝ​အတွက် အကျိုးရှိ​စေ​သည်။ ကလေး​ကို မေတ္တာ​မပြ​လျှင်​မူ မိုက်မဲ​ရာ​ကျ​၏။ ထိုသို့​မေတ္တာ​မပြ​လျှင် မစုံလင်သူ​ဖြစ်သည့် ကျွန်ုပ်​တို့ကို အား​ကြီးသော​မေတ္တာပြ​သည့် ယေဟောဝါ​အား အကြီးအကျယ်​စိတ်ထိခိုက်​စေပြီး ကိုယ်တော်​အား တုပ​ရာ​ကျ​တော့​မည်​မဟုတ်​ချေ။—ဆာလံ ၁၀၃:၈-၁၄

၁၈ မြေကြီးပေါ်​ရှိ သားသမီး​များ​ကို ယေဟောဝါ​ကိုယ်တော်တိုင်​ပင် အစပြု​၍ မေတ္တာပြ​တော်​မူ​၏။ ၁ ယောဟန် ၄:၁၉ ဆို​သည့်​အတိုင်း “ဘုရားသခင်​သည် ငါ​တို့ကို ရှေးဦး​စွာ​ချစ်တော်မူ” ၏။ အထူးသဖြင့် အသင်​ဖခင်​တို့၊ ယေဟောဝါ​၏​ပုံ​နမူနာကို တုပ​၍ သားသမီး​များနှင့် မေတ္တာ​နှောင်ကြိုး​ဖွဲ့​ရန် အစပြု​လုပ်ဆောင်​သင့်​သည်။ “သားသမီးတို့​သည် အားလျော့​စိတ်ပျက်ခြင်း​သို့ မ​ရောက်​စေခြင်း​ငှာ” သူတို့ကို စိတ်မဆိုး​စေ​နှင့်​ဟု ဖခင်​များ​ကို သမ္မာကျမ်းစာ​က တိုက်တွန်း​ထား​သည်။ (ကောလောသဲ ၃:၂၁သ​မ) မိဘ​က မိမိတို့ကို မချစ်၊ တန်ဖိုး​မထား​ဟု ခံစားရ​သည်ထက် သားသမီး​များ​ကို စိတ်ဆိုး​စေသည့်​အရာ​မရှိ​ချေ။ မိမိတို့၏​ခံစားချက်​များ​ကို ဖော်ထုတ်​မပြ​လို​သော ဖခင်​များသည် ယေဟောဝါ​၏​ပုံ​နမူနာကို သတိရ​သင့်​သည်။ ယေဟောဝါ​သည် မိမိ၏​သားတော်ကို နှစ်သက်​မြတ်နိုး​ကြောင်း ကောင်းကင်​မှ​ပင် ထုတ်ဖော်​ပြောဆို​ခဲ့​၏။ (မဿဲ ၃:၁၇; ၁၇:၁၅) ယင်းကြောင့် ယေရှု အားရှိ​လိုက်​မည်​ဖြစ်​ခြင်း! ထို​နည်းတူ၊ မိဘများ​က မိမိတို့ကို နှစ်သက်​မြတ်နိုး​ကြောင်း စိတ်ရင်းမှန်​ဖြင့် ပြော​လျှင် သားသမီး​များ အလွန်​အားရှိ​ကြ​မည်။

၁၉။ ဆုံးမ​ပဲ့ပြင်​မှု​သည် အဘယ်ကြောင့် အရေးကြီး​သနည်း၊ ခရစ်ယာန်​မိဘများသည် အဘယ်​ဟန်ချက်ညီ​မျှ​မှု​ရှိစေရန် ကြိုးစား​ကြ​သနည်း။

၁၉ အမှန်​ဆို​သော် မိဘ​မေတ္တာသည် အပြော​မျှ​သာ​မဟုတ်​ချေ။ မေတ္တာကို အလုပ်​အားဖြင့် အဓိက​ထင်ရှားပြ​သည်။ အထူးသဖြင့် မေတ္တာ​၏​လှုံ့ဆော်မှု​ကြောင့် ကာယရေး​နှင့် ဝိညာဉ်​ရေး​တို့ကို ပံ့ပိုး​ပေး​လျှင် မိဘ​မေတ္တာပြ​ရာ​ရောက်​နိုင်၏။ ထို့​ပြင် မိဘ​မေတ္တာပြ​ရာ​တွင် ဆုံးမ​ပဲ့ပြင်​မှု​သည်လည်း အရေးကြီး​၏။ မှန်ပါသည်၊ ‘ထာဝရ​ဘုရားသခင်​သည် ချစ်တော်မူ​သော​သူကို ဆုံးမ​တော်​မူ​တတ်၏။’ (ဟေဗြဲ ၁၂:၆) တစ်ဖက်​တွင်​မူ၊ မဆုံးမ,မ​ပဲ့ပြင်​လျှင် သားသမီးကို မုန်း​ရာ​ရောက်​၏! (သု. ၁၃:၂၄) ယေဟောဝါ​သည် “အတော်အတန်​ဆုံးမ” ခြင်း​ဖြင့် ဟန်ချက်ညီ​မျှ​မှု အမြဲ​ရှိစေ​၏။ (ယေရမိ ၄၆:၂၈) မစုံလင်​သော​မိဘများ​မူ​ကား ဤသို့​သော​ဟန်ချက်ညီ​မျှ​မှု​ရှိ​ရန် အမြဲ​လွယ်ကူ​မည်​မဟုတ်​ချေ။ သို့ရာတွင် သင်တို့သည် ထိုသို့​ဟန်ချက်ညီ​ရန် အတတ်နိုင်ဆုံး ကြိုးစား​အားထုတ်​လျှင် အကျိုး​ရှိ၏။ ခိုင်မာ​ပြတ်သား၊ မေတ္တာပါပါ ဆုံးမ​ပဲ့ပြင်​ခံရ​သောက​လေး​သည် ပျော်ရွှင်​အားရ​ပြီး သူ၏​ဘဝ ကောင်းစား​လိမ့်​မည်။ (သု. ၂၂:၆) ခရစ်ယာန်​မိဘ​တိုင်း​သည် မိမိ​ကလေး​ကို ထိုသို့​ဖြစ်စေ​လို​သည်မဟုတ်​ပေ​လော။

၂၀။ မိဘများသည် သားသမီး​များ​အား ‘အသက်ကို​ရွေးချယ်’ ရန်ဖြစ်​နိုင်​သရွေ့ မည်သို့​လမ်းဖွင့်​ပေး​နိုင်​ကြ​သနည်း။

၂၀ အသင်​မိဘတို့၊ ယေဟောဝါ​ပေးအပ်​ထားသော အရေးကြီး​လုပ်ငန်း​ဖြစ်သည့် သားသမီး​များ​ကို ကာယရေး၊ ဝိညာဉ်​ရေး၊ စိတ်ပိုင်း​ဆိုင်ရာ​လိုအပ်ရာ​များ ပံ့ပိုး​ပေး​သည့်​အခါ အလွန်​အကျိုးနပ်​ပေ​လိမ့်​မည်။ သို့ဖြင့် သင်တို့သည် သားသမီး​များ​အား ‘အသက်ကို​ရွေးချယ်’ ရန် ဖြစ်​နိုင်​သရွေ့ လမ်းဖွင့်​ပေး​ထားခြင်း​ဖြင့် “အသက်ရှင်” နေ​စေ​ကြ​မည်။ (တရားဟောရာ ၃၀:၁၉) ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရန် ရွေးချယ်​ကြ​ပြီး ကြီးပြင်း​လာစဉ် အသက်​လမ်းပေါ် ရှိနေကြ​သော ကလေး​သူငယ်​များသည် မိဘများ​ကို များစွာ​ပျော်ရွှင်​စေ​ကြ​၏။ (ဆာလံ ၁၂၇:၃-၅) ဤ​ပျော်ရွှင်မှု​သည် ထာဝစဉ်​တည်တံ့​သွားပါ​လိမ့်​မည်! သို့သော် လူငယ်များသည် ယေဟောဝါ​အား ယခု မည်သို့​ချီးမွမ်း​နိုင်​ကြ​သနည်း။ နောက်​ဆောင်းပါး​က ထို​အကြောင်းအရာကို ဆွေးနွေး​ပါ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ဤ​ဆွေးနွေးချက်​တွင် ပံ့ပိုး​ပေး​သူ​ဟု​ဆိုလျှင် အများအားဖြင့် အမျိုးသားကို ရည်ညွှန်း​လိမ့်​မည်။ သို့သော် ဤ​မူများ​သည် အခြေခံ​လိုအပ်ရာ​ကို ပံ့ပိုး​ပေး​နေကြ​သော ခရစ်ယာန်​အမျိုးသမီးများနှင့်​လည်း သက်ဆိုင်​၏။

^ အပိုဒ်၊ 13 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

မိဘများသည် သားသမီး​များ​ကို

• ကာယရေး​အရ

• ဝိညာဉ်​ရေး​အရ

• စိတ်ပိုင်း​အရ

ပံ့ပိုး​ပေး​ရန် မည်သို့​လုပ်ဆောင်​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ငှက်​များစွာ​သည် သားငယ်ကို မမော​နိုင်​မ​ပန်း​နိုင် ခက်ခက်ခဲခဲ အစာ​ရှာကျွေး​မွေး

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မိဘများသည် မိမိ၏​ဝိညာဉ်​ရေး​ကို ဦးစွာ ပျိုးထောင်​ရမည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖန်ဆင်း​ရှင်​အကြောင်း သားသမီး​များ​ကို သွန်သင်ပေး​ရန် အခွင့်အခါ​များစွာ မိဘများ ရှာတွေ့နိုင်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

သားသမီး​များသည် မိဘများ​၏​နှစ်သက်​မြတ်နိုးမှု​ခံရ​ခြင်း​မှ ခွန်အား​သတ္တိ​ရှိလာ​ကြ