မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!

လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!

လူငယ်တို့၊ ယေဟောဝါ​အား ချီးမွမ်း​ကြလော့!

‘မြေကြီး​၌​ရှိသော လူပျို​နှင့်​အပျို​များ ထာဝရ​ဘုရားသခင်​ကို ချီးမွမ်း​ကြလော့။’—ဆာလံ ၁၄၈:၇၊ ၁၂

၁၊ ၂။ (က) လူငယ်များစွာသည် အဘယ်​ချုပ်ချယ်​မှုများ​ကို သတိပြုမိ​ကြ​သနည်း။ (ခ) လူငယ်များသည် မိဘများ​၏​ချုပ်ချယ်​မှုများ​ကို အဘယ်ကြောင့် မကျေမနပ်​ဖြစ်စရာ​မလို​သနည်း။

အဘယ်အရာကို မိမိတို့ ပြုလုပ်​ခွင့်​မရသေး​ကြောင်း လူငယ်များ ကောင်းစွာ​သိ​ကြလေ့​ရှိသည်။ မိမိတို့သည် မည်သည့်​အရွယ်​တွင် တစ်ဦးတည်း လမ်းကူး​ခွင့်​ရှိသည်၊ ဘယ်​အချိန်အထိ အိပ်ရာ​မဝင်​ဘဲ နေခွင့်​ရှိသည်၊ ကားမောင်း​ခွင့်​ရှိသည်​ကို ချက်ချင်း​ပြော​နိုင်​ကြ​သူ များစွာ​ရှိ၏။ တစ်ခါတစ်ရံ မိမိ​လိုချင်ရာ​များ​ကို “အသက်ကြီး​သည်​အထိ​စောင့်” ဟူသော အဖြေကို​သာ ရရှိ​သည်​ဟု လူငယ်​တစ်ဦး ယူမှတ်​ပေမည်။

အသင်​လူငယ်တို့၊ သင်တို့ကို ဤသို့​ချုပ်ချယ်​ရခြင်း​သည် ပညာရှိရာ​ရောက်​ပြီး သင်တို့​အတွက် အကာအကွယ်​ဖြစ်စေ​သည်​ဟု မိဘများ ယူမှတ်​ကြ​ကြောင်း သိ​နားလည်​ပါ။ မိဘ​စကား​နားထောင်ခြင်း​ကို ယေဟောဝါ​နှစ်သက်​တော်​မူ​ကြောင်း​လည်း သင်တို့​သိ​ကြ​ပေမည်။ (ကောလောသဲ ၃:၂၀) သို့သော် သင်တို့၏​ဘဝ​မစ​ရ​သေး​ဟု ခံစားရ​ဖူး​သလော။ အသက်ကြီး​လာ​မှ အရေးကြီး​ရာ​မှန်သမျှ ပြုလုပ်​ခွင့်​ရမည်​လော။ မဟုတ်ပါ! ယနေ့ သင်တို့​ရရှိရန် စောင့်မျှော်​နေသော မည်သည့်​အခွင့်ထူး​ထက်​မဆို သာ၍​အရေးကြီးသော အလုပ်​တစ်ခု​ရှိ​နေသည်။ အသင်​လူငယ်တို့၊ ဤ​လုပ်ငန်း​တွင် သင်တို့ ပါဝင်ခွင့်​ရ​ကြ​သလော။ ပါဝင်ခွင့်​ရ​ရုံ​သာမက အမြင့်ဆုံး​သော​ဘုရားသခင် ကိုယ်တော်တိုင်​က ထို​တွင်​ပါဝင်​ကြ​ရန် သင်တို့ကို ဖိတ်ခေါ်​ထား​၏!

၃။ အဘယ်​အခွင့်ထူး ရရှိရန် လူငယ်များ​ကို ယေဟောဝါ​ဖိတ်ခေါ်​သနည်း၊ ယခု အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

အဘယ်​လုပ်ငန်း​အကြောင်းကို ကျွန်ုပ်​တို့ ပြောဆို​နေကြ​သနည်း။ ‘မြေကြီး​၌​ရှိသော လူပျို​နှင့်​အပျို​များ ထာဝရ​ဘုရားသခင်​ကို ချီးမွမ်း​ကြလော့’ ဟူ​သည့် ဤ​ဆောင်းပါး​၏ အဓိက​ကျမ်းချက်​ပါ စကား​များ​ကို သတိပြုပါ။ (ဆာလံ ၁၄၈:၇၊ ၁၂) ထို​တွင် သင်တို့၏​အခွင့်ထူး​ကြီး​ဖြစ်သော ယေဟောဝါ​အား ချီးမွမ်း​နိုင်​ခြင်း​ကို ဖော်ပြ​ထား​သည်။ လူငယ်​တစ်ဦး​အနေ​နှင့် သင်သည် ထို​လုပ်ငန်း​တွင် ပါဝင်ခွင့်​ရ​သဖြင့် ဝမ်းသာ​ပီတိ​ဖြစ်သလော။ လူငယ်​အများ​က ဝမ်းသာ​ပီတိ​ဖြစ်​ကြ​၏။ ထိုသို့​ပီတိ​ဖြစ်​ရသည့်​အကြောင်းကို သိရှိ​ရန် မေးခွန်း​သုံးခု​ကို သုံးသပ်ကြည့်​ကြ​စို့။ ပထမဦးဆုံး၊ သင်သည် ယေဟောဝါ​အား အဘယ်ကြောင့် ချီးမွမ်း​သင့်​သနည်း။ ဒုတိယ၊ ထိရောက်​စွာ မည်သို့​ချီးမွမ်း​နိုင်​သနည်း။ တတိယ၊ ယေဟောဝါ​အား စတင်​ချီးမွမ်း​ရန် အဘယ်​အချိန်​သည် အကောင်းဆုံး​ဖြစ်သနည်း။

ယေဟောဝါ​အား အဘယ်ကြောင့် ချီးမွမ်း​ရသနည်း

၄၊ ၅။ (က) ဆာလံ ၁၄၈ အရ ကျွန်ုပ်​တို့သည် အဘယ်​အံ့သြ​မိန်းမော​ဖွယ်​အခြေအနေ​တွင် ရှိနေကြ​သနည်း။ (ခ) ပြောဆို​ဆင်ခြင်​နိုင်စွမ်း​မရှိသော ဖန်ဆင်း​ရာ​များသည် ယေဟောဝါ​အား မည်သို့​ချီးမွမ်း​နေကြ​သနည်း။

ယေဟောဝါ​အား ချီးမွမ်း​ရသည့် အဓိက​အကြောင်း​မှာ ကိုယ်တော်​သည် ဖန်ဆင်း​ရှင်​ဖြစ်၍​တည်း။ ဆာလံ ၁၄၈ က​အဆိုပါ​အမှန်တရားကို အာရုံစိုက်​စေ​သည်။ အကယ်၍ သင်သည် သာယာ​ငြိ​မ့်​ညောင်း​ပြီး စိတ်​လှုပ်ရှား​စေသည့် သီချင်းကို သံ​ပြိုင်​သီဆို​နေကြ​သည့် လူစု​ကြီး​အနား​သို့ ရောက်ရှိ​သွား​လျှင် မည်သို့​ခံစားရ​မည်​ကို စဉ်းစား​ကြည့်​လိုက်ပါ။ ထို​သီချင်း​၏​စာသား​သည် တိကျ​မှန်ကန်​ပြီး အရေးကြီး​ရုံ​မ​က ရွှင်လန်း​အားရ​စေမည်​ဆိုလျှင်​ကော။ ထို​စာသား​များ​ကို သင်​ယူ၍ ပူးပေါင်း​သီဆို​လို​မည် မဟုတ်ပေ​လော။ အများစု​သည် ထိုသို့​ပြု​လို​ကြ​ပေမည်။ သင်တို့သည် ဤသို့​သော​အခြေအနေ​မျိုး​တွင်​သာမက များစွာ​သာလွန်​ကောင်းမွန်​သည့် အခြေအနေ​မျိုး​တွင်​ရှိနေကြ​ကြောင်း ဆာလံ ၁၄၈ က​ဖော်ပြ​၏။ ဧရာမ​လူစု​ကြီး​သည် ယေဟောဝါ​အား သံ​ပြိုင်​ချီးမွမ်း​နေကြ​သည်​ဟု အဆိုပါ​ဆာလံ​က ဖော်ပြ​၏။ သို့သော် ထို​ဆာလံ​ကို သင်​ဖတ်​သည့်​အခါ ထူးခြားချက်​တစ်ချက်​ကို သတိပြုမိ​ပေမည်။ ၎င်း​ကား အဘယ်နည်း။

ဆာလံ ၁၄၈ တွင်​ဖော်ပြ​ထားသော ချီးမွမ်းသူ​အများ​သည် ပြောဆို​ဆင်ခြင်​နိုင်စွမ်း​မရှိကြ​ချေ။ ဥပမာ၊ နေ၊ လ၊ ကြယ်၊ နှင်း၊ လေ​နှင့် တောင်ကြီး​တောင်​ငယ်​တို့သည် ယေဟောဝါ​အား ချီးမွမ်း​နေကြ​သည်​ဟု ကျွန်ုပ်​တို့​ဖတ်​ရ၏။ အဆိုပါ​သက်မဲ့​များသည် မည်သို့​ချီးမွမ်း​နိုင်​ကြ​သနည်း။ (အခန်းငယ် ဆာလံ ၁၄၈:၃၊ ၈၊ ၉) အမှန်​ဆို​သော် အပင်များ၊ ပင်လယ်​သတ္တဝါများ​နှင့် တိရစ္ဆာန်​များသည်​လည်း ထို​နည်းတူ​ပင် ချီးမွမ်း​နေကြ၏။ (အခန်းငယ် ဆာလံ ၁၄၈:၇၊ ၉၊ ၁၀) သင်သည် သာယာလှပ​သည့် နေဝင်​ဆည်း​ဆာ​ကို ရှုစား​ဖူး​သလော၊ ကြယ်အတိ​ပြီး​သော​ကောင်းကင်​တွင် ရွက်လွှင့်​နေသော လ​ပြည့်​ဝန်း​ကြီး​ကို မော့ကြည့်​ဖူး​သလော၊ သို့​မဟုတ် ဆော့​ကစား​နေကြ​သော တိရစ္ဆာန်​များ​ကို​ကြည့်​၍ ကြည်နူး​ဖူး​သလော၊ ခမ်းနား​ထည်ဝါ​သည့် တောတောင်​ရှုခင်း​တစ်ခု​ကို အံ့သြ​မိန်းမော​ဖူး​သလော။ သို့​ဖြစ်​လျှင် သင်သည် ဖန်ဆင်း​ခြင်း​လက်ရာ​၏ ချီးမွမ်း​သီဆိုသံ​ကို “ကြား” ရပြီ။ ယေဟောဝါ ဖန်ဆင်း​ထား​သမျှ​က ကိုယ်တော်​သည် အတိုင်းအဆမဲ့​တန်ခိုး​နှင့်​ပြည့်စုံသော ဖန်ဆင်း​ရှင်​ဖြစ်​ကြောင်း၊ စကြဝဠာ​တစ်ခွင်​တွင် ကိုယ်တော်​တစ်ပါး​တည်း​သာ တန်ခိုး​အရှိဆုံး၊ ဉာဏ်ပညာ​အရှိဆုံး၊ မေတ္တာ​အရှိဆုံး​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ကို သိရှိ​စေ​သည်။—ရောမ ၁:၂၀; ဗျာ. ၄:၁၁

၆၊ ၇။ (က) အဘယ်​အသိဉာဏ်​ရှိ​သတ္တဝါများ​သည် ယေဟောဝါ​အား ချီးမွမ်း​နေကြ​သည်​ဟု ဆာလံ ၁၄၈ က​ဖော်ပြ​သနည်း။ (ခ) ယေဟောဝါ​အား ချီးမွမ်း​ရန် အဘယ်ကြောင့် စေ့ဆော်​ခံရ​ကြ​သနည်း။ ဥပမာ​ပေး​ပါ။

အသိဉာဏ်​ရှိ​ဖန်ဆင်း​ရာ​သည် ယေဟောဝါ​အား ချီးမွမ်း​နေကြ​သည်​ဟူ၍လည်း ဆာလံ ၁၄၈ က​ဖော်ပြ​သည်။ အခန်းငယ် ဆာလံ ၁၄၈:၂ တွင် ယေဟောဝါ​၏ “ကောင်းကင်​ဗိုလ်ခြေ” ကောင်းကင်တမန်​များသည် ဘုရားသခင်​ကို ချီးမွမ်း​နေကြ​ကြောင်း တွေ့ရှိ​ရ၏။ အခန်းငယ် ဆာလံ ၁၄၈:၁၁ တွင် ရှင်ဘုရင်များ​နှင့် တရားသူကြီး​များ​အစ​ရှိသော တန်ခိုး​အာဏာ​ရှိ လူသားများ​ကို ပူးပေါင်း​ချီးမွမ်း​ကြ​ရန် ဖိတ်ခေါ်​ထား​သည်။ တန်ခိုး​ကြီးမားသော ကောင်းကင်တမန်​များ​ပင် ယေဟောဝါ​အား ချီးမွမ်း​ရ​၍ ပျော်ရွှင်​နေကြ​လျှင် လူသား​မျှ​ဖြစ်သူက မိမိသည် အလွန်​အရေးပါသော​ကြောင့် မ​ချီးမွမ်း​နိုင်​ဟု ဆို​သင့်​သလော။ ထို့နောက် အခန်းငယ် ဆာလံ ၁၄၈:၁၂ နှင့် ဆာလံ ၁၄၈:၁၃ တို့​တွင် အသင်​လူငယ်များ​ကိုလည်း ယေဟောဝါ​အား ပူးပေါင်း​ချီးမွမ်း​ကြ​ရန် ဖိတ်ခေါ်​ထား​သည်။ သင်တို့သည် ထိုသို့​ချီးမွမ်း​လို​စိတ်​ရှိလာ​ရန် စေ့ဆော်​ခံရ​သလော။

ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ပါ။ သင်၏​မိတ်ဆွေရင်း​တစ်ဦး​သည် အားကစား၊ အနုပညာ၊ တေးဂီတ​အစ​ရှိသည်​တို့​တွင် ထူးချွန်​ကျွမ်းကျင်​နေလျှင် သင်၏​မိသားစု​နှင့် တခြား​မိတ်ဆွေများ​ကို သူ့​အကြောင်း ပြောပြ​မည်​မဟုတ်လော။ ပြောပြ​မည်​မှာ သေချာ​၏။ ယေဟောဝါ​ပြုလုပ်​တော်​မူ​ရာ​အလုံးစုံ​ကို ကျွန်ုပ်​တို့​သိရှိ​လာ​လျှင် ထိုသို့​ပင်​ဖြစ်လာ​နိုင်​သည်။ ဥပမာ၊ ကြယ်အတိ​ပြီး​သော မိုးကောင်းကင် သည်​ချီးမွမ်း “မြွက်ဆို” ကြောင်း ဆာလံ ၁၉:၁၊ ၂ က​ဆို​၏။ ကျွန်ုပ်​တို့​မူ၊ ယေဟောဝါ​ပြီးမြောက်​စေ​ခဲ့​သည့် အံ့မခန်းဖွယ်​ရာ​များ​ကို စဉ်းစား​လိုက်​သည့်​အခါ ကျွန်ုပ်​တို့၏​ဘုရားသခင်​အကြောင်း မပြော​ဘဲ​မနေနိုင်​တော့​ပေ။

၈၊ ၉။ ယေဟောဝါ​သည် အဘယ်​အကြောင်း​များ​ကြောင့် မိမိ​အား ချီးမွမ်း​စေ​လို​သနည်း။

ယေဟောဝါ​အား ချီးမွမ်း​ရသည့် ထူးခြားချက်​နောက်တစ်ခု​မှာ ထိုသို့​ကိုယ်တော်​ချီးမွမ်း​စေ​လို​သောကြောင့်​ဖြစ်၏။ အဘယ်ကြောင့်​နည်း။ ကိုယ်တော်​သည် လူသားများ​ထံ​မှ ချီးမွမ်းမှု လိုအပ်​၍​လော။ မဟုတ်ပါ။ ကျွန်ုပ်​တို့​လူသားများ​သည် တစ်ခါတစ်ရံ ချီးမွမ်း​ခံရ​ဖို့​လို​သော်လည်း ယေဟောဝါ​သည် ကျွန်ုပ်​တို့​ထက် သာလွန်​မြင့်မြတ်​တော်​မူ​၏။ (ဟေရှာယ ၅၅:၈) ကိုယ်တော်​သည် မိမိကိုယ်ကို​ရော၊ မိမိ၏​အရည်အချင်းများ​ကို​ပါ ယုံကြည်​စိတ်ချမှု​အပြည့်​ရှိ၏။ (ဟေရှာယ ၄၅:၅) သို့​တိုင် ကိုယ်တော်​သည် မိမိ​အား ချီးမွမ်း​စေ​လို​ပြီး ကျွန်ုပ်​တို့ ချီးမွမ်း​သည့်​အခါ​တွင်​လည်း အားရ​နှစ်သက်​တော်​မူ​၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ပထမ​အနေ​နှင့် ကိုယ်တော့်​ကို ကျွန်ုပ်​တို့ ချီးမွမ်း​ဖို့​လို​ကြောင်း ကိုယ်တော်​သိတော်မူ၏။ ဝတ်ပြု​ကိုးကွယ်​ဖို့​လို​သည့် ဝိညာဉ်​ရေး​လိုအပ်ချက်​ဖြင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​ဖန်ဆင်း​ထား​သည်။ (မဿဲ ၅:၃က​ဘ) အာဟာရ​ရှိသော​အစာ သင်​စားသုံး​နေသည်​ကို မိဘများ တွေ့မြင်​သည့်​အခါ အားရ​ကျေနပ်​သကဲ့သို့ ကျွန်ုပ်​တို့သည် ထို​ဝိညာဉ်​ရေး​လိုအပ်ချက် ဖြည့်ဆည်း​ခြင်း​ကို ယေဟောဝါ​မြင်​၍ အားရ​နှစ်သက်​တော်​မူ​၏။—ယောဟန် ၄:၃၄

ဒုတိယ၊ ယေဟောဝါ​အား ကျွန်ုပ်​တို့ ချီးမွမ်း​ခြင်း​ကို တခြား​သူများ ကြား​ရဖို့​လို​ကြောင်း ကိုယ်တော်​သိတော်မူ၏။ တမန်​တော်​ပေါလု​သည် လူငယ်​တိမောသေ​ထံ ဤ​စကား​များ​ဖြင့် စာရေး​ခဲ့​သည်– ‘ကိုယ်ကို​လည်းကောင်း၊ ကိုယ်​ဆုံးမ​စကား​ကိုလည်း​ကောင်း သတိပြု​၍ အမြဲ​တည်​နေလော့။ ထို​သို့ပြုလျှင် ကိုယ်ကို​လည်းကောင်း၊ နားထောင်​သော​သူတို့ကိုလည်း​ကောင်း ကယ်တင်​လိမ့်​မည်။’ (၁ တိမောသေ ၄:၁၆) မှန်သည်၊ ယေဟောဝါ​ဘုရားသခင်​အကြောင်း တခြားသူ​များ​ကို သွန်သင်ပေး​ပြီး ကိုယ်တော့်​အား ချီးမွမ်း​သည့်​အခါ သူတို့လည်း ယေဟောဝါ​ကို သိရှိ​လာ​ကြ​ပေမည်။ ဤသို့​သော​အသိပညာ​ကြောင့် သူတို့သည် ထာဝရ​ကယ်တင်ခြင်း​ရရှိနိုင်​ကြ​မည်။—ယောဟန် ၁၇:၃

၁၀။ ကျွန်ုပ်​တို့၏​ဘုရားသခင်​အား ချီးမွမ်း​ရန် အဘယ်ကြောင့် လှုံ့ဆော်​ခံရ​သနည်း။

၁၀ ယေဟောဝါ​အား ချီးမွမ်း​ရသည့်​အကြောင်း နောက်တစ်ခု​ရှိသေး​သည်။ အလွန်​ထူးချွန်​သည့် သင်၏​မိတ်ဆွေ ဥပမာ​ကို သတိရပါ။ တခြား​သူများ​က သူ့​အကြောင်း မဟုတ်မမှန်​ပြောဆို​ပြီး နာမည်​ပျက်​အောင် ရှုတ်ချ​ပြောဆို​နေသည်​ကို သင်ကြား​ရ​လျှင် သူ့ကို ပို​၍​ပင် ချီးမွမ်း​လို​မည်​မဟုတ်လော။ ဤ​ကမ္ဘာ​တစ်ခွင်​တွင် ယေဟောဝါ​အကြောင်း ရှုတ်ချ​ပြောဆို​နေကြ​သည်။ (ယောဟန် ၈:၄၄; ဗျာ. ၁၂:၉) သို့​ဖြစ်၍ ကိုယ်တော်​ကို ချစ်​မြတ်နိုးသူ​များသည် ကိုယ်တော့်​အကြောင်း အမှန်တရား​ပြောဆို​ရန် လှုံ့ဆော်​ခံရ​ရာ အဖြစ်မှန်​ထင်ရှား​လာ​၏။ အသင်​လည်း ယေဟောဝါ​ကို ချစ်​မြတ်နိုး​ပြီး ကျေးဇူး​တင်​ကြောင်း ပြောဆို​လို​သလော၊ ကိုယ်တော်​၏​ရန်သူကြီး စာတန်​ကို​မဟုတ်ဘဲ ကိုယ်တော့်​အား သင်၏​အုပ်စိုးရှင်​အဖြစ် လက်ခံ​ကြောင်း ဖော်ပြ​လို​သလော။ ယေဟောဝါ​အား ချီးမွမ်း​ခြင်း​ဖြင့် ထိုသို့​ပြုလုပ်​နိုင်​ပါ​သည်။ ထို့​ကြောင့် မေးစရာ​မှာ မည်သို့​ချီးမွမ်း​နိုင်​သနည်း​ဟူ၍​ဖြစ်၏။

လူငယ်​အချို့ ယေဟောဝါ​အား ချီးမွမ်း​ခဲ့​ပုံ

၁၁။ လူငယ်များသည် ယေဟောဝါ​အား အလွန်​ထိရောက်​စွာ ချီးမွမ်း​နိုင်​ကြ​ကြောင်း အဘယ်​ကျမ်းစာ​ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။

၁၁ လူငယ်များသည် ယေဟောဝါ​အား အလွန်​ထိရောက်​စွာ ချီးမွမ်း​တတ်ကြ​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ ဥပမာ၊ ရှုရိ​ပြည်​သို့ ကျွန်​သ​ပေါက်​အဖြစ် ခေါ်ဆောင်​ခံရ​သော ဣသရေလ​မိန်းကလေး​တစ်ဦး၏​အဖြစ်ကို ကြည့်​ပါ။ သူသည် သခင်မ​အား ယေဟောဝါ​၏​ပရောဖက်​ဧလိရှဲ​အကြောင်း သတ္တိရှိရှိ သက်သေခံ​ခဲ့​သည်။ သူ၏​စကား​က အံ့ဖွယ်အမှု​တစ်ခု ဖြစ်လာ​ဖို့​အကြောင်း​ပေါ်​စေပြီး ခိုင်လုံ​သော​သက်သေခံချက်​တစ်ရပ် ဖြစ်မြောက်​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၅:၁-၁၇) ယေရှုသည်​လည်း ကလေး​ဘဝက သတ္တိရှိရှိ သက်သေခံ​ခဲ့​သည်။ သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​နိုင်​သည့် ယေရှု၏​လူငယ်​ဘဝ အဖြစ်အပျက်​အားလုံး​မှ တစ်ခု​ကို ယေဟောဝါ​ရွေးချယ်​ဖော်ပြ​ခဲ့​သည်၊ ၎င်း​ကား ယေရှု​အသက် ၁၂ နှစ်အရွယ်​တွင် ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်၌ ဘာသာရေး​ဆရာများ​ကို သတ္တိရှိရှိ မေးခွန်းထုတ်​ခဲ့​ရာ ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို ယေရှု​သိ​နားလည်​သည့်​အတွက် သူတို့​အံ့အားသင့်​ခဲ့​ခြင်း​အကြောင်း​ဖြစ်သည်။—လုကာ ၂:၄၆-၄၉

၁၂၊ ၁၃။ (က) ယေရှု မ​ကွယ်လွန်​မီ​လေး​တွင် ဝတ်ပြုရာ​အိမ်တော်တွင် အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း၊ ထို​တွင်​ရှိ​လူ​တို့​အပေါ် အဘယ်​အကျိုး သက်ရောက်​ခဲ့​သနည်း။ (ခ) ယေရှုသည် သူငယ်​များ​၏​ချီးမွမ်း​ခြင်း​ကို မည်သို့​ခံစား​ခဲ့​သနည်း။

၁၂ ယေရှု​ကြီးပြင်း​လာ​သည့်​အခါ ယေဟောဝါ​အား ချီးမွမ်း​ကြ​ရန် ကလေး​များ​ကိုလည်း အားပေး​တိုက်တွန်း​ခဲ့​သည်။ ဥပမာ၊ ယေရှု​မသေမီ ရက်​အနည်းငယ်​တွင် ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်၌ အချိန်​အကုန်ခံ​ခဲ့​သည်။ ထို​တွင် “အံ့သြဖွယ်​အမှု​များ” ကိုယ်တော် ပြုလုပ်​ခဲ့​ကြောင်း ကျမ်းစာ​က​ဆို​၏။ ထို​မြင့်မြတ်​သော​နေရာကို သူခိုး​တွင်း​ဖြစ်စေ​သူများ​အား ကိုယ်တော် မောင်း​ထုတ်ပစ်​ခဲ့​သည်။ မျက်စိကန်း​သော​သူနှင့် ခြေဆွံ့သူ​တို့ကို​လည်း ကုသ​ပေး​ခဲ့​၏။ ထို​တွင်​ရှိသူ​တိုင်း၊ အထူးသဖြင့် ဘာသာရေး​ခေါင်းဆောင်​များသည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​သားတော် မေရှိယ​တို့ကို ချီးမွမ်း​ကြ​ရန် လှုံ့ဆော်​ခံ​သင့်​သည်။ သို့သော် ဝမ်းနည်းစရာမှာ ထို​အချိန်​က လူအများသည် မ​ချီးမွမ်း​ခဲ့​ကြ​ချေ။ ယေရှုကို ဘုရားသခင်​စေလွှတ်​ကြောင်း သူတို့​သိ​ကြသော်လည်း ဘာသာရေး​ခေါင်းဆောင်​များ​ကို ကြောက်ရွံ့​ခဲ့​ကြသည်။ သို့သော် အုပ်စု​တစ်စု​က သတ္တိရှိရှိ ချီးမွမ်း​ခဲ့​ကြ​၏။ သူတို့​ကား မည်သူ​တို့​ဖြစ်​ကြောင်း သင်​သိ​သလော။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– ‘[ယေရှု] ပြုမူ​သော အံ့သြဖွယ်​အမှုတို့​ကိုလည်း​ကောင်း၊ သူငယ်​တို့​က​လည်း “ဒါဝိဒ်​၏​သားတော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်စေ​သတည်း” ဟု​ဝတ်ပြုရာ​အိမ်တော်၌ ကြွေးကြော်​ကြသည်​ကိုလည်း​ကောင်း ယဇ်ပုရောဟိတ်​အကြီး၊ ကျမ်း​ပြု​ဆရာ​တို့သည် ကြား​မြင်လျှင် အမျက်ထွက်​ကြ​၍ “ဤ​သူတို့သည် အဘယ်​သို့​ပြောဆို​သည်ကို ကြား​သလော” ဟု​ယေရှု​အား မေး​ကြ’ သည်။—မဿဲ ၂၁:၁၅၊ ၁၆; ယောဟန် ၁၂:၄၂

၁၃ ယေရှုသည် မိမိ​အား ချီးမွမ်း​နေကြ​သည့် သူငယ်​များ​ကို နှုတ်ပိတ်​ခိုင်း​မည်​ဟု အဆိုပါ​ယဇ်ပုရောဟိတ်​များ​က ထင်မှတ်​ခဲ့​ကြသည်။ ကိုယ်တော် နှုတ်ပိတ်​စေ​ခဲ့​သလော။ ဝေးလေစွ! ယေရှု​က ယဇ်ပုရောဟိတ်​များ​ကို “ငါ​ကြား​၏။ နို့စို့​သူငယ်​တို့​နှုတ်​ထဲ​မှ ကိုယ်တော်​သည် ချီးမွမ်း​ခြင်း​ကို ပြင်ဆင်​တော်​မူ​သည်​ဟူသော​စကား​ကို သင်တို့သည် တစ်ရံ​တစ်ခါမျှ မဖတ်ဖူး​သလော” ဟု​မိန့်တော်မူ၏။ လူငယ်များ​၏ ချီးမွမ်း​ခြင်း​ကို ယေရှု​နှင့် ကိုယ်တော်​၏​ခမည်းတော်​တို့သည် အားရ​နှစ်သက်​တော်​မူ​ကြောင်း ထင်ရှား​၏။ အဆိုပါ​ကလေး​များသည် လူကြီး​အားလုံး လုပ်သင့်​လုပ်​အပ်​ရာ​ကို ပြုလုပ်​နေကြ​ခြင်း​ဖြစ်သည်။ ဤ​နုနယ်​သော ကလေး​များ​အတွက်​ပင် အရာအားလုံး အလွန်​ရှင်း​နေ​ပုံ​ရသည်။ ဤ​သူသည် အံ့ဖွယ်အမှု​များ​ပြုပြီး သတ္တိရှိရှိ၊ ယုံကြည်ခြင်း​နှင့်​ပြောဆို​နေသည့်​အပြင် ဘုရားသခင်​နှင့် ကိုယ်တော်​၏​လူမျိုးတော်ကို အလွန်​ချစ်​ကြောင်း ထို​ကလေး​များ တွေ့မြင်​ခဲ့​ကြသည်။ မိမိသည် ကတိထားရာ “ဒါဝိဒ်​၏​သားတော်” မေရှိယ​ဖြစ်သည်ဟု ဆို​သည့်​အတိုင်း ကိုယ်တော် အမှန်ပင်​ဖြစ်၏။ ထို​သူငယ်​များသည် သူတို့၏​ယုံကြည်ခြင်း​ကြောင့် ပရောဖက်ပြုချက်​ပြည့်စုံ​စေသည့် အခွင့်ထူး​ကို​ပင် ရရှိခဲ့​ကြသည်။—ဆာလံ ၈:၂

၁၄။ လူငယ်များ ပိုင်ဆိုင်​ထားသော ဆုကျေးဇူး​များ​ကို ဘုရားသခင်​အား ချီးမွမ်း​ရာ​၌ မည်သို့​အသုံးဝင်​သနည်း။

၁၄ ဤ​ပုံ​နမူနာ​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​နိုင်​သနည်း။ လူငယ်များသည် ယေဟောဝါ​အား အလွန်​ထိရောက်​စွာ ချီးမွမ်း​နိုင်​ကြောင်း သိရှိ​ရသည်။ သူတို့သည် အမှန်တရားကို ရိုးရှင်း​စွာ သိမြင်​နားလည်​နိုင်စွမ်း​ရှိကြ​ပြီး သူတို့၏​ယုံကြည်ခြင်းကို ထက်သန်​စွာ ဖော်ပြ​တတ်ကြ​သည်။ နယပုံပြင် ၂၀:၂၉ တွင်​ဖော်ပြ​ထား​သည့် ဆုကျေးဇူး​လည်း သူတို့တွင်​ရှိ၏– “လူပျို​၏​ဘုန်း​ကား အစွမ်း​သတ္တိ။” အသင်​လူငယ်များ​တွင် အစွမ်း​ခွန်အား​ရှိကြ​ရာ ယေဟောဝါ​အား ချီးမွမ်း​ခြင်း​၌ အမှန်ပင်​အသုံးဝင်​ကြသည်။ သင်တို့သည် ဤ​ဆုကျေးဇူး​များ​ကို မည်သို့​ထိရောက်​စွာ အသုံးပြုနိုင်​ကြ​မည်​နည်း။

ယေဟောဝါ​အား မည်သို့​ချီးမွမ်း​နိုင်​သနည်း

၁၅။ ယေဟောဝါ​အား ထိရောက်​စွာ ချီးမွမ်း​ရန် အဘယ်​ရည်ရွယ်ချက်​ရှိဖို့လို​သနည်း။

၁၅ ထိရောက်​စွာ ချီးမွမ်း​နိုင်​ရန် နှလုံး​မှ အစပြု​ရမည်။ တခြား​သူများ​က သင့်ကို ယေဟောဝါ​အား ချီးမွမ်း​စေလို၍​သာ ချီးမွမ်း​မည်​ဆိုလျှင် ထိရောက်​စွာ ချီးမွမ်း​နိုင်​မည်​မဟုတ်​ချေ။ ‘သင်၏​ဘုရားသခင် ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့’ ဟူသော အကြီးမြတ်ဆုံး​ပညတ်​ကို သတိရပါ။ (မဿဲ ၂၂:၃၇) သမ္မာကျမ်းစာ​ကို အသင်​ကိုယ်တိုင် လေ့လာခြင်း​မှ ယေဟောဝါ​အား ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် သိရှိ​လာ​သလော။ ဤသို့​သိရှိခြင်း​ကြောင့် ယေဟောဝါ​အား ချစ်​မြတ်နိုး​လာ​ခြင်း​ဖြစ်၏။ ထိုသို့​ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​လေ့​ရှိသော​နည်း​မှာ ကိုယ်တော်​အား ချီးမွမ်း​ခြင်း​ဖြစ်သည်။ သင်၏​ရည်ရွယ်ချက်မှာ ရှင်းလင်း​ပြတ်သား ခိုင်မာ​ပြီ​ဆိုလျှင် ယေဟောဝါ​အား ထက်သန်​စွာ ချီးမွမ်း​ရန် အသင့်ရှိနေ​ပြီ​ဖြစ်၏။

၁၆၊ ၁၇။ ယေဟောဝါ​အား ချီးမွမ်း​ရာ​၌ အမူအကျင့်​သည် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​သနည်း။ ဥပမာ​ပြ​ပါ။

၁၆ ယခု အဘယ်အရာ ပြောဆို​ရမည်ကို မ​သုံးသပ်​မီ အဘယ်​သို့ ပြုမူ​ရမည်ကို သုံးသပ်ကြည့်​ပါ။ ဧလိရှဲ​ခေတ်​က ဣသရေလ​မိန်းကလေး​သာ ရိုင်းစိုင်း​ပြီး ရိုသေ​လေးစားမှု​မရှိ၊ လိမ်လည်​ကောက်ကျစ်​မည်​ဆိုလျှင် သူ၏​ရှုရိ​သခင်​များ​က ယေဟောဝါ​၏​ပရောဖက်​အကြောင်း သူ၏​ပြောဆိုမှု​ကို နားထောင်​ကြ​မည်​လော။ ဝေး​စွ! ထို​နည်းတူ၊ သင်၏​ရိုသေ​လေးစားမှု၊ ရိုးသားမှု​နှင့် အမူအကျင့်ကောင်း​တို့ကို လူ​တို့​တွေ့မြင်​မည်​ဆိုလျှင် သင်၏​စကား​ကို သာ၍​နားထောင်​လို​ကြ​ပေမည်။ (ရောမ ၂:၂၁) ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ပါ။

၁၇ ပေါ်တူဂီ​နိုင်ငံ​မှ ၁၁ နှစ်အရွယ် ကလေး​မ​တစ်ဦး​သည် ကျမ်းစာ​ဖြင့် လေ့ကျင့်​ခံရ​သော သူ၏​သိစိတ်ကို ချိုးဖျက်​ရာ​ရောက်​သည့် အခါကြီးရက်ကြီး​များ ဆင်နွှဲ​ရန် ကျောင်းတွင် ဖိအားပေး​ခံ​ခဲ့​ရ၏။ သူသည် မိမိ​မပါဝင်​ရသည့်​အကြောင်းရင်းကို ဆရာမ​အား ရိုသေ​စွာ ရှင်းပြ​သော်လည်း ဆရာမ​က သူ့ကို ပြောင်လှောင်​ကဲ့ရဲ့​ခဲ့​၏။ ဆရာမ​သည် ကလေး​မ​၏​ဘာသာ​တရားကို ပြောင်လှောင်​ကဲ့ရဲ့​ကာ ကြိမ်ဖန်​များစွာ အရှက်ခွဲ​ခဲ့​သည်။ သို့သော် ကလေး​မ​သည် ရိုသေ​မြဲ​ရိုသေ​ခဲ့​၏။ နှစ်​အတန်ကြာ​သည့်​အခါ ထို​ညီအစ်မ​ငယ်​သည် မှန်မှန်ရှေ့ဆောင်​အဖြစ် အချိန်ပြည့်​အမှုဆောင်​နေသည်။ စည်းဝေးကြီး​တစ်ခု​တွင် သူသည် နှစ်ခြင်း​ယူ​နေ​သူများကို ကြည့်​နေစဉ် ထို​သူတို့​ထဲ​မှ တစ်ဦး​ကို မှတ်မိ​လိုက်​သည်။ ထို​သူ​မှာ သူ၏​ဆရာမ​ဟောင်း​ပင်! မျက်ရည်​စက်​လက်​နှင့် ပွေ့ဖက်​ကြ​ပြီး​နောက် အမျိုးသမီးကြီး​က မိမိ​တပည့်​၏ ရိုသေ​လေးစား​သော​အမူအကျင့်ကို ဘယ်တော့​မျှ မမေ့နိုင်​ခဲ့​ကြောင်း တပည့်​အား ပြောပြ​၏။ ထို​ဆရာမ​ထံ သက်သေခံ​တစ်ဦး ရောက်ရှိ​ခဲ့​ရာ ဆရာမ​က မိမိ​တပည့်​ဟောင်း​၏​အမူအကျင့်ကို ပြောပြ​သည်။ ရလဒ်​ကား ကျမ်းစာ​သင်အံမှု စတင်​ခဲ့​ပြီး ဤ​ဆရာမ​သည် ကျမ်းစာ​အမှန်တရားကို သက်ဝင်​ယုံကြည်​လာ​လေ​သည်။ မှန်ပါသည်၊ သင်၏​အမူအကျင့်​ဖြင့် ယေဟောဝါ​အား အလွန်​ထိရောက်​စွာ ချီးမွမ်း​နိုင်၏!

၁၈။ လူငယ်​တစ်ဦး​သည် သမ္မာကျမ်းစာ​နှင့် ယေဟောဝါ​ဘုရားသခင်​အကြောင်း အစပြု​ပြောဆို​ရန် တွန့်ဆုတ်​နေ​မည်​ဆိုလျှင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၁၈ ကျောင်းတွင် သင်၏​ယုံကြည်ချက်​အကြောင်း အစပြု​ပြောဆို​ရန် တစ်ခါတစ်ရံ အခက်တွေ့​သလော။ ထိုသို့​ခံစား​နေရ​ခြင်း​သည် သင်​တစ်ဦးတည်း​သာ မဟုတ်ပါ။ သို့သော် သင်၏​ယုံကြည်ချက်​အကြောင်း တခြား​သူများ မေး​လာ​စေရန် စီစဉ်​ဖန်တီး​ပေး​နိုင်​သည်။ ဥပမာ၊ ကျမ်းစာ​အခြေပြု​စာပေ​များ​ကို ယူသွား​ပြီး နေ့လယ်​ထမင်း​စားချိန် သို့​မဟုတ် တခြား​အချိန်​များ​တွင် ဖတ်​ခွင့်​ရမည်​ဆိုလျှင် ဖတ်ပါ​လေ။ ကျောင်းနေ​ဖက်​များ​က သင်,အဘယ်အရာ​ဖတ်နေ​သနည်း​ဟု မေးမြန်း​ပေမည်။ သင်​ဖတ်နေ​သည့် ဆောင်းပါး သို့​မဟုတ် စာအုပ်​ပါ စိတ်ဝင်စားစရာ​အကြောင်း​များ​ကို ပြောပြ​လိုက်​ရာ မကြာမီ​မှာ​ပင် စကား​လက်ဆုံ​ကျ​သွားပေ​မည်။ သင့်​ကျောင်းနေ​ဖက်​များ​၏ ယုံကြည်ချက်ကို​သိရှိ​ရန် မေးခွန်းများ​မေး​ဖို့ သတိရပါ။ တလေးတစား​နားထောင်ပေး​ပြီး သမ္မာကျမ်းစာ​မှ သင်​သိရှိ​ထား​ရာ​များ​ကို ပြောပြ​ပါ။ စာမျက်နှာ ၂၉ ပါ တွေ့ကြုံမှု​များ​က ဖော်ပြ​သည့်​အတိုင်း လူငယ်များစွာသည် ကျောင်းတွင် ဘုရားသခင်​ကို ချီးမွမ်း​နေကြ၏။ ယင်းက သူတို့ကို အလွန်​ပျော်ရွှင်​စေပြီး ယေဟောဝါ​အား လူများစွာ သိရှိ​လာ​စေနိုင်​၏။

၁၉။ လူငယ်များသည် တစ်အိမ်​မှ​တစ်အိမ်​ဓမ္မ​အမှု​တွင် မည်သို့​ပိုမို​ထိရောက်​မှု​ရှိလာနိုင်​မည်​နည်း။

၁၉ ယေဟောဝါ​အား ချီးမွမ်း​ရန် အထိရောက်ဆုံး​နည်း​မှာ တစ်အိမ်​မှ​တစ်အိမ် ဓမ္မ​အမှုဆောင်ခြင်း​ဖြစ်၏။ သင်သည် ထို​ဓမ္မ​အမှု​တွင် မပါဝင်​ရ​သေး​လျှင် ပါဝင်​နိုင်​ဖို့ ပန်းတိုင်​ထား​ပါ​လေ။ ပါဝင်​နေပြီ​ဆိုလျှင်​လည်း နောက်ထပ်​ပန်းတိုင်​များ ထား​ရှိသလော။ ဥပမာ၊ အိမ်တိုင်း​တွင် အကြောင်းအရာ​တစ်ခု​တည်း​ကို​သာ ပြောဆို​နေ​မည့်​အစား မိဘများနှင့် အတွေ့အကြုံ​ရှိ တခြား​သူများ​မှ အကြံပြုချက်များ တောင်းဆို​၍ တိုးတက်​နိုင်​မည့်​နည်း​များ​ကို​ရှာပါ။ သမ္မာကျမ်းစာ​ကို ပိုမို​အသုံးပြုနိုင်​ပုံ၊ ပြန်လည်ပတ်မှု​များ​ကို ထိရောက်​စွာ​ပြုလုပ်​နိုင်​ပုံ၊ ကျမ်းစာ​သင်အံမှု စတင်​နိုင်​ပုံ​တို့ကို သင်ယူပါ။ (၁ တိမောသေ ၄:၁၅) ဤ​နည်းများဖြင့် ယေဟောဝါ​အား ပိုမို​ချီးမွမ်း​လေ၊ သင်၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပိုမို​ထိရောက်​မှု​ရှိလာပြီး ပိုမို​ပျော်ရွှင်​လာ​လိမ့်​မည်​ဖြစ်သည်။

အဘယ်​အချိန်တွင် ယေဟောဝါ​အား စတင်​ချီးမွမ်း​သင့်​သနည်း

၂၀။ လူငယ်များသည် ယေဟောဝါ​အား ချီးမွမ်း​ရန် မိမိ​ငယ်​လွန်း​သည်​ဟု အဘယ်ကြောင့် ယူမှတ်​စ​ရာ​မလို​သနည်း။

၂၀ ဤ​ဆွေးနွေးခန်း​ပါ မေးခွန်း​သုံးခု​အနက် ဤ​နောက်ဆုံး​မေးခွန်း​၏ အဖြေ​သည် အလွယ်​ကူ​ဆုံး​ဖြစ်၏။ သမ္မာကျမ်းစာ​၏ ဤ​တိုက်ရိုက်​အဖြေကို သတိပြုပါ– “ယခု​အသက်​ပျိုစဉ်အခါ​ပင် သင့်ကို ဖန်ဆင်း​တော်​မူ​သော​အရှင်ကို အောက်မေ့လော့။” (ဒေ. ၁၂:၁) မှန်ပါသည်၊ ယေဟောဝါ​အား စတင်​ချီးမွမ်း​ရမည့်​အချိန်​ကား ယခု​ပင်​ဖြစ်၏။ သင်သည် ဤသို့​အလွယ်တကူ​ပြော​ပေမည်– “ယေဟောဝါ​ကို ချီးမွမ်း​ဖို့ အကျွန်ုပ် ငယ်​လွန်း​ပါ​သေး​တယ်။ အတွေ့အကြုံ​လည်း​မရှိဘူး။ ကြီး​လာတဲ့​အထိ စောင့်​သင့်တယ်။” ထိုသို့​ခံစားရ​သူတို့တွင် သင်သည် ပထမဦးဆုံး​မဟုတ်ပါ။ ဥပမာ၊ လူငယ်​ယေရမိ​က ယေဟောဝါ​အား ‘အို​အရှင် ထာဝရ​ဘုရားသခင် အကျွန်ုပ်သည် မ​ဟော​မပြော​တတ်​ပါ။ သူငယ်​ဖြစ်ပါ​၏’ ဟု​လျှောက်ဆို​ခဲ့​သည်။ ယေဟောဝါ​က ကြောက်စရာ​အကြောင်း​မရှိ​ဟု သူ့ကို ယုံကြည်​စိတ်ချ​စေ​ခဲ့​သည်။ (ယေရမိ ၁:၆၊ ၇) ထို​နည်းတူ၊ ယေဟောဝါ​အား ကျွန်ုပ်​တို့ ချီးမွမ်း​သည့်​အခါ ဘာကို​မျှ​ကြောက်စရာ​မလိုပါ။ ကျွန်ုပ်​တို့​ကြုံတွေ့​ရမည့် အဘယ်​အန္တရာယ်ကို​မဆို ယေဟောဝါ လုံးဝ​ဖြေရှင်း​ပေး​နိုင်​ပါ​သည်။—ဆာလံ ၁၁၈:၆

၂၁၊ ၂၂။ ယေဟောဝါ​အား ချီးမွမ်း​ကြသော လူငယ်များ​ကို ဆီးနှင်း​ပေါက်​များနှင့် အဘယ်ကြောင့် နှိုင်းယှဉ်​ထား​သနည်း၊ ဤ​နှိုင်းယှဉ်​ချက်​သည် အဘယ်ကြောင့် အားရှိစရာ​ဖြစ်သနည်း။

၂၁ ထို့​ကြောင့် အသင်​လူငယ်တို့၊ ယေဟောဝါ​အား ချီးမွမ်း​ရန် မတွန့်​ဆုတ်​ကြ​ပါ​နှင့်​ဟု ကျွန်ုပ်​တို့ တိုက်တွန်း​လိုက်ပါ​သည်! ယခု သင်​ငယ်ရွယ်ချိန်​တွင် ယနေ့ ကမ္ဘာ​မြေပေါ် လုပ်ဆောင်နေ​ကြ​သည့် အရေးကြီးဆုံး​လုပ်ငန်း​၌​ပါဝင်​ရန် အကောင်းဆုံး​အချိန်​ဖြစ်သည်။ ထို​တွင်​ပါဝင်​လုပ်ဆောင်​သည့်​အခါ သင်သည် ယေဟောဝါ​အား ချီးမွမ်း​နေကြ​သည့် အံ့မခန်းဖွယ်​စကြဝဠာ​မိသားစုကြီး​တွင် တစ်ဦး​ပါဝင်​လာ​မည်။ ဤ​မိသားစုတွင် အသင်,ပါဝင်ခြင်း​ကို ယေဟောဝါ အားရ​နှစ်သက်​တော်​မူ​၏။ ယေဟောဝါ​အား လျှောက်တင်​ခဲ့​သော ဆာလံဆရာ​၏​မှုတ်သွင်းခံ ဤ​စကား​များ​ကို သတိပြုပါ– “တန်ခိုးတော်​ပြ​သော​နေ့ရက်​ကာလ​၌ ကိုယ်တော်​၏​လူတို့သည် သန့်ရှင်းသော​တန်ဆာ​ကို​ဆင်​လျက် ကြည်ညို​သော​စေတနာ​စိတ်​ရှိ၍ လူပျို​တော်​တို့သည် နံနက်​ဝမ်း​ထဲ​က​ထွက်​သော ဆီးနှင်း​ကဲ့သို့​ဖြစ်​ကြ​ပါ​လိမ့်​မည်။”—ဆာလံ ၁၁၀:၃

၂၂ နံနက်​အလင်းရောင်​အောက်တွင် ပြိုးပြိုးပြက်ပြက်​လင်းလက်​နေသော ဆီးနှင်း​များသည် အလွန်​တင့်တယ်လှ​ပ​သည်မဟုတ်​ပေ​လော။ ၎င်း​ဆီးနှင်း​ပေါက်​များသည် လန်းဆန်း​အေးမြ​၍၊ တ​လက်​လက်​တောက်ပ​နေပြီး ရေတွက်​မရနိုင်​သည့်​အထိ အလွန်​များပြား​လှ​၏။ ဤ​ခဲယဉ်း​ဆိုးယုတ်​သော​ကာလ​တွင် မိမိ​အား သစ္စာရှိ​စွာ ချီးမွမ်း​နေကြ​သော အသင်​လူငယ်များ​ကို ယေဟောဝါ ထိုသို့​ပင်​ရှုမြင်တော်မူ​၏။ ယေဟောဝါ​အား ချီးမွမ်း​ရန် သင်တို့၏​ရွေးချယ်မှု​သည် ကိုယ်တော်​၏​စိတ်​ကို ရွှင်လန်း​စေ​သည်​မှာ ထင်ရှား​၏။ (သု. ၂၇:၁၁) သို့​ဖြစ်၍ အသင်​လူငယ်တို့၊ ယေဟောဝါ​အား ချီးမွမ်း​ကြ​ပါ​လေ!

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​အား ချီးမွမ်း​ရာ​တွင် အရေးကြီး​သည့် အကြောင်း​အချို့​ကား အဘယ်နည်း။

• လူငယ်များသည် ယေဟောဝါ​အား အလွန်​ထိရောက်​စွာ ချီးမွမ်း​နိုင်​ကြောင်း အဘယ်​ကျမ်းစာ​ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။

• ယနေ့ လူငယ်များသည် ယေဟောဝါ​အား မည်သို့​ချီးမွမ်း​နိုင်​သနည်း။

• လူငယ်များသည် ယေဟောဝါ​အား အဘယ်​အချိန်တွင် ချီးမွမ်း​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]

သင်၏​မိတ်ဆွေ​သည် အလွန်​ထူးချွန်သူ​ဖြစ်​လျှင် သူ၏​အကြောင်းကို သူတစ်ပါး​အား ပြောပြ​မည်​မဟုတ်လော

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ကျောင်းနေ​ဖက်​များသည် သင်၏​ယုံကြည်ချက်များ​ကို စိတ်ဝင်စား​ပေမည်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

သင်၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် တိုးတက်မှု​ရှိစေ​လိုလျှင် အတွေ့အကြုံ​များသော သက်သေခံ​တစ်ဦးထံ​မှ အကြံပြုချက်များ တောင်းဆို​ပါ