အလုပ်အကိုင် ကောင်းချီးလော၊ ကျိန်စာလော
အလုပ်အကိုင် ကောင်းချီးလော၊ ကျိန်စာလော
‘လူသည် ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ခြင်းထက် မိမိအဖို့ သာ၍ကောင်းသောအရာမရှိ။’—ဒေ. ၂:၂၄။
“တစ်နေ့တာအလုပ်သိမ်းချိန်တွင် ခြေကုန်လက်ပန်းကျနေပြီ။” မကြာသေးမီကပြုလုပ်သော လေ့လာမှုတစ်ရပ်တွင် အလုပ်သမား ၃ ယောက်လျှင် ၁ ယောက် ထိုသို့ခံစားရလေ့ရှိသည်။ ဖိစီးမှုခံစားရသူတို့ဝန်းကျင်၌ ယင်းသည် အဆန်းမဟုတ်ချေ; လူတို့သည် ကျေးဇူးတင်စကား ပြောခဲလှသော အထက်လူကြီးများလက်အောက် အလုပ်လုပ်နေကြရ၍ အချိန်ပိုဆင်းရရုံမက အိမ်သို့ အလုပ်သယ်ယူသွားကြရသည်။
ကုန်ပစ္စည်းအလုံးအရင်းထုတ်လုပ်မှု ပေါ်ပေါက်လာခြင်းကြောင့် အလုပ်သမားများစွာက မိမိတို့သည် သက်မဲ့စက်ယန္တရားကြီး၏ ခွေးသွားစိပ်များသာဖြစ်သည်ဟု ခံစားရကြသည်။ ဉာဏ်ကွန့်မြူးမှု၊ တီထွင်ဖန်တီးမှုတို့ကို ချိုးနှိမ်ထားလေ့ရှိသည်။ ယင်းက အလုပ်အကိုင်အပေါ် လူတို့၏သဘောထားကို ထိခိုက်စေတော့သည်။ မိမိအလုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်လိုစိတ် မရှိစေပါ။ လက်မှုအတတ်ပညာထူးချွန်လိုစိတ်ကို နှိပ်ကွပ်ထား၏။ ဤအကျိုးဆက်များက အလုပ်ကို မနှစ်မြို့စိတ်ဖြစ်ပေါ်စေနိုင်ပြီး မိမိအလုပ်ကို မုန်းတီးစိတ်ဝင်စေနိုင်၏။
ကျွန်ုပ်တို့၏သဘောထားကို ဆန်းစစ်ကြည့်ခြင်း
မှန်ပါသည်၊ ကျွန်ုပ်တို့၏အခြေအနေကို များသောအားဖြင့် မပြောင်းလဲနိုင်ပါ။ သို့သော် ကျွန်ုပ်တို့၏စိတ်သဘောထားကိုမူ ပြုပြင်ပြောင်းလဲနိုင်သည်မဟုတ်ပေလော။ အသင်သည် အလုပ်အကိုင်အပေါ် အတော်အတန် အဆိုးမြင်နေမည်ဆိုလျှင် ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်ရှုမြင်ပုံနှင့် မူများကို သုံးသပ်ကြည့်ရန် ကောင်းပေမည်။ (ဒေ. ၅:၁၈) ၎င်းတို့ကို သုံးသပ်ကြည့်ခြင်းဖြင့် မိမိတို့အလုပ်တွင် ကျေနပ်မှု၊ ပျော်ရွှင်မှု အတော်အသင့်ရှိကြောင်း လူအများတွေ့ရှိခဲ့ကြပြီ။
ဘုရားသခင်သည် လုပ်သားချုပ်ဖြစ်တော်မူ၏။ ဘုရားသခင်သည် အလုပ်လုပ်သောအရှင်ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့စဉ်းစားမိမည်မဟုတ်သော်လည်း သမ္မာကျမ်းစာတွင် မိမိကိုယ်တော်တိုင်ကို ထိုအတိုင်း ဦးဆုံးမိတ်ဆက်တော်မူ၏။ ကမ္ဘာဦးကျမ်း၏နိဒါန်းတွင် ယေဟောဝါသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏ဟု ဆိုသည်။ (ကမ္ဘာဦး ၁:၁) ထိုသို့စတင်ဖန်ဆင်းရာတွင် ဘုရားသခင်သည် ဒီဇိုင်းပညာရှင်၊ စီစဉ်ဖွဲ့စည်းရှင်၊ အင်ဂျင်နီယာ၊ အနုပညာရှင်၊ ပစ္စည်းရွေးချယ်ရာ၌ အထူးကျွမ်းကျင်သူ၊ စီစဉ်ထုတ်လုပ်ရှင်၊ ဓာတုဗေဒပညာရှင်၊ ဇီဝဗေဒပညာရှင်၊ သတ္တဗေဒပညာရှင်၊ စီမံညွှန်ကြားရှင်၊ ဘာသာဗေဒပညာရှင်အစရှိသည်တို့မက ဖြစ်ခဲ့ရသည်ကို စဉ်းစားကြည့်ပါ။—သု. ၈:၁၂၊ ၂၂-၃၁။
ဘုရားသခင့်လက်ရာတော်၏ အရည်အသွေး မည်သို့ရှိသနည်း။ ကျမ်းစာမှတ်တမ်းအရ “ကောင်းသည်၊” “အလွန်ကောင်းသည်” ဟု သိရ၏။ (ကမ္ဘာဦး ၁:၄၊ ၃၁) ဖန်ဆင်းရာများက “ဘုရားသခင်၏ဘုန်းအသရေတော်ကို” အမှန်တကယ် “ကြားပြော” နေကြရာ ကျွန်ုပ်တို့လည်း ကိုယ်တော်အား ချီးမွမ်းထောမနာပြုထိုက်သည်!—ဆာလံ ၁၉:၁; ၁၄၈:၁။
သို့ရာတွင် ပကတိမိုးကောင်းကင်နှင့် မြေကြီးအပြင် ပထမလူသားမောင်နှံစုံတို့ကို ဖန်ဆင်းပြီးသည်နှင့် ဘုရားသခင့်လုပ်ငန်း ရပ်ဆိုင်းသွားသည်မဟုတ်ပါ။ ယေဟောဝါ၏သားတော် ယေရှုခရစ်က “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်” ဟုမိန့်ဆိုခဲ့၏။ (ယောဟန် ၅:၁၇) ယေဟောဝါသည် မိမိ၏ဖန်ဆင်းရာများကို စောင့်မကြည့်ရှုခြင်း၊ ဖြည့်ဆည်းပေးခြင်းနှင့် တည်ကြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ဆက်အလုပ်လုပ်နေသည်။ (နေဟမိ ၉:၆; ဆာလံ ၃၆:၆; ၁၄၅:၁၅၊ ၁၆) လုပ်ငန်းဆောင်တာအချို့ ပြီးမြောက်စေဖို့ “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” များဖြစ်သော လူတို့ကိုပင် ကိုယ်တော်အသုံးပြုတော်မူ၏။—၁ ကောရိန္သု ၃:၉၊ သမ္မာ။
အလုပ်အကိုင်သည် ကောင်းချီးတစ်ရပ်ဖြစ်နိုင်။ သမ္မာကျမ်းစာက အလုပ်ကို ကျိန်ခြင်းဟုခေါ်ဆိုထားသည်မဟုတ်လော။ အာဒံနှင့်ဧဝတို့ ပုန်ကန်သောကြောင့် ဘုရားသခင်သည် သူတို့ကို အလုပ်ကြမ်းဖြင့် ဒဏ်ပေးခဲ့သည်ဟု ကမ္ဘာဦး ၃:၁၇-၁၉ က ဆိုလိုသယောင်ရှိ၏။ အဆိုပါ ကနဦးလူသားများကို စီရင်ချက်ချသောအခါ ဘုရားသခင်က “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်” ဟုအာဒံကိုမိန့်ဆိုခဲ့သည်။ ယင်းက အလုပ်ကိုပါ ခြုံငုံ၍ ပြစ်ဒဏ်ချခြင်းမဟုတ်ပေလော။
မဟုတ်ပါ။ အာဒံနှင့်ဧဝတို့၏ မတည်ကြည်မှုကြောင့် ထိုအချိန်တွင် ဧဒင်ပရဒိသု၏နယ်နိမိတ် တိုးချဲ့နိုင်မည်မဟုတ်။ မြေကြီးသည် ဘုရားသခင်၏ကျိန်ခြင်းခံရ၏။ ထိုကြောင့် လယ်လုပ်ပြီး ဝမ်းစာရှာအသက်ဆက်နိုင်ဖို့ ချွေးတလုံးလုံး၊ တပင်တပန်းလုပ်ကိုင်ရကြမည်ဖြစ်သည်။—ရောမ ၈:၂၀၊ ၂၁။
သမ္မာကျမ်းစာက အလုပ်အကိုင်ကို ကျိန်စာတစ်ခုအဖြစ်ဆိုမည့်အစား မြတ်နိုးရမည့် ကောင်းချီးတစ်ခုအဖြစ် ဖော်ပြပါသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ဘုရားသခင်ကိုယ်တော်တိုင်သည် တကယ်အလုပ်ကြိုးစားသောအရှင်ဖြစ်၏။ ယေဟောဝါသည် လူကို မိမိ၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည်ဖြစ်ရာ ကိုယ်တော်၏မြေကြီးဆိုင်ရာ ဖန်ဆင်းခံများကို အုပ်ထိန်းနိုင်စွမ်းမက အခွင့်အာဏာကိုပါ ကိုယ်တော်ပေးအပ်ထားသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၈; ၂:၁၅) ဘုရားသခင်သည် ကမ္ဘာဦး ၃:၁၉ ပါစကားများကို မိန့်တော်မမူမီ အဆိုပါအလုပ်တာဝန်ကို အပ်နှင်းတော်မူခဲ့သည်။ အလုပ်အကိုင်သည်သာ ကျိန်စာတစ်ခု၊ မကောင်းမှုတစ်ခုဖြစ်မည်ဆိုလျှင် ယင်းကို လုပ်ကိုင်ဖို့ ယေဟောဝါ ဘယ်တော့မျှတိုက်တွန်းခဲ့မည်မဟုတ်ပေ။ နောဧနှင့် သူ၏မိသားစုသည် ရေလွှမ်းမိုးဘေးမတိုင်မီနှင့် ပြီးနောက်တွင် လုပ်စရာအလုပ်များစွာရှိခဲ့သည်။ ခရစ်ယာန်ခေတ်တွင်လည်း ယေရှု၏တပည့်များအား အလုပ်လုပ်ကြရန် တိုက်တွန်းခဲ့သည်။—၁ သက်သာလောနိတ် ၄:၁၁၊ ၁၂။
သို့တိုင် အလုပ်အကိုင်သည် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကြောင်း ယခု ကျွန်ုပ်တို့အားလုံး အသိအမှတ်ပြုသည်။ ဖိစီးမှု၊ ဘေးအန္တရာယ်များ၊ ငြီးငွေ့စရာ၊ စိတ်ပျက်စရာ၊ ယှဉ်ပြိုင်မှု၊ လှည့်စားမှုနှင့် မတရားမှုတို့သည် ယခုအခါ အလုပ်အကိုင်နှင့်ဆက်စပ်နေသော “ဆူးပင်အမျိုးမျိုး” နှင့်တူသည့် ပြဿနာအချို့သာဖြစ်သည်။ သို့သော် အလုပ်အကိုင်ကိုယ်၌သည် ကျိန်စာမဟုတ်ပါ။ သမ္မာကျမ်းစာက ဒေ. ၃:၁၃ တွင် အလုပ်အကိုင်နှင့် ယင်း၏အကျိုးကျေးဇူးများကို ဘုရားသခင်ထံတော်မှ ဆုကျေးဇူးဟု ခေါ်ဆိုထားသည်။—“အလုပ်နှင့်ဆက်နွှယ်သောဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း” လေးထောင့်ကွက်ကိုရှု။
သင်၏အလုပ်ဖြင့် ဘုရားသခင်ကို ဂုဏ်တင်နိုင်။ လုပ်ငန်းခွင်တွင် အရည်အသွေးရှိရှိ အကောင်းဆုံးလုပ်ဆောင်ခြင်းသည် အစဉ်သဖြင့် ချီးမွမ်းစရာဖြစ်ခဲ့ပြီ။ အရည်အသွေးရှိရှိ လုပ်ကိုင်ခြင်းသည် အလုပ်အကိုင်အပေါ် သမ္မာကျမ်းစာအမြင်ရှိခြင်း၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်ပင် လုပ်ကိုင်လေသမျှကို အကောင်းဆုံးဖြစ်စေ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပင်ကိုစွမ်းရည်နှင့် အစွမ်းအစများပေးအပ်ထားရာ ထိုကျွမ်းကျင်မှုများကို ရည်ရွယ်ချက်ကောင်းအတွက် အသုံးချစေလို၏။ ဥပမာ၊ ရှေးခေတ်ဣသရေလနိုင်ငံတွင် တဲတော်ဆောက်လုပ်ချိန်၌ ယေဟောဝါသည် ဗေဇလေလနှင့် အဟောလျဘကဲ့သို့သောသူများကို ဉာဏ်ပညာ၊ အသိပညာနှင့် အတတ်ပညာတို့နှင့် ပြည့်စုံစေ၍ အနုပညာလက်ရာမြောက်စွာ အလုပ်အမျိုးမျိုး၊ တန်ဆာပလာအမျိုးမျိုးတို့ကို လုပ်ဆောင်နိုင်စေခဲ့သည်။ (ထွက်မြောက်ရာ ၃၁:၁-၁၁) ယင်းက ဘုရားသခင်သည် သူတို့၏လုပ်ဆောင်ချက်နှင့်ဆိုင်သော လက်မှုအတတ်ပညာ၊ ပုံစံထုတ်လုပ်မှုနှင့် အနုစိတ်လုပ်ငန်းများကို အထူးစိတ်ဝင်စားကြောင်း ဖော်ပြသည်။
ထိုအချက်က ကျွန်ုပ်တို့၏ပင်ကိုအရည်အသွေးများနှင့် အလုပ်လုပ်ကိုင်ပုံအပေါ် ကျွန်ုပ်တို့၏သဘောထားကို ဆင်ခြင်တွေးဆစရာအကြောင်း အတော်ပင်ရှိစေသည်။ ၎င်းတို့ကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ဘုရားသခင်ထံတော်မှ ဆုကျေးဇူးများအဖြစ် ရှုမြင်စေသည်။ ထို့ကြောင့် ဘုရားသခင်ကိုယ်တော်တိုင် စစ်ဆေးနေသည့်လုပ်ငန်းကို လုပ်ဆောင်နေရသည့်အလား အလုပ်လုပ်ကြရန် ခရစ်ယာန်များ ဤသို့တိုက်တွန်းခံရကြသည်– “လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။” (ကောလောသဲ ၃:၂၃) ဘုရားသခင့်ကျေးကျွန်များသည် တာဝန်သိသိ၊ ဝီရိယရှိရှိ အလုပ်လုပ်ကြရန် မိန့်မှာခံရသည်၊ သို့ဖြင့် ခရစ်ယာန်သတင်းတရားသည် လုပ်ဖော်ဆောင်ဖက်များနှင့် အခြားသူများအတွက် ပို၍ဆွဲဆောင်မှုရှိစေလိမ့်မည်။—“အလုပ်ခွင်တွင် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်း” လေးထောင့်ကွက်ကိုရှု။
ယင်းကို ဆင်ခြင်သုံးသပ်ပြီး မိမိတို့ကိုယ်ကို မေးရမည်မှာ ကျွန်ုပ်တို့သည် မည်သို့သောအရည်အသွေး၊ ဝီရိယမျိုးဖြင့် အလုပ်လုပ်နေကြသနည်းဖြစ်၏။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ဘုရားသခင်နှစ်သက်ပါမည်လော။ ကျွန်ုပ်တို့ရရှိထားသောတာဝန်များ ထမ်းဆောင်ပုံကို ကိုယ်တိုင်တကယ်ကျေနပ်၏လော။ ကျေနပ်မှုမရပါက တိုးတက်စရာလိုပါသေးသည်။—သု. ၁၀:၄; ၂၂:၂၉။
အလုပ်အကိုင်နှင့် ဝိညာဉ်ရေးကို ဟန်ချက်ညီစေပါ။ အလုပ်ကြိုးစားခြင်းသည် ချီးမွမ်းဖွယ်ဖြစ်သော်လည်း အလုပ်အကိုင်နှင့် ဘဝတွင် ကျေနပ်မှုရဖို့ အရေးပါသောအချက် နောက်တစ်ခုရှိပါသေးသည်။ ယင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးဖြစ်သည်။ ကြိုးစားပမ်းစားအလုပ်လုပ်ပြီး ဘဝမှစည်းစိမ်ချမ်းသာဟူသ၍ကို မွေ့လျော်ခံစားခဲ့ရသော ရှောလမုန်ဘုရင်က ဤသို့ကောက်ချက်ချခဲ့သည်– “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃။
ရှင်းနေသည်မှာ၊ ကျွန်ုပ်တို့လုပ်ဆောင်လေရာရာ၌ ဘုရားသခင့်အလိုတော်ကို ထည့်တွက်ရကြမည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏အလိုတော်နှင့်အညီ လုပ်ဆောင်နေကြသလော၊ ယင်းနှင့် ဆန့်ကျင်၍လုပ်ဆောင်နေကြသလော။ ဘုရားသခင်၏နှစ်သက်မှုရရှိဖို့ ကြိုးစားနေသလော၊ ကိုယ့်အကြိုက် ကိုယ်လုပ်ဖို့သာ ကြိုးစားနေသလော။ ဘုရားသခင့်အလိုတော်ကို ကျွန်ုပ်တို့မလုပ်ဆောင်ကြပါက အဆုံးတွင် စိတ်ပျက်အားလျော့ခြင်း၊ အထီးကျန်ခြင်းနှင့် ဟာတာတာဖြစ်ခြင်းတို့ကို ခံစားရပေမည်။
အားအင်ကုန်ခန်းသွားသော အလုပ်အမှုဆောင်များသည် ‘မိမိတို့စုံမက်မြတ်နိုးရာတစ်ခုခုကို ရှာဖွေ၍ ယင်းကို မိမိတို့ဘဝဖြစ်စေ’ သင့်သည်ဟု စတီဗင် ဗားကလပ်စ်က အကြံပြုသည်။ အဓိပ္ပာယ်ပြည့်ဝသောအလုပ်လုပ်ဖို့ အတတ်ပညာများ၊ အစွမ်းအစများပေးအပ်ထားသောအရှင်၏ အမှုထမ်းခြင်းထက် လုပ်သင့်လုပ်ထိုက်သော အလုပ်မရှိချေ။ ဖန်ဆင်းရှင်နှစ်သက်တော်မူသောလုပ်ငန်းကို လုပ်ဆောင်ခြင်းသည် မကျေမနပ်ဖြစ်စေမည်မဟုတ်ပါ။ ယေဟောဝါပေးအပ်ထားသောအလုပ်သည် ယေရှုအတွက် အားရှိစေသော၊ အာသာပြေစေသော၊ လန်းဆန်းစေသော စားစရာကဲ့သို့ဖြစ်၏။ (ယောဟန် ၄:၃၄; ၅:၃၆) ထို့ပြင် လုပ်သားချုပ်ဖြစ်တော်မူသော ဘုရားသခင်သည် ကိုယ်တော်၏ “လုပ်ဖော်ဆောင်ဖက်” များဖြစ်လာရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားကြောင်း သတိရပါ။—၁ ကောရိန္သု ၃:၉၊ သမ္မာ။
ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဝိညာဉ်ရေးဘက် တိုးတက်ခြင်းတို့က အကျိုးရှိလုပ်ငန်းလုပ်ကိုင်ရန်နှင့် တာဝန်ထမ်းရန် အသင့်ရှိစေသည်။ အလုပ်ခွင်တွင် ဖိစီးမှုများ၊ ယှဉ်ပြိုင်မှုများနှင့် တောင်းဆိုမှုများစွာရှိသည်ဖြစ်ရာ သာ၍ကောင်းသောအလုပ်သမားများ သို့မဟုတ် အလုပ်ရှင်များ ဖြစ်ဖို့ကြိုးစားရာတွင် စွဲစွဲမြဲမြဲယုံကြည်ခြင်းနှင့် ဝိညာဉ်ရေးစိတ်ဓာတ်ရှိခြင်းတို့က အလွန်လိုအပ်သောခွန်အား ရှိစေနိုင်သည်။ တစ်ဖက်တွင်မူ ဤဘုရားတရားမဲ့လောက၏ ဘဝအဖြစ်မှန်များသည် ယုံကြည်ခြင်းတိုးပွားစရာလိုသောကဏ္ဍများကို သိရှိစေနိုင်၏။—၁ ကောရိန္သု ၁၆:၁၃၊ ၁၄။
အလုပ်အကိုင်သည် ကောင်းချီးတစ်ရပ် ဖြစ်မည့်အချိန်
ယခု ဘုရားသခင်၏အမှုတော်ကို ကြိုးစားပမ်းစားထမ်းဆောင်နေသူတို့သည် ပရဒိသုကို ဘုရားသခင်ပြန်လည်တည်ထောင်စေ၍ မြေကြီးတစ်ပြင်လုံးတွင် အကျိုးနပ်သော အလုပ်အကိုင်များရှိစေမည့်အချိန်ကို စောင့်မျှော်နိုင်ကြသည်။ ထိုတွင်အသက်ရှင်ခြင်းအကြောင်းကို ယေဟောဝါ၏ပရောဖက် ဟေရှာယက ဤသို့ကြိုဟောသည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ . . . ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။”—ဟေရှာယ ၆၅:၂၁-၂၃။
ထိုအခါ အလုပ်အကိုင်သည် အမှန်တကယ်ပင် ကောင်းချီးဖြစ်ပေလိမ့်မည်! သင့်အတွက် ဘုရားသခင့်အလိုတော်သည် မည်သို့ဖြစ်ကြောင်း လေ့လာသင်ယူကာ ယင်းနှင့်အညီ လုပ်ဆောင်ခြင်းအားဖြင့် အသင်သည် ယေဟောဝါ၏ ကောင်းချီးမင်္ဂလာခံစားရသူတို့တွင်ပါဝင်ပြီး ‘သင်ကြိုးစားအားထုတ်သမျှသောအမှု၌’ အစဉ် “ပျော်မွေ့” နိုင်ပါစေ။—ဒေ. ၃:၁၃။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်သည် လုပ်သားချုပ်ဖြစ်– ကမ္ဘာဦး ၁:၁၊ ၄၊ ၃၁; ယောဟန် ၅:၁၇။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
အလုပ်အကိုင်သည်ကောင်းချီးတစ်ရပ်ဖြစ်နိုင်–ကမ္ဘာဦး ၁:၂၈; ၂:၁၅; ၁ သက်သာလောနိတ် ၄:၁၁၊ ၁၂။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
သင်၏အလုပ်ဖြင့် ဘုရားသခင်ကို ဂုဏ်တင်နိုင်– ထွက်မြောက်ရာ ၃၁:၁-၁၁; ကောလောသဲ ၃:၂၃။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
အလုပ်အကိုင်နှင့် ဝိညာဉ်ရေးကို ဟန်ချက်ညီစေပါ– ဒေ. ၁၂:၁၃; ၁ ကောရိန္သု ၃:၉။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အလုပ်နှင့်ဆက်နွှယ်သောဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အလုပ်ဖိစီးမှုကို လုပ်ငန်းခွင်ဆိုင်ရာ အန္တရာယ်အဖြစ် သတ်မှတ်ထားကြသည်။ ယင်းသည် အပူပေါက်စေနိုင်၏၊ စိတ်ကျရောဂါဖြစ်စေပြီး မိမိကိုယ်ကိုသတ်သေသည်အထိပင် ဖြစ်စေနိုင်၏။ ယင်းအတွက် ဂျပန်စကားလုံးမှာ ကားရိုရှီ ဖြစ်ပြီး အဓိပ္ပာယ်မှာ “အလုပ်ပိ၍သေဆုံးခြင်း” ဖြစ်သည်။
အလုပ်နှင့်ဆက်နွှယ်သော အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်သည်။ ထိုတွင် အလုပ်ချိန် သို့မဟုတ် အခြေအနေပြောင်းလဲခြင်း၊ အထက်လူကြီးနှင့် အဆင်မပြေခြင်း၊ တာဝန် သို့မဟုတ် အလုပ်အမျိုးအစားပြောင်းခြင်း၊ အငြိမ်းစားယူခြင်းနှင့် အလုပ်ထုတ်ခံရခြင်းတို့ ပါဝင်ပေမည်။ ဤသို့သောဖိစီးမှုဒဏ် မခံရလေရန် လူအချို့သည် အလုပ်အကိုင် သို့မဟုတ် ပတ်ဝန်းကျင်ပြောင်းလိုက်ကြသည်။ အခြားသူတို့မှာမူ အဆိုပါ ဖိစီးမှုဒဏ်ကို ကြိုးစားချိုးနှိမ်ကြရာ မိမိတို့၏အခြားဘဝကဏ္ဍများကို၊ အထူးသဖြင့် မိသားစုကို ဖိစီးမှုကူးစက်သွားကြောင်း တွေ့ ရှိကြရသည်။ အချို့ဆိုလျှင် စိတ်ပိုင်းအရပင် အနာတရဖြစ်သွားကြရာ စိတ်ဓာတ်ကျပြီး စိတ်ပျက်အားလျော့ကုန်ကြသည်။
ခရစ်ယာန်များသည် အလုပ်နှင့်ဆက်နွှယ်သောဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းတတ်ရန် အသင့်ပြင်ဆင်ခံထားကြရသည်။ ခဲယဉ်းကျပ်တည်းသောအချိန်များတွင် ကျွန်ုပ်တို့ကို ထောက်ကူသည့်၊ ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုပိုင်းကိုပါ အကျိုးပြုနိုင်သော အခြေခံမူမြောက်မြားစွာကို သမ္မာကျမ်းစာ ဖော်ပြထားသည်။ ဥပမာ၊ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယနေ့အဖို့လောက်ပေ၏။” ဤတွင်တိုက်တွန်းထားသည်မှာ မနက်ဖြန်ကြုံရမည့် ပြဿနာအတွက်မဟုတ်ဘဲ ယခုနေ့၏အခက်အခဲများကို အာရုံစိုက်ကြရန်ဖြစ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏အခက်အခဲများကို ပုံကြီးမချဲ့သည့်အတွက် ဖိစီးမှုခံနေရသည်ဟူသော ခံစားချက်လည်း တိုးပွားမည်မဟုတ်ပေ။—မဿဲ ၆:၂၅-၃၄။
ခရစ်ယာန်များသည် ကိုယ့်အားကိုမကိုးဘဲ ဘုရားသခင်ထံမှရသောခွန်အားကို မှီခိုအားထားဖို့အရေးကြီး၏။ ကိုယ်ရောစိတ်ပါ ချုံးချုံးကျနေပြီဟု ကျွန်ုပ်တို့ခံစားရသည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးကို ငြိမ်သက်၊ ရွှင်ပြုံးစေ၍ မည်သည့်အခက်အခဲကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်သောဉာဏ်ပညာကို ပေးသနားနိုင်သည်။ “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြလော့” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။—ဧဖက် ၆:၁၀; ဖိလိပ္ပိ ၄:၇။
နောက်ဆုံးအနေဖြင့် စိတ်ဖိစီးသည့်အခြေအနေများသည်ပင် ကောင်းကျိုးများ ဖြစ်ထွန်းစေနိုင်သည်။ အကျပ်အတည်းများကြုံရသည့်အခါ ယေဟောဝါကို အားထားရန်၊ ကိုယ်တော့်အကူအညီကို တောင်းခံပြီး ယုံကြည်ကိုးစားရန် လှုံ့ဆော်ပေးသည်။ ထို့ပြင် ခရစ်ယာန်အရည်အသွေးကိုသာမက ဖိစီးမှုခံနိုင်စွမ်းကိုပါ ဆက်လက်ပြုစုပျိုးထောင်စေပါသည်။ ကျွန်ုပ်တို့ကို ပေါလုဤသို့တိုက်တွန်းသည်– ‘ဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ကြကုန်အံ့။ အကြောင်းမူကား၊ ဆင်းရဲခြင်းသည် ခံနိုင်ရည်စွမ်းကိုပြုစုတတ်၏။ ခံနိုင်ရည်စွမ်းသည်လည်း ဘုရားသခင်ရှေ့တွင် မျက်နှာသာရသောအခြေအနေကို ပြုစုတတ်၏။ မျက်နှာသာရသောအခြေအနေသည်လည်း မျှော်လင့်ခြင်းကိုပြုစုတတ်၏။’—ရောမ ၅:၃၊ ၄၊ ကဘ။
သို့ဖြစ်၍ ဖိစီးမှုသည် စိတ်ပျက်စရာ၊ ဝမ်းနည်းကြေကွဲစရာဖြစ်မည့်အစား ဝိညာဉ်ရေး တိုးတက်လာစေသည့် အထောက်အကူဖြစ်နိုင်ပေသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အလုပ်ခွင်တွင် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်း
အလုပ်ခွင်၌ ခရစ်ယာန်တစ်ဦး၏အပြုအမူနှင့် စိတ်သဘောထားသည် ကျမ်းစာသတင်းတရားကို လုပ်ဖော်ဆောင်ဖက်များနှင့် အခြားသူများအတွက် ဆွဲဆောင်မှုဖြစ်စေနိုင်သည်။ တိတုထံ ရေးသောစာတွင် အလုပ်သမားကဲ့သို့သော အခြေအနေတွင်ရှိသူတို့အား တမန်တော်ပေါလုက “ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ [သွန်သင်ချက်] ကို အရာရာ၌တန်ဆာဆင်ခြင်းငှာ မိမိတို့သခင် [ကြီးကြပ်သူများ] ၏အုပ်စိုးခြင်းကိုဝန်ခံ၍ ငြင်းခုံခြင်းမရှိဘဲ အရာရာ၌ [သူတို့]၏အလိုသို့လိုက်မည်အကြောင်းနှင့် တိတ်ဆိတ်စွာခိုးယူခြင်းကိုမပြုဘဲ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာပြမည်အကြောင်း” တိုက်တွန်းထားသည်။—တိတု ၂:၉၊ ၁၀။
သာဓကအနေနှင့်၊ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်သို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ရေးသားခဲ့သောစာကို သုံးသပ်ကြည့်ပါ– “ယေဟောဝါသက်သေများကို အလုပ်ခန့်ထားခွင့်ပေးပါရန် စာရေးရခြင်းဖြစ်ပါသည်။ သူတို့ကို အလုပ်ခန့်လိုသောအကြောင်းရင်းမှာ သူတို့သည် ရိုးသားဖြောင့်မတ်ပြီး ယုံကြည်စိတ်ချရသူများ၊ အလုပ်ရှင်ကို လိမ်ပြောမည်မဟုတ်ကြောင်း ကျွန်တော်စိတ်ချ၍ဖြစ်သည်။ ယေဟောဝါသက်သေများကိုသာ ကျွန်တော်အမှန်တကယ်ယုံကြည်စိတ်ချပါသည်။ ကျေးဇူးပြု၍ ကူညီပေးပါ။”
ခရစ်ယာန်ညီအစ်မဖြစ်သူ ခိုင်လ်သည် ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် ဧည့်ကြိုအဖြစ်အမှုထမ်းနေသည်။ သူ၏အလုပ်ဖော်တစ်ဦးသည် နားလည်မှုလွဲပြီး ကျောင်းသူကျောင်းသားများအရှေ့ သူ့ကိုဆဲရေးတိုင်းထွာခဲ့သည်။ “ယေဟောဝါရဲ့နာမ မထိခိုက်စေဖို့ ကျွန်မသတိထားခဲ့ရတယ်” ဟုခိုင်လ်ပြန်ပြောပြသည်။ ကျမ်းစာမူများကို မိမိ မည်သို့ကျင့်သုံးနိုင်ကြောင်း နောက်ငါးရက်တိုင်တိုင် ခိုင်လ်စဉ်းစားသုံးသပ်ခဲ့သည်။ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့” ဟူသော မူတစ်ခုကို ရောမ ၁၂:၁၈ တွင် သူတွေ့ခဲ့သည်။ ခိုင်လ်သည် သူ၏လုပ်ဖော်ဆောင်ဖက်အား ဆက်ဆံရေးတင်းမာနေခြင်းအတွက် အီးမေးလ်ဖြင့် တောင်းပန်လိုက်ပြီး ပြန်လည်သင့်တင့်ရန် အလုပ်ဆင်းသည့်အခါ ခဏစကားပြောဆိုဆွေးနွေးကြစို့ဟု မေတ္တာရပ်ခံခဲ့သည်။ သူတို့ဆွေးနွေးကြသောအခါ ခိုင်လ်၏လုပ်ဖော်ဆောင်ဖက်သည် စိတ်ပြေသွားပြီး ခိုင်လ်၏အမြော်အမြင်ရှိ ကိုင်တွယ်ဖြေရှင်းပုံကို ချီးကျူးခဲ့သည်။ သူက “ဒါဟာ မင်းရဲ့ဘာသာတရားကြောင့် ဖြစ်ရမယ်” ဟုပြောပြီး ခိုင်လ်ကို နွေးထွေးလှိုက်လှဲစွာ ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။ အဆုံးတွင် ခိုင်လ် အဘယ်သို့ကောက်ချက်ချသနည်း။ “ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးရင် ဘယ်တော့မှမမှားနိုင်ဘူး” ဟုသူဆိုသည်။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
အလုပ်သမားများစွာက မိမိတို့သည် သက်မဲ့စက်ယန္တရားကြီး၏ ခွေးသွားစိပ်များနှင့်တူသည်ဟု ခံစားကြရ
[Credit Line]
Japan Information Center, Consulate General of Japan in NY
[Picture Credit Line on page 8]
ကမ္ဘာလုံး– NASA photo