မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းတွင် ကျွန်မပါဝင်ခွင့်ရ၍ ပျော်ရွှင်

ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းတွင် ကျွန်မပါဝင်ခွင့်ရ၍ ပျော်ရွှင်

ဘဝ​အတ္ထုပ္ပတ္တိ

ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​လုပ်ငန်း​တွင် ကျွန်မ​ပါဝင်ခွင့်​ရ​၍ ပျော်ရွှင်

အဲ​န်​နာ မယ်​သာ​အဲ​က​စ် ပြောပြ​သည်

ကူး​တို့​သင်္ဘော မီးလောင်​နေပြီ။ ၅၆၁ ပေ ရှည်​တဲ့ ဒီ​ကူး​တို့​သာ​နစ်​သွား​ရင် ကျွန်မ ရေနစ်​သေရ​တော့​မှာပဲ။ ရိုက်ခတ်​နေတဲ့​လှိုင်းလုံး​ကြီး​တွေ​ကနေ ဘေးကင်း​တဲ့​နေရာကို​ရောက်​ဖို့ ကျွန်မ အားကြိုးမာန်တက်​ကူး​ခဲ့​ရတယ်။ ရေပေါ်,ပေါ်​နေဖို့ အမျိုးသမီး​တစ်ယောက်​ရဲ့ အသက်ကယ်​အင်္ကျီ​ကို မြဲမြဲကိုင်​ထား​ရတယ်။ခွန်အား​နဲ့​သတ္တိ​ရှိဖို့​အတွက် ဘုရားသခင်​ဆီ ကျွန်မ​ဆုတောင်း​နေတယ်။ ကျွန်မ အဲဒါ​ပဲ​တတ်​နိုင်တယ်။

အချိန်​က​တော့ ၁၉၇၁ ခုနှစ်၊ ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာ တတိယ​မြောက်​တာဝန်ကျ​တဲ့ အီတလီ​နိုင်ငံ​ကို ကျွန်မ​ပြန်သွား​နေချိန်​ဖြစ်တယ်။ သင်္ဘော​ပျက်​တဲ့ အဲဒီအချိန်မှာ ကျွန်မ​ပစ္စည်း​အားလုံးနီးပါး ဆုံးရှုံး​သွားတယ်။ ဒါပေမဲ့ အရေး​အကြီးဆုံး​ဖြစ်​တဲ့ ကျွန်မ​ရဲ့​အသက်၊ ချစ်​ရတဲ့​ညီအစ်ကို​အသင်းအပင်း​နဲ့ ယေဟောဝါ​ရဲ့​အမှုတော်ထမ်း​ခွင့်​တွေ​ကို​တော့ ကျွန်မ,မဆုံးရှုံး​ခဲ့​ဘူး။ အမှုတော်ထမ်း​ရလို့ ကျွန်မ တိုက်ကြီး​သုံး​တိုက်​ဆီ ရောက်​ဖူး​ခဲ့ပြီ၊ အတွေ့အကြုံ​စုံ​တဲ့ ကျွန်မ​ဘဝမှာ သင်္ဘော​ပျက်​တာ​က အဖြစ်အပျက်​တစ်ခု​ပဲ။

၁၉၂၂ ခုနှစ်​မှာ ကျွန်မ​မွေးတယ်။ ယေရုရှလင်​မြို့​မြောက်ဘက် ဆယ်​မိုင်​အကွာမှာ​ရှိတဲ့ ရာ​မာ​လာ​မြို့မှာ ကျွန်မ​တို့​မိသားစု​နေထိုင်ကြ​တယ်။ ကျွန်မ​မိဘ​နှစ်ပါးစလုံး​က ကရေတေ​ကျွန်း​က​ဖြစ်​ပေမဲ့ အဖေက​တော့ နာဇရက်​မြို့မှာ ကြီး​လာတယ်။ ယောက်ျားလေး​သုံးယောက်​နဲ့ မိန်းကလေး​နှစ်ယောက်​ထဲမှာ ကျွန်မ​က​အငယ်ဆုံး။ ကျွန်မ​ရဲ့​ဒုတိယ​အစ်ကို ကျောင်း​အပျော်ခရီး​ထွက်​နေတုန်း ယော်ဒန်​မြစ်​ထဲ​ရေနစ်​သေဆုံး​သွား​လို့ ကျွန်မ​တို့​မိသားစု ဝမ်းနည်း​ကြေကွဲ​ခဲ့​ရတယ်။ အဲဒီ​ကြေကွဲဖွယ် နောက်ပိုင်း​မှာ အမေက ရာ​မာ​လာ​မြို့မှာ​ဆက်​မနေချင်​တော့​တဲ့​အတွက် ကျွန်မ​သုံးနှစ်​သမီး​အရွယ်မှာ ဂရိ​နိုင်ငံ အေ​သင်​မြို့ကို ပြောင်းရွှေ့​သွားခဲ့​ကြတယ်။

ကျွန်မ​တို့​မိသားစု ကျမ်းစာ​အမှန်တရား​စ​ကြား

ဂရိ​နိုင်ငံ​ကို​ကျွန်မ​တို့​ရောက်​ပြီး သိပ်​မကြာခင်​မှာ အဲဒီတုန်းက အသက် ၂၂ နှစ်​ရှိတဲ့ ကျွန်မ​ရဲ့​အစ်ကို​အကြီးဆုံး နီ​ကော​စ်​က ကျမ်းစာ​ကျောင်းသား​များ​လို့ အရင်က​လူသိ​များတဲ့ ယေဟောဝါသက်သေ​တွေ​နဲ့ စ​တွေ့​တယ်။ ကျမ်းစာ​အသိပညာ​ဆည်းပူး​ရလို့ သူ​ပျော်ရွှင်မှု​အများကြီး​ရပြီး ခရစ်ယာန်​ဓမ္မ​အမှုမှာ တောက်လောင်​တဲ့​ဇွဲ​နဲ့​ပါဝင်​ခဲ့တယ်။ အဲဒါ​ကြောင့် အဖေ​ဒေါသ​အကြီးအကျယ်​ထွက်​ပြီး နီ​ကော​စ်​ကို အိမ်ကနေ​နှင်ချ​လိုက်တယ်။ ဒါပေမဲ့ ပါလက်စတိုင်း​ကို အဖေ​ခရီးထွက်​တဲ့​အခါ အမေ၊ အစ်မ​နဲ့​ကျွန်မ​တို့​က နီ​ကော​စ်​နဲ့​အတူ ခရစ်ယာန်​အစည်းအဝေးတွေ သွား​တက်​ကြတယ်။ အဲဒီ​အစည်းအဝေးတွေမှာ​ကြား​ခဲ့​ရတဲ့​အကြောင်း​တွေ​ကို အမေ​အားတက်သရော​ပြော​တာတွေကို ကျွန်မ​အခုထိ​ကြား​ယောင်​နေတုန်းပဲ။ ဒါပေမဲ့ သိပ်​မကြာခင်​မှာပဲ ကင်ဆာ​ရောဂါ​နဲ့ အသက် ၄၂ နှစ်အရွယ်မှာ အမေ​သေဆုံး​ခဲ့တယ်။ အဲဒီ​ခက်ခဲ​တဲ့​အချိန်အတွင်း ကျွန်မ​ရဲ့​အစ်မ အေရီယက်နီ​က မိသားစု​တာဝန်​ကို မေတ္တာပါပါ​ထမ်းဆောင်​ခဲ့တယ်။ သူ​အသက်ငယ်​သေး​ပေမဲ့ နှစ်​အတော်ကြာ ကျွန်မ​ရဲ့​အမေ​လို​ပဲ။

အေ​သင်​မြို့မှာ အဖေ​ရှိတဲ့​အခါ ကျွန်မ​ကို​သြသဒေါက်စ်ချာ့ခ်ျ​ဆီ အမြဲ​ခေါ်​သွားတယ်၊ သူ​ဆုံး​ပြီး​တဲ့​နောက်​မှာ အရင်က​လောက်​မမှန်​ပေမဲ့ ချာ့ခ်ျ​ဆက်​တက်​ပါ​တယ်။ ဒါပေမဲ့ ချာ့ခ်ျ​ထဲမှာ ဘာသာ​တရား​ကိုင်းရှိုင်း​တဲ့ အပြုအမူတွေ​မ​တွေ့ရ​လို့ နောက်ဆုံး ကျွန်မ​သွား​မ​တက်​တော့​ဘူး။

အဖေ​ဆုံး​ပြီး​နောက် ဘဏ္ဍာရေး​ဝန်ကြီးဌာန​မှာ စိတ်ချ​ရတဲ့​အလုပ်​တစ်ခု​ရခဲ့တယ်။ ကျွန်မ​ရဲ့​အစ်ကို​က​တော့ သူ့ရဲ့​အသက်တာကို ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်းမှာ​ပဲ မြှုပ်နှံထား​ပြီး ဂရိ​မှာ​နှစ်ပေါင်း​များစွာ အမှုဆောင်ခဲ့တယ်။ ၁၉၃၄ ခုနှစ်​မှာ ဆိုက်ပရပ်စ်​ကို သူ​ပြောင်းရွှေ့​သွားတယ်။ အဲဒီအချိန်မှာ နှစ်ခြင်း​ခံ​ပြီး​သား ယေဟောဝါသက်သေ​တစ်ယောက်မှ အဲဒီ​ကျွန်း​ပေါ်မှာ​မရှိတဲ့​အတွက် ဟောပြောခြင်း​လုပ်ငန်း​ကို အဲဒီမှာ တိုးတက်စေ​ခွင့်​ရခဲ့တယ်။ သူ​အိမ်ထောင်​ကျ​ပြီး​နောက် သူ့​ဇနီး​ဂလာ​တီ​ရာ​လည်း နှစ်ချီ အချိန်ပြည့်​အမှုဆောင်ခဲ့တယ်။ * ကျွန်မ​တို့​ဆီ ကျမ်းစာ​အခြေပြု​စာအုပ်​တွေ​နဲ့ မဂ္ဂဇင်း​တွေ​ကို နီ​ကော​စ် မကြာခဏ​ပို့ပေး​ပေမဲ့ ကျွန်မ​တို့ ဖွင့်​ကြည့်​ခဲ​တယ်။ သူ​ဆုံး​တဲ့​အထိ ဆိုက်ပရပ်စ်​မှာပဲ နေထိုင်ခဲ့တယ်။

သမ္မာတရား​ကို ကျွန်မ​ကိုယ်ပိုင်​ဖြစ်စေ​ခြင်း

၁၉၄၀ ပြည့်နှစ်​မှာ အေ​သင်​မြို့က စိတ်​ထက်သန်​တဲ့​သက်သေခံ​တစ်ဦး၊ နီ​ကော​စ်​ရဲ့​သူငယ်ချင်း ဂျော့ဂျ် ဒူး​ရပ်​စ်​က ကျွန်မ​တို့​ဆီ​လာလည်​ပြီး သူ့​အိမ်မှာ​ကျင်းပ​တဲ့ ကျမ်းစာ​သင်တန်း​လာ​တက်​ဖို့ ကျွန်မ​တို့ကို​ဖိတ်ခေါ်တယ်။ ဒါနဲ့ ဝမ်းသာ​အားရ လက်ခံ​လိုက်တယ်။ မကြာခင်​မှာပဲ ကျွန်မ​တို့​သင်ယူ​သိရှိ​လာတာ​တွေ​ကို အခြားသူ​တွေ​ကို စ​ပြော​ကြ​ရော။ ကျမ်းစာ​အသိပညာကို ကျွန်မ​နဲ့​ကျွန်မ​အစ်မ သင်ယူ​သိရှိ​လာတာ​နဲ့ ကျွန်မ​တို့​ရဲ့​အသက်တာကို ယေဟောဝါ​ဆီ​ဆက်ကပ်​အပ်နှံ​ဖို့ လှုံ့ဆော်​ခံ​ခဲ့​ရတယ်။ ၁၉၄၂ ခုနှစ်​မှာ အေရီယက်နီ​နှစ်ခြင်း​ခံ​ပြီး ကျွန်မ​က​တော့ ၁၉၄၃ မှာ နှစ်ခြင်း​ခံ​ခဲ့တယ်။

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​တော့ နီ​ကော​စ်​က ဆိုက်ပရပ်စ်​ကိုလာ​ဖို့ ကျွန်မ​တို့ကို​ခေါ်​တဲ့​အတွက် ၁၉၄၅ ခုနှစ်​မှာ နီ​ကို​စီ​ယာ​မြို့ကို ကျွန်မ​တို့​ပြောင်းရွှေ့​သွားတယ်။ ဂရိ​နဲ့​မတူဘဲ ဆိုက်ပရပ်စ်​မှာ ဟောပြောခြင်း​လုပ်ငန်း မ​ပိတ်ပင်​ထား​ဘူး။ တစ်အိမ်​မှ​တစ်အိမ် သက်သေခံခြင်း​အပြင် လမ်းပေါ်​သက်သေခံခြင်း​လုပ်ငန်းမှာလည်း ကျွန်မ​တို့​ပါဝင်​ခဲ့တယ်။

နှစ်နှစ်​ကြာ​တော့ အေရီယက်နီ​က ဂရိ​ကို​ပြန်သွား​ရတယ်။ အဲဒီမှာ ယေဟောဝါ​ကိုကိုး​ကွယ်​သူ​တစ်ယောက်​ဖြစ်​တဲ့ သူ့ရဲ့​ခင်ပွန်း​လောင်း​နဲ့​ဆုံ​တဲ့​အတွက် အေ​သင်​မှာပဲ​သူ​ဆက်​နေတယ်။ မကြာခင်​မှာ ကျွန်မ​အစ်မ​နဲ့​ခဲအို​က ဂရိ​ကို​ပြန်လာ​ပြီး အေ​သင်​မှာ အချိန်ပြည့်​အမှုဆောင်ဖို့ ကျွန်မ​ကို​အားပေးတယ်။ ရှေ့ဆောင်​လုပ်ဖို့ ပန်းတိုင်​အမြဲ​ရှိခဲ့တဲ့​အတွက် ပို​ပြီး​လိုအပ်​တဲ့​နေရာ​ဖြစ်​တဲ့ အေ​သင်​ကို ကျွန်မ​ပြန်လာ​ခဲ့တယ်။

အခွင့်အရေး​တံခါး​သစ်​များ​ပွင့်​လာ

၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ​လ ၁ ရက်မှာ ရှေ့ဆောင်​စ​လုပ်ပြီး ဟောပြောခြင်း​လုပ်ငန်းမှာ လစဉ်​နာရီ ၁၅၀ ပါဝင်​ခဲ့တယ်။ ကျွန်မ​တို့​အသင်းတော်​ရပ်ကွက်​က ကျယ်ပြန့်​တော့ ကျွန်မ​တော်တော်လေး လမ်းလျှောက်​ရတယ်။ ဒါပေမဲ့ ကောင်းချီး​တွေ​အများကြီး ခံစား​ခဲ့​ရ​ပါ​တယ်။ ဟောပြောခြင်း​လုပ်ငန်းမှာပါ​ဝင်​နေတဲ့ ဒါမှ​မဟုတ် ခရစ်ယာန်​အစည်း​ဝေး​တွေ​တက်​နေတဲ့ ဘယ်​သက်သေခံ​ကို​မဆို ရဲတွေ​တွေ့​တာ​နဲ့ မကြာခဏ​ဖမ်း​လေ့​ရှိတာ​ကြောင့် သိပ်​မကြာခင်​မှာပဲ ကျွန်မ​အဖမ်းခံ​ခဲ့​ရတယ်။

အဲဒီ​အချိန်တုန်းက ကြီး​လေး​တဲ့​အပြစ်​တစ်ခု​ဖြစ်​တဲ့ တခြား​သူတွေကို ဘာသာ​ပြောင်း​ဖို့​သွေးဆောင်တယ်​ဆိုပြီး ကျွန်မ​ကို​တရားစွဲ​တယ်။ အေ​သင် အေဗာ​ရော့ဖ် အမျိုးသမီး​အကျဉ်းထောင်​မှာ ထောင်ဒဏ်​နှစ်လ​ကျ​တယ်။ အဲဒီမှာ တခြား​သက်သေခံ​အမျိုးသမီး​တစ်ယောက်​လည်း​ရှိနေ​တော့ ထောင်​ထဲမှာ​ပိတ်လှောင်​ထား​ခံရ​ပေမဲ့ တကယ်​အားရစရာ တည်ဆောက်မှု​ဖြစ်​တဲ့ ခရစ်ယာန်​ပေါင်းသင်းမှု​ရခဲ့တယ်။ ပြစ်ဒဏ်​ခံ​ပြီး​တဲ့​နောက်​မှာ ပျော်ရွှင်စွာ​နဲ့​ပဲ ကျွန်မ​ရှေ့ဆောင်​ဆက်လုပ်​ခဲ့တယ်။ အဲဒီ​အချိန်တုန်းက ကျွန်မ​နဲ့​ကျမ်းစာ​လေ့လာ​ခဲ့​တဲ့​သူ​အတော်များများ အခုထိ ယေဟောဝါ​ရဲ့ သစ္စာရှိ​ကျေးကျွန်​တွေ​ဖြစ်​နေဆဲပဲ၊ ဒါက ကျွန်မ​ကို အရမ်းပျော်​ရွှင်​စေတယ်။

၁၉၄၉ ခုနှစ်​မှာ အချိန်ပြည့်​အမှုဆောင်​တွေ​ကို ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​အတွက် လေ့ကျင့်ပေး​တဲ့ အမေရိကန်​ပြည်ထောင်စု​မှာ​ရှိတဲ့​ဂိလဒ်​ကင်းမျှော်စင် သမ္မာကျမ်းစာ​ကျောင်း​ရဲ့ ၁၆ ကြိမ်​မြောက်​သင်တန်းကို တက်​ဖို့ ဖိတ်ခေါ်​စာ​ရရှိခဲ့တယ်။ ကျွန်မ​နဲ့​အတူ ကျွန်မ​ရဲ့​ဆွေမျိုး​တွေ​ပါ အရမ်းပျော်​ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ် နွေ​ရာသီမှာ နယူးယောက်​မြို့မှာ​ကျင်းပ​တဲ့ အပြည်ပြည်ဆိုင်ရာ​ခရိုင်​စည်းဝေးကြီး​တစ်ခု​ကို​တက်ပြီး​နောက် ဂိလဒ်​ကျောင်း​ဆက်​တက်​ဖို့ ကျွန်မ​စီစဉ်​ခဲ့တယ်။

ယူနိုက်တက်​စ​တိတ်​ကို​ရောက်ပြီးနောက် နယူးယောက်​မြို့မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့​ကမ္ဘာ့​ဌာနချုပ်​မှာ အိမ်မှုပြု​စု​သူ​အဖြစ် လအနည်းငယ် အမှုဆောင်ခွင့်​ရခဲ့တယ်။ အဲဒီ​နေရာ​ရဲ့ ဝန်းကျင်​အခြေအနေဟာ သန့်ရှင်း​သပ်ရပ်၊ ကြည်နူး​စ​ရာ​ကောင်းပြီး တည်ဆောက်မှု​ဖြစ်တယ်၊ ပြီး​တော့ ပြုံးပြုံးရွှင်ရွှင်​ရှိတဲ့​ညီအစ်ကို ညီအစ်မ​တွေ​ကြား​မှာ နေ​ရတယ်။ အဲဒီမှာ​နေခဲ့တဲ့​ခြောက်​လ​ကို ကျွန်မ​အမြဲ​သတိရ​နေမှာ​ပါ။ အဲ့ဒီ​နောက် စူးစိုက်​လေ့လာ၊ လေ့ကျင့်​သင်ကြား​ခံရ​တဲ့ ဂိလဒ်​ကျောင်း​ရဲ့​ငါး​လ​တာ​အချိန်​ဟာ ခဏလေး​ကုန်​သွားတယ်။ သမ္မာကျမ်းစာ​အသိပညာ​ဟာ ဘယ်လောက်တောင် တန်ဖိုး​ရှိပြီး ကောင်းတယ်​ဆိုတာ​ကို ကျွန်မ​တို့​ကျောင်းသား​တွေ သဘောပေါက်​နားလည်​လာကြတယ်၊ အဲဒါ​ကြောင့် အသက်ပေး သမ္မာတရား​အသိပညာကို တခြား​သူတွေကိုလည်း သိစေချင်​ကြ​တဲ့​စိတ် တိုးများ​လာ​စေတယ်။

ကျွန်မ​ရဲ့​ပထမ​ခရစ်ယာန်​သာသနာပြု​တာဝန်

ကျွန်မ​တို့​ခရစ်ယာန်​သာသနာပြု​ဖို့ တာဝန်ကျ​မယ့်​နေရာတွေကို မသိ​ရ​ခင် ကျွန်မ​တို့ တွဲဖက်​အမှုဆောင်​ချင်​တဲ့​သူတွေကို ရွေး​ခွင့်​ရခဲ့တယ်။ ထူးချွန်​တဲ့​ညီအစ်မ​တစ်ယောက်​ဖြစ်​တဲ့ ရုသ်​ဟဲမ်​မ​စ်ဂ် (ယခု ဘော့စ်​ဟာ့ဒ်) က​ကျွန်မ​ရဲ့​တွဲဖက်​ဖြစ်တယ်။ ဥရောပ​နဲ့​အာရှ လမ်းဆုံ​လမ်းခွ​ဖြစ်​တဲ့ တူရကီ​နိုင်ငံ အစ္စတန်ဘူလ်​မြို့မှာ ကျွန်မ​တို့​တာဝန်ကျ​မှန်း​သိရတဲ့အခါ အရမ်းပျော်​ကြတယ်။ အဲဒီ​နိုင်ငံ​မှာ ဟောပြောခြင်း​လုပ်ငန်း​ကို တရားဝင်​ခွင့်​မပြု​သေး​ဘူးဆို​တာ ကျွန်မ​တို့​သိပေမဲ့ ယေဟောဝါ​ကျွန်မ​တို့ကို ထောက်မ​မယ်​ဆိုတာ လုံးဝ​သံသယ​မဖြစ်ခဲ့​ကြဘူး။

အစ္စတန်ဘူလ်​ဟာ လူမျိုး​ပေါင်း​စုံ​နေထိုင်တဲ့ လှပတဲ့​မြို့​ဖြစ်တယ်။ လူပြည့်​ကျပ်​နေတဲ့​ဈေး​တွေ၊ ကမ္ဘာ​တစ်ဝန်း​က အကောင်းဆုံး​ချက်ပြုတ်​နည်း​တွေ၊ စိတ်ဝင်စားစရာ​ကောင်း​တဲ့​ပြတိုက်​တွေ၊ ဆွဲဆောင်မှု​ရှိတဲ့ လူနေ​ရပ်ကွက်​တွေ​နဲ့ ရှုမော​လို့​မဆုံး​တဲ့​ကမ်း​နား​တွေ​ကို တွေ့ရှိ​ခဲ့​ရတယ်။ အဲ့​ဒါ​ထက် ဘုရားသခင်​အကြောင်း သိချင်​ကြ​တဲ့​စိတ်ရင်းမှန်​သူတွေကို ကျွန်မ​တို့​တွေ့​တယ်။ အစ္စတန်ဘူလ်​မှာ​ရှိတဲ့ သက်သေခံ​အုပ်စုငယ်​လေး​ဟာ အများအားဖြင့် အာမေးနီးယန်း၊ ဂရိ​နဲ့ ဂျူး​လူမျိုး​တွေ​ဖြစ်တယ်။ ဒါပေမဲ့ တခြား​လူမျိုး​တွေ​လည်း​အများကြီး​ရှိတဲ့​အတွက် တူရကီ​အပါအဝင် တခြား​ဘာသာ​စကား​အမျိုးမျိုးကို​ပြောတတ်​ရင် အကူအညီ​ဖြစ်တယ်။ သမ္မာတရား​ဆာငတ်​နေတဲ့ လူမျိုး​အသီးသီး​တွေ​နဲ့ တွေ့ဆုံ​ကြ​ရတာကို ကျွန်မ​တို့​အရမ်းပျော်​တယ်။ အဲ့ဒီ​လူတွေ​အတော်များများ ယေဟောဝါ​ကို အခုထိ ဆက်​အမှုဆောင်​နေကြ​တုန်း​ပဲ။

ဒါပေမဲ့ ရုသ်​က သူ့ရဲ့​နေထိုင်ခွင့်​ကို အသစ်​လဲ​လို့​မရတဲ့​အတွက် ထွက်ခွာ​သွားခဲ့​ရတယ်။ ဆွစ်ဇာလန်​နိုင်ငံ​မှာ အချိန်ပြည့်​အမှုဆောင်​လုပ်ငန်းမှာ သူ​ဆက်​ပါဝင်​နေဆဲပဲ။ နှစ်တွေ​ဒီလောက်​ကြာ​ခဲ့​ပေမဲ့ သူနဲ့အတူ​နေခဲ့​ရတဲ့ ပျော်စရာ၊ အားရှိစရာ​အချိန်ကို ကျွန်မ​အခုထိ​သတိရ​သေး​တယ်။

ကမ္ဘာ့​နောက်​တစ်ဖက်​ခြမ်း​သို့​ပြောင်းရွှေ့​ရခြင်း

၁၉၆၃ ခုနှစ်​မှာ ကျွန်မ​ရဲ့​တူရကီ​မှာ​နေထိုင်ခွင့်​ကို အသစ်​လဲ​မပေးဘူး။ အခက်အခဲတွေကို ရုန်းကန်​ကျော်လွှား​ရင်း ဝိညာဉ်​ရေး​ဘက်​တိုးတက်​လာတဲ့ ခရစ်ယာန်​ညီအစ်ကို​ချင်း​တွေ​ကို ထားရစ်​ခဲ့​ရတာ အတော်​ခက်တယ်။ ကျွန်မ​ကို​အားပေးဖို့ ဆွေမျိုး​တွေ​က နယူးယောက်​မှာ​ခရိုင်​စည်းဝေးကြီး​သွား​တက်​နိုင်​ဖို့ ခရီး​စရိတ်​ခံ​ပေး​ခဲ့​ကြတယ်။ အဲ့ဒီ​အချိန်​မှာ နောက်​ဘယ်မှာ​တာဝန်ကျ​မယ်​ဆိုတာ ကျွန်မ,မသိ​ရ​သေး​ဘူး။

ခရိုင်​စည်းဝေးကြီး​ပြီး​မှ ပီရူး​နိုင်ငံ၊ လီ​မာ​မြို့မှာ တာဝန်ကျ​တာ​သိခဲ့တယ်။ ကျွန်မ​ရဲ့​တွဲဖက်​ဖြစ်​မယ့် ညီအစ်မ​ငယ်​တစ်ယောက်​နဲ့​အတူ နယူးယောက်​ကနေ တာဝန်ကျ​တဲ့​နေရာ​အသစ်​ကို တန်း​သွားခဲ့တယ်။ ယေဟောဝါသက်သေ​များ​ရဲ့ ဌာနခွဲရုံး​အပေါ်ထပ်​မှာ​ရှိတဲ့ ခရစ်ယာန်​သာသနာပြု​အိမ်မှာ ကျွန်မ​နေပြီး စပိန်​စကား​ကို​သင်ယူ​ခဲ့​ရတယ်။ ဒေသခံ​ညီအစ်ကို​ညီအစ်မ​တွေ​ကို သိကျွမ်း​လာပြီး အဲဒီမှာ​ဟောပြော​ရတာ တကယ့်ကို​ပျော်စရာ​ကောင်းတယ်။

တာဝန်​နောက်တစ်ခု၊ ဘာသာ​စကား​နောက်တစ်ခု

အတန်ကြာ​တော့ ဂရိ​မှာ​ရှိတဲ့​ကျွန်မ​ရဲ့​ဆွေမျိုး​တွေ​က ဇ​ရာ​ထောင်း​မှု​နဲ့ ကျန်းမာ​ရေး​ချို့ယွင်းမှု​တွေ​ကို ရင်ဆိုင်​လာ​ကြရတယ်။ သူတို့ကို​ကူညီ​ပေးဖို့ အချိန်ပြည့်​အလုပ်​က​ထွက်​ပြီး သာမန်​ဘဝ​အသက်တာ​လို့​ခေါ်​တဲ့​ဘဝမျိုးကို ပြန်​သွားဖို့ ကျွန်မ​ကို​သူတို့​တစ်ခါ​မှ မတိုက်တွန်း​ဘူး။ ဒါပေမဲ့ အသေအချာ​ဆုတောင်း​သုံးသပ်​ပြီး​တဲ့​နောက် ကျွန်မ​ရဲ့​မိသားစုနဲ့​နီးနီးနားနား​မှာ အမှုဆောင်တာ​ပို​ကောင်း​လိမ့်မယ်​ဆိုတာ သဘောပေါက်​သွားတယ်။ တာဝန်ခံ​ညီအစ်ကို​တွေ​က မေတ္တာနဲ့​သဘောတူ​ကြ​ပြီး အီတလီ​မှာ တာဝန်ချ​ပေး​တယ်၊ ကျွန်မ​ရဲ့​ဆွေမျိုး​တွေ​က ပြောင်းရွှေ့​ဖို့ ခရီး​စရိတ်​ထုတ်ပေး​ကြတယ်။ တကယ်တော့ အီတလီ​မှာ​သတင်းကောင်း​ဟောပြောမယ့်​သူတွေ အကြီးအကျယ်​လိုအပ်​နေတယ်။

နောက်ထပ်​တစ်ခါ ဘာသာ​စကား​အသစ်​တစ်ခု​ဖြစ်​တဲ့ အီတလီ​စကား​ကို ကျွန်မ​သင်ယူ​ရမယ်။ ကျွန်မ​ပထမဦးဆုံး​တာဝန်ကျ​တဲ့​နေရာ​က​တော့ ဖိုဂျီယာမြို့​မှာ​ဖြစ်တယ်။ နောက်ပိုင်း​မှာ ပို​လိုအပ်​တဲ့ နေ​ပယ်​မြို့ကို ပြောင်းရွှေ့​ခဲ့​ရတယ်။ ကျွန်မ​ရဲ့​ရပ်ကွက်​က နေ​ပယ်​မြို့ရဲ့​အလှ​ဆုံး​အပိုင်း​ဖြစ်​တဲ့ ပေါ်​စီ​လီ​ပို​ဖြစ်တယ်။ ရပ်ကွက်​က​တော်​တော်​ကြီး​ပြီး အဲဒီမှာ ကြေညာသူ​တစ်ယောက်ပဲ​ရှိတယ်။ အဲဒီမှာ​အမှုဆောင်​ရတာ အရမ်းပျော်​စ​ရာ​ကောင်းတယ်၊ ယေဟောဝါ​အကူအညီ​နဲ့ ကျမ်းစာ​သင်အံမှု​တွေ အများကြီး​ရခဲ့တယ်။ အချိန်တန်​တော့ အဲဒီ​နေရာမှာ အသင်းတော်​ကြီး​တစ်ခု​ဖြစ်ပေါ်​လာတယ်။

ကျွန်မ စ​ကျမ်းစာ​သင်ပေးခဲ့တဲ့ ဒေသခံ​တွေ​ထဲမှာ မိခင်​တစ်ဦး​နဲ့​သူ့​သားသမီး​လေးဦး​ပါဝင်​တယ်။ သူနဲ့​သမီး​နှစ်ဦး​ဟာ အခုထိ​ယေဟောဝါသက်သေ​တွေ​ဖြစ်​နေဆဲပဲ။ သမီး​ငယ်​လေး​ရှိတဲ့ မောင်နှံ​တစ်စုံ​နဲ့​လည်း ကျွန်မ​ကျမ်းစာ​လေ့လာ​ခဲ့တယ်။ မိသားစု​တစ်စုလုံး သမ္မာတရား​မှာ​တိုးတက်လာ​ပြီး ဆက်ကပ်​အပ်နှံ ရေ​မှာ​နှစ်ခြင်း​ခံ​ခဲ့​ကြတယ်။ အခု သူတို့​သမီးဟာ ယေဟောဝါ​ကျေးကျွန်​တစ်ယောက်​နဲ့ အိမ်ထောင်​ကျ​ပြီး အတူတကွ ဘုရားသခင်​အမှုဆောင်​နေကြ​တယ်။ မိသားစုကြီး​တစ်စု​နဲ့ ကျမ်းစာ​သင်​နေတုန်းမှာ သမ္မာကျမ်းစာ​ရဲ့​တန်ခိုး​ကို ကျွန်မ​အထင်အရှား​မြင်ခဲ့​ရတယ်။ ရုပ်ပုံတွေနဲ့​ကိုးကွယ်​တာ​ကို ဘုရားသခင်​မကြိုက်ဘူး​ဆို​တဲ့ ကျမ်းချက်​အချို့​လည်း ဖတ်​ပြီး​ရော အမေဖြစ်သူက သင်အံမှု​ပြီး​တဲ့​အထိ​တောင် မ​စောင့်​တော့​ဘူး။ သူ့​အိမ်မှာ​ရှိတဲ့​ရုပ်ပုံတွေ​အားလုံး​ကို ချက်ချင်းပဲ​ရှင်းပစ်​ခဲ့တယ်!

ပင်လယ်ပြင်​၌​ကြုံ​ရသော​အန္တရာယ်များ

အီတလီ​နဲ့​ဂရိ​ကို ကူး​တိုင်း ကျွန်မ​အမြဲ​သင်္ဘော​စီး​တယ်။ အဲ့ဒီ​ရေကြောင်း​ခရီးစဉ်​ဟာ အမြဲ​သာယာတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ် နွေ​ရာသီ ခရီးစဉ်​တစ်ခု​က​တော့ ထူးခြားတယ်။ အယ်​လီ​ယာ​နာ ကူး​တို့​သင်္ဘော​နဲ့ အီတလီ​ကို​ပြန်လာ​နေချိန်​ပေါ့။ ဩဂုတ်​လ ၂၈ ရက်​ရဲ့ မနက်စောစော​မှာ သင်္ဘောရဲ့​မီးဖိုချောင်​မှာ မီးလောင်​ပါ​လေ​ရော။ မီး​ကူးစက်​လာ​သလို ခရီးသည်​တွေ​လည်း ပို​စိုးရိမ်​ထိတ်လန့်​လာကြတယ်။ အမျိုးသမီးတွေ မူးဝေ​နေကြ​တာ၊ ကလေး​တွေ​ငိုယို​နေကြ​တာ၊ ယောက်ျား​တွေ အပြစ်တင်​ပြောဆို အော်ဟစ်​ခြိမ်းခြောက်​နေကြ​တာ​တွေ့ရ​တယ်။ သင်္ဘော​ကုန်းပတ်​နှစ်ဖက်စလုံး​မှာ​ရှိတဲ့ အသက်ကယ်​လှေ​တွေ​ဆီ လူတွေ​ပြေး​သွား​ကြတယ်။ ဒါပေမဲ့ အသက်ကယ်​အင်္ကျီ​အလုံအလောက်​မရှိဘူး၊ အသက်ကယ်​လှေ​တွေ​ကို ပင်လယ်​ထဲ​ချပေး​တဲ့​စက်​က​လည်း ကောင်းကောင်း​အလုပ်​မ​လုပ်​ဘူး။ ကျွန်မ​မှာ​အသက်ကယ်​အင်္ကျီ​မရှိဘူး၊ ဒါပေမဲ့ မီးတောက်​တွေ​က အပေါ်​ကို​မြင့်တက်​လာ​နေတာ​ကြောင့် ပင်လယ်​ထဲ​ခုန်ချ​တာ အကောင်းဆုံး​ဖြစ်တယ်။

ရေ​ထဲ​ရောက်တာနဲ့ ကျွန်မ​အနားမှာ အသက်ကယ်​အင်္ကျီ​ဝတ်​ထား​တဲ့ အမျိုးသမီး​တစ်ယောက်ကို တွေ့​လိုက်တယ်။ သူ​ရေကူး​တတ်​ပုံ​မရတဲ့​အတွက် သူ့​လက်ကို​ဆွဲ​ပြီး နစ်​တော့​မယ့်​သင်္ဘော​ကနေ အဝေး​ကို​ဆွဲခေါ်​သွား​လိုက်တယ်။ ပင်လယ်​လှိုင်းတွေ​ပို​ထ​န်​လာတယ်၊ ရေပေါ်,ပေါ်​နေဖို့​ရုန်းကန်​ရတာ အတော်လေး​ပင်ပန်း​တယ်။ အခြေအနေ​က မျှော်လင့်ချက်​ရှိ​ပုံ​မရဘူး၊ ဒါပေမဲ့ သတ္တိ​ပေးဖို့​ယေဟောဝါ​ဆီ ဆက်​အသနားခံ​ခဲ့တယ်၊ ဒါနဲ့ ကျွန်မ​ခွန်အား​ရလာတယ်။ တမန်​တော်​ပေါလု​ကြုံ​ခဲ့​တဲ့ သင်္ဘော​ပျက်​တဲ့​အတွေ့အကြုံကို ကျွန်မ​သတိမရ​ဘဲ​မနေနိုင်​ခဲ့​ဘူး။—တမန်​တော်၊ အခန်းကြီး ၂၇

ကျွန်မ​ရဲ့​အဖော်​ကို​ကိုင်ထား​ပြီး ခွန်အား​ရှိတဲ့​အခါ​ရေကူး​လိုက်၊ အကူအညီ​ရဖို့ ယေဟောဝါ​ဆီ​ဆုတောင်း​လိုက်နဲ့ လှိုင်းလုံး​တွေ​ကြား လေး​နာရီ​ကြာ ရုန်းကန် ခဲ့​ရတယ်။ နောက်ဆုံး​တော့ လှေ​ငယ်​တစ်စီး လှမ်းမြင်​လိုက်တယ်။ ကျွန်မ​ကို​ကယ်ဆယ်​လိုက်​ကြ​ပေမဲ့ ကျွန်မ​ရဲ့​အဖော်​က သေဆုံး​နေပြီ။ အီတလီ​နိုင်ငံ ဘာ​ရီ​မြို့ကို ကျွန်မ​တို့​ရောက်တော့ ကျွန်မ​ကို​ဆေးရုံတင် ကုသ​ပေး​ခဲ့​ကြတယ်။ ဆေးရုံ​မှာ​ရက်​အနည်းငယ်​နေ​လိုက်ရတယ်၊ သက်သေခံ​အတော်များများ လာလည်​ပတ်​ကြတယ်၊ ကျွန်မ​လိုအပ်​တာတွေကို ကြင်ကြင်နာနာ​ပေးကမ်း​ခဲ့​ကြတယ်။ သူတို့​ပြ​ခဲ့​တဲ့​ခရစ်ယာန်​မေတ္တာကို ဆေးရုံ​လူနာဆောင်​က တခြား​သူတွေ အရမ်း​အံ့သြ​ကြတယ်။ *

ကျွန်မ​နာလန်ထူ​လာတဲ့အခါ ရောမ​မြို့မှာ တာဝန်ကျ​တယ်။ မြို့လယ်ခေါင် စီးပွားရေး​ရပ်ကွက်မှာ အမှုဆောင်ဖို့​ကျွန်မ​ကို တာဝန်​ပေး​တယ်၊ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ အဲဒီမှာ ငါး​နှစ်​အမှုဆောင်ခဲ့​ရတယ်။ စုစုပေါင်း​အနှစ် ၂၀ အီတလီ​မှာ​အမှုဆောင်​ရတာ တကယ်​ပျော်​တယ်၊ အီတလီ​လူမျိုး​ကိုလည်း တကယ်​ချစ်တယ်။

ကျွန်မ​စတင်​ခဲ့​သော​နေရာသို့​ပြန်ရောက်

အချိန်​အတန်ကြာ​လာတော့ အေရီယက်နီ​နဲ့​သူ့​အမျိုးသား​တို့​ရဲ့ ကျန်းမာ​ရေး ချို့ယွင်း​လာကြတယ်။ သူတို့​အနီးမှာ ကျွန်မ​နေထိုင်မယ်​ဆိုရင် သူတို့​မေတ္တာပါပါ​လုပ်ပေးခဲ့​တဲ့​အရာ​တွေ​အတွက် အတိုင်းအတာ​တစ်ခု​အထိ သူတို့ကို​ပြန်ပေး​ဆပ်​နိုင်​မယ်​လို့ ကျွန်မ​ယူဆတယ်။ အီတလီ​နိုင်ငံ​က ထွက်ခွာ​လာ​ရတာ တကယ်​ဝမ်းနည်း​ကြေကွဲစရာ​ပဲ။ ဒါပေမဲ့ တာဝန်ခံ​ညီအစ်ကို​တွေ​က ခွင့်ပြု​လို့ ၁၉၄၇ ခုနှစ်​တုန်း​က အချိန်ပြည့်​အမှုဆောင်​စတင်​ခဲ့​တဲ့ အေ​သင်​မြို့မှာ ၁၉၈၅ ခုနှစ် နွေ​ရာသီ​ကစပြီး ကျွန်မ​ရှေ့ဆောင်​ပြန်​လုပ်​နေပါတယ်။

ကျွန်မ​အသင်းတော်​ရပ်ကွက်မှာ ဟောပြောတယ်၊ အဲ့ဒီ​အပြင် မြို့လယ် စီးပွားရေး​ရပ်ကွက်မှာ ဟော​လို့​ရမလား​လို့ ဌာနခွဲ​က​ညီအစ်ကို​တွေ​ကို ခွင့်​တောင်း​တယ်။ ရှေ့ဆောင်​ညီအစ်မ​တစ်ယောက်​နဲ့ အဲဒီမှာ သုံးနှစ်​အမှုဆောင်ခဲ့တယ်။ ဒီလိုနဲ့ အိမ်မှာ​တွေ့ရ​ခဲ​တဲ့​လူတွေကို စေ့စေ့စပ်စပ်​သက်သေ​ခံနိုင်​ခဲ့တယ်။

အချိန်တွေ​ကုန်လွန်​လာ​လေ အမှုဆောင်​ချင်​တဲ့​စိတ်​က ပို​ထက်သန်​လာပေမဲ့ ကာယ​ခွန်အား​က​တော့ လျော့ လျော့​သွားတယ်။ အခု​ဆို ကျွန်မ​ရဲ့​ခဲအို သေဆုံး​သွားပြီ။ ကျွန်မ​အတွက်​အမေနဲ့​တူ​တဲ့ အေရီယက်နီ​လည်း မျက်စိကွယ်​သွားပြီ။ ကျွန်မ​ကျ​တော့ အချိန်ပြည့်​အမှုဆောင်​နေတုန်းက ကျန်းမာ​ရေး​ကောင်း​ခဲ့တယ်။ ဒါပေမဲ့ မကြာခင်​က စ​ကျင်​ကျောက်​လှေကားထစ်​ပေါ်ကနေ ပြုတ်ကျ​ပြီး ညာ​ဖက်​လက်မောင်း​ကျိုးသွား​တယ်။ အဲဒီနောက် ထပ်​လဲ​ပြီး တင်ပါး​ဆုံ​ရိုး​ကျိုးသွား​တယ်။ ခွဲစိတ်​ကုသ​ခံ​လိုက်ရ​ပြီး အတော်ကြာကြာ အိပ်ရာ​ထဲ နေခဲ့​ရတယ်။ အခု​ဆို လွတ်လွတ်လပ်လပ်​မသွား​လာနိုင်​တော့​ဘူး။ တုတ်​ကောက်​သုံး​နေရ​ပြီး အဖော်​မပါ​ပဲ အပြင်​မ​ထွက်​နိုင်​တော့​ဘူး။ ဒါပေမဲ့​လည်း ကျွန်မ​ရဲ့​ကျန်းမာ​ရေး​အခြေအနေ ပြန်ကောင်း​လာလိမ့်မယ်​လို့ မျှော်လင့်​ပြီး အတတ်နိုင်ဆုံး ကြိုးစား​အမှုဆောင်​နေပါတယ်။ ကျမ်းစာ​ပညာပေး​လုပ်ငန်းမှာ နည်းနည်းလေး​ဖြစ်ပါစေ ပါဝင်​ရခြင်း​က ကျွန်မ​ကို​ပျော်ရွှင်မှု​နဲ့ စိတ်​ကျေနပ်မှု​ရစေတဲ့ အဓိက​နည်း​ပဲ။

အချိန်ပြည့်​ဓမ္မ​အမှုဆောင်ခဲ့​ရတဲ့ ပျော်ရွှင်စရာ​နှစ်တွေ​ကို ပြန်တွေး​မိ​တိုင်း ယေဟောဝါ​ကို​ကျေးဇူး​တင်​စိတ်​တွေ ပြည့်လျှံ​လာတယ်။ ကိုယ်တော်​နဲ့ ကိုယ်တော့်​မြေကြီး​အဖွဲ့အစည်း​က မှန်မှန်​လမ်းညွှန် ကူညီပေး​ခဲ့လို့ ကိုယ်တော်​ရဲ့​အမှုဆောင်​လုပ်ငန်းမှာ ကျွန်မ​ရဲ့​ဘဝကို အပြည့်အဝ​အသုံးပြုနိုင်​ခဲ့​တာ။ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ကျွန်မ​ဆက်​ပါဝင်​နိုင်​ဖို့ ကျွန်မ​ကို ကိုယ်တော်​ခွန်အား​ပေး​ပါစေ​လို့ စိတ်ဆန္ဒ​အပြည့်​ဆုတောင်း​တယ်။ ကိုယ်တော်​ညွှန်ကြား​နေတဲ့ ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​လုပ်ငန်းမှာ အနည်း​အကျဉ်း ပါဝင်ခွင့်​ရတဲ့​အတွက် ကျွန်မ​အရမ်း​ဝမ်းသာတယ်။—မာလခိ ၃:၁၀

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 34 အသေးစိတ်​အချက်အလက်​များ​အတွက် ၁၉၇၂၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! (လိပ်) စာမျက်နှာ ၁၂-၁၆ တွင်​ရှု။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂိလဒ်​သွား​ခါနီး ကျွန်မ​အစ်မ အေရီယက်နီ၊ သူ့​အမျိုးသား မိုက်​ကာလ​စ္စ​တို့​နှင့်အတူ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရုသ်​ဟဲမ်​မ​စ်ဂ်​နဲ့​ကျွန်မ​တို့ တူရကီ​နိုင်ငံ၊ အစ္စတန်ဘူလ်​မြို့မှာ တာဝန်ကျ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

၁၉၇၀ ပြည့်လွန်​နှစ်များ​အစောပိုင်း​၌ အီတလီ​တွင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယနေ့ ကျွန်မ​အစ်မ​အေရီယက်နီ​နှင့်အတူ