‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ . . . ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။’—ဟေရှာယ ၅၂:၇။
၁၊ ၂။ (က) အဘယ်ကြောက်မက်ဖွယ်ရာများ နေ့စဉ် ဖြစ်ပျက်နေသနည်း။ (ခ) သတင်းဆိုးများ အမြဲကြားနေရခြင်းကို လူအများ မည်သို့တုံ့ပြန်ကြသနည်း။
ယနေ့ ကမ္ဘာတစ်ဝန်းမှလူတို့သည် မိမိတို့ကို သတင်းဆိုးများဖုံးလွှမ်းနေသည်ဟု ခံစားကြရ၏။ ရေဒီယိုဖွင့်လိုက်သည်နှင့် ကမ္ဘာကို ခြိမ်းခြောက်နေသော သေစေနိုင်သည့် ရောဂါဆိုးများအကြောင်း ထိတ်လန့်စရာသတင်းများ ကြားရ၏။ ရုပ်မြင်သံကြားသတင်းကြည့်လျှင် ငတ်ပြတ်ပြီး ငိုယိုအစာတောင်းနေကြသည့် ကလေးသူငယ်များ၏ရုပ်ပုံလွှာတို့ကို မေ့ပျောက်၍မရအောင် မြင်တွေ့ရ၏။ သတင်းစာကောက်ကိုင်လိုက်သည့်အခါ အဆောက်အအုံများကို ဗုံးကြဲဖျက်ဆီး၊ အပြစ်မဲ့လူကြီးလူငယ်တို့အား အစုလိုက်အပြုံလိုက်သတ်ပစ်နေမှုများကို ဖတ်ရ၏။
၂ မှန်ပါသည်၊ ထိတ်လန့်စရာများ နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေ၏။ ဤလောက၏အဆင်းသဏ္ဌာန်သည် အဆိုးဘက်သို့ တကယ်ပင် ရွေ့သွားနေလေပြီ။ (၁ ကောရိန္သု ၇:၃၁) တစ်ခါတစ်ရံ ဤလောကတစ်ခုလုံးကို “မီးဝါးမျို” တော့မည့်ပုံရှိကြောင်း အနောက်ဥရောပ သတင်းမဂ္ဂဇင်းတစ်စောင်က ဝေဖန်သည်။ ထို့ကြောင့် စိတ်သောကရောက်နေသူအရေအတွက် တိုးများလာနေသည်မှာ အံ့ဩစရာမဟုတ်ပေ! အမေရိကန်ပြည်ထောင်စုမှ ရုပ်မြင်သံကြားသတင်းနှင့်ပတ်သက်သော ဆန်းစစ်ချက်တစ်ခုတွင် လူတစ်ဦးက ‘ကျွန်တော် သတင်းကြည့်ပြီးရင် စိတ်ပျက်သွားတယ်။ သတင်းဆိုးတွေချည်းပဲ။ မခံမရပ်နိုင်အောင် စိတ်ဖိစီးခံရတယ်’ ဟုဆိုခြင်းသည် လူသန်းပေါင်းများစွာ၏ ခံစားချက်ဖြစ်မည်မှာ သေချာပါသည်။
လူတိုင်းကြားလိုသည့်သတင်း
၃။ (က) အဘယ်သတင်းကောင်းကို သမ္မာကျမ်းစာကြွေးကြော်သနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သင်အဘယ်ကြောင့် တန်ဖိုးထားရသနည်း။
၃ စိတ်မချမ်းသာစရာ ဤလောကတွင် သတင်းကောင်း ကြားနိုင်မည်လော။ ကြားနိုင်ပါသည်! သမ္မာကျမ်းစာက သတင်းကောင်းကြွေးကြော်ထားကြောင်း သိရှိရခြင်းသည် အားတက်စရာပင်။ ထိုသတင်းမှာ ဖျားနာမှု၊ အစာခေါင်းပါးမှု၊ ရာဇဝတ်မှု၊ စစ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုအားလုံးကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပေးတော့မည်ဟူ၍ဖြစ်သည်။ (ဆာလံ ၄၆:၉; ၇၂:၁၂) ယင်းသည် လူတိုင်းကြားဖို့လိုသည့် သတင်းမဟုတ်ပေလော။ ကြားဖို့လိုသည်ဟု ယေဟောဝါသက်သေများက ယူဆကြ၏။ ထို့ကြောင့် သူတို့သည် လူမျိုးအပေါင်းတို့အား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြိုးစားပြောပြနေကြသည်ကို နေရာအနှံ့ လူသိများကြသည်။—မဿဲ ၂၄:၁၄။
၄။ ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုနှင့်စပ်လျဉ်း၍ အဘယ်ကဏ္ဍများကို သုံးသပ်မည်နည်း။
၄ သို့သော် တုံ့ပြန်မှုမရှိသည့် နယ်မြေများ၌ပင် ဤသတင်းကောင်းကို ဟောပြောရာတွင် ကျေနပ်မှုရှိရှိ၊ အဓိပ္ပာယ်ရှိရှိ အဘယ်သို့ဆက်ပါဝင်နိုင်မည်နည်း။ (လုကာ ၈:၁၅) ဟောပြောခြင်းလုပ်ငန်း၏ အရေးပါသည့် ကဏ္ဍသုံးရပ်ကို အကျဉ်းချုပ်သုံးသပ်ခြင်းက အကူအညီဖြစ်စေမည်မှာ သေချာသည်။ ကျွန်ုပ်တို့ဆန်းစစ်ကြည့်နိုင်ကြသည်မှာ (၁) ကျွန်ုပ်တို့၏ရည်ရွယ်ချက်များ သို့မဟုတ် အဘယ်ကြောင့်ဟောရကြောင်း၊ (၂) ကျွန်ုပ်တို့၏သတင်းတရား သို့မဟုတ် အဘယ်အကြောင်းဟောကြောင်း၊ (၃) ကျွန်ုပ်တို့၏နည်းစနစ်များ သို့မဟုတ် မည်သို့ဟောပြောကြောင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက် မှန်ကန်မည်၊ သတင်းတရားကို ရှင်းရှင်းလင်းလင်းဖြစ်စေမည်၊ နည်းစနစ်များကို ထိရောက်စေမည်ဆိုလျှင် အကောင်းဆုံးသတင်းဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူအမျိုးမျိုးအား ကြားနာခွင့်ရရှိစေပေမည်။ *
သတင်းကောင်းဟောပြောခြင်းတွင် ကျွန်ုပ်တို့အဘယ်ကြောင့်ပါဝင်ကြောင်း
၅။ (က) အားလုံးတို့ထက် အဘယ်အရာက ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်သနည်း။ (ခ) ဟောပြောပါဟူသော ကျမ်းစာမိန့်မှာချက်ကို ကျွန်ုပ်တို့နာခံခြင်းသည် ဘုရားသခင်အားချစ်ရာရောက်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၅ ပထမဆုံးကဏ္ဍဖြစ်သည့် ကျွန်ုပ်တို့၏ရည်ရွယ်ချက်ကို သုံးသပ်ကြည့်ကြစို့။ သတင်းကောင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့်ဟောပြောကြသနည်း။ ယေရှုဟောခဲ့သောအကြောင်းကြောင့်ပင် ဖြစ်၏။ ကိုယ်တော်က “ငါသည် ခမည်းတော်ကိုချစ်သည်” ဟု မိန့်ဆိုခဲ့၏။ (ယောဟန် ၁၄:၃၁; ဆာလံ ၄၀:၈) ထို့ထက်ကား ဘုရားသခင်အားချစ်သည့်မေတ္တာက ကျွန်ုပ်တို့ကို ဟောပြောရန် လှုံ့ဆော်ပေးသောကြောင့်တည်း။ (မဿဲ ၂၂:၃၇၊ ၃၈) သမ္မာကျမ်းစာက “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏” ဟုဆိုကာ ဘုရားသခင်အားချစ်သည့်မေတ္တာနှင့် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို ချိတ်ဆက်ပေးသည်။ (၁ ယောဟန် ၅:၃; ယောဟန် ၁၄:၂၁) ဘုရားသခင့်ပညတ်တော်များတွင် ‘သွား၍ တပည့်ဖြစ်စေပါ’ ဟူသည့်ပညတ် ပါဝင်ပါသလော။ (မဿဲ ၂၈:၁၉) ပါဝင်ပါသည်။ ထိုစကားများကို ယေရှုမိန့်ဆိုခဲ့သော်လည်း အမှန်မှာ ယေဟောဝါထံမှ အစပြုခဲ့၏။ မည်သို့အားဖြင့်နည်း။ ယေရှုက “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်” ဟု ရှင်းပြခဲ့၏။ (ယောဟန် ၈:၂၈; မဿဲ ၁၇:၅) ထို့ကြောင့် ဟောပြောပါဟူသောပညတ်ကို လိုက်လျှောက်ခြင်းအားဖြင့် ယေဟောဝါအား ကျွန်ုပ်တို့ချစ်ကြောင်း ဖော်ပြကြသည်။
၆။ ဘုရားသခင်အားချစ်သည့်မေတ္တာသည် အဘယ်နည်းများဖြင့် ဟောပြောရန် လှုံ့ဆော်ပေးသနည်း။
၆ ထို့အပြင် ယေဟောဝါအား ဆန့်ကျင်တိုက်ခိုက်နေသည့် စာတန်၏လိမ်ညာမှုများကို ကျွန်ုပ်တို့တိုက်ဖျက်လိုကြရာ ကိုယ်တော်အားချစ်သည့်မေတ္တာက ကျွန်ုပ်တို့ကို ဟောပြောရန် လှုံ့ဆော်ပေးသည်။ (၂ ကောရိန္သု ၄:၄) စာတန်သည် ဘုရားသခင့်အုပ်ချုပ်မှု၏ တော်မှန်ဖြောင့်မတ်မှုကို သံသယဝင်စေခဲ့၏။ (ကမ္ဘာဦး ၃:၁-၅) ယေဟောဝါသက်သေများအနေနှင့် စာတန်၏အပုပ်ချစကားများကို ဖော်ထုတ်ခြင်းနှင့် ဘုရားသခင့်နာမတော်ကို လူအပေါင်းရှေ့ သန့်ရှင်းမြင့်မြတ်စေခြင်းတို့တွင် ကျွန်ုပ်တို့ပါဝင်လိုကြသည်။ (ဟေရှာယ ၄၃:၁၀-၁၂) ထို့အပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏အရည်အသွေးတော်များနှင့် နည်းလမ်းတော်များကို သိရှိလာကြသဖြင့် ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်နေကြ၏။ ဘုရားသခင်နှင့်တရင်းတနှီးရှိလာပြီး အခြားသူတို့ကို ကိုယ်တော်အကြောင်း ပြောပြလိုစိတ်ပြင်းပြလာကြ၏။ အမှန်ဆိုရလျှင် ယေဟောဝါ၏ကောင်းမြတ်မှုနှင့် ကိုယ်တော်၏ဖြောင့်မှန်သော နည်းလမ်းတော်များသည် ကျွန်ုပ်တို့ကို ရွှင်လန်းဝမ်းမြောက်စေလွန်းသဖြင့် ကိုယ်တော့်အကြောင်း မပြောဘဲမနေနိုင်ကြချေ။ (ဆာလံ ၁၄၅:၇-၁၂) ကိုယ်တော်အား ချီးမွမ်းထောမနာပြုပြီး ကိုယ်တော်၏ “ဂုဏ်ကျေးဇူးတော်များ” ကို နားထောင်မည့်သူတို့အား ကြားပြောရန် ကျွန်ုပ်တို့စေ့ဆော်ခံရကြသည်။—၁ ပေတရု ၂:၉; ဟေရှာယ ၄၃:၂၁။
၇။ ဘုရားသခင်အားချစ်မြတ်နိုးသည့်အပြင် အခြားအဘယ်အရေးကြီးသောအကြောင်းရင်းကြောင့် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်ကြသနည်း။
၇ ခရစ်ယာန်ဓမ္မအမှုတွင် ဆက်ပါဝင်ရသည့် နောက်ထပ်အရေးကြီးသောအကြောင်းရင်းတစ်ခု ရှိပါသေးသည်။ ယင်းကား တရစပ်ကြားနေရသည့် သတင်းဆိုးများကြောင့် ဖိစီးမှုခံစားနေရသူများ၊ အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် ဆင်းရဲဝေဒနာခံစားနေရသူတို့အား စိတ်ရင်းမှန်နှင့် သက်သာရာရစေလို၍ဖြစ်သည်။ ဤသို့ပြုရာတွင် ယေရှုကို ကျွန်ုပ်တို့ကြိုးစားတုပနေကြ၏။ ဥပမာအနေနှင့် မာကုကျမ်း အခန်းကြီး ၆ တွင် ဖော်ပြထားရာကို ကြည့်ကြစို့။
၈။ လူတို့အပေါ် ယေရှု၏စိတ်ထားကို မာကုကျမ်း အခန်းကြီး ၆ ပါမှတ်တမ်းက အဘယ်သို့ဖော်ပြသနည်း။
၈ ဟောပြောခြင်းကင်ပိန်းမှ တမန်တော်များပြန်လာကြပြီး သူတို့မြင်ခဲ့၊ ကြားခဲ့သမျှကို ယေရှုအား ပြန်ပြောပြကြ၏။ တမန်တော်များ မောပန်းနွမ်းနယ်နေကြသည်ကို ယေရှုသတိပြုမိကာ မိမိနှင့်အတူ “ငြိမ်သက်စွာနေ” ဖို့ မိန့်ဆိုသည်။ သို့နှင့် သူတို့သည် လှေစီး၍ တိတ်ဆိတ်ရာအရပ်သို့ ထွက်သွားခဲ့ကြသည်။ သို့သော် လူတို့သည် ကမ်းခြေတစ်လျှောက် ပြေးလိုက်လာကြပြီး မကြာမီပင် သူတို့ကို မီသွား၏။ ယေရှု အဘယ်အရာပြုခဲ့သနည်း။ “လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင် ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမ[စကား]ကို ပေးတော်မူ၏” ဟု မှတ်တမ်းကဆိုသည်။ (မာကု ၆:၃၁-၃၄) ယေရှုသည် မောပန်းနေသော်လည်း လူတို့ကိုသနားသည့်အတွက် သတင်းကောင်း ဆက်ဟောခဲ့သည်။ ဤလူများကို ယေရှုသနားကြင်နာခဲ့ကြောင်း ရှင်းနေပါသည်။
၉။ ဟောပြောရသည့်ရည်ရွယ်ချက်အမှန်နှင့်စပ်လျဉ်း၍ မာကု အခန်းကြီး ၆ ပါမှတ်တမ်းမှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရရှိသနည်း။
၉ ဤမှတ်တမ်းမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် သတင်းကောင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းတာဝန်ကို ရရှိထားကြသည်။ ‘လူအပေါင်း ကယ်တင်ခံရရန်’ ဘုရားသခင်အလိုတော်ရှိသည့်အတွက် သတင်းကောင်းကြေညာရန်တာဝန်သည် ကျွန်ုပ်တို့၏တာဝန်ဖြစ်ကြောင်း အသိအမှတ်ပြုကြ၏။ (၁ တိမောသေ ၂:၄) သို့ရာတွင် ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကို တာဝန်သိသိနှင့်သာမက သနားကြင်နာမှုရှိရှိ လုပ်ဆောင်ကြသည်။ ယေရှုကဲ့သို့ လူတို့ကို သနားကြင်နာမည်ဆိုလျှင် ကျွန်ုပ်တို့တတ်နိုင်သရွေ့ ကြိုးစားပြီး သတင်းကောင်းဆက်ဟောကြပါလိမ့်မည်။ (မဿဲ ၂၂:၃၉) ခရစ်ယာန်ဓမ္မအမှုတွင် အဆိုပါရည်ရွယ်ချက်မှန်များဖြင့် ပါဝင်လျှင် သတင်းကောင်းကို မပြတ်ဟောပြောကြပါလိမ့်မည်။
ကျွန်ုပ်တို့၏သတင်းတရား—ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း
၁၀၊ ၁၁။ (က) ကျွန်ုပ်တို့ဟောပြောနေကြသည့် သတင်းတရားကို ဟေရှာယ မည်သို့ဖော်ပြသနည်း။ (ခ) ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ယေရှု မည်သို့ထင်ရှားစေခဲ့သနည်း၊ ယေရှု၏ပုံသက်သေကို မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်များ မည်သို့လိုက်လျှောက်ခဲ့ကြပြီနည်း။
၁၀ ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှု၏ ဒုတိယကဏ္ဍဖြစ်သည့် ကျွန်ုပ်တို့၏သတင်းတရားကား အဘယ်နည်း။ အဘယ်အကြောင်းကို ကျွန်ုပ်တို့ဟောပြောကြသနည်း။ ကျွန်ုပ်တို့ဟောပြောနေသည့် သတင်းတရားအကြောင်း ပရောဖက်ဟေရှာယက ဤသို့လှလှပပ ဖော်ပြပေးသည်– “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ‘သင်၏ဘုရားသခင် စိုးစံတော်မူ၏’ ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား!”—ဟေရှာယ ၅၂:၇။
၁၁ “သင်၏ဘုရားသခင် စိုးစံတော်မူ၏” ဟူသော ဤကျမ်းချက်ပါ အဓိကစာသားသည် ကျွန်ုပ်တို့ကြေညာရမည့် သတင်းတရားဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အမှတ်ရစေသည်။ (မာကု ၁၃:၁၀) ထို့အပြင် ကျွန်ုပ်တို့သတင်းတရား၏ဆိုလိုရင်းကို ဤအခန်းငယ်က ဖော်ပြပေးကြောင်းကိုလည်း သတိပြုပါ။ “ကယ်တင်ခြင်း၊” “ဝမ်းမြောက်စရာသတင်း၊” “ငြိမ်သက်ခြင်း” နှင့် “ကောင်းကျိုးချမ်းသာ” အစရှိသည့်အသုံးအနှုန်းများကို ဟေရှာယအသုံးပြုထားသည်။ ဟေရှာယခေတ်နောက်ပိုင်း ရာစုနှစ်များစွာအကြာ စီ.အီး. ပထမရာစုတွင် ယေရှုခရစ်သည် လာလတ္တံ့သော ဘုရားသခင့်နိုင်ငံတော်ဖြစ်သည့် ကောင်းကျိုးချမ်းသာသတင်းကို ဇွဲရှိရှိကြေညာခဲ့ခြင်း ပုံသက်သေကို ထူးခြားပေါ်လွင်စွာ ပြသခဲ့ခြင်းဖြင့် အဆိုပါပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်။ (လုကာ ၄:၄၃) မျက်မှောက်ခေတ်တွင် အထူးသဖြင့် ၁၉၁၉ ခုနှစ်ကတည်းက ယေဟောဝါသက်သေတို့သည် တည်ထောင်ပြီးဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းနိုင်ငံတော်ကဆောင်ကြဉ်းပေးမည့် ကောင်းချီးများနှင့်ပတ်သက်သော သတင်းကောင်းကို ဇွဲရှိရှိကြေညာကြခြင်းဖြင့် ယေရှု၏ပုံသက်သေကို တုပနေကြပါသည်။
၁၂။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံသူတို့အပေါ် အဘယ်အကျိုးသက်ရောက်သနည်း။
၁၂ ဤဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံသူတို့အပေါ် အဆိုပါသတင်းတရားက အဘယ်အကျိုးသက်ရောက်သနည်း။ ယေရှုအချိန်ကကဲ့သို့ပင် ယခုလည်း သတင်းကောင်းသည် မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုရရှိစေသည်။ (ရောမ ၁၂:၁၂; ၁၅:၄) စိတ်နှလုံးရိုးဖြောင့်သူတို့သည် ပိုမိုကောင်းမွန်သည့်အချိန် ရောက်လာတော့မည်ဖြစ်ကြောင်း ယုံကြည်စရာ ခိုင်လုံသည့်အကြောင်းရင်းများရှိသည်ကို သိလာကြသဖြင့် မျှော်လင့်ချက်ရှိ၏။ (မဿဲ ၆:၉၊ ၁၀; ၂ ပေတရု ၃:၁၃) ဤမျှော်လင့်ချက်က ဘုရားသခင်အားကြောက်ရွံ့သူတို့ကို အပြုသဘောရှိရှုမြင်ချက် ဆက်ထိန်းစေသည်။ ဆာလံဆရာက သူတို့သည် “မကောင်းသောသတင်းကို မကြောက်” ဟု ဆိုသည်။—ဆာလံ ၁၁၂:၁၊ ၇။
“နှလုံးကြေကွဲသောသူတို့၏အနာကို စည်း” ပေးမည့် သတင်းတရား
၁၃။ သတင်းကောင်းလက်ခံသူတို့ ရရှိမည့် လတ်တလောကောင်းချီးများကို ပရောဖက်ဟေရှာယ မည်သို့ဖော်ပြပေးသနည်း။
၁၃ ကျွန်ုပ်တို့ဟောပြောသည့် သတင်းကောင်းသည် နားထောင်သူတို့အား နှစ်သိမ့်မှုနှင့် ကောင်းချီးများကို လတ်တလောရရှိစေသည်။ မည်သို့အားဖြင့်နည်း။ ကောင်းချီးအချို့ကို ပရောဖက်ဟေရှာယက ဤသို့ကြိုတင် ဖော်ပြထားသည်– ‘အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါ၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသခင်၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း . . . ငါ့ကိုစေလွှတ်တော်မူပြီ။’—ဟေရှာယ ၆၁:၁၊ ၂; လုကာ ၄:၁၆-၂၁။
၁၄။ (က) “နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေ” ဟူသည့်အသုံးအနှုန်းက ဘုရားသခင့်နိုင်ငံတော်သတင်းတရားအကြောင်း အဘယ်အရာဖော်ပြသနည်း။ (ခ) နှလုံးကြေကွဲသူများအတွက် ယေဟောဝါ၏စိုးရိမ်မကင်းဖြစ်မှုကို ကျွန်ုပ်တို့မည်သို့ ရောင်ပြန်ဟပ်ကြသနည်း။
၁၄ အဆိုပါပရောဖက်ပြုချက်အရ ယေရှုသည် သတင်းကောင်းဟောပြောခြင်းအားဖြင့် “နှလုံးကြေကွဲသောသူတို့၏အနာကို စည်း” ပေးပါလိမ့်မည်။ အလွန်ထိမိသည့် ပုံဖော်ချက်ကို ဟေရှာယအသုံးပြုခဲ့သည်တကား! ကျမ်းစာအဘိဓာန်တစ်ခုအရ “စည်း” ဟူ၍ ပြန်ဆိုထားသော ဟေဗြဲစကားလုံးသည် “ပတ်တီး ‘စည်းပေးခြင်း’ အတွက် အသုံးပြုလေ့ရှိရာ ဒဏ်ရာရသူကို ဆေးထည့်ပေးခြင်း၊ ကုသပေးခြင်းတွင် အသုံးပြုလေ့ရှိသည်။” စာနာတတ်သောသူနာပြုတစ်ဦးသည် ပတ်တီး သို့မဟုတ် စိုစွတ်သည့်အဝတ်ပျော့ကို ဒဏ်ရာအပေါ် ဖိပြီး အသေအချာပတ်တီးစည်းပေးတတ်သည်။ ထိုနည်းထပ်တူ စာနာတတ်သော ကြေညာသူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ဟောပြောသည့်အခါ တစ်နည်းနည်းဖြင့် ဆင်းရဲဝေဒနာခံစားနေရသော သတင်းတရားလက်ခံသူတို့ကို ကူညီထောက်မပေးတတ်ကြသည်။ အကူအညီလိုအပ်နေသူတို့ကို ဤသို့ထောက်မပေးခြင်းဖြင့် ယေဟောဝါ၏စိုးရိမ်မကင်းဖြစ်မှုကို သူတို့ရောင်ပြန်ဟပ်ကြသည်။ (ယေဇကျေလ ၃၄:၁၅၊ ၁၆) ဘုရားသခင်နှင့်စပ်လျဉ်း၍ ဆာလံဆရာက “နှလုံးကြေကွဲသောသူတို့ကို နှစ်သိမ့်စေ၍ သူတို့ဒဏ်ချက်များကို ပတ်စည်းတော်မူ၏” ဟု ဖော်ပြခဲ့သည်။—ဆာလံ ၁၄၇:၃၊ သမ္မာ။
ဘုရားသခင့်နိုင်ငံတော်သတင်းတရား အကြောင်းထူးစေပုံ
၁၅၊ ၁၆။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် အကူအညီလိုအပ်နေသူများကို မည်သို့ထောက်ပံ့၍ ခွန်အားပေးကြောင်း အဘယ်ဘဝဖြစ်ရပ်မှန် ပုံနမူနာများရှိသနည်း။
၁၅ ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် နှလုံးကြေကွဲနေသူတို့ကို အမှန်တကယ်ပင် ထောက်ကူ၍ ခွန်အားပေးနိုင်ကြောင်း ဘဝဖြစ်ရပ်မှန် ပုံနမူနာမြောက်မြားစွာက ဖော်ပြသည်။ တောင်အမေရိကမှ အသက်မရှင်လိုတော့သည့် သက်ကြီးရွယ်အို အော်ရီအန်းနာကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသက်သေတစ်ဦးသည် အော်ရီအန်းနာထံ စတင်လည်ပတ်ကာ သမ္မာကျမ်းစာနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို သူ့အား ဖတ်ပြလေ့ရှိသည်။ * အစပိုင်းတွင် စိတ်ဓာတ်ကျနေသည့် အဆိုပါအမျိုးသမီးသည် အိပ်ရာပေါ် မျက်စိမှိတ်လှဲလျောင်းရင်း တစ်ခါတစ်ခါ သက်ပြင်းချ၍ ကျမ်းစာဖတ်ပြသည်ကို နားထောင်နေ၏။ သို့သော် များမကြာမီ ကျမ်းစာဖတ်ပြနေစဉ် အိပ်ရာတွင် ကြိုးစားထိုင်လေသည်။ နောက်ပိုင်းတွင် ဧည့်ခန်းရှိ ကုလားထိုင်တစ်လုံးပေါ်ထိုင်လျက် ကျမ်းစာသင်ပေးသူ၏အလာကို စောင့်မျှော်နေလေ၏။ ထို့နောက် အဆိုပါအမျိုးသမီးသည် ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ ခရစ်ယာန်အစည်းအဝေးများကို စတက်လာသည်။ ထိုအစည်းအဝေးများမှ သိရှိခဲ့ရာတို့သည် သူ့အတွက် အားပေးမှုဖြစ်လာရာ သူ့အိမ်ရှေ့ ဖြတ်သန်းသွားလာသူတိုင်းကို ကျမ်းစာ,စာပေများ စတင်ဝေငှလေတော့၏။ မကြာမီ အသက် ၉၃ နှစ်အရွယ်တွင် အော်ရီအန်းနာသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံလိုက်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားက သူ့အား အသက်ရှင်လိုစိတ် ပြန်ရှိလာစေခဲ့၏။—သု. ၁၅:၃၀; ၁၆:၂၄။
၁၆ ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် နာမကျန်းမှုကြောင့် သေလုနီးပါးဖြစ်နေသူတို့ကိုပင် အထူးတလည်ထောက်မပေးသည်။ အနောက်ဥရောပမှ မာရီးအာ၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ အဆိုပါအမျိုးသမီးသည် ရောဂါကျွမ်းနေပြီဖြစ်ရာ မျှော်လင့်ချက် လုံးလုံးမရှိတော့ချေ။ ယေဟောဝါသက်သေများ သူ့ထံရောက်ရှိလာချိန်တွင် သူသည် အလွန်စိတ်ပျက်အားငယ်နေရှာ၏။ သို့ရာတွင် ဘုရားသခင့်ရည်ရွယ်ချက်များကို သိရှိလိုက်သည့်အခါ သူ၏ဘဝသည် အဓိပ္ပာယ်ပြန်ရှိလာသည်။ ယေဟောဝါသက်သေတစ်ဦးအဖြစ် သူနှစ်ခြင်းခံလိုက်ပြီး ဟောပြောခြင်းလုပ်ငန်းတွင် တက်တက်ကြွကြွ ပါဝင်လာလေသည်။ သူ့ဘဝ၏နောက်ဆုံးနှစ်နှစ်အတွင်း မျှော်လင့်ချက်နှင့် ရွှင်လန်းအားရမှုတို့ကြောင့် သူ၏မျက်လုံးများ ဝင်းလက်တောက်ပနေ၏။ ရှင်ပြန်ထမြောက်မည်ဟူသော ခိုင်မာသည့်မျှော်လင့်ချက်ဖြင့် မာရီးအာ ကွယ်လွန်သွားခဲ့သည်။—ရောမ ၈:၃၈၊ ၃၉။
၁၇။ (က) ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် လက်ခံနာယူသူတို့၏ဘဝကို မည်သို့ထူးခြားစေခဲ့ပြီနည်း။ (ခ) ယေဟောဝါသည် “နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ” နိုင်ကြောင်း အဘယ်နည်းများဖြင့် အသင်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီနည်း။
၁၇ ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် ကျမ်းစာအမှန်တရားများကို တောင့်တနေသူတို့၏ဘဝကို ထူးခြားစေနိုင်ကြောင်း အဆိုပါမှတ်တမ်းများက သက်သေထူသည်။ ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွား၍ ဝမ်းနည်းပူဆွေးနေသူတို့သည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း သိရှိလာသောအခါ အားအင်အသစ်ရရှိကြသည်။ (၁ သက်သာလောနိတ် ၄:၁၃) မိသားစုကို ရှာကျွေးရန် ဆင်းဆင်းရဲရဲနှင့် ရုန်းကန်နေရသူတို့သည် ယေဟောဝါအပေါ် တည်ကြည်ကြမည်ဆိုလျှင် သူတို့ကို ကိုယ်တော်ဘယ်တော့မျှ စွန့်တော်မမူကြောင်း သိရှိလာသည့်အခါ အားရှိပြီး ရဲရင့်လာကြ၏။ (ဆာလံ ၃၇:၂၈) စိတ်ကျဝေဒနာခံစားနေရသူတို့သည် ယေဟောဝါ၏ကူညီမစမှုဖြင့် လိုအပ်သည့်ခွန်အား တဖြည်းဖြည်းရရှိလာကြသည်၊ အချို့သောသူတို့မှာမူ ထိုနာမကျန်းမှုကို အောင်မြင်ကျော်လွှားနိုင်ခဲ့ကြ၏။ (ဆာလံ ၄၀:၁၊ ၂) ယေဟောဝါသည် သမ္မာကျမ်းစာ၏တန်ခိုးတော်အားဖြင့် ယခုပင် “နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။” (ဆာလံ ၁၄၅:၁၄) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် ကျွန်ုပ်တို့ရပ်ကွက်နှင့် ခရစ်ယာန်အသင်းတော်ရှိ ကျိုးပဲ့ကြေမွသောနှလုံးပိုင်ရှင်တို့ကို မည်သို့နှစ်သိမ့်မှုပေးခဲ့ကြောင်း သိရှိရသည့်အခါ ယနေ့ ရှိသမျှတို့တွင် အကောင်းဆုံးသတင်းကို ကျွန်ုပ်တို့ရရှိထားကြောင်း မကြာခဏ အမှတ်ရစေပါသည်!—ဆာလံ ၅၁:၁၇။
‘သူတို့အတွက် ဘုရားသခင်ထံဆုတောင်းပေးခြင်း’
၁၈။ သတင်းကောင်းကို ဂျူးများ ငြင်းပယ်ခဲ့ကြသည့်အတွက် ပေါလုမည်သို့ဖြစ်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၁၈ ကျွန်ုပ်တို့၏သတင်းတရားသည် အကောင်းဆုံးဖြစ်သော်ငြားလည်း လူအများက ယင်းကို ငြင်းပယ်ကြ၏။ ယင်းကြောင့် ကျွန်ုပ်တို့ မည်သို့ဖြစ်နိုင်သနည်း။ တမန်တော်ပေါလုကဲ့သို့ ဖြစ်နိုင်ပါသည်။ သူသည် ဂျူးများကို ဟောပြောလေ့ရှိသော်လည်း ကယ်တင်ခြင်းသတင်းကို အများစုက ငြင်းပယ်ခဲ့ကြ၏။ သူတို့၏ငြင်းပယ်မှုကြောင့် ပေါလု အကြီးအကျယ်စိတ်ထိခိုက်ခဲ့သည်။ သူက “ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန်ခြင်းဝေဒနာရှိ၏” ဟု ဝန်ခံခဲ့၏။ (ရောမ ၉:၂) ပေါလုသည် မိမိဟောပြောခဲ့သည့် ဂျူးတို့ကို အလွန်သနား၏။ သတင်းကောင်းကို သူတို့ငြင်းပယ်ကြသဖြင့် သူဝမ်းနည်းခဲ့သည်။
၁၉။ (က) ရံဖန်ရံခါ ကျွန်ုပ်တို့စိတ်ဓာတ်ကျကောင်းကျကြမည်ကို အဘယ်ကြောင့် နားလည်နိုင်သနည်း။ (ခ) ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ရန် ပေါလုကို အဘယ်အရာက ကူညီပေးခဲ့သနည်း။
၁၉ ကျွန်ုပ်တို့လည်း သနားစာနာစိတ်ကြောင့် သတင်းကောင်းဟောပြောကြသည်။ သို့ဖြစ်၍ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လူအများ ငြင်းပယ်ကြသောအခါ စိတ်ဓာတ်ကျကောင်းကျမည်ကို နားလည်နိုင်ပါသည်။ ဤသို့တုံ့ပြန်ခြင်းက ကျွန်ုပ်တို့ဟောပြောလိုက်သူတို့၏ ဝိညာဉ်ရေးအကျိုးကို အမှန်တကယ်လိုလားကြောင်း ဖော်ပြသည်။ သို့ရာတွင် တမန်တော်ပေါလု၏ပုံနမူနာကို သတိရသင့်သည်။ သူ၏ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ရန် အဘယ်အရာက သူ့ကိုကူညီပေးခဲ့သနည်း။ သတင်းကောင်းကို ဂျူးအများ လက်မခံငြင်းပယ်ခဲ့ခြင်းက သူ့အား ဝမ်းနည်းစေခဲ့သော်လည်း သူတို့ကိုကူညီ၍မရဟု တွေးတောကာ ဂျူးအားလုံးကို ပေါလုလက်မလျှော့ခဲ့ပေ။ ခရစ်တော်အားလက်ခံမည့်သူ အချို့ရှိမည်ဟု သူမျှော်လင့်နေသည်။ သို့နှင့် ဂျူးတစ်ဦးချင်းစီနှင့်ပတ်သက်၍ သူ၏ခံစားချက်ကို ဤသို့ရေးသားဖော်ပြလေသည်– ‘သူတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်စေခြင်းငှာ ငါ၌စိတ်စေတနာရှိ၍ သူတို့အတွက် ဘုရားသခင်ထံဆုတောင်းလေ့ရှိ၏။’—ရောမ ၁၀:၁၊ သမ္မာ။
၂၀၊ ၂၁။ (က) ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုနှင့်ပတ်သက်၍ ပေါလု၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။ (ခ) ခရစ်ယာန်ဓမ္မအမှု၏ အဘယ်ကဏ္ဍကို နောက်ဆောင်းပါးတွင် သုံးသပ်သွားမည်နည်း။
၂၀ ပေါလု မီးမောင်းထိုးပြခဲ့သည့် အရာနှစ်ခုကို သတိပြုပါ။ သူ၏စိတ်ဆန္ဒမှာ လူအချို့ကို ကယ်တင်ခြင်းရစေလို၍ဖြစ်ပြီး ထိုအတွက် ဘုရားသခင်ထံ သူဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ ပေါလု၏ ပုံသက်သေကို ကျွန်ုပ်တို့အတုယူကြ၏။ သတင်းကောင်းကို တလိုတလားရှိကောင်းရှိမည့်သူ မည်သူ့ကိုမဆို ရှာတွေ့လိုသည့် စိတ်ဆန္ဒ ကျွန်ုပ်တို့၌လည်းရှိကြသည်။ ထိုသို့သောသူများကို ရှာတွေ့ပြီး ကယ်တင်ခြင်းသို့ပို့ဆောင်ပေးမည့် လမ်းကြောင်းပေါ် သူတို့လိုက်လျှောက်နေဖို့ ကူညီပေးနိုင်ရန် ယေဟောဝါထံ ကျွန်ုပ်တို့ဆက်ဆုတောင်းကြသည်။—သု. ၁၁:၃၀; ယေဇကျေလ ၃၃:၁၁; ယောဟန် ၆:၄၄။
၂၁ သို့ရာတွင်၊ လူများနိုင်သလောက်များစွာထံ ဘုရားသခင့်နိုင်ငံတော်သတင်းတရား ရောက်ရှိဖို့ ကျွန်ုပ်တို့ဟောပြောရသည့် အကြောင်းရင်းနှင့် အကြောင်းအရာတို့ကိုသာမက ကျွန်ုပ်တို့ဟောပြောပုံကိုပါ အထူးဂရုစိုက်သင့်ပေသည်။ ဤအကြောင်းအရာကို နောက်ဆောင်းပါးတွင် သုံးသပ်သွားပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ဤဆောင်းပါးတွင် ပထမကဏ္ဍနှစ်ရပ်ကို သုံးသပ်ကြမည်။ ဒုတိယဆောင်းပါးတွင် တတိယကဏ္ဍကို သုံးသပ်မည်။
^ အပိုဒ်၊ 15 ယေဟောဝါသက်သေများ ထုတ်ဝေသည်။
သင်အဘယ်အရာသင်ယူခဲ့ပြီနည်း
• အဘယ်အကြောင်းရင်းများကြောင့် ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်ကြသနည်း။
• ကျွန်ုပ်တို့ဟောပြောကြသည့် အဓိကသတင်းတရားကား အဘယ်နည်း။
• ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လက်ခံသူတို့သည် အဘယ်ကောင်းချီးများ ခံစားရသနည်း။
• ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ဆက်ပါဝင်နိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]
ဘုရားသခင့်နိုင်ငံတော်သတင်းတရားသည် နှလုံးကြေကွဲနေသူတို့ကို ခွန်အားပေး
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံများ]
ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို ခရစ်ယာန်ဓမ္မအမှုတွင် ခံနိုင်ရည်ရှိရန် ကူညီပေး