မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

တရားဟောရာ ၁၄:၂၁ တွင် “အလိုလို​သေ​သော​အကောင်​ကို မစား​ရ” ဟု​ဆို​ထား​ရာ “ထို​အသေကောင်​ကို စား​သော​သူသည် မိမိ​အဝတ်ကို လျှော်​ရမည်။ ည​ဦး​တိုင်အောင် မစင်ကြယ်” ဟု​ဖော်ပြ​ထားသော ဝတ်ပြုရာ ၁၁:၄၀ နှင့် မဆန့်ကျင်​ပေ​လော။

ဤ​အခန်းငယ်​နှစ်ခု​သည် ဆန့်ကျင်ဘက်​မဖြစ်​ပါ။ ပထမ​ကျမ်းချက်​က တိရစ္ဆာန်​အသေကောင်​ဖြစ်စေ၊ သားရဲ​ကိုက်​၍​သေ​သော​အကောင်​ပင်​ဖြစ်စေ စားခြင်း​ကို တားမြစ်​ထား​သည်။ (ထွက်မြောက်ရာ ၂၂:၃၁; ဝတ်ပြုရာ ၂၂:၈) ဒုတိယ​ကျမ်းချက်​က ဣသရေလလူ​တို့သည် ထို​တားမြစ်ချက်​ကို ချိုးဖောက်​မိ​မည်၊ မတော်တဆ​ချိုးဖောက်​မိ​ခြင်း​ဖြစ်​လျှင်​ပင် သူတို့​လုပ်ဆောင်​ရမည့်​အရာ​ကို ဖော်ပြ​သည်။

ပညတ်တရား​က တစ်စုံတစ်ရာ​ကို​တားမြစ်​ထား​ရာ ထို​တားမြစ်ချက်​ကို တစ်ခါတစ်ရံ ချိုးဖောက်​လိမ့်​မည်​မဟုတ်​ဟု မဆိုလို​ပါ။ ဥပမာ၊ ခိုးခြင်း၊ လူသတ်​ခြင်း၊ မမှန်​သော​သက်သေခံခြင်း​စ​သည်​တို့ကို တားမြစ်​ထားသော ပညတ်တရား​များ​ရှိ၏။ တစ်ချိန်တည်း​တွင် အဆိုပါ ဘုရားသခင်​ပေး​သော​ပညတ်တရား​များ​ကို ချိုးဖောက်​ခြင်း​အတွက် အပြစ်ဒဏ်​များလည်း ချမှတ်​ထား​သည်။ အဆိုပါ​ပြစ်ဒဏ်​များ​က ပညတ်တရား​ကို ပို​ခိုင်မာ​စေပြီး ၎င်း​တို့​မည်မျှ​အရေးပါ​ကြောင်း ဖော်ပြ​သည်။

လူတစ်ဦး​သည် တိရစ္ဆာန်​အသေကောင်​၏​အသား မစားဖို့ တားမြစ်ချက်​ကို ချိုးဖောက်​လျှင် ယေဟောဝါ​ရှေ့တော်၌ မစင်ကြယ်​ရာ​ရောက်​ပြီး စင်ကြယ်​စေရန် သင့်လျော်​သည့်​အစီအစဉ်ကို လိုက်နာ​ရမည်​ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာ​စင်ကြယ်​ခြင်း​မပြု​ပါ​က သူသည် “ကိုယ်​အပြစ်ကို ကိုယ်​ခံရ​မည်” ဖြစ်သည်။—ဝတ်ပြုရာ ၁၇:၁၅၊ ၁၆