မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ငြိမ်သက်မှု ရှာပုံတော်

စိတ်ငြိမ်သက်မှု ရှာပုံတော်

စိတ်​ငြိမ်သက်မှု ရှာပုံတော်

အဲလ်ဘတ်​သည် ချစ်စရာ​ကလေး​နှစ်ယောက်​ရှိသည့် ပျော်ရွှင်သော အိမ်ထောင်သည်​တစ်ဦး​ဖြစ်၏။ သို့သော် သူ့​ဘဝတွင် တစ်ခုခု​လို​နေသည်​ဟု ခံစားရ​၏။ အလုပ်အကိုင်​ရဖို့ သူ​ရုန်းကန်​ခဲ့​ရ​စဉ်​တစ်ချိန်က နိုင်ငံရေး​တွင်​ပါဝင်​ခဲ့​ပြီး ဆိုရှယ်လစ်​ဝါဒီ​တစ်ဦး​ဖြစ်​ခဲ့​သည်။ ဒေသခံ​ကွန်မြူနစ်​ပါတီ​ဝင်​တစ်ဦး​ပင် ဖြစ်လာ​ခဲ့​သည်။

သို့သော် မကြာမီ​ပင် ကွန်မြူနစ်​ဝါဒ​ကို အဲလ်ဘတ် စိတ်ကုန်​လာ​သည်။ ထို့​ကြောင့် နိုင်ငံရေး​နှင့်​အဆက်ဖြတ်​လိုက်​ကာ သူ၏​မိသားစု​အတွက် ဘဝကို လုံးလုံး​မြှုပ်နှံ​ခဲ့​လေ​သည်။ မိသားစု​ပျော်ရွှင်ရေး​က သူ၏​ဘဝ​ရည်ရွယ်ချက် ဖြစ်လာ​လေ​သည်။ သို့သော်လည်း အဲလ်ဘတ်​သည် ဟာတာတာ​ခံစား​နေရ​ဆဲ​ဖြစ်​ပြီး စစ်မှန်သော​စိတ်​ငြိမ်သက်မှု ရှာမတွေ့​ဖြစ်နေ​သည်။

အဲလ်ဘတ်​၏​အဖြစ်မျိုး​မှာ သ​မား​ရိုး​ကျ​ဖြစ်သည်။ သန်းနှင့်ချီ​သူတို့သည် အဓိပ္ပာယ်​ပြည့်ဝသော ဘဝ​ရည်ရွယ်ချက်​တွေ့ရှိ​ရန် နိုင်ငံရေး​ဝါဒ​အမျိုးမျိုး၊ တွေးခေါ်မှု​အမျိုးမျိုးနှင့် ဘာသာ​တရား​အမျိုးမျိုး​တို့ကို စူးစမ်း​လေ့လာ​ခဲ့​ကြသည်။ အနောက်​နိုင်ငံ​များ​တွင် ၁၉၆၀ ပြည့်လွန်​နှစ်များ​၏ ဟစ်ပီ​လှုပ်ရှားမှု​သည် ရိုးရာ​ကိုယ်ကျင့်တရား​နှင့် လူမှု​စံနှုန်း​များ​ကို ဆန့်ကျင်​ပုန်ကန်​ခဲ့​သည်။ အထူးသဖြင့် လူငယ်တို့​သည် စိတ်​ကို​ပြောင်းလဲ​စေသော​ဆေးဝါး​များ၊ ဟစ်ပီ​လှုပ်ရှားမှု​၏ ဂူ​ရူး​နှင့်​နတ်​ဆရာ​တို့​အတွေးအခေါ် အကူအညီ​ဖြင့် ပျော်ရွှင်မှု​နှင့် ဘဝ​အဓိပ္ပာယ်​ကို ရှာဖွေခဲ့​ကြသည်။ သို့သော် ဟစ်ပီ​လှုပ်ရှားမှု​သည် စစ်မှန်သော​ပျော်ရွှင်မှု မပေးနိုင်​ခဲ့​ချေ။ ယင်းအစား ဆေးစွဲ​သူများ၊ လူတကာ​နှင့်​လိင်ဆက်ဆံ​သော လူငယ်များ​သာ တိုးများ​လာ​စေ​ခဲ့​ရာ လူ့​အသိုင်းအဝိုင်း​ကို ကျင့်ဝတ်​ပိုင်း​ရှုပ်ထွေးမှု​ဆီ​သို့ ဆုတ်ယုတ်​ကျဆင်း​စေ​သည်။

ရာစုနှစ်များ​တစ်လျှောက် လူအများစု​သည် စည်းစိမ်ဥစ္စာ၊ အာဏာ​နှင့် ပညာရေး​တို့ကို လိုက်စားခြင်း​ဖြင့် ပျော်ရွှင်မှု​ရှာ​ခဲ့​ကြသည်။ သို့သော် ယင်း​တို့​ကြောင့် လုံးလုံး​စိတ်ပျက်​ရခြင်း​သာ အဖတ်တင်​ပါ​သည်။ “လူ​၏​အသက်သည် မိမိ​ဥစ္စာ​ပစ္စည်း​ကြွယ်ဝခြင်း​၌ တည်​သည်မဟုတ်” ဟု​ယေရှု​ဆို​ခဲ့​၏။ (လုကာ ၁၂:၁၅သမ္မာ) စည်းစိမ်ဥစ္စာ​လိုက်စားခြင်း​သည် အများအားဖြင့် စိတ်မချ​မ်းမြေ့စ​ရာ​ဖြစ်စေ​သည်။ “ငွေ​ရ​တတ်​ခြင်း​ငှာ အလိုရှိ​သော​သူတို့သည် အပြစ်​သွေးဆောင်ခြင်း၊ ဖမ်းမိ​ခြင်း၊ မိုက်မဲ​ဖျက်ဆီး​တတ်သော တပ်မက်​ခြင်း​များ​ထဲ​သို့ ကျရောက်​တတ်ကြ​၏၊ ထိုသို့​သော​အားဖြင့် လူတို့သည် အကျိုး​နည်း​ခြင်း၊ ပျက်စီးခြင်း​၌ နစ်မွန်း​တတ်ကြ​၏။ အကြောင်း​မူ​ကား ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းသော​အမှု​အပေါင်းတို့တွင် မူလအမြစ်​ဖြစ်​သတည်း၊ လူ​အချို့​တို့သည် ငွေ​ကို​တပ်မက်သော​ကြောင့် . . . ပူပန်ခြင်း​ဝေဒနာ​များနှင့် ကိုယ်ကို​ကိုယ် ထုတ်ချင်းခပ်​အောင် ထိုး​ကြပြီ” ဟု​သမ္မာကျမ်းစာ​က ဆို​သည်။—၁ တိမောသေ ၆:၉၊ ၁၀

လူတစ်ဦး​သည် စိတ်​ငြိမ်သက်မှု​နှင့် ဘဝ​ရည်ရွယ်ချက်ကို မည်သို့​ရှာတွေ့နိုင်​သနည်း။ ယင်းသည် အမှောင်​ထဲ​ရှိ မသေချာ​သည့်​ပစ်မှတ်​ကို မြား​နှင့်​ပစ်​သကဲ့သို့ လက်​တည့်​စမ်း​ခြင်း​မျိုး​လော။ ထိုသို့​မဟုတ်​သည်​မှာ ဝမ်းသာစရာ​ပင်။ လူသားတို့​အတွက် အလွန်​အရေးကြီး​ပြီး အမှန်​ထူးခြား​လှ​သော​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေး​မည့်​နည်းလမ်းကို နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​တွေ့ ကြ​ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

စည်းစိမ်ဥစ္စာ၊ အာဏာ​နှင့် ပညာရေး​တို့ကို လိုက်စားခြင်း​က စိတ်​ငြိမ်သက်မှု ရစေ​မည်​လော