မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ

ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​စကားတော်​သည် အသက်ရှင်​၏

ဓမ္မရာဇဝင်တတိယစောင်​မှ ပေါ်လွင်​ချက်​များ

“ဖြောင့်မတ်​သော​သူတို့သည် အခွင့်​ရသောအခါ ပြည်သူပြည်သား​တို့သည် ဝမ်းမြောက်​တတ်ကြ​၏။ မတရားသော​သူတို့သည် အုပ်စိုး​သောအခါ​မူ​ကား ပြည်သူပြည်သား​တို့သည် ဝမ်းနည်းတတ်​ကြ​၏။” (သု. ၂၉:၂) ဓမ္မရာဇဝင်တတိယစောင်​သည် ဤ​နယပုံပြင်​စကား​မှန်ကန်ကြောင်း ထင်ရှား​စွာ​သက်သေထူ​သည်။ ယင်းက ရှောလမုန်​၏​ဘဝ​အတ္ထုပ္ပတ္တိ​ကို ဖော်ပြ​သည်၊ သူ​အုပ်ချုပ်ချိန်​အတွင်း ရှေးခေတ်​ဣသရေလ​ပြည်​သည် လုံခြုံမှု​နှင့် အလွန့်အလွန်​သာယာ​ဝ​ပြော​မှု​တို့ကို ခံစား​ခဲ့​ရသည်။ ဓမ္မရာဇဝင်တတိယစောင်​၌ ရှောလမုန်​သေဆုံး​ပြီး​နောက်ပိုင်း နိုင်ငံ​နှစ်ခြမ်း​ကွဲ​သွား​သည့်​မှတ်တမ်း​နှင့် ဣသရေလ​နှင့်​ယုဒပြည်​တွင် အသီးသီး​အုပ်စိုး​သည့် သူ့​နောက်ပိုင်း ဘုရင် ၁၄ ဦး​၏​မှတ်တမ်း​လည်း​ပါဝင်​သည်။ ထို​ဘုရင်​များ​ထဲ​မှ နှစ်ဦး​သာ​ယေဟောဝါ​ကို မပြတ်​တည်ကြည်​ခဲ့​ကြသည်။ ထို့​ပြင် ဧလိယ​အပါအဝင် ပရောဖက်​ခြောက်​ဦး​၏ လုပ်ငန်း​ဆောင်ရွက်မှု​များ​ကိုလည်း ဖော်ပြ​ထား​သည်။

ဤ​ကျမ်းစောင်​ကို ပရောဖက်​ယေရမိ​က ယေရုရှလင်​နှင့်​ယုဒ​မြို့​တို့​တွင် ရေးသားခဲ့​ပြီး ဘီ.စီ.အီး. ၁၀၄၀ မှ ဘီ.စီ.အီး. ၉၁၁ ခုနှစ်​အထိ နှစ်ပေါင်း ၁၂၉ နှစ်​ခန့်​ရှည်လျားသော​အချိန်ပိုင်း​ကို ငုံ​မိ​သည်။ ဤ​ကျမ်း​ကို​ပြုစု​နေစဉ် ယေရမိ​သည် “ရှောလမုန်​ဝတ္ထု” ကဲ့သို့​သော ရှေးခေတ်​မှတ်တမ်းများ​ကို စစ်ဆေး​လေ့လာ​ခဲ့​သည်​မှာ ထင်ရှား​သည်။ ထို​ကဲ့သို့​သော​မှတ်တမ်းများ ယခု​မတည်ရှိ​တော့​ပေ။—၃ ဓမ္မ​ရာဇဝင် ၁၁:၄၁; ၁၄:၁၉; ၁၅:၇

ငြိမ်သက်မှု​နှင့် သာယာ​ဝ​ပြော​မှု​တို့ တိုးပွား​စေသော​ပညာရှိ​ရှင်ဘုရင်​တစ်ပါး

(၃ ဓမ္မ​ရာဇဝင် ၁:၁–၁၁:၄၃)

ဓမ္မရာဇဝင်တတိယစောင်​သည် ဘုရင်​ဒါဝိဒ်​၏​သားတော် အ​ဒေါ​နိယ​က ခမည်းတော်​၏​နန်း​ရိုက်ရာ​ကို လုယူ​ဖို့​ကြိုးစား​သည့် စိတ်ဝင်စားစရာ​မှတ်တမ်း​တစ်ခု​ဖြင့် အစပြု​ထား​သည်။ ပရောဖက်​နာသန်​၏ အချိန်ကိုက်​အပြုအမူက ထို​အကြံအစည်​ကို​ပျက်ပြား​သွား​စေပြီး ဒါဝိဒ်​၏​သားတော် ရှောလမုန်​နန်းတက်​ခဲ့​သည်။ ယေဟောဝါ​သည် နန်းတက်စ​ဘုရင်​သစ်​၏ တောင်းဆိုမှု​ကို​သဘောကျ​နှစ်သက်​ပြီး “ဉာဏ်ပညာ​နှင့်​ပြည့်စုံသော​စိတ်​ဝိညာဉ်” နှင့်​တကွ “စည်းစိမ်ဥစ္စာ၊ ဂုဏ်​အသရေ” တို့ကို သူ့​အားပေး​၏။ (၃ ဓမ္မ​ရာဇဝင် ၃:၁၂၊ ၁၃) ဘုရင်​၏ ဉာဏ်ပညာ​သည် ပြိုင်စံရှား​ဖြစ်​ပြီး ချမ်းသာ​ကြွယ်ဝမှု​မှာ အတုမရှိ​ပေ။ ဣသရေလလူ​တို့သည် ငြိမ်းချမ်း​သာယာ​ဝ​ပြော​သော​ကာလ​ကို ပျော်မွေ့​ခဲ့​ကြသည်။

ရှောလမုန်​ဆောက်လုပ်​ပြီးစီး​ခဲ့​သော အဆောက်အအုံ​များ​တွင် ယေဟောဝါ​၏​ဗိမာန်တော်​နှင့် အစိုးရ​အဆောက်အအုံ​အမျိုးမျိုး​ပါဝင်​သည်။ ယေဟောဝါ​သည် ရှောလမုန်​အား သင်​နာခံမှု​အမြဲ​ပြ​လျှင် “သင်​ထိုင်​ရသော​ဣသရေလ​နိုင်ငံ​၏ ရာဇ​ပလ္လင်​ကို အစဉ်​ငါ​တည်စေ​မည်” ဟု​အာမခံ​သည်။ (၃ ဓမ္မ​ရာဇဝင် ၉:၄၊ ၅) စစ်မှန်သော​ဘုရားသခင်​သည် မနာခံမှု​၏​ဆိုးကျိုး​များ​ကိုလည်း ကြို​အသိပေး​ထား​သည်။ သို့သော် ရှောလမုန်​သည် တစ်ပါး​အမျိုးသား​မိန်းမ​များစွာကို​ယူ​ခဲ့​ပြီး သူတို့၏​သြဇာလွှမ်း​မိုး​မှု​ကြောင့် အသက်ကြီး​ပိုင်း​အရွယ်​တွင် မှားယွင်းသော​ဝတ်ပြုရေး​ဘက် ပါသွား​ခဲ့​သည်။ ထို​အခါ သူ့​နိုင်ငံ​နှစ်ခြမ်း​ကွဲ​မည့်​အကြောင်း ယေဟောဝါ​ကြိုပြော​ခဲ့​သည်။ ဘီ.စီ.အီး. ၉၉၇ ခု​တွင် ရှောလမုန်​သေဆုံး​ပြီး သူ၏​နန်းသက်​အနှစ် ၄၀ အဆုံးတိုင်​လေ​သည်။ သူ၏​သား​ရောဗောင် နန်းတက်​လေ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၅—ဒါဝိဒ်​သက်ရှိ​ထင်ရှား​စဉ် အ​ဒေါ​နိယ​သည် နန်း​မွေ​ကို​သိမ်းယူ​ရန် အဘ​ယ့်​ကြောင့်​ကြိုးစား​သနည်း။ သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ပါ။ သို့သော် အ​ဒေါ​နိယ​၏​အစ်ကိုကြီး​များ​ဖြစ်သော အာမနုန်​နှင့် အဗရှလုံ​တို့ သေဆုံး​ကုန်ပြီ​ဖြစ်၍ ဒါဝိဒ်​၏​သား​ခါ​လ​ပ်​လည်း ထိုသို့​ဖြစ်​နိုင်​ဖွယ်​ရှိရာ ဒါဝိဒ်​၏​လက်ရှိ​သားများ​တွင် အကြီးဆုံး​ဖြစ်သည့်​အတွက် မိမိ​သာ​ထီးနန်း​ရထိုက်​သည်​ဟု အ​ဒေါ​နိယ​ယူမှတ်ခဲ့​ကြောင်း ကောက်ချက်​ချရန် ကျိုးကြောင်း​ဆီလျော်​သည်။ (၂ ဓမ္မ​ရာဇဝင် ၃:၂-၄; ၁၃:၂၈၊ ၂၉; ၁၈:၁၄-၁၇) အင်အားကြီး​သော​စစ်ဗိုလ်ချုပ် ယွာဘ​နှင့် ဩဇာ​ရှိ​ယဇ်ပုရောဟိတ်မင်း အ​ဗျာ​သာ​တို့၏ ထောက်မ​ကူညီ​မှု​ရရှိ​ထားသော​ကြောင့် သူ၏​ကြိုးပမ်းမှု​အောင်မြင်​လိမ့်​မည်​ဟု အ​ဒေါ​နိယ​ယုံကြည်​နေ​ပုံ​ရသည်။ ရှောလမုန်​အား​နန်း​မွေ​ဆက်ခံ​စေ​မည့် ဒါဝိဒ်​၏​အကြံ​ကို သူသိ,မသိ သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ပါ။ သို့သော် ရှောလမုန်​နှင့် ဒါဝိဒ်​အား​တည်ကြည်သော​အခြား​သူများကို ‘ပွဲခံ’ ရာ​သို့ အ​ဒေါ​နိယ မဖိတ်​ခေါ်​ခဲ့​ပေ။ (၃ ဓမ္မ​ရာဇဝင် ၁:၉၊ ၁၀က​ဘ) ယင်းက ရှောလမုန်​အား ပြိုင်ဖက်​တစ်ဦး​အဖြစ် သူ​သဘောထားကြောင်း ဖော်ပြ​သည်။

၁:၄၉-၅၃; ၂:၁၃-၂၅—ရှောလမုန်​သည် အ​ဒေါ​နိယ​အား​ခွင့်လွှတ်​ပြီး​မှ အဘ​ယ့်​ကြောင့်​ပြန်​သတ်ခဲ့​သနည်း။ အ​ဘိ​ရှက်​အား​ဇနီး​မယား​အဖြစ် အ​ဒေါ​နိယ​အားပေး​စား​ပါ​ရန် ဘုရင်​အား ဗာသရှေဘ​ပြော​သောအခါ ယင်းကို သူ​မ,သတိ​မထား​မိ​သော်လည်း အ​ဒေါ​နိယ​၏​ထို​တောင်းဆိုမှု​နောက်ကွယ်​ရှိ သဘောထား​မှန်​ကို ရှောလမုန်​ရိပ်စားမိ​သည်။ ဒါဝိဒ်​သည် လှပသော​အ​ဘိ​ရှက်​နှင့် မဆက်ဆံ​ခဲ့​သော်လည်း သူသည် ဒါဝိဒ်​၏​မောင်းမမိဿံ​တစ်ဦး​ဖြစ်သည်။ ထို​ခေတ်​က​ထုံးစံ​အရ သူသည် ဒါဝိဒ်​အား​တရားဝင်​ဆက်ခံသူ​၏ ပိုင်ဆိုင်ရာ​ဖြစ်သည်။ အ​ဘိ​ရှက်​အား မယား​အဖြစ်​သိမ်းယူ​ခြင်း​ဖြင့် ထီးနန်း​အတွက်​ကြိုးပမ်း​နိုင်​သေး​သည်​ဟု အ​ဒေါ​နိယ​တွေးထင်​ပုံ​ရသည်။ အ​ဒေါ​နိယ​၏​တောင်းဆိုချက်​ကို ထီးနန်း​ရ​ရန်​ရည်မှန်းချက်​အား အကောင်အထည်ဖော်​ခြင်း​အဖြစ် သတ်မှတ်​သောကြောင့် ရှောလမုန်​သည် ခွင့်လွှတ်​မှု​ကို​ပြန်​ရုပ်သိမ်း​ခဲ့​သည်။

၆:၃၇–၈:၂—ဗိမာန်တော်ကို အဘယ်​အချိန်တွင် အပ်နှံ​ခဲ့​သနည်း။ ရှောလမုန်​နန်းစံ ၁၁ နှစ်​မြောက် ဘီ.စီ.အီး. ၁၀၂၇ ခုနှစ်​၏ အ​ဋ္ဌ​မလ​တွင် ဗိမာန်တော်​ဆောက်လုပ်​ပြီးစီး​ခဲ့​သည်။ အသုံးအဆောင်​ပစ္စည်း​များ​သယ်ဆောင်​လာ​ခြင်း​နှင့် အခြားသော​ပြင်ဆင်မှု​များ​ပြုလုပ်ခြင်း​သည် ၁၁ လ​ကြာ​ပုံ​ရသည်။ အပ်နှံ​ပွဲ​သည် ဘီ.စီ.အီး. ၁၀၂၆ ခုနှစ်​၏ သတ္တမ​လ​တွင် ပြုလုပ်​ခဲ့​ရမည်။ ကျမ်း​ရေးသူ​သည် ဗိမာန်တော်​ဆောက်လုပ်​ပြီးစီး​ခြင်း​အကြောင်း ဖော်ပြ​ပြီး​နောက် အပ်နှံ​ပွဲ​အကြောင်း​မပြော​မီ အခြား​ဆောက်လုပ်ရေး​လုပ်ငန်း​စဉ်​များ​အကြောင်း ဖော်ပြ​ထားခြင်း​မှာ ထို​အချိန်​အတောအတွင်း ဆောက်လုပ်​ခဲ့​သော​လုပ်ငန်း​စဉ်​များ​အကြောင်း အသေးစိတ်​ဖော်ပြ​လို​၍​ဖြစ်​နိုင်​သည်။—၂ ရာဇဝင်ချုပ် ၅:၁-၃

၉:၁၀-၁၃—ရှောလမုန်​သည် ဂါလိလဲ​နယ်​ရှိ​မြို့ ၂၀ ကို တုရု​မင်းကြီး​ဟိရံ​အား လက်ဆောင်​ပေးခြင်း​သည် မောရှေ​ပညတ်​နှင့် ကိုက်ညီ​သလော။ ဝတ်ပြုရာ ၂၅:၂၃၊ ၂၄ ၌​ဖော်ပြ​ထားသော​ပညတ်​သည် ဣသရေလ​လူမျိုး​ပိုင်​သော​မြေ​နှင့်​သာ သက်ဆိုင်ပုံ​ရသည်။ ဟိရံ​အား​ရှောလမုန်​ပေး​လိုက်​သော​မြို့များ​သည် ကတိထားရာ​ပြည်တော်​အတွင်း​၌ တည်ရှိ​သော်လည်း ဣသရေလ​လူမျိုး​မဟုတ်​သူများ နေထိုင်ခြင်း​ဖြစ်​နိုင်​သည်။ (ထွက်မြောက်ရာ ၂၃:၃၁) ရှောလမုန်​သည် ‘ကိုယ့်​အဖို့ မြင်းများ​ကို​များပြား​စေ’ ခဲ့​ပြီး မယား​များစွာ​ယူ​စဉ်​က ပညတ်တော်​ကို အပြည့်အဝ​လိုက်လျှောက်ရန် ပျက်ကွက်​ခဲ့​သကဲ့သို့ ဤ​အပြု​အမူ​သည်လည်း ယင်းကို ပြသ​နေခြင်း​ဖြစ်​နိုင်​သည်။ (တရားဟောရာ ၁၇:၁၆၊ ၁၇သ​မ) မည်သို့​ပင်​ဖြစ်ပါစေ ဟိရံ​သည်​ထို​လက်ဆောင်​ကို သဘောမကျ​ခဲ့​ပါ။ ထို​တွင်​နေထိုင်​သော အယူမှား​သူများ​က မြို့ကို​ကောင်းစွာ​မထိန်းသိမ်း​ခဲ့​၍​ဖြစ်​နိုင်​သကဲ့သို့ မြို့​၏​တည်နေရာ​မကောင်း​၍​လည်း ဖြစ်​နိုင်​သည်။

၁၁:၄—ငယ်​မူ​ပြန်​ခြင်း​က ရှောလမုန်​အား​အသက်ကြီး​ချိန်​တွင် မတည်​ကြည်​စေ​ခဲ့​ခြင်း​လော။ ထိုသို့​မဖြစ်​နိုင်​ပါ။ ရှောလမုန်​နန်းတက်စ​က အတော်​အသက်ငယ်​ပြီး အနှစ် ၄၀ အုပ်ချုပ်​ခဲ့​သော်လည်း အလွန်​မ​အိုမင်း​သေး​ပေ။ ထို့​ပြင် သူသည် ဘုရားသခင်​အား​ဝတ်ပြုခြင်း​ကို လုံးဝ​စွန့်လွှတ်​လိုက်​သည်မဟုတ်​ပါ။ ယုံကြည်ခြင်း​ရောနှော​ခဲ့​ဟန်​ရှိသည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂:၂၆၊ ၂၇၊ ၃၅ယေဟောဝါ​ကြို၍ မိန့်တော်မူ​သမျှ အမြဲ​ပင်​မှန်ကန်​ပြည့်စုံ​လာ​သည်။ ဧလိ​မှ​ဆင်းသက်လာ​သူ အ​ဗျာ​သာ​အား​ဖယ်ရှားခြင်း​က ‘ထာဝရ​ဘုရား​သည် ဧလိ​အမျိုး​ကို အကြောင်းပြု၍ မိန့်တော်မူသော​စကား’ ကို​ပြည့်စုံ​စေ​ခဲ့​သည်။ အ​ဗျာ​သာ​အား ဖိ​န​ဟပ်​၏​မျိုးရိုး​မှ​ဆင်းသက်လာ​သူ ဇာဒုတ်​နှင့်​အစားထိုး​ခြင်း​က တောလည်ရာ ၂၅:၁၀-၁၃ ပြည့်စုံခြင်း​ဖြစ်သည်။—ထွက်မြောက်ရာ ၆:၂၅; ၁ ဓမ္မ​ရာဇဝင် ၂:၃၁; ၃:၁၂; ၁ ရာဇဝင်ချုပ် ၂၄:၃

၂:၃၇၊ ၄၁-၄၆ပြစ်ဒဏ်​မခံရ​ဘဲ ဘောင်​များ​ကို ကျော်​၍​ရသည်​ဟု တွေးထင်​ခြင်း​သည် အလွန်​အန္တရာယ်​ရှိ၏! ‘အသက်ရှင်ခြင်း​သို့​ရောက်​သော လမ်းကျဉ်း’ တွင်​လျှောက်​နေခြင်း​မှ တမင်​သွေဖည်​သွား​သူများ​သည် ထို​ပညာ​မရှိသော​ဆုံးဖြတ်ချက်​၏ နောက်ဆက်တွဲ​ဆိုးကျိုး​များ​ကို ခံစားရ​မည်​ဖြစ်သည်။—မဿဲ ၇:၁၄

၃:၉၊ ၁၂-၁၄ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​နိုင်​ရန် ဉာဏ်ပညာ၊ သိနားလည်မှု​နှင့် လမ်းညွှန်မှု​ပေးဖို့ ကိုယ်တော့်​ကျေးကျွန်​များ စိတ်ရင်းမှန်​နှင့်​တောင်း​သည့် ဆုတောင်းချက်​များ​ကို ကိုယ်တော်​ဖြေကြား​တော်​မူ​သည်။—ယာကုပ် ၁:၅

၈:၂၂-၅၃ရှောလမုန်​သည် ချစ်ခင်​ကြင်နာ​ခြင်း​နှင့် ကြွယ်ဝသော၊ ကတိတော်​များ​ကို ပြည့်စုံ​စေတော်မူ​သော၊ ဆုတောင်းချက်​များ​ကို နားညောင်း​သော​ဘုရားသခင်​ယေဟောဝါ​အား အလွန်​လှိုက်လှဲ​စွာ ကျေးဇူး​တင်​လေးမြတ်​ခဲ့​သည်! ရှောလမုန်​၏ အပ်နှံ​ပွဲ​ဆုတောင်း​စကား​များ​ကို တွေးတော​ဆင်ခြင်ခြင်း​က ထို​အရာများ​နှင့် ဘုရားသခင့်​အရည်အသွေး​၏ အခြား​ကဏ္ဍ​များ​အပေါ် ကျွန်ုပ်​တို့၏​တန်ဖိုး​ထား​လေးမြတ်မှု​ကို တိုးပွား​စေပါ​မည်။

၁၁:၉-၁၄၊ ၂၃၊ ၂၆ရှောလမုန်​သည် သူ၏​နောက်ပိုင်း​နှစ်များ​တွင် နာခံမှု​မရှိတော့​သောအခါ ဆန့်ကျင်​ပုန်ကန်​သူများကို ယေဟောဝါ​ပေါ်ထွက်​စေ​ခဲ့​သည်။ “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏” ဟု တမန်​တော်​ပေတရု​ဆို​သည်။—၁ ပေတရု ၅:၅

၁၁:၃၀-၄၀ယေရောဗောင်​နှင့်​ပတ်သက်ပြီး အဟိယ​ပရောဖက်ပြု​ခဲ့​သည့်​စကား​ကြောင့် ဘုရင်​ရှောလမုန်​သည် ယေရောဗောင်​အား​သတ်​ရန် ရှာကြံ​ခဲ့​သည်။ အ​ဒေါ​နိယ​နှင့် အခြား​ကြံရာပါ​များ​ကို လက်စားချေ​ရန် ငြင်းဆို​ခဲ့​သည့် အစောပိုင်း​နှစ် ၄၀ ခန့်​က သူ၏​တုံ့ပြန်​ပုံ​နှင့် မည်မျှ​ကွာခြား​လိုက်​လေ​ခြင်း! (၃ ဓမ္မ​ရာဇဝင် ၁:၅၀-၅၃) ထိုသို့​သဘောထား​ပြောင်းလဲခြင်း​က ယေဟောဝါ​ထံ​မှ ထွက်ခွာ​သွားခြင်း​ကြောင့်​ဖြစ်သည်။

စည်းလုံး​သော​နိုင်ငံ​တစ်ခု နှစ်ခြမ်း​ကွဲ​သွားခြင်း

(၃ ဓမ္မ​ရာဇဝင် ၁၂:၁–၂၂:၅၃)

ယေရောဗောင်​နှင့်​လူတို့သည် ဘုရင်​ရောဗောင်​ထံ​လာပြီး သူ့​ခမည်းတော်​ရှောလမုန်​တင်​ခဲ့​သော ဝန်ကို​လျှော့ပေါ့​ပေး​ရန် တောင်းဆို​ကြသည်။ သူတို့၏​တောင်းဆိုချက်​ကို လိုက်လျော​မည့်​အစား ရောဗောင်​သည် သူတို့​အပေါ် ပို​၍​လေး​သော​ဝန်ကို တင်​မည်​ဟု​ပင် ခြိမ်းခြောက်​လိုက်​သည်။ ဆယ်နွယ်​သည်​ပုန်ကန်​ပြီး ယေရောဗောင်​ကို သူတို့၏ ဘုရင်​အဖြစ်​တင်မြှောက်​ခဲ့​ကြသည်။ နိုင်ငံ​မှာ နှစ်ခြမ်း​ကွဲ​ခဲ့​လေ​သည်။ ရောဗောင်​သည် ယုဒ​နှင့်​ဗင်ယာမိန်​အနွယ်​များ​ဖြင့်​ဖွဲ့စည်းထား​သော တောင်ပိုင်း​နိုင်ငံ​ကို အုပ်ချုပ်​ပြီး ယေရောဗောင်​သည် မြောက်ပိုင်း​ဆယ်နွယ်​နိုင်ငံ​ကို စိုးစံ​ခဲ့​သည်။

လူ​တို့အား​ယေရုရှလင်​မြို့​သို့​သွား​၍ ဝတ်ပြုခြင်း​ကို​ဟန့်တား​ရန် ယေရောဗောင်​သည် ရွှေ​နွား​ရုပ်​နှစ်ခု​ပြုလုပ်​၍ ဒန်​မြို့၌​တစ်ခု၊ ဗေသလ​မြို့၌​တစ်ခု တည်ထား​ခဲ့​သည်။ ယေရောဗောင်​နောက်ပိုင်း ဣသရေလ​ပြည်​၌​အုပ်စိုး​သော​ဘုရင်​များ​တွင် နာ​ဒဒ်၊ ဗာရှာ၊ ဧ​လာ၊ ဇိမရိ၊ တိ​ဗနိ၊ ဩ​မ​ရိ၊ အာဟပ်​နှင့် အာခဇိ​တို့​ပါဝင်​သည်။ အ​ဘိ​ယ၊ အာသ၊ ယောရှဖတ်​နှင့် ယဟောရံ​တို့သည် ယုဒပြည်​တွင် ရောဗောင်​ကို​ဆက်ခံသူ​များ​ဖြစ်သည်။ ထို​ဘုရင်​များ​လက်ထက် တက်ကြွ​စွာ​အမှုဆောင်​လျက်​ရှိသော ပရောဖက်​များ​တွင် အဟိယ၊ ရှေမာယ၊ အမည်​မဖော်​ပြ​သော ဘုရားသခင်​၏​လူ​အပြင် ယေဟု၊ ဧလိယ​နှင့် မိက္ခာ​တို့​လည်း​ပါဝင်​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ

၁၈:၂၁—ယေဟောဝါ​နှင့်​ဗာလ တစ်ပါးပါး​အား​ဆည်းကပ်​ရန် လူ​တို့အား​ဧလိယ​ပြော​သောအခါ သူတို့​အဘ​ယ့်​ကြောင့်​တိတ်ဆိတ်​နေကြ​သနည်း။ ယေဟောဝါ​အား ကိုယ်တော်​တောင်းဆို​သော အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုမှု​ပေး​ရန် သူတို့​ပျက်ကွက်​သည်ကို အသိအမှတ်​ပြုပြီး အပြစ်ရှိ​သည်​ဟု ခံစားရ​၍​ဖြစ်​နိုင်​သည်။ သို့​မဟုတ် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ပါ​သည်​ဟု​ဆိုပြီး တစ်ချိန်တည်း​တွင် ဗာလ​အား​ဝတ်ပြုခြင်း​သည် လုံးဝ​မမှား​ဟု မြင်လာ​သည်​အထိ သူတို့၏​သိစိတ်​များ​ထုံထိုင်း​နေ၍ ဖြစ်​နိုင်​သည်။ ယေဟောဝါ​သည် မိမိ၏​တန်ခိုးတော် ထင်ရှား​ပြသ​ပြီး​နောက်​မှ​သာ သူတို့က “ထာဝရ​ဘုရား​သည် ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ထာဝရ​ဘုရား​သည် ဘုရားသခင်​ဖြစ်​တော်​မူ​၏” ဟု​ဆို​သည်။—၃ ဓမ္မ​ရာဇဝင် ၁၈:၃၉

၂၀:၃၄—ယေဟောဝါ​သည် အာဟပ်​အား ရှုရိ​လူမျိုးအပေါ် အောင်နိုင်​ခွင့်​ပေး​ပြီး​မှ အာဟပ်​သည် သူတို့၏​ဘုရင်​ဗင်ဟာဒဒ်​ကို အဘ​ယ့်​ကြောင့် အသက်ချမ်းသာ​ပေး​ခဲ့​သနည်း။ အာဟပ်​သည် ဗင်ဟာဒဒ်​ကို​သတ်​မည့်​အစား သူနှင့်​ပဋိညာဉ်ဖွဲ့​ပြီး ဈေး​များ​တည်ဆောက်​ရန်ဖြစ်​ပုံ​ရသော ရှုရိ​ပြည်​၏​မြို့တော် ဒမာသက်​မြို့ရှိ​လမ်းများ​ကို ဗင်ဟာဒဒ်​က အာဟပ်​အား​လွှဲပြောင်းပေး​သည်။ အစောပိုင်း​၌ ဗင်ဟာဒဒ်​၏​ခမည်းတော်​သည် ရှမာရိ​ပြည်​၏​လမ်းများ​ကို စီးပွားရေး​အတွက် အလားတူ​အသုံးပြု​ခဲ့​သည်။ ထို့​ကြောင့် အာဟပ်​သည် ဒမာသက်​၌ ကုန်ကူး​သန်း​မှု​ပြု​ရန် ဗင်ဟာဒဒ်​ကို​လွှတ်​ပေး​လိုက်ခြင်း​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၂:၁၃၊ ၁၄ဘဝတွင် အရေးကြီးသော​ဆုံးဖြတ်ချက်​များ​ချ​ရာ​၌ ဘုရားသခင်​၏​မူများ​ကို အလွန်​လေးမြတ်​ပြီး ကျမ်းစာ​အသိပညာ​ကြွယ်ဝသော ဉာဏ်​ပညာရှိ​ရင့်ကျက်သော​သူများ​ထံ​မှ အကြံဉာဏ်​တောင်းခံ​သင့်​သည်။

၁၃:၁၁-၂၄အကြံဉာဏ် သို့​မဟုတ် အကြံပြုချက်​တစ်ခု​သည် စိတ်ရင်းမှန်​ခရစ်ယာန်​ချင်း​တစ်ဦးထံ​မှ​ပင်​ဖြစ်ပါစေ ဒွိဟ​ဖြစ်ဖွယ်​ရှိပါက သမ္မာကျမ်းစာ​၏ ညွှန်ကြားချက်​နှင့် ချိန်ကိုက်​ကြည့်​သင့်​သည်။—၁ ယောဟန် ၄:၁

၁၄:၁၃ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကောင်းကွက်​ကို ရှာတွေ့​ရန် ကျွန်ုပ်​တို့ကို အသေအချာ​စစ်ဆေး​ကြည့်ရှု​တော်​မူ​သည်။ ထို​ကောင်းကွက်​သည် မည်မျှ​ပင်​သေးငယ်​စေ​ကာ​မူ ကိုယ်တော့်​အမှုတော်​ဆောင်ရန် ကျွန်ုပ်​တို့​အစွမ်းကုန်​ကြိုးစား​နေသရွေ့ ယင်းကို ကိုယ်တော်​ကြီးထွား​လာ​စေနိုင်​သည်။

၁၅:၁၀-၁၃ကျွန်ုပ်​တို့သည် အယူဖောက်ပြန်မှု​ကို ရဲရင့်စွာ​ငြင်းပယ်​ပြီး စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ပေး​ကြ​ရမည်။

၁၇:၁၀-၁၆ဇရတ္တ​မြို့မှ​မုဆိုးမ​သည် ဧလိယ​အား ပရောဖက်​တစ်ပါး​အဖြစ်​အသိအမှတ်​ပြုပြီး ကြိုဆို​လက်ခံခဲ့​သည့်​အတွက် သူ၏​ယုံကြည်ခြင်း​ရှိ​အပြု​အမူ​များ​ကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​သည်။ ယနေ့လည်း ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​ရှိ​လုပ်ရပ်များ​ကို သတိပြု​ပြီး နည်း​အမျိုးမျိုးဖြင့် ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​တွင် ပါဝင်​နေ​သူများကို ကိုယ်တော်​ဆုချ​တော်​မူ​သည်။—မဿဲ ၆:၃၃; ၁၀:၄၁၊ ၄၂; ဟေဗြဲ ၆:၁၀

၁၉:၁-၈ပြင်းထန်သော​ဆန့်ကျင်မှု​များ ကြုံရ​ချိန်​တွင် ယေဟောဝါ​၏​ထောက်မမှု​ရရှိ​မည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်။—၂ ကောရိန္သု ၄:၇-၉

၁၉:၁၀၊ ၁၄၊ ၁၈စစ်မှန်သော​ဝတ်ပြုသူ​များသည် မည်သည့်​အခါ​မျှ တစ်ယောက်တည်း​မဖြစ်​ပေ။ ယေဟောဝါ​နှင့် ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​သည် သူတို့နှင့်​အမြဲ​ရှိသည်။

၁၉:၁၁-၁၃ယေဟောဝါ​သည် သဘာဝ​ဘုရား၊ သို့​မဟုတ် သဘာဝ​စွမ်းအား​စု​များ​၏ သရုပ်ဖော်​ပြချက်​တစ်ခု​မျှ​မဟုတ်ပါ။

၂၀:၁၁ဗင်ဟာဒဒ်​သည် ရှမာရိ​မြို့ကို​ဖျက်ဆီး​မည်​ဟု လေလုံး​ထွား​လျက်​ဝါကြွား​သောအခါ ဣသရေလ​ဘုရင်​က ဤသို့​ပြန်​ပြော​သည်– တိုက်ပွဲ​မှ​အောင်ပွဲခံ​လျက်​ပြန်လာ​ပြီး​နောက် “လက်နက်စုံ​ကို​ချွတ်​သော​သူသည် ဝါကြွား​သကဲ့သို့ [တိုက်ပွဲ​အတွက်​ပြင်ဆင်​သည့်​အနေ​ဖြင့် လက်နက်စုံ​ကို] ဝတ်ဆင်​သော​သူသည် မ​ဝါကြွား​စေ​နှင့်။” တာဝန်​အသစ်​တစ်ခု​အပ်နှင်း​ခံရ​ပါ​က လေလုံး​ထွား​ဝါကြွားသူ​တို့၏ ယုံကြည်​စိတ်ချ​လွန်း​မှု​ကို ကျွန်ုပ်​တို့​ရှောင်ရှား​ရမည်။—သု. ၂၇:၁; ယာကုပ် ၄:၁၃-၁၆

ကျွန်ုပ်​တို့အတွက် အလွန်​တန်ဖိုး​ရှိ

သိနာ​တောင်​တွင် ပညတ်တရား​ပေး​ခဲ့​ခြင်း​ကို ပြန်​ပြောပြ​ချိန်​တွင် ဣသရေလ​အမျိုးသား​တို့အား မောရှေ​ဤသို့​ဆို​သည်– “ယနေ့​ကောင်းချီး​ပေးခြင်း​နှင့် ကျိန်ခြင်း​တည်း​ဟူသော ဤ​နှစ်ပါး​ကို သင်တို့​ရှေ့မှာ ငါ​ထား​၏။ ယနေ့​ငါ​ဆင့်ဆို​သော သင်တို့​ဘုရားသခင်​ထာဝရ​ဘုရား​၏ ပညတ်တော်​တို့ကို​နားထောင်​လျှင်​မူ​ကား ကောင်းချီး​ပေးခြင်း၊ သင်တို့​ဘုရားသခင် ထာဝရ​ဘုရား​၏​ပညတ်တော်​တို့ကို နားမထောင်၊ ယနေ့​ငါ​မှာ​ထားသော​လမ်း​မှ​လွှဲရှောင်​လျှင်​မူ​ကား ကျိန်ခြင်း​ကို​ငါ​ထား​၏။”—တရားဟောရာ ၁၁:၂၆-၂၈

ဓမ္မရာဇဝင်တတိယစောင်​တွင် ဤ​အရေးပါ​အမှန်တရားကို ကျွန်ုပ်​တို့အား အလွန်​ရှင်းလင်း​ပြတ်သား​စွာ အာရုံစိုက်​စေ​သည်! ကျွန်ုပ်​တို့​တွေ့ခဲ့​သည်​အတိုင်း ဤ​စာစောင်​သည် အခြား​တန်ဖိုး​ရှိ​သင်ခန်းစာများ​ကိုလည်း သင်ကြား​ပေး​သည်။ ယင်း​၏​သတင်း​စကား​သည် အမှန်ပင်​အသက်ရှင်ပြီး တန်ခိုး​နှင့်​ပြုပြင်​တတ်​သည်။—ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ရှောလမုန်​ဆောက်လုပ်​ခဲ့​သည့် ဗိမာန်တော်​နှင့် အခြား​အဆောက်အအုံ​များ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် တန်ခိုးတော်​ထင်ရှား​ပြပြီး​နောက်​၌ လူ​တို့ ဤသို့​ဆို​ကြသည်– ‘ယေဟောဝါ​သည်​စစ်မှန်သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏!’