မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ’

‘ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ’

‘ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ’

နံနက်ခင်း​တွင် ကျေးငှက်​တို့ နိုးထ​လာ​သည်​နှင့် တစ်ခဏ​ကြာ အသံ​တစာစာ အော်မြည်​လေ့​ရှိပြီး​နောက် အစာ​ရှာ​ထွက်ကြ​တော့​သည်။ ညနေခင်း အိပ်တန်း​ပြန်​ချိန်​တွင်​လည်း တစ်ခဏ​ကြာ တစာစာ​အော်မြည်​ပြီး​နောက် အိပ်စက်​ကြ​လေ​၏။ တချို့သော​ရာသီ​များ​တွင် ၎င်း​တို့​မိတ်လိုက်၊ ဥ​ဥ​ကာ ငှက်​ပေါက်လေး​များ​ကို ကျွေးမွေး​ပြုစု​ကြသည်။ အခြား​တိရစ္ဆာန်​တို့​လည်း အလားတူ​ပင် ကြိုတင်​ခန့်မှန်း​နိုင်​သည့်​ပုံစံ​အတိုင်း ပြု​ကြ​၏။

ကျွန်ုပ်​တို့​လူသားများ​မူ တစ်မူထူး​ခြား​သည်။ ကျွန်ုပ်​တို့ စားသောက်၊ အိပ်စက်​ကာ မျိုးပွား​ကြသည်​မှန်​သော်လည်း ထို​အရာများ​နှင့်​သာ ကျေနပ်​တင်းတိမ်​မနေကြ​ချေ။ ကျွန်ုပ်​တို့ အဘယ်ကြောင့် ဤ​နေရာတွင် ရောက်ရှိ​နေရ​ကြောင်း သိ​လို​ကြသည်။ ဘဝ​အဓိပ္ပာယ်​ကို ရှာဖွေ​ကြသည်။ အနာဂတ်​မျှော်လင့်ချက်​ရှိမရှိ သိ​လို​ကြ​၏။ ဤသို့​သော သိလိုစိတ်​ပြင်းပြ​မှု​တို့​က လူသားများ​ကို တစ်မူထူး​စေသည့် အရည်အသွေး​တစ်ခု​ဖြစ်သော ဝိညာဉ်​ရေးရာ သို့​မဟုတ် ဝိညာဉ်​ရေးရာ​များ​အတွက် တောင့်တစိတ်​ရှိကြောင်း ထောက်ပြ​နေသည်။

ဘုရားသခင့်​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ

လူ့​သဘောသဘာဝ​အရ ဝိညာဉ်​ရေး​စိတ်ထား​ရှိ​ရခြင်း​အကြောင်းရင်းကို ကျမ်းစာ​က ဤသို့​ရှင်းပြ​၏– “ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​နှင့်​အညီ လူကို​ဖန်ဆင်း​တော်​မူ​၏၊ ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ လူယောက်ျား၊ လူ​မိန်းမကို ဖန်ဆင်း” တော်​မူ​၏။ (ကမ္ဘာဦး ၁:၂၇) “ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ” ဖန်ဆင်း​ခံရ​ခြင်း​ကြောင့် ကျွန်ုပ်​တို့သည် အပြစ်​နှင့်​မစုံလင်မှု​များ စွန်းထင်း​နေ​သော်လည်း ဘုရားသခင်​၏ ဂုဏ်ရည်တော်​တချို့​ကို ရောင်ပြန်ဟပ်​နိုင်​သည်​ဟု ဆိုလို​သည်။ (ရောမ ၅:၁၂) ဥပမာ၊ ကျွန်ုပ်​တို့သည် ဖန်တီး​နိုင်စွမ်း​ရှိကြ​၏။ ထို့​ပြင် ကျွန်ုပ်​တို့​တွင် ဉာဏ်ပညာ အတိုင်းအတာ​တစ်ခု​အထိ​ရှိပြီး တရား​မျှတ​သည့်​သဘော​နှင့် တစ်ဦး​ကိုတစ်​ဦး ကိုယ်ကျိုး​စွန့်​မေတ္တာ ပြသနိုင်စွမ်း​တို့​ရှိကြသည်။ ၎င်း​ပြင် အတိတ်ကို​ပြန်တွေး​တော​ကာ အနာဂတ်​အတွက် စီမံ​နိုင်​ကြ​၏။—သု. ၄:၇; ဒေ. ၃:၁၊ ၁၁; မိက္ခာ ၆:၈; ယောဟန် ၁၃:၃၄; ၁ ယောဟန် ၄:၈

ဘုရားသခင်​ကို​ဝတ်ပြုလို​သော မွေးရာပါ​ဆန္ဒ​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အစွမ်းအစ​ကို အထင်အရှား​ဖော်ပြ​သည်။ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​နှင့် ဆက်သွယ်​လို​စိတ်​ကို မ​ဖြည့်ဆည်း​ပေး​လျှင် စစ်မှန်​ပြီး တည်မြဲသော​ပျော်ရွှင်မှု မရှိ​နိုင်​ပေ။ “ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ​၏” ဟု​ယေရှု​မိန့်ဆိုခဲ့​၏။ (မဿဲ ၅:၃က​ဘ) သို့သော် ကျွန်ုပ်​တို့​ဂရုစိုက်​ရမည်​မှာ ထို​လိုအပ်ရာ​ကို ဘုရားသခင်​အကြောင်း​ဖြစ်ရပ်မှန်များ၊ ကိုယ်တော်​၏​စံနှုန်း​များ၊ လူသားတို့​အတွက် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက် စ​သည့် ဝိညာဉ်​ရေး​အမှန်တရား​တို့​ဖြင့် ဖြည့်ဆည်း​ပေး​ရန်ဖြစ်​သည်။ ဝိညာဉ်​ရေး​အမှန်တရားကို အဘယ်​မှာ​ရှာတွေ့နိုင်​မည်​နည်း။ သမ္မာကျမ်းစာ​တွင် ရှာတွေ့နိုင်​၏။

‘ကိုယ်တော်​၏​နှုတ်မြွက်တော်​သည် အမှန်တရား​ဖြစ်’

တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​၏– ‘ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင် မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍ . . . ဆုံးမခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း ကျေးဇူးများ​ကို ပြု​တတ်၏။’ (၂ တိမောသေ ၃:၁၆၊ ၁၇) ပေါလု​၏​စကား​က ‘ကိုယ်တော်​၏​နှုတ်မြွက်တော်​သည် အမှန်တရား​ဖြစ်ပါ​၏’ ဟူ၍ ဘုရားသခင်​ထံ ဆုတောင်း​ခဲ့​သော ယေရှု၏​စကား​နှင့် သဘောချင်း​တူ​သည်။ ယနေ့ ထို​နှုတ်မြွက်တော်​သည် သမ္မာကျမ်းစာ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိထားကြ​ရာ မိမိတို့၏​ယုံကြည်ချက်များ၊ စံနှုန်း​များသည် ကျမ်းစာ​နှင့်​ကိုက်ညီ​မညီ ဆန်းစစ်ခြင်း​က ပညာရှိရာ​ရောက်​သည်။—ယောဟန် ၁၇:၁၇

ကျွန်ုပ်​တို့၏​ယုံကြည်ချက်များ​ကို ဘုရားသခင့်​နှုတ်မြွက်တော်​နှင့် နှိုင်းယှဉ်​ကြည့်​ခြင်း​ဖြင့် ပေါလု​၏​သွန်သင်ချက်​များသည် ကျမ်းစာ​နှင့်​ကိုက်ညီ​မညီ စစ်ဆေး​ခဲ့​သော ရှေး​ဗေရိ​မြို့သား​တို့ကို တုပ​ရာ​ရောက်​ပေမည်။ လုကာ​သည် ဗေရိ​မြို့သား​တို့ကို ပြစ်တင်​ဝေဖန်​မည့်​အစား ၎င်းတို့၏​သဘောထားကို ချီးမွမ်း​ခဲ့​၏။ သူတို့သည် ‘အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် နှုတ်မြွက်​တရားတော်​ကို​ခံ​ယူ၍ မှန်သည်​မမှန်​သည်ကို​သိခြင်း​ငှာ ကျမ်းစာ​ကို နေ့တိုင်း​အစဉ်​စေ့စေ့​ကြည့်ရှု​ကြ​၏’ ဟု​သူ​ရေးခဲ့​သည်။ (တမန်​တော် ၁၇:၁၁) ယနေ့ ဘာသာ​တရား​နှင့် ကျင့်ဝတ်​ဆိုင်ရာ​သွန်သင်ချက်​တို့သည် များစွာ​ဆန့်ကျင်​ကွဲလွဲ​နေသည်​ကို ကြည့်​ခြင်း​ဖြင့် ဗေရိ​မြို့သား​တို့၏ ထူးမြတ်​သော​စိတ်ထား​ကို တုပ​ရန် အရေးကြီး​သည်။

ဝိညာဉ်​ရေး​အမှန်တရားကို ခွဲခြား​သိမြင်​နိုင်သော နောက်တစ်နည်း​မှာ လူ​တို့​အသက်တာတွင် ၎င်း​၏​အကျိုး​သက်ရောက်​ပုံ​ကို အကဲခတ်​ခြင်း​ဖြစ်သည်။ (မဿဲ ၇:၁၇) ဥပမာ၊ ကျမ်းစာ​အမှန်တရား​နှင့်​အညီ​နေထိုင်ခြင်း​က လူတစ်ဦးကို ပို​ကောင်းသော​လင်ယောက်ျား၊ ပို​ကောင်းသော​ဖခင်၊ ပို​ကောင်းသော​ဇနီး၊ ပို​ကောင်းသော​မိခင် ဖြစ်စေ​သင့်​သောကြောင့် မိသားစု​ပျော်ရွှင်မှု တိုးပွား​စေ​၍ ကျေနပ်​ရောင့်ရဲမှု တိုးများ​လာ​စေ​သည်။ ‘ဘုရားသခင့်​နှုတ်မြွက်တော်​ကို ကြားနာ​၍ စောင့်ရှောက်သော​သူတို့သည် ပျော်ရွှင်​ကြ​၏’ ဟု​ယေရှု​ဆို​ခဲ့​သည်။—လုကာ ၁၁:၂၈က​ဘ။

ယေရှု၏​စကား​များ​က ရှေး​ဣသရေလလူ​တို့အား ကောင်းကင်​ခမည်းတော် မိန့်ဆိုခဲ့​သော ဤ​စကား​များ​ကို ပြန်​အမှတ်ရ​စေ​သည်– ‘သင့်ကို​ရွေးနုတ်သော​သူ၊ ဣသရေလ​အမျိုး​၏ သန့်ရှင်းသော​အရှင်​ထာဝရ​ဘုရားသခင် မိန့်တော်မူသည်​ကား “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့် ပို့ဆောင်သော သင်၏​ဘုရားသခင်​ဖြစ်၏။ သင်သည် ငါ​၏​ပညတ်​တို့ကို စောင့်ရှောက်​ပါစေ​သော။ သို့ပြုလျှင် သင်၏​ချမ်းသာ​သည် မြစ်​ကဲ့သို့​လည်းကောင်း၊ သင်၏​ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာ​လှိုင်း​တံပိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ရ​လိမ့်​မည်။”’ (ဟေရှာယ ၄၈:၁၇၊ ၁၈) ကောင်းမြတ်​ခြင်း​နှင့် ဖြောင့်မတ်ခြင်း​ကို ချစ်​မြတ်နိုးသူ​ခပ်သိမ်း​သည် အဆိုပါ​လှိုက်လှဲသော​ဖိတ်ခေါ်ချက်​ကို မြတ်နိုး​ပေ​လိမ့်​မည်!

အချို့​က ‘နား​ကျပ်​ပေးခြင်း’ ကို​နှစ်သက်

ဣသရေလလူ​တို့သည် ဘာသာရေး​လိမ်လည်​လှည့်ဖြားမှု​များ​ဖြင့် လမ်းလွဲ​နေသော​ကြောင့် ဘုရားသခင်​က ထိုသို့​လှိုက်လှဲ​စွာ ဖိတ်ခေါ်​ရခြင်း​ဖြစ်၏။ (ဆာလံ ၁၀၆:၃၅-၄၀) ကျွန်ုပ်​တို့​လည်း မှားယွင်းမှု​များ​ကို သတိပြု​ရမည်။ ခရစ်ယာန်​အမည်ခံ​များနှင့်​စပ်လျဉ်း၍ ပေါလု ဤသို့​ရေးခဲ့​၏– ‘လူတို့သည် စင်ကြယ်သော​ဆုံးမ​စကား​ကို နား​မခံလို၊ ကိုယ်​သဘော​အတိုင်း နား​ကျပ်​ပေး​မည့် . . . ဆရာ​တို့ကို မိမိတို့​အဖို့ ရှာဖွေကြ​လိမ့်​မည်။ အမှန်တရားကို​နားမထောင်​ဘဲ ဒဏ္ဍာရီ​စကား​ကို​နားထောင်​၍ လွဲသွား​ကြလိမ့်မည်။’—၂ တိမောသေ ၄:၃၊ ၄က​ဘ။

အိမ်ထောင်ဖက်​မဟုတ်​သူနှင့်​လိင်ဆက်ဆံခြင်း၊ လိင်​တူ​ဆက်ဆံခြင်း၊ သောက်ကြူး​ခြင်း​စ​သည့် မကောင်းသော​ဆန္ဒ​များ​ကို အာသာပြေ​စေ​မည့် အကျင့်အကြံ​တို့ကို လျစ်လျူရှု​ထားခြင်း​ဖြင့် [ခရစ်ယာန်]ဘာသာရေး​ခေါင်းဆောင်​များသည် လူတို့၏​နား​ကို ကျပ်​ပေး​ကြသည်။ အဆိုပါ​အကျင့်​များ​ကို လက်ခံ​ပြုကျင့်​သူတို့သည် “ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ” ဟု​ကျမ်းစာ​က ရှင်းလင်းစွာ​ဆို​၏။—၁ ကောရိန္သု ၆:၉၊ ၁၀; ရောမ ၁:၂၄-၃၂

အထူးသဖြင့် လှောင်ပြောင်​ခံရ​သည့်​အခါ သမ္မာကျမ်းစာ​၏​စံနှုန်း​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် သတ္တိ​ရှိဖို့လို​မည်​မှန်​သော်လည်း ယင်း​သို့​ပြု​နိုင်​ပါ​သည်။ ယေဟောဝါသက်သေ​များ​ထဲ​မှ လူများစွာ​သည် တစ်ချိန်က မူးယစ်​ဆေးစွဲ​သူ၊ အရက်သမား၊ မတရားမေထုန်​ပြုသူ၊ လမ်း​သရဲ၊ သူခိုး၊ လူလိမ်​လူ​ညာ​တို့ ဖြစ်​ခဲ့​ဖူး​ကြသည်။ သို့​တိုင် သူတို့သည် သမ္မာကျမ်းစာ​ကို​နှလုံး​သွင်း​ကာ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အကူအညီ​ဖြင့် ‘ယေဟောဝါ​နှင့်​ထိုက်လျောက်စွာ​ကျင့်ကြံ’ နိုင်​ရန် ဘဝ​ပြောင်းလဲ​လိုက်​ကြသည်။ (ကောလောသဲ ၁:၉၊ ၁၀; ၁ ကောရိန္သု ၆:၁၁) ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ခဲ့ပြီ​ဖြစ်​ရာ အတွင်း​ငြိမ်သက်မှု​ရှိကြ​သည့်​အပြင် အနာဂတ်​အတွက် စစ်မှန်သော​မျှော်လင့်ချက်လည်း ရှိလာ​ကြသည်။

ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်

ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ကျမ်းစာ​မျှော်လင့်ချက်​ဖြစ်သော နာခံမှု​ရှိ​လူသားများ​အတွက် တည်မြဲ​သည့်​ငြိမ်သက်ခြင်း ရှိလာ​လိမ့်​မည်။ ယေရှုသည် မိမိ၏​စံပြ​ဆုတောင်းချက်​တွင် “နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေ” ဟု​ဆို​ခဲ့​သည်။ (မဿဲ ၆:၁၀) မှန်ပါသည်၊ ဘုရားသခင့်​နိုင်ငံတော်​တစ်ခု​တည်း​က​သာ မြေကြီးပေါ်​၌ ဘုရားသခင့်​အလိုတော်ကို ပြည့်စုံ​စေနိုင်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေရှု​ခရစ်​အုပ်စိုး​မည့် အစိုးရ​တစ်ခု​ဖြစ်သော ဤ​ကောင်းကင်​နိုင်ငံတော်​သည် ကမ္ဘာ​မြေ​ကို ဘုရားသခင် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးထိုက်​ကြောင်း​ဖော်ပြ​မည့် နည်းလမ်း​ဖြစ်၍​တည်း။—ဆာလံ ၂:၇-၁၂; ဒံယေလ ၇:၁၃၊ ၁၄

ဤ​ကောင်းကင်​နိုင်ငံတော်​ဘုရင်​အနေ​ဖြင့် ယေရှု​ခရစ်​သည် နာခံမှု​ရှိ​လူသား​တို့ကို အာဒံ​၏​အပြစ်​နှင့် အဖျား​အနာ၊ သေခြင်း​အမွေ​တို့​အပါအဝင် အနှောင်အဖွဲ့​အားလုံး​မှ လွတ်မြောက်​စေပါ​လိမ့်​မည်။ ဗျာ. ၂၁:၃၊ ၄ တွင် ဤသို့​ဆို​ထား​သည်– “ကောင်းကင်​မှ​ကြီးသော​အသံ​ကား ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ . . . [ယေဟောဝါ] ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”

ကမ္ဘာ​တစ်ဝန်း တည်မြဲသော​ငြိမ်သက်မှု ရှိလာ​ပါ​လိမ့်​မည်။ ယင်းကို အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​ကြ​သနည်း။ အကြောင်းရင်းကို ဟေရှာယ ၁၁:၉ တွင်​ဖော်ပြ​ထား​၏– “[ဘုရားသခင့်​နိုင်ငံတော်သား​များသည်] ငါ​၏​သန့်ရှင်းသော တောင်​တစ်ပြင်လုံး​၌ အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို မပြုရ​ကြ။ အကြောင်း​မူ​ကား ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့ မြေကြီး​သည် ထာဝရ​ဘုရားသခင်​ကို သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်။” ကမ္ဘာ​သား​အားလုံး ဘုရားသခင့်​အကြောင်း တိကျ​မှန်ကန်​စွာ​သိလာ​ကြ​မည်​ဖြစ်​ပြီး ကိုယ်တော်​အား နာခံမှု​တင်ပြ​ကြ​ပါ​လိမ့်​မည်။ ဤ​အလားအလာ​က သင့်​အား ကြည်နူး​အားရ​စေ​သလော။ သို့​ဆိုလျှင် အဖိုးထိုက်​လှ​သည့် “ယေဟောဝါ​နှင့်​ပတ်သက်သော အသိပညာ” ကို​စတင်​ဆည်းပူး​ရန် ယခု​အချိန်တန်​လေ​ပြီ။

ဘုရားသခင့်​နိုင်ငံတော်​သတင်းကို သင်​နားထောင်​မည်​လော

ဘုရားသခင့်​နိုင်ငံတော်​က စာတန်​၏​လုပ်ရပ်​အားလုံး​ကို ဖျက်ဆီး​ပစ်​ကာ ကိုယ်တော်​၏​ဖြောင့်မတ်​သော နည်းလမ်းတော်​များ​အတိုင်း လူ​တို့ကို သင်ကြား​ပေး​ပါ​လိမ့်​မည်။ သို့​ဖြစ်၍ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ယေရှု အဓိက​ထား​သွန်သင်​ရခြင်း​ဖြစ်၏။ “ဘုရားသခင်​၏​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို . . . ငါ​ဟောပြော​ရမည်။ ထိုသို့​အ​လို့​ငှာ ငါ့ကို​စေလွှတ်​လျက်​ရှိသည်” ဟု​ယေရှု​မိန့်ဆိုခဲ့​၏။ (လုကာ ၄:၄၃၊ ၄၄) ဤ​သတင်းကို အခြား​သူတို့အား​ပြောပြ​ရန် မိမိ​တပည့်​များ​ကို ခရစ်တော်​မိန့်မှာ​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကိုယ်တော် ဤသို့​ကြိုတင်​မိန့်ဆိုခဲ့​၏– ‘လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော သတင်းကောင်းကို လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။’ (မဿဲ ၂၄:၁၄) ယင်း​အဆုံး​သည် လျင်မြန်​စွာ​ချဉ်းကပ်​လာ​နေပြီ။ ထို့​ကြောင့် စိတ်​ရိုး​မှန်​သူများ အသက်ပေး​သတင်းကောင်းကို နားထောင်​ရန် အလွန်​အရေးကြီး​လှ​၏!

ရှေ့​ဆောင်းပါး​တွင်​ဖော်ပြ​ခဲ့​သော အဲလ်ဘတ်​သည် ဇနီး​နှင့်​သား​ဖြစ်သူ​တို့ ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စလေ့လာ​ချိန်​တွင် ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို စတင်​ကြားဖူး​ခဲ့​၏။ အစပိုင်း​တွင် အဲလ်ဘတ် သံသယ​ဖြစ်​မိ​သည်။ ဒေသခံ​ဘာသာရေး​ခေါင်းဆောင်​တစ်ဦး​အား မိမိ၏​ဇနီး​နှင့်​သား​ထံ လာရောက်​လည်ပတ်​ပြီး ယေဟောဝါသက်သေ​တို့​မှား​ကြောင်း ဖော်ထုတ်​ရန် တောင်းဆို​ခဲ့​သေး​၏။ သို့သော် [ခရစ်ယာန်]ဘာသာရေး​ခေါင်းဆောင်​က မပတ်သက်​လို​ခဲ့​ပါ။ သို့​နှင့် အမှား​များ​ကို​ထောက်ပြ​ရန် ကျမ်းစာ​ဆွေးနွေး​ချိန်​တွင်​ပါဝင်​မည်​ဟု အဲလ်ဘတ် ဆုံးဖြတ်​လိုက်​သည်။ တစ်ကြိမ်​သာ​ဆွေးနွေး​ပြီး​နောက် ပို​လေ့လာ​လို​၍ သင်အံမှု​တွင် ပါဝင်​လေ​တော့​သည်။ သူ​အဘယ်ကြောင့် စိတ်ပြောင်း​သွား​ကြောင်းကို နောက်ပိုင်း​တွင် ဤသို့​ရှင်းပြ​၏– “ဒါကို ကျွန်တော် တစ်ချိန်​လုံး​ရှာဖွေ​နေခဲ့တာ​ပဲ။”

နောက်ဆုံး​တွင် အဲလ်ဘတ်​၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ ပြည့်ဝ​သွားခဲ့​ရာ သူ လုံးဝ​နောက်​မဆုတ်​တော့​ချေ။ ကျမ်းစာ​အမှန်တရား​ကြောင့် သူ​တစ်သက်လုံး​ရှာဖွေ​နေခဲ့​သည့် လူ့ဘောင်တွင် စိမ့်ဝင်​ပျံ့နှံ့​နေသော မတရားမှု၊ ဖောက်ပြန်​ယိုယွင်းမှု​တို့အတွက် ဖြေရှင်း​နည်း​နှင့် အနာဂတ်​မျှော်လင့်ချက်​တို့ကို သိရှိ​ခဲ့​ရသည်။ ကျမ်းစာ​အမှန်တရား​ကြောင့် အတွင်း​ငြိမ်သက်မှု​လည်း သူ​ရရှိခဲ့​၏။ သင့်​ဝိညာဉ်​ရေး လိုအပ်ရာ​လည်း ဖြည့်ဆည်း​ခံ​နေရ​ပြီ​လော။ စာမျက်နှာ ၆ ရှိ လေးထောင့်ကွက်​မှ မေးခွန်းများကို အချိန်​ယူ​ဖတ်ရှု​ကြည့်​ပါ​လေ။ သင်​ပိုမို​သိရှိ​လိုလျှင် ယေဟောဝါသက်သေ​များ​က ဝမ်းသာ​အားရ​ကူညီပေး​ပါ​လိမ့်​မည်။

[စာမျက်နှာ ၆ ပါ​လေးထောင့်ကွက်]

သင့်​ဝိညာဉ်​ရေး​လိုအပ်ရာ ဖြည့်ဆည်း​ခံရ​ပြီ​လော

သင်​ရရှိ​ထား​သည့် ဝိညာဉ်​ရေး​အစာ​သည် အာသာပြေ​စေပါ​သလော။ အောက်ပါ​တို့ကို​ဖတ်ရှု​ပြီး မှန်ကန်​စွာ​ဖြေဆို​နိုင်သော မေးခွန်းများကို အမှတ်ပေး​ပါ​လေ။

□ ဘုရားသခင်​ကား မည်သူ​နည်း၊ ကိုယ်တော်​၏​နာမတော်​ကား အဘယ်နည်း။

□ ယေရှု​ခရစ်​ကား မည်သူ​နည်း။ ကိုယ်တော်​သည် အဘယ်ကြောင့် အသေခံဖို့​လို​သနည်း။ ကိုယ်တော်​၏​သေခြင်းက သင့်ကို မည်သို့​အကျိုးပြု​နိုင်​သနည်း။

□ စာတန်​ရှိသလော။ သို့​ဆိုလျှင် သူ​အဘယ်က​ဖြစ်လာ​သနည်း။

□ ကျွန်ုပ်​တို့​သေဆုံးသော​အခါ မည်သို့​ဖြစ်သွား​သနည်း။

□ ကမ္ဘာ​မြေ​နှင့်​လူသားတို့​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်ကား အဘယ်နည်း။

□ ဘုရားသခင့်​နိုင်ငံတော်​ကား အဘယ်နည်း။

□ ဘုရားသခင်​၏​ကျင့်ဝတ်​စံနှုန်း​များ​ကား အဘယ်နည်း။

□ မိသားစုတွင် လင်ယောက်ျား​နှင့်​ဇနီး​အတွက် ဘုရား​ပေး​တာဝန်​များ​ကား အဘယ်နည်း။ မိသားစု​ပျော်ရွှင်မှု​ကို တိုးမြှင့်​ပေး​သော ကျမ်းစာမူ​အချို့​ကား အဘယ်နည်း။

ဤ​မေးခွန်းများ​၏​အဖြေကို သေချာ​မသိ​ပါ​က ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ​တစ်စောင်​ကို တောင်းဆို​နိုင်​ပါ​သည်။ ယေဟောဝါသက်သေ​များသည် ဤ​ဘရိုရှာ​ကို ဘာသာ​စကား ၃၀၀ ကျော်​ဖြင့် ထုတ်ဝေ​ထားပြီး ကျမ်းစာ​၏​အခြေခံ​အကြောင်း ၁၆ ခု​ကို ဆွေးနွေး​တင်ပြ​၍ အထက်ပါ​မေးခွန်း​အားလုံး​အတွက် ကျမ်းစာ​အဖြေ​များ ဖော်ပြ​ထား​သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံများ]

တိရစ္ဆာန်​များနှင့်​မတူဘဲ လူသား​တို့သည် ဝိညာဉ်​ရေး​လိုအပ်ချက်​ရှိကြ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

‘လူတို့သည် နား​ကျပ်​ပေး​မည့် ဆရာများ​ကို မိမိတို့​အဖို့ ရှာဖွေကြ​လိမ့်​မည်။’—၂ တိမောသေ ၄:၃၊ က​ဘ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​မေရှိယနိုင်ငံတော်​က​တည်မြဲသော​ငြိမ်သက်မှု​ကို ရရှိစေ​မည်