မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသုံးတော်ခံရန် မိမိတို့ကိုယ်ကိုပေးဆက်ကြ

အသုံးတော်ခံရန် မိမိတို့ကိုယ်ကိုပေးဆက်ကြ

အသုံးတော်ခံ​ရန် မိမိတို့​ကိုယ်ကို​ပေးဆက်​ကြ

‘ကိုယ်တော်​၏​လူတို့သည် စေတနာ​စိတ်ဖြင့် မိမိတို့​ကိုယ်ကို ပေးဆက်​ကြ​ပါ​လိမ့်​မည်။’ (ဆာလံ ၁၁၀:၃) ၁၁၈ ကြိမ်​မြောက် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​၏ သင်တန်းသား ၄၆ ဦး​တို့အတွက် အဆိုပါ​စကား​များသည် အလွန်​အဓိပ္ပာယ်​ရှိ၏။ တိုင်းတစ်ပါး​တွင် လူတို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ရန် ခရစ်ယာန်​သာသနာပြု​လောင်း​များ​ကို လေ့ကျင့်ပေး​သော ဤ​သင်တန်း​ကျောင်း​ကို တက်ရောက်​နိုင်​ဖို့ သူတို့ မည်သို့​အသင့်ပြင်​ဆင်​ခဲ့​ကြ​သနည်း။ ၁၁၈ ကြိမ်​မြောက်​သင်တန်း​၏ သင်တန်းသား​များ​ဖြစ်သော မိုက်ခ်​နှင့် စ​တေ​စီ​တို့​က ဤသို့​ရှင်းပြသည်– “ရိုးရိုးရှင်းရှင်း​နေဖို့ ဆုံးဖြတ်ထား​ကြ​တဲ့​အတွက် အာရုံ​ထွေပြား​စ​ရာ​သိပ်​မရှိဘဲ ဝိညာဉ်​ရေးရာ​တွေ​ကို အဓိက​ထား အာရုံစိုက်​နေဖို့ အထောက်အကူ​ရတယ်။ စီးပွားရေး​လောကမှာ​အောင်မြင်​နေလို့ ဝိညာဉ်​ရေး​ပန်းတိုင်​တွေ​ကို ဘေးမ​ချိတ်​မိဖို့ ကျွန်တော်​တို့ စိတ်​ဆုံးဖြတ်​ခဲ့​ကြတယ်။” ဤ​သင်တန်း​ကျောင်း​မှ အခြား​သင်တန်းသား​များသည် မိုက်ခ်​နှင့် စ​တေ​စီ​တို့​နည်းတူ အသုံးတော်ခံ​ရန် အသင့်ရှိ​ကြ​ရာ ယခု​အခါ တိုက်ကြီး​လေး​တိုက်​တွင် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် အမှုထမ်း​နေကြပါ​သည်။

၂၀၀၅၊ မတ် ၁၂ ရက်၊ စနေနေ့​တွင် လူပေါင်း ၆,၈၄၃ ဦး​တို့သည် ကျောင်းဆင်း​ပွဲ​အစီအစဉ်ကို အားရ​ကြည်နူး​စွာ နားဆင်​ခဲ့​ကြသည်။ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သော သီအိုဒေါရ် ဂျဲရက်စ်​က သဘာပတိ​အဖြစ်​ဆောင်ရွက်​ခဲ့​သည်။ နိုင်ငံ​ပေါင်း ၂၈ နိုင်ငံ​မှ ဧည့်သည်​များ​ကို လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ပြီး​နောက် သမ္မာကျမ်းစာ​ပညာရေး​၏​တန်ဖိုး​ကို အာရုံစိုက်​စေ​ခဲ့​သည်။ ဟောပြောသူ​သည် အမေရိကန်​ပညာရှင် ဝီ​လျမ် လို​င်ယန် ဖဲ့လ်ပ်စ်​၏ ဤ​စကား​များ​ကို ကိုးကား​ဖော်ပြ​ခဲ့​သည်– “သမ္မာကျမ်းစာ​ကို နှံ့နှံ့စပ်စပ်​သိကျွမ်းသူ​တိုင်း​အား ပညာတတ်​ဟု အမှန်​ခေါ်ဆို​နိုင်​သည်။” ကျောင်း​ပညာ​သည် အသုံးဝင်​သည်​မှန်​သော်လည်း သမ္မာကျမ်းစာ​ပညာ​က သာလွန်​၏။ ယင်းသည် ထာဝရ​အသက်​ရစေသော ဘုရားသခင်​၏​အသိပညာကို ဆည်းပူးခြင်း​ဖြစ်သည်။ (ယောဟန် ၁၇:၃) ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အသင်းတော် ၉၈,၀၀၀ ကျော်​တွင် ဆောင်ရွက်လျက်​ရှိသော ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​အစီအစဉ်​၌ ပိုမို​ပါဝင်လိုစိတ်​ရှိသူ ကျောင်းဆင်း​များ​ကို ညီအစ်ကို​ဂျဲရက်စ် ချီးမွမ်း​ခဲ့​သည်။

ကျောင်းဆင်း​များ​အတွက် အချိန်တန်​အားပေး​စကား

သဘာပတိ​၏​နိဒါန်း​ဟောပြောချက်​ပြီး​နောက် ဝီ​လျမ် ဆယ်​မြူ​လ်​စင်​က ဆာလံ ၅၂:၈ ပေါ်​အခြေပြု​သည့် “ဘုရားသခင့်​အိမ်တော်တွင် စိမ်းလန်း​သော​သံလွင်ပင်​ကဲ့သို့ သင်​ဖြစ်​နိုင်​ပုံ” အကြောင်း ဟောပြောခဲ့​သည်။ သမ္မာကျမ်းစာ​တွင် သံလွင်ပင်​ကို သီးပွင့်​ခြင်း၊ လှပ​ခြင်း​နှင့် တင့်တယ်​ခံ့ညား​ခြင်း အမှတ်လက္ခဏာ​အဖြစ် အသုံးပြု​ထား​ကြောင်း သူ​အာရုံပြု​စေ​သည်။ (ယေရမိ ၁၁:၁၆) သင်တန်းသား​များ​ကို သံလွင်ပင်များ​နှင့်​နှိုင်းယှဉ်​ကာ ဟောပြောသူက “သင်တို့​တာဝန်ကျ​ရာ နေရာများ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို သစ္စာရှိ​ရှိ​ဟောပြောသော​အခါ ယေဟောဝါ​သည် သင်တို့ကို လှပ​၍ သိက္ခာ​ရှိ​သူများ​အဖြစ် ရှုမြင်တော်မူ​လိမ့်​မည်” ဟု​ဆို​၏။ သံလွင်ပင်​သည် မိုးခေါင်​သည့်​ကာလ​တွင် ဆက်​ရှင်သန်​နိုင်​ဖို့ အမြစ်များ​ဖြာထွက်​ရမည်​ဖြစ်​သကဲ့သို့ သင်တန်းသား​များသည် တိုင်းတစ်ပါး​တွင် အမှုဆောင်​ကြ​သည့်​အခါ ကြုံတွေ့​ရမည့် စိတ်မဝင်စား​မှု၊ အတိုက်အခံပြု​မှု​နှင့် အခြား​စမ်းသပ်မှု​များ​ကို ခံရပ်​နိုင်​ရန် သူတို့၏​ဝိညာဉ်​ရေး​အမြစ်များ​ကို သန်စွမ်း​စေဖို့​လို​သည်။—မဿဲ ၁၃:၂၁; ကောလောသဲ ၂:၆၊ ၇

အစီအစဉ်​တွင်​ပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ဝင်​သုံးဦး​အနက် တစ်ဦး​ဖြစ်သူ ဂျွန် အီး၊ ဘားရ်​က “သင်တို့သည် ဤ​လောက​၏ ဆား​ဖြစ်​ကြ​၏” ဟူသော​အကြောင်းကို ဟောပြောခဲ့​သည်။ (မဿဲ ၅:၁၃) ပကတိ​ဆား​သည် အစားအစာ မ​သိုး​မ​ပုပ်​အောင် ထိန်းထား​နိုင်​သကဲ့သို့ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ခရစ်ယာန်​သာသနာပြု​များ ဟောပြောခြင်းက နားထောင်သူ​တို့၏​အသက်ကို ကယ်​နိုင်​သည့်​အပြင် ကိုယ်ကျင့်တရား​နှင့် ဝိညာဉ်​ရေး​ယိုယွင်းခြင်း​မှ​လည်း ကာကွယ်​ပေး​မည်​ဖြစ်သည်။ ထို့နောက် ကျောင်းဆင်း​များ​ကို ညီအစ်ကို​ဘားရ်​က အချင်းချင်း “အသင့်အတင့်​နေကြ” ရန် ဖခင်​လေသံ​ဖြင့် တိုက်တွန်း​ခဲ့​သည်။ (မာကု ၉:၅၀) “ဝိညာဉ်​အသီး​တွေ​ကို ပြုစု​ပျိုးထောင်​ကြ​ပါ၊ သင်တို့ရဲ့​အပြောအဆို၊ အပြုအမူတွေ အမြဲ​ယဉ်ကျေး​သိမ်မွေ့​ပြီး စာနာ​ထောက်ထား​မှု​ရှိဖို့ မပျက်ကွက်​ကြ​ပါ​နဲ့” ဟု တိုက်တွန်း​ခဲ့​သည်။

ဂိလဒ်​သင်တန်းပို့ချ​သူ​တစ်ဦး​ဖြစ်သော ဝေါ​လေ့စ် လစ်​ဗာ​ရ​န့်စ်​က “ရေ​နက်​ပိုင်း​ရှိ သင်္ဘော​ပေါ်​တွင်​နေပါ” ဟူသော​အကြောင်းကို ပေါ်လွင်​စေ​ခဲ့​သည်။ ရေ​နက်​ပိုင်း​ရှိ သင်္ဘော​တစ်စီး​သည် လို​ရာ​ခရီး ရောက်သွား​နိုင်​သကဲ့သို့ ‘ဘုရားသခင်​၏​နက်နဲရာ​များ’ ဖြစ်သော ဘုရားသခင့်​ရည်ရွယ်ချက်​နှင့် ယင်းကို ဖြစ်မြောက်​စေ​မည့်​နည်း​တို့​နှင့်​ဆိုင်သော အမှန်တရားကို သိ​နားလည်​ထားခြင်း​က ဝိညာဉ်ရေးတွင် တိုးတက်​စေနိုင်​သည်။ (၁ ကောရိန္သု ၂:၁၀) “ဘုရားသခင်​၏ [စကား] တော်​၌ ရှေးဦး​စွာ​သင်​ရသော​တရား​နု” နှင့်​ကျေနပ်​နေခြင်း​ဖြင့် ဝိညာဉ်​ရေး​အရ ရေ​တိမ်​ပိုင်း​၌​သာ ရှိနေခြင်း​သည် တိုးတက်မှု​ကို​ဟန့်တား​သဖြင့် “ယုံကြည်ခြင်း​သင်္ဘော​ပျက်” ဖို့ အကြောင်း​ပို​များသည်။ (ဟေဗြဲ ၅:၁၂၊ ၁၃; ၁ တိမောသေ ၁:၁၉) “‘အလွန်​နက်နဲ​သော ဘုရားသခင်​၏​ပညာတော်​နှင့်​ဉာဏ်တော်’ သည် သင်တို့​တာဝန်ကျ​ရာ​နေရာများ​တွင် သင်တို့ကို​အားဖြည့်ပေး​ပါ​လေ​စေ” ဟု​ညီအစ်ကို​လစ်​ဗာ​ရ​န့်စ်​က နိဂုံး​ချုပ်​ပြောဆို​ခဲ့​သည်။—ရောမ ၁၁:၃၃

ဂိလဒ်​သင်တန်းပို့ချ​သူ နောက်​တစ်ဦး မာ့ခ်​နူ​မဲ​ရ်​က “သင့်​အမွေအနှစ်​နှင့် လျော်ညီစွာ​နေထိုင်​မည်​လော” အကြောင်းကို ဟောပြောခဲ့​သည်။ ကျောင်းဆင်း​များ​တင်ပြသော ‘ကောင်းသော​သက်သေ​အစုအပုံ’ ကြောင့် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း​သည် ချီးမွမ်း​ခံရ​ပြီး နာမည်​ကောင်း​ရခဲ့​သည်​မှာ အနှစ် ၆၀ ကျော်​ခဲ့ပြီ။ (ကမ္ဘာဦး ၃၁:၄၈) ဂိလဒ်​ကျောင်း​၏ ဤ​အမွေအနှစ်​ကို ၁၁၈ ကြိမ်​မြောက်​သင်တန်းသား​များ​အား လက်ဆင့်ကမ်း​ခဲ့ပြီ။ သင်တန်းသား​များ​သည့် နေဟမိ​ခေတ်​မှ တေကော​မြို့သား​များ​ကို​အတုယူ​ကြ​ပြီး ဒေသခံ​အသင်းတော်​နှင့်​ဖြစ်စေ၊ ခရစ်ယာန်​သာသနာပြု​ချင်း​များနှင့်​ဖြစ်စေ နှိမ့်ချစွာ​ပူးပေါင်း​လုပ်ဆောင်ဖို့ ညီအစ်ကို နူ​မဲ​ရ်​က အားပေးခဲ့​သည်။ စိတ်​ကြီး​ဝင်​သော ‘အထင်ကရ​ပုဂ္ဂိုလ်​များ’ ဟု နေဟမိ​ဖော်ပြ​ခဲ့​သူတို့၏ စိတ်​သဘောထားကို​ရှောင်​ကာ ထင်ပေါ်​ရန်​မကြိုးစား​ကြဖို့ တိုက်တွန်း​ခဲ့​သည်။—နေဟမိ ၃:၅က​ဘ။

မှတ်သားဖွယ်​တွေ့ကြုံမှု​များနှင့် လူတွေ့မေးမြန်းခန်း​များ

အစီအစဉ်​နောက်​တစ်ပိုင်း​မှာ “ဘုရားသခင်​၏​စကားတော် ကြီးပွား​တိုးတက်​နေ” ဟူသော အကြောင်း​ဖြစ်၏။ (တမန်​တော် ၆:၇) ဂိလဒ်​သင်တန်းပို့ချ​သူ လော​ရဲ​န့်စ် ဘို​ဝင်​န်​၏​ဦးဆောင်မှု​ဖြင့် သင်တန်းသား​များသည် သင်တန်း​ကာလ​အတွင်း လယ်ကွင်း​ဓမ္မ​အမှု​မှ တွေ့ကြုံမှု​များ​ကို သရုပ်ဖော်​ပြ​ခဲ့​ကြသည်။ သင်တန်းသား​များသည် ဘုရားသခင့်​စကားတော်​ကို စိတ်အား​ထက်သန်​စွာ ကြေညာ​ခဲ့​ကြ​ရာ သူတို့၏​ကြိုးပမ်းမှု​များ​ကို ယေဟောဝါ ကြွယ်ဝ​စွာ​ကောင်းချီး​ပေး​ခဲ့​ကြောင်း ထို​တွေ့ကြုံမှု​များ​က​ဖော်ပြ​သည်။

ဤ​သင်တန်း​ကျောင်း​ဖြစ်မြောက်​ရန် ပါဝင်​ကူညီပေး​ရသော ဗေသလ​အိမ်သား​များ​ကို ရစ်ချက်​ဒ် အက်​ရှ်​က လူတွေ့မေးမြန်း​ခဲ့​သည်။ ဂိလဒ်​ကျောင်း​မှ သင်တန်းသား​များ အကျိုး​အပြည့်အဝ​ရရှိစေရန် ဗေသလ​အိမ်သား​များ​၏​ပါဝင်​ကူညီ​မှု​အကြောင်း သူတို့၏​မှတ်ချက်များ​က သိရှိ​စေ​သည်။ ထို့နောက် ဂျက်ဖရီ ဂျက်​ဆင်​က ယခင် ဂိလဒ်​ကျောင်းဆင်း​အချို့​နှင့် လူတွေ့မေးမြန်း​သည်။ သူတို့က ခရစ်ယာန်​သာသနာပြု​ခြင်း​ဖြင့် ယေဟောဝါ​အား ချီးမွမ်း​ဂုဏ်တင်​နိုင်သော အခွင့်အရေး​မြောက်မြားစွာ​ကို ဖော်ပြ​၏။ တစ်ဦး​က “ခရစ်ယာန်​သာသနာပြုတွေ လုပ်သမျှ၊ ပြော​သမျှ​ကို လူတွေ​ဂရုစိုက်​ပြီး မှတ်ထား​တတ်တယ်” ဟု​ဆို​သည်။ ထို့​ကြောင့် အချိန်မရွေး ပုံသက်သေ​ကောင်း​ပြ​ကြ​ရန်လို​သည်​ဟု သင်တန်းသား​များ​ကို တိုက်တွန်း​ခဲ့​သည်။ လက်တွေ့ကျ​သော ဤ​အကြံပြုချက်​သည် နောက်ပိုင်း​တွင် အသုံးကျ​မည်​မှာ​သေချာ​သည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​ဖြစ်သော စတီဗင် လက်​တ်​က “‘အသက်ရေ’ သယ်ဆောင်​သူများ​အဖြစ် ထွက်ခွာ​ကြလော့” အကြောင်း​ဖြင့် နိဂုံး​ချုပ်​ဟောပြောခဲ့​သည်။ (ယောဟန် ၇:၃၈) သင်တန်းသား​များသည် လွန်ခဲ့သော​ငါး​လ​အတွင်း သမ္မာကျမ်းစာ​အမှန်တရား​ရေ​ကို များစွာ​သောက်သုံးခြင်း​ဖြင့် အကျိုးကျေးဇူး​များစွာ ရရှိခဲ့ကြ​ကြောင်း သူ​ဖော်ပြ​သည်။ သို့သော် ခရစ်ယာန်​သာသနာပြု​အသစ်များ​သည် မိမိတို့​ဆည်းပူး​ထား​ရာ​များ​ကို မည်သို့​အသုံးချ​ကြ​မည်​နည်း။ အခြားသူများ​လည်း “ထာဝရ​အသက်ရှင်ခြင်း​အလို​ငှာ ထွက်​သော​စမ်းရေ” တွင်း​များ​ဖြစ်လာ​ကြ​စေဖို့ သောက်သုံး​ခဲ့​သော ဝိညာဉ်​ရေး​ရေ​များ​ကို ကိုယ်ကျိုး​မငဲ့ဘဲ ဝေမျှ​တိုက်ကျွေး​ကြ​ရန် ကျောင်းဆင်း​များ​ကို ညီအစ်ကို လက်​တ်​က တိုက်တွန်း​ခဲ့​သည်။ (ယောဟန် ၄:၁၄) “‘အသက်​စမ်းရေ​တွင်း’ ဖြစ်​တဲ့ ယေဟောဝါ​ကို ဂုဏ်တင်၊ ချီးမွမ်း​ဖို့ ဘယ်တော့မှ​မမေ့ပါနဲ့။ မိုးခေါင်​ရေ​ရှား​ဖြစ်နေ​တဲ့ မဟာ​ဗာဗုလုန်​က ထွက်​လာတဲ့​သူတွေကို သွန်သင်​ပေး​တဲ့​အခါ စိတ်ရှည်ပါ” ဟု​သူ​ဆက်​ပြော​သည်။ (ယေရမိ ၂:၁၃) ထို့နောက် ကျောင်းဆင်း​များသည် ဝိညာဉ်​တော်​နှင့်​သတို့သမီး​ကို စိတ်ရောကိုယ်ပါ တုပ​ကာ “ရေငတ်​သော​သူသည် လာပါစေ။ အလိုရှိ​သော​သူသည် အဖိုးကို​မပေး​ဘဲ အသက်ရေ​ကို​ယူပါ​စေ” ဟု​ဆို​နေကြ​ဖို့​ညီအစ်ကို လက်​တ်​က အားပေး​ရင်း နိဂုံး​ချုပ်​ခဲ့​သည်။—ဗျာ. ၂၂:၁၇

ညီအစ်ကို​ဂျဲရက်စ်​သည် နိုင်ငံ​အသီးသီး​မှ ပေး​ပို့​သော နှုတ်​ခွန်း​ဆက်​လွှာ​များ​ကို ဖတ်​ကြား​ပြ​ခြင်း​ဖြင့် အစီအစဉ်ကို နိဂုံး​ချုပ်​ခဲ့​သည်။ ထို့နောက် ကျောင်းဆင်း​တစ်ဦး​က ကျေးဇူး​တင်​စာ​ကို ဖတ်ပြ​၏။

အကူအညီ​သာ၍​လိုအပ်သော​နေရာတွင် အမှုဆောင်ရန် သင့်ကိုယ်​သင် ပေးဆက်​နိုင်​မည်​လော။ သို့​ဖြစ်​လျှင် အဆိုပါ​ကျောင်းဆင်း​များ​နည်းတူ ဝိညာဉ်​ရေး​ပန်းတိုင်​များ​ထား​ပါ။ တိုင်းတစ်ပါး​တွင် ခရစ်ယာန်​သာသနာပြု​တစ်ဦး​အဖြစ်​ဖြစ်စေ၊ မိမိ​ဒေသ​တွင် အမှုဆောင်​သူ​တစ်ဦး​အဖြစ်​ဖြစ်စေ ဘုရားသခင့်​လုပ်ငန်းတော်တွင် ဝမ်းသာ​အားရ အသုံးတော်ခံ​ခြင်း​မှ​ရရှိ​သည့် ကျေနပ်မှု​ကို ခံစား​ကြ​ပါ​လေ။

[စာမျက်နှာ ပါ လေးထောင့်ကွက်]

သင်တန်း​ဆိုင်ရာ​အချက်အလက်​များ

ကိုယ်စား​ပြု​နိုင်ငံ​အရေအတွက်– ၈

ခန့်အပ်​ခံရ​သည့်​နိုင်ငံ​အရေအတွက်– ၁၉

သင်တန်းသား​အရေအတွက်– ၄၆

ပျမ်းမျှ​အသက်– ၃၃.၀

ပျမ်းမျှ​အမှန်တရား​သက်တမ်း– ၁၆.၅

ပျမ်းမျှ​အချိန်ပြည့်​အမှုဆောင်​သက်တမ်း– ၁၂.၉

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​၏ ၁၁၈ ကြိမ်​မြောက်​သင်တန်း

အောက်ပါ​စာရင်း​တွင် အတန်း​များ​ကို ရှေ့တန်း​မှ​နောက်​တန်း​သို့ ရေတွက်​ပြီး အမည်များ​ကို လက်ဝဲ​မှ လက်ယာဘက်​သို့ စီ​ထား​သည်။

(1) Brockmeyer, A.; Moloney, S.; Symonds, N.; Lopez, Y.; Howard, C. (2) Jastrzebski, T.; Brown, D.; Hernandez, H.; Malagó​n, I.; Jones, A.; Connell, L. (3) Howard, J.; Lareau, E.; Shams, B.; Hayes, S.; Brown, O. (4) Burrell, J.; Hammer, M.; Mayer, A.; Kim, K.; Stanley, R.; Rainey, R. (5) Jastrzebski, P.; Zilavetz, K.; Ferris, S.; Torres, B.; Torres, F. (6) Connell, J.; Hernandez, R.; Moloney, M.; Malagó​n, J.; Shams, R.; Hayes, J. (7) Ferris, A.; Hammer, J.; Stanley, G.; Kim, C.; Symonds, S.; Lopez, D.; Burrell, D. (8) Brockmeyer, D.; Mayer, J.; Rainey, S.; Zilavetz, S.; Jones, R.; Lareau, J.