မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့’

‘ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့’

‘ကိုယ်ကို​ကိုယ် စစ်ကြော​နေကြ​လော့’

သင်တို့သည် ယုံကြည်ခြင်း၌​တည်​သလော၊ မတည်​သလော​ဟု ကိုယ်ကို​ကိုယ် စစ်ကြော​နေကြ​လော့။ ကိုယ်ကို​ကိုယ် စမ်းသပ်​နေကြ​လော့။’—၂ ကောရိန္သု ၁၃:၅

၁၊ ၂။ (က) ကျွန်ုပ်​တို့၏​ယုံကြည်ချက်​နှင့်​ပတ်သက်​၍ မသေချာ​မရေရာ​ဖြစ်နေ​ခြင်း​က အဘယ်​အကျိုး​သက်ရောက်​နိုင်​သနည်း။ (ခ) အဘယ်​အခြေအနေ​က ပထမ​ရာစု​ရှိ​ကောရိန္သု​မြို့မှ လူ​အချို့​အား လိုက်လျှောက်​အပ်သော​လမ်းစဉ်​ကို ယုံမှား​သံသယ​ဖြစ်စေ​ခဲ့​သနည်း။

ကျေးလက်​ဒေသ​တစ်ခု​တွင် ခရီး​သွား​နေသော အမျိုးသား​တစ်ဦး​သည် လမ်းဆုံ​လမ်းခွ​တစ်​နေရာသို့ ရောက်လာ​သည်။ မည်သည့်​လမ်း​က သူ​သွား​လို​ရာ​ခရီး​ပန်းတိုင်​သို့ ဦးတည်​နေမှန်း မသေ​မ​ချာ​ဖြစ်နေ​သောကြောင့် လမ်းသွားလမ်းလာ​တို့အား မေးမြန်း​ကြည့်​ရာ တစ်ယောက်​တစ်​ပေါက် လမ်းညွှန်​ကြသည်။ သို့​နှင့် သူ​ခေါင်းရှုပ်​သွား​ကာ ခရီး​မ​ဆက်​နိုင်​တော့​ပေ။ ကျွန်ုပ်​တို့၏​ယုံကြည်ချက်များ​နှင့်​ပတ်သက်​၍ သံသယများ​ရှိနေခြင်းက အလားတူ အကျိုး​သက်ရောက်​စေနိုင်​သည်။ ထို​ကဲ့သို့ မရေရာမှု​က ဆုံးဖြတ်ချက်​များ​ချရန် အဟန့်အတား​ဖြစ်စေ​ပြီး လိုက်လျှောက်​အပ်​သည့်​လမ်းစဉ်​ကို မသေ​မ​ချာ​ဖြစ်စေ​သည်။

ဂရိ​နိုင်ငံ၊ ကောရိန္သု​မြို့ရှိ ပထမ​ရာစု​ခရစ်ယာန်​အသင်းတော်တွင် လူ​အချို့​အပေါ် အလားတူ ဩဇာ​သက်ရောက်​စေနိုင်​သော အခြေအနေ​တစ်ခု ပေါ်ပေါက်​ခဲ့​သည်။ ‘ထူးချွန်​တမန်​တော်​ကြီး​များ’ သည် တမန်​တော်​ပေါလု​၏​အခွင့်အာဏာကို စောဒကတက်​ကာ ဤသို့​ဆို​ကြသည်– “ထို​သူ၏​စာ​သည် လေးလံ​သော​စာ၊ တန်ခိုး​နှင့်​ပြည့်စုံသော​စာ​ဖြစ်၏။ ကိုယ်တိုင်​ရှိလျှင်​မူ​ကား သတ္တိ​မရှိသော​သူ၊ အချည်းနှီး​သော​စကား​ကို ပြော​သော​သူ​ဖြစ်သည်။” (၂ ကောရိန္သု ၁၀:၇-၁၂; ၁၁:၅၊ ၆) အဆိုပါ​ရှုထောင့်​မျိုး​က ကောရိန္သု​အသင်းတော်​ရှိ လူ​အချို့​အား မည်သို့​ဆက်လျှောက်​လှမ်း​ရမည်ကို ယုံမှား​သံသယ​ဖြစ်စေ​ပေမည်။

၃၊ ၄။ ကောရိန္သု​မြို့သား​များ​အား ပေါလု​၏​အကြံပေး​ချက်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။

စီ.အီး. ၅၀ တွင် ကောရိန္သု​မြို့​သို့ ပေါလု​လည်ပတ်​ခဲ့​စဉ်​က ထို​အသင်းတော်ကို တည်ထောင်​ခဲ့​သည်။ သူသည် ကောရိန္သု​မြို့တွင် ‘ဘုရားသခင်​၏​နှုတ်မြွက်တော်​ကို ဟောပြော​သွန်သင်​၍ တစ်နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​နေ​လေ​၏။’ အမှန်​အားဖြင့် “ကောရိန္သု​ပြည်သား​အများ​တို့သည်​လည်း ယုံကြည်၍ ဗတ္တိဇံ​ကို​ခံ​ကြ​၏။” (တမန်​တော် ၁၈:၅-၁၁) ပေါလု​သည် ကောရိန္သု​မြို့ရှိ ယုံကြည်သူချင်း​တို့၏​ဝိညာဉ်​ရေး​ကို အလွန်​စိတ်ဝင်စား​ခဲ့​သည်။ ထို့​ပြင် ကောရိန္သု​မြို့သား​များ​က ကိစ္စရပ်​တချို့​နှင့်​ပတ်သက်​၍ ပေါလု​ထံ​စာရေး​ကာ အကြံဉာဏ်​တောင်းဆို​ခဲ့​ကြသည်။ (၁ ကောရိန္သု ၇:၁) ထို့​ကြောင့် ပေါလု​က သူတို့ကို အကြံဉာဏ်​ကောင်း​ပေး​ခဲ့​သည်။

‘သင်တို့သည် ယုံကြည်ခြင်း၌​တည်​သလော၊ မတည်​သလော​ဟု ကိုယ်ကို​ကိုယ်​စစ်ကြော​နေကြ​လော့။ ကိုယ်ကို​ကိုယ်​စမ်းသပ်​နေကြ​လော့’ ဟု​ပေါလု​ရေးခဲ့​သည်။ (၂ ကောရိန္သု ၁၃:၅) ဤ​အကြံပေး​ချက်​ကို​လိုက်နာခြင်းက ကောရိန္သု​မြို့ရှိ ညီအစ်ကို​တို့ လိုက်လျှောက်​အပ်​သည့်​လမ်းစဉ်​နှင့်​ပတ်သက်​၍ မသေ​မ​ချာ​ဖြစ်နေ​ခြင်း​မှ ကာကွယ်​ပေး​ပါ​မည်။ ယနေ့ ကျွန်ုပ်​တို့ကို​လည်း အလားတူ​ကာကွယ်​ပေး​နိုင်​သည်။ သို့​ဆိုလျှင် ပေါလု​၏​အကြံပေး​ချက်​ကို မည်သို့​လိုက်နာ​နိုင်​မည်​နည်း။ ယုံကြည်ခြင်း၌​တည်​မတည် မည်သို့​စမ်းသပ်​နိုင်​မည်​နည်း။ ကျွန်ုပ်​တို့​ကိုယ်ကို​စစ်ကြော​ရာ​တွင် အဘယ်အရာ ပါဝင်​ပတ်သက်​သနည်း။

‘သင်တို့သည် ယုံကြည်ခြင်း၌ တည်​မတည် ကိုယ်ကို​ကိုယ်​စမ်းသပ်​နေကြ​လော့’

၅၊ ၆။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် စမ်းသပ်​ရန် အဘယ်​စံနှုန်း​ရှိ​သနည်း၊ ယင်းသည် အဘယ်ကြောင့် အကောင်းဆုံး​စံနှုန်း​ဖြစ်သနည်း။

စမ်းသပ်မှု​တစ်ခု​တွင် များသောအားဖြင့် စမ်းသပ်ခံ​ရသူ သို့​မဟုတ် စမ်းသပ်ခံ​ရသော​အရာ​တစ်ခုခု​ရှိပြီး ထိုသို့​စမ်းသပ်​ရန် စံ​တစ်ခု​ရှိ၏။ ဤ​တွင် စမ်းသပ်ခံ​ရသည်မှာ ကျွန်ုပ်​တို့​လက်ခံ​ထားသော ယုံကြည်ချက်များ​ဖြစ်သည့် ယုံကြည်ခြင်း​မဟုတ်​ချေ။ စမ်းသပ်ခံ​ရသည့်​အရာ​မှာ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​ဖြစ်၏။ ထို​စမ်းသပ်မှု​ပြု​ရန် ကျွန်ုပ်​တို့​တွင် စုံလင်သော​စံနှုန်း​တစ်ခု​ရှိသည်။ ဆာလံဆရာ​ဒါဝိဒ်​စပ်ဆို​သော ချီးမွမ်း​သီချင်း​တစ်ပုဒ်​တွင် ဤသို့​ဖော်ပြ​သည်– ‘ထာဝရ​ဘုရားသခင်​၏ တရားတော်​သည် စုံလင်​သည်​ဖြစ်၍ စိတ်​ဝိညာဉ်​ကို ပြုပြင်​တတ်၏။ ထာဝရ​ဘုရားသခင်​၏ သက်သေခံ​တော်​မူ​ချက်​သည် ဟုတ်မှန်​သည်​ဖြစ်၍ မ​လိမ္မာ​သော​သူတို့ကို လိမ္မာ​စေ​တတ်၏။ ထာဝရ​ဘုရားသခင်​၏ နည်း​ဥပဒေသ​တို့သည် ဖြောင့်မတ်​သည်​ဖြစ်၍ စိတ်နှလုံး​ကို ရွှင်လန်း​စေ​တတ်၏။ ထာဝရ​ဘုရားသခင်​၏ ပညတ်တော်​သည် စင်ကြယ်​သည်​ဖြစ်၍ မျက်စိ​ကို ရှင်းလင်း​စေ​တတ်၏။’ (ဆာလံ ၁၉:၇၊ ၈) သမ္မာကျမ်းစာ​တွင် ယေဟောဝါ​၏ စုံလင်သော​ပညတ်​များ၊ ဖြောင့်မတ်​သော​နည်း​ဥပဒေသ​များ၊ ဟုတ်မှန်​သော​သက်သေခံ​တော်​မူ​ချက်​နှင့် စင်ကြယ်သော​ပညတ်တော်​တို့ ပါရှိ​သည်။ ထို​တွင်​ပါရှိ​သော မိန့်မှာချက်​သည် စမ်းသပ်မှု​အတွက် အကောင်းဆုံး​စံနှုန်း​ဖြစ်၏။

ဘုရားသခင်​၏ မှုတ်သွင်းခံ​မိန့်မှာချက်​နှင့်​စပ်လျဉ်း၍ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– ‘ဘုရားသခင်​၏​နှုတ်မြွက်တော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့် ခြင်ဆီ​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။’ (ဟေဗြဲ ၄:၁၂) မှန်ပါသည်၊ ဘုရားသခင့်​နှုတ်မြွက်တော်​သည် ကျွန်ုပ်​တို့၏​အတွင်းစိတ်​နှလုံးကို စမ်းသပ်​နိုင်​သည်။ ဤ​ထက်မြက်​ပြီး တန်ခိုး​ပါ​သော​မိန့်မှာချက်ကို ကိုယ်​ကိုယ်တိုင် မည်သို့​အသက်ဝင်​စေနိုင်​မည်​နည်း။ ယင်း​တွင် အဘယ်​အကြောင်းပါ​သည်ကို ဆာလံဆရာ​ဒါဝိဒ်က ရှင်းလင်းစွာ​ဖော်ပြ​သည်။ သူ​ဤသို့​သီဆို​ခဲ့​သည်– ‘ယေဟောဝါ​၏​တရားတော်​ကို မွေ့လျော်​၍ တရားတော်​ကို နေ့​ည​မပြတ် ဖတ်ရှု​ဆင်ခြင်​အောက်မေ့​သော​သူသည် ပျော်ရွှင်​၏။’ (ဆာလံ ၁:၁၊ ၂က​ဘ) သမ္မာကျမ်းစာ​ထဲ​တွင် ‘ယေဟောဝါ​၏​တရားတော်’ ပါရှိ​သည်။ ထို့​ကြောင့် ယေဟောဝါ​၏​နှုတ်မြွက်တော်​ကို ဖတ်ရှု​ရာ​တွင် အားရ​နှစ်သက်​ရမည်။ သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ကာ တွေးတော​ဆင်ခြင်​ရန် အချိန်​ယူရ​မည်။ ထိုသို့​ပြု​ကြ​စဉ် စမ်းသပ်ခံ​ရသူ​များ​ဖြစ်သော ကျွန်ုပ်​တို့သည် ထို​တွင်​ရေးသား​ထား​ရာ​များ​၏ စမ်းသပ်မှု​ကို ခံ​ဖို့​လို​သည်။

၇။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် စမ်းသပ်​နိုင်သော အဓိက​နည်း​ကား အဘယ်နည်း။

ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် ကိုယ်ကို​ကိုယ်​စမ်းသပ်​နိုင်သော အဓိက​နည်း​မှာ သမ္မာကျမ်းစာ​ကို ဖတ်ရှု​ပြီး တွေးတော​ဆင်ခြင်ခြင်း၊ ထို့နောက် လေ့လာ​သိရှိ​ခဲ့​ရာ​များနှင့် ကျွန်ုပ်​တို့၏​အကျင့်အကြံ ကိုက်ညီ​မညီ ဆန်းစစ်​ကြည့်​ခြင်း​တို့​ဖြစ်၏။ ထို့​ပြင် သမ္မာကျမ်းစာ​ကို နားလည်​နိုင်​ရန် အကူအညီ​များစွာ ရရှိ​ထားသော​ကြောင့် ကျွန်ုပ်​တို့ ဝမ်းမြောက်​နိုင်​ကြသည်။

၈။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် စမ်းသပ်​ရာ​တွင် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ထုတ်ဝေ​သော စာပေ​များ​က မည်သို့​ကူညီပေး​နိုင်​သနည်း။

ယေဟောဝါ​သည် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ထုတ်ဝေ​သည့် သမ္မာကျမ်းစာ​ကို ရှင်းပြ​ပေး​သော စာပေ​များ​အားဖြင့် သွန်သင်၊ ညွှန်ကြား​နေ​တော်​မူ​သည်။ (မဿဲ ၂၄:၄၅) သာဓက​အနေ​နှင့် ယေဟောဝါ​ထံ​ချဉ်းကပ်​လော့ * စာအုပ် အခန်း​တိုင်း​၏​အဆုံး​တွင် “တွေးတော​ဆင်ခြင်​ရန်​မေးခွန်းများ” ခေါင်းစဉ်​ရှိ လေးထောင့်ကွက်​ကို သုံးသပ်ကြည့်​ပါ။ ထို​စာအုပ်​တွင်​ပါရှိ​သော ဤ​အပိုင်း​က မိမိကိုယ်ကို​ဆင်ခြင်​သုံးသပ်​ဖို့ အခွင့်အခါ​ကောင်း​များ​ပေါ်​စေ​သည်! ကင်းမျှော်စင်​နှင့် နိုးလော့! ဂျာနယ်​များ​တွင် ဆွေးနွေး​တင်ပြ​ထားသော အကြောင်းအရာ​များစွာကလည်း ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် စမ်းသပ်​ကြည့်​ရန် ကူညီပေး​သည်။ မကြာသေးမီ​က ကင်းမျှော်စင်​စာစောင်​များ​ပါ နယပုံပြင်​ကျမ်း​ဆိုင်ရာ ဆောင်းပါး​များနှင့်​ပတ်သက်​၍ ခရစ်ယာန်​အမျိုးသမီး​တစ်ဦး ဤသို့​ပြော​ခဲ့​၏– “ဒီ​ဆောင်းပါး​တွေ​က တကယ်​လက်တွေ့ကျတယ်။ ကျွန်မ​ရဲ့​အပြောအဆို၊ အမူအကျင့်​နဲ့ သဘောထားတွေ​ဟာ ယေဟောဝါ​ရဲ့ ဖြောင့်မတ်​တဲ့​စံနှုန်း​တွေ​နဲ့​ညီမ​ညီ ဆန်းစစ်​စေတယ်။”

၉၊ ၁၀။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် စစ်ဆေး​နေဖို့ အဘယ်​ပြင်ဆင်​ပေး​ချက်​များ​ကို ယေဟောဝါ​ပြု​တော်​မူ​သနည်း။

အသင်းတော်​အစည်းအဝေး​များ၊ တိုက်နယ်​စည်းဝေးပွဲ​များ၊ စည်းဝေးကြီး​များ​မှ ညွှန်ကြားမှု​နှင့် အားပေး​တည်ဆောက်မှု အများအပြားကို​လည်း ရရှိ​ထား​ကြသည်။ ယင်း​တို့သည် ဤသို့ ဟေရှာယ​ပရောဖက်ပြု​ခဲ့​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်​ပေး​သော ဝိညာဉ်​ရေးရာ​များ​ဖြစ်သည်– ‘နောက်ဆုံးသော​ကာလ​၌ ထာဝရ​ဘုရားသခင်​၏ အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်မှာ ချီး​မြှောက်၍​တည်​လိမ့်​မည်။ ခပ်သိမ်း​သော​လူမျိုး​တို့သည် ထို​တောင်​သို့ စည်းဝေး​ကြလိမ့်မည်။ များပြား​သော​သူတို့ကလည်း “လာ​ကြလော့၊ ထာဝရ​ဘုရားသခင်​၏​တောင်တော် . . . သို့​တက်​သွား​ကြ​ကုန်​အံ့။ လမ်းခရီးတော်​တို့ကို ပြသ​သွန်သင်​တော်​မူ​၍ ငါ​တို့သည် ခြေတော်ရာ​သို့ လိုက်သွား​ကြ​မည်” ဟု​ခရီး​သွား​လျက် ပြောဆို​ကြလိမ့်မည်။’ (ဟေရှာယ ၂:၂၊ ၃) ယေဟောဝါ​၏​နည်းလမ်းတော်​များနှင့်​ပတ်သက်​၍ ဤသို့​သော​သွန်သင်ချက်​များ ရရှိ​ထားခြင်း​က အမှန်ပင်​ကောင်းချီး​တစ်ရပ်​ဖြစ်၏။

၁၀ ခရစ်ယာန်​အကြီးအကဲ​များ​အပါအဝင် ဝိညာဉ်​ရေး​အရည်အချင်း​ပြည့်မီ​သူတို့၏ အကြံပေး​ချက်​ကိုလည်း လျစ်လျူရှု​၍​မရပါ။ သူတို့နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ညီအစ်ကို​တို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခု​သော [မကောင်းမှု] ကို​ပြု​မိ​လျှင် ဝိညာဉ်​ဆုကျေးဇူး​ကို​ခံရ​သော သင်တို့သည် အပြစ်​သွေးဆောင်ခြင်း​နှင့် ကိုယ်တိုင်​လွတ်​မည်​အကြောင်း၊ ကိုယ်ကို​သတိပြု​လျက် သိမ်မွေ့​နူးညံ့​သော​သဘော​နှင့် ထိုသို့​သော​သူကို​မ​စ၍ သူ၏​နေရာ၌ တည်မြဲ​တည်စေ​ပြန်​ကြလော့။” (ဂလာတိ ၆:၁) ကျွန်ုပ်​တို့ကို ပြုပြင်​တည့်မတ်​ပေး​သော ဤ​ပြင်ဆင်​ပေး​ချက်​အတွက် အလွန်​ကျေးဇူး​တင်​နိုင်​သည်​တကား!

၁၁။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် ဆန်းစစ်​နေရာတွင် အဘယ်အရာ လိုအပ်​သနည်း။

၁၁ ကျွန်ုပ်​တို့၏​စာပေ​များ၊ ခရစ်ယာန်​အစည်းအဝေးများနှင့် ခန့်အပ်​ခံ​အမျိုးသားများသည် ယေဟောဝါ​ထံ​မှ ကောင်းမွန်​လှ​သော ပြင်ဆင်​ပေး​ချက်​များ​ဖြစ်သည်။ သို့သော် ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် မိမိကိုယ်ကို​ဆန်းစစ်​ဖို့​လည်း​လို​သည်။ ထို့​ကြောင့် စာပေ​များ​ဖတ်ရှု​သည့်​အခါ သို့​မဟုတ် ကျမ်းစာ​သတိပေး​ချက်​ကို နားထောင်​သည့်​အခါ ‘ဒါ ငါ့ကို​ပြော​နေတာလား။ ငါ အဲဒီလိုလုပ်​နေ​သလား။ ခရစ်ယာန်​ယုံကြည်ချက်ကို ငါ​စွဲကိုင်​ထား​ရဲ့​လား’ ဟူ၍ မိမိကိုယ်ကို​မေး​ဖို့​လို​သည်။ ဤ​ပြင်ဆင်​ပေး​ချက်​များ​မှ​တစ်ဆင့် သိရှိ​ထားသော​အကြောင်းအရာ​ပေါ် သဘောထား​ပုံ​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အခြေအနေ​နှင့်​လည်း ဆက်စပ်​နေသည်။ “ဇာတိ​ပကတိ​လူသည် ဘုရားသခင်​၏​ဝိညာဉ်​တော်​အရာ​တို့ကို မခံမယူ။ ထို​အရာ​တို့သည် မိုက်မဲ​သော​အရာ​ဖြစ်သည်ဟု ထင်​တတ်၏၊ . . . ဝိညာဉ်​လူ​မူ​ကား ထို​အရာအလုံးစုံ​တို့ကို ပိုင်းခြား​၍​နားလည်​တတ်၏” ဟု​သမ္မာကျမ်းစာ​က ဆို​သည်။ (၁ ကောရိန္သု ၂:၁၄၊ ၁၅) ထို့​ကြောင့် ကျွန်ုပ်​တို့၏​စာအုပ်​များ၊ မဂ္ဂဇင်း​များနှင့် အခြား​စာပေ​များ​မှ ဖတ်ရှု​ခဲ့​ရာ၊ အစည်းအဝေးများနှင့် အကြီးအကဲ​များ​ထံ​မှ ကြားနာ​ခဲ့​ရာ​တို့​အပေါ် အပြုသဘော​နှင့် ဝိညာဉ်​ရေး​အမြင် ဆက်​ထိန်းထား​ရန် မကြိုးစား​သင့်​ပေ​လော။

‘ကိုယ်ကို​ကိုယ် စစ်ကြော​နေကြ​လော့’

၁၂။ ကျွန်ုပ်​တို့​ကိုယ်ကို စစ်ကြော​နေခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၂ ကျွန်ုပ်​တို့​ကိုယ်ကို စစ်ကြော​ရာ​တွင် မိမိကိုယ်ကို​ဝေဖန်​ဆန်းစစ်ခြင်း ပါဝင်​သည်။ ကျွန်ုပ်​တို့သည် အမှန်တရား​ထဲ​တွင် ရှိ​နေနိုင်​သော်လည်း ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အဆင့်​ကား အဘယ်နည်း။ မိမိတို့​ကိုယ်ကို အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း စစ်ကြော​ရာ​တွင် ရင့်ကျက်မှု​ရှိ​ခြင်း​နှင့် ဝိညာဉ်​ရေး​ပြင်ဆင်​ပေး​ချက်​များ​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း တင်ပြခြင်း​တို့​ပါဝင်​သည်။

၁၃။ ဟေဗြဲ ၅:၁၄ အရ ကျွန်ုပ်​တို့၏​ရင့်ကျက်မှုကို အဘယ်အရာက သက်သေပြ​သနည်း။

၁၃ ခရစ်ယာန်​ရင့်ကျက်မှု​ရှိကြောင်း အထောက်အထား​ကို မည်သို့​စစ်ဆေး​သိရှိ​နိုင်​သနည်း။ တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​သည်– “ကြေ​ခဲ​သော​အစာ​အာဟာရ​မူ​ကား ကိုယ့်​အာရုံများ​ကို အသုံးပြု​တတ်​သဖြင့် အလေ့အကျင့်​ရှိ၍ ကောင်း​မကောင်း​ကို ပိုင်းခြား​သိနိုင်​သော အရွယ်ရောက်​သူတို့​အဖို့​ဖြစ်၏။” (ဟေဗြဲ ၅:၁၄သမ္မာ) ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်​ပေးခြင်း​ဖြင့် ရင့်ကျက်​ကြောင်း သက်သေပြ​ကြသည်။ အားကစားသမား​တစ်ဦး​သည် အားကစား​တွင် ထူးချွန်​ဖို့ ခန္ဓာကိုယ်​ကြွက်သား​အချို့​ကို ထပ်တလဲလဲ​သုံး​ကာ​လေ့ကျင့်​နေရ​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ကျမ်းစာ​မူများ​ကျင့်သုံး​ခြင်း​ဖြင့် ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်ပေး​ရမည်။

၁၄၊ ၁၅။ သမ္မာ​ကျမ်းစာ​ပါ ပိုမို​လေးနက်​သော​အရာများ​ကို အဘယ်ကြောင့် ဇွဲရှိ​ရှိ​ကြိုးစား​လေ့လာ​သင့်​သနည်း။

၁၄ သို့ရာတွင် ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို မ​လေ့ကျင့်​မီ ယင်း​တို့​ရှိ​ထား​ဖို့​လို​သည်။ ထို​အစွမ်း​ရှိ​ရန် ဝီရိယ​ရှိ​ရှိ​ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ဖို့ မရှိမဖြစ်​လိုအပ်​သည်။ အထူးသဖြင့် ဘုရားသခင်​၏​နှုတ်မြွက်တော်​မှ ပိုမို​လေးနက်​သော​အရာများ​ကို မှန်မှန်​လေ့လာ​ပါ​က ပိုင်းခြား​သိမြင်နိုင်စွမ်း တိုးတက်လာ​မည်။ နှစ်များ​တစ်လျှောက် ကင်းမျှော်စင်​တွင် လေးနက်​သော​အကြောင်းအရာ​များစွာကို ဆွေးနွေး​ခဲ့​ကြပြီ။ ပိုမို​လေးနက်​သော​အမှန်တရား​အကြောင်း ဆွေးနွေး​ထား​သည့်​ဆောင်းပါး​များ ဖတ်ရှု​ရသောအခါ မည်သို့​တုံ့ပြန်​တတ်ကြ​သနည်း။ “ခက်ခဲ​သော​အရာအချို့” ပါရှိ​သောကြောင့် ယင်း​တို့ကို မဖတ်​ဘဲ​နေ​သလော။ (၂ ပေတရု ၃:၁၆) ထိုသို့​မဟုတ်ဘဲ ဆိုလိုရင်း​ကို​နားလည်​ရန် အထူး​ကြိုးစား​အားထုတ်​သင့်​သည်။—ဧဖက် ၃:၁၈

၁၅ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ရန် သင့်အတွက် ခက်ခဲ​လျှင်​ကော။ လေ့လာမှု​ကို ကြိုက်​နှစ်သက်​ရန် ကြိုးစား​အားထုတ်​ဖို့ အရေးကြီး​သည်။ * (၁ ပေတရု ၂:၃) ကျွန်ုပ်​တို့ ပိုမို​ရင့်ကျက်​လာ​ကြ​ရန် ကြေ​ခဲ​သော​အစာ​ဖြစ်သည့် သမ္မာ​ကျမ်းစာ​ပါ ပိုမို​လေးနက်​သော အမှန်တရား​များ​မှ အာဟာရများ​များ ရယူ​ထား​တတ်​ဖို့​လို​သည်။ သို့​မဟုတ်ပါ​က ကျွန်ုပ်​တို့​၌ ပိုင်းခြား​သိမြင်နိုင်စွမ်း အကန့်အသတ်​သာ​ရှိပါ​လိမ့်​မည်။ သို့ရာတွင် ရင့်ကျက်မှု​တင်ပြ​ရန် ပိုင်းခြား​သိမြင်နိုင်စွမ်း​ရှိ​ခြင်း​ထက်မက အကျုံးဝင်​သည်။ ကျွန်ုပ်​တို့ ကြိုးစား​လေ့လာ​ထားသော​အသိပညာကို နေ့စဉ်​အသက်တာတွင် ကျင့်သုံး​ရမည်။

၁၆၊ ၁၇။ “အကျင့်​ကျင့်​သော​သူ” ဖြစ်လာ​ခြင်း​နှင့်​ပတ်သက်​၍ တပည့်​ဖြစ်သူ​ယာကုပ်​က မည်သို့​တိုက်တွန်း​သနည်း။

၁၆ အမှန်တရားကို လေးမြတ်​တန်ဖိုး​ထား​ကြောင်း​ဖော်ပြ​သော ယုံကြည်ခြင်း​လုပ်ရပ်များ​က ကျွန်ုပ်​တို့ အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း သက်သေပြ​သည်။ မိမိကိုယ်ကို​ဝေဖန်​ဆန်းစစ်ခြင်း​ကဏ္ဍ​ကို ဖော်ပြ​ရန် ထိမိ​သော​ပုံ​ပ​မာ​တစ်ခု​အသုံးပြု​ကာ တပည့်​ဖြစ်သူ​ယာကုပ် ဤသို့​ဆို​သည်– “ကိုယ်ကို​ကိုယ်​လှည့်ဖြား​၍ နှုတ်မြွက်တော်​ကို နာ​ရုံ​မျှ​သာ​ပြုသောသူ​မဟုတ်၊ တရားကို​ကျင့်​သော​သူ​ဖြစ်​ကြလော့။ တရားကို​မကျင့်​ဘဲ နာ​ရုံ​မျှ​သာ​ပြုသောသူ​မည်​သည်​ကား မှန်​၌ မိမိ​ပကတိ​မျက်နှာကို ကြည့်​သော​သူနှင့်​တူ​၏။ အကြောင်း​မူ​ကား ကိုယ်ကို​ကိုယ်​ကြည့်​ပြီး​မှ အခြား​သို့​သွား​၍ မိမိ​အဆင်းသဏ္ဌာန်​ကို ချက်ချင်း​မေ့လျော့​တတ်၏။ လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံလင်သော​တရား၌ စေ့စေ့​ကြည့်ရှု​၍ တည်ကြည်သော​သူ​မူ​ကား တရား​နာ​၍ မေ့လျော့​သော​သူ​မဟုတ် အကျင့်​ကျင့်​သော​သူ​ဖြစ်​သဖြင့် မိမိ​ကျင့်​သော​အကျင့်​၌ မင်္ဂလာ​ရှိသောသူ​ဖြစ်၏။”—ယာကုပ် ၁:၂၂-၂၅

၁၇ ယာကုပ်​ပြော​နေသည်​မှာ ‘ဘုရားသခင်​ရဲ့ နှုတ်မြွက်တော်​ကြေး​မုံ​ကို စေ့စေ့​ကြည့်​ပြီး သင့်ကိုယ်​သင်​ဆန်းစစ်​ပါ။ အဲ့ဒီ​လို စဉ်​ဆက်​မပြတ်​လုပ်ဆောင်​ပြီး ဘုရားသခင့်​နှုတ်မြွက်တော်​ရဲ့​အလင်း​နဲ့ သင့်ကိုယ်​သင် နှိုက်နှိုက်​ချွတ်ချွတ်​စစ်ဆေး​ပါ။ အဲဒီနောက် မြင်တွေ့ခဲ့​ရာ​ကို ချက်ချင်း မမေ့​ဖျောက်​လိုက်ပါ​နဲ့။ လိုအပ်​တဲ့​ပြုပြင်မှု​တွေ ပြုလုပ်​ပါ’ ဟူ၍​ဖြစ်၏။ တစ်ခါတစ်ရံ ဤ​အကြံပေး​ချက်​ကို​လိုက်နာခြင်းက စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​နိုင်​သည်။

၁၈။ ယာကုပ်​၏​အကြံပေး​ချက်​ကို လိုက်နာခြင်း​သည် အဘယ်ကြောင့် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်သနည်း။

၁၈ ဥပမာ၊ ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ဖို့​လိုအပ်ချက်​ကို သုံးသပ်ကြည့်​ပါ။ “ဖြောင့်မတ်​ရာ​သို့​ရောက်​ခြင်း​ငှာ စိတ်နှလုံး​ဖြင့် ယုံကြည်​ရ၏။ ကယ်တင်ခြင်း​သို့​ရောက်​ခြင်း​ငှာ နှုတ်ဖြင့်​ဝန်ခံ​ရ၏” ဟု​ပေါလု​ရေးခဲ့​သည်။ (ရောမ ၁၀:၁၀၊ ၁၁) ကယ်တင်ခြင်း​ရဖို့ နှုတ်ဖြင့် လူသိရှင်ကြား​ကြေညာ​ရာ​တွင် များစွာ​ပြုပြင်​ပြောင်းလဲစရာ​လို​ပေမည်။ ဟောပြောခြင်း​လုပ်ငန်း​တွင်​ပါဝင်ခြင်း​က ကျွန်ုပ်​တို့​အများစု​အတွက် လွယ်ကူ​သော​အလုပ်​မဟုတ်ပါ။ ယင်း​လုပ်ငန်း​ကို ဇွဲရှိ​ရှိ​လုပ်ဆောင်ရန်​နှင့် ဦးစားပေး​ရန် ထပ်​ပြုပြင်​ပြောင်းလဲစရာ​များ၊ အနစ်နာခံ​စ​ရာ​များ​ပြုလုပ်​ဖို့ လို​ပေမည်။ (မဿဲ ၆:၃၃) သို့သော် ဤ​ဘုရားသခင်​ပေး​တာဝန်​ကို ကျွန်ုပ်​တို့​စ​ထမ်းဆောင်​သည်​နှင့် ယေဟောဝါ​အား ချီးမွမ်း​ခွင့်​ရ​သဖြင့် ပျော်ရွှင်​နိုင်​ကြသည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် စိတ်​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​နေ​သူများ​ဖြစ်​ကြ​သလော။

၁၉။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​လုပ်ရပ်များ​တွင် အဘယ်အရာ အကျုံးဝင်​သင့်​သနည်း။

၁၉ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​လုပ်ရပ်များ​တွင် အဘယ်အရာ အကျုံးဝင်​သင့်​သနည်း။ ပေါလု​ဤသို့​ဆို​သည်– “သင်တို့သည် အထက်​က​သင်​ယူ၍ ငါ​၌​ကြား​မြင်ခဲ့​ပြီး​သမျှ​တို့ကို ကျင့်​ကြလော့။ ထိုသို့​ကျင့်​လျှင် ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိ​တော်​မူ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၉) ခရစ်ယာန်​ဆက်ကပ်​အပ်နှံခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​တွင် အပြည့်အစုံ​ပါဝင်သော သင်ယူ၊ လက်ခံ၊ ကြားနာ​၍ မြင်တွေ့ခဲ့​ရာ​တို့ကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် ကျွန်ုပ်​တို့ အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း သက်သေပြ​ကြသည်။ ယေဟောဝါ​သည် ပရောဖက်​ဟေရှာယ​အားဖြင့် ဤသို့​ညွှန်ကြား​နေသည်– “ဤ​မည်​သော​လမ်း​သည် မှန်​၏။ ဤ​လမ်း၌​သွားလော့။”—ဟေရှာယ ၃၀:၂၁

၂၀။ အဘယ်​ပုဂ္ဂိုလ်​မျိုး​က အသင်းတော်​အတွက် ကြီးမားသော​ကောင်းချီး​တစ်ရပ်​ဖြစ်သနည်း။

၂၀ သမ္မာကျမ်းစာ​ကို ဇွဲရှိ​ရှိ​လေ့လာ​ကြသော၊ သတင်းကောင်းကို ထက်သန်​စွာ​ဟောပြောကြ​သော၊ တည်ကြည်​ဖြောင့်မတ်​ရာ​တွင် အပြစ်ဆိုဖွယ်​မရှိသော၊ ဘုရားသခင့်​နိုင်ငံတော်​ကို သစ္စာစောင့်သိ​သော အမျိုးသား၊ အမျိုးသမီးများ​သည် အသင်းတော်​အတွက် တကယ့်​ကောင်းချီး​တစ်ရပ်​ဖြစ်၏။ သူတို့​ပူးပေါင်း​နေသော အသင်းတော်တွင် သူတို့​ရှိနေခြင်းက ၎င်း​အသင်းတော်ကို တိုး၍​ခိုင်ခံ့​စေ​သည်။ သူတို့သည် အလွန်​အထောက်အကူ​ပြုသူ​များ​ဖြစ်​ကြသည်၊ အကြောင်း​မှာ ဖေးမ​ကူညီ​ရမည့်​လူသစ်များ​စွာ ရှိနေ​သောကြောင့်​ဖြစ်သည်။ ‘ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​သလော၊ မတည်​သလော​ဟု ကိုယ်ကို​ကိုယ် စစ်ကြော​နေကြ​လော့။ ကိုယ်ကို​ကိုယ် စမ်းသပ်​နေကြ​လော့’ ဟူ​သည့် ပေါလု​၏​အကြံပေး​ချက်​ကို နှလုံး​သွင်း​ကြသောအခါ ကျွန်ုပ်​တို့​လည်း အခြား​သူများကို အကျိုးပြု​သူများ​ဖြစ်လာ​နိုင်​ပါ​သည်။

ဘုရားသခင်​၏​အလိုတော်​ဆောင်​ရာ​တွင် အားရ​ဝမ်းမြောက်​ပါ

၂၁၊ ၂၂။ ဘုရားသခင်​၏​အလိုတော်​ဆောင်​ရာ​တွင် မည်သို့ အားရ​ဝမ်းမြောက်​နိုင်​ကြ​မည်​နည်း။

၂၁ ရှေး​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ် ဤသို့​စပ်ဆို​ခဲ့​သည်– “အကျွန်ုပ်၏​ဘုရားသခင် ကိုယ်တော်​၏​အလိုကို​ဆောင်​ရာ​၌ အကျွန်ုပ်သည် အားရ​ဝမ်းမြောက်​ပါ​၏။ ကိုယ်တော်​၏​တရားသည်​လည်း အကျွန်ုပ်​နှလုံး​ထဲမှာ​ရှိပါ၏။” (ဆာလံ ၄၀:၈) ဒါဝိဒ်​သည် ဘုရားသခင်​၏​အလိုတော်​ဆောင်​ရာ​တွင် အားရ​ဝမ်းမြောက်​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဘုရားသခင်​၏​တရားတော်​ကို ဒါဝိဒ် နှလုံး​သွင်းထား​သောကြောင့်​ဖြစ်၏။ ထို့​ကြောင့် သူ​လိုက်လျှောက်​အပ်​သည့်​လမ်းစဉ်​နှင့်​ပတ်သက်​၍ မသေ​မ​ချာ​မဖြစ်ခဲ့​ပါ။

၂၂ ဘုရားသခင်​၏​တရားတော်​ကို ကျွန်ုပ်​တို့​နှလုံး​သွင်းထား​သောအခါ လိုက်လျှောက်​အပ်​သည့်​လမ်းစဉ်​နှင့်​ပတ်သက်​၍ မသေ​မ​ချာ​ဖြစ်​မည်​မဟုတ်ပါ။ ဘုရားသခင်​၏​အလိုတော်​ဆောင်ရန် ကျွန်ုပ်​တို့ အားရ​ဝမ်းမြောက်​ကြ​၏။ သို့​ဖြစ်၍ ယေဟောဝါ​အား နှလုံးပါပါ​ဝတ်ပြု​ကိုးကွယ်​ကြ​စဉ် “ကြိုးစား​အားထုတ်” ကြပါစို့။—လုကာ ၁၃:၂၄

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။

^ အပိုဒ်၊ 15 မည်သို့​လေ့လာ​နိုင်​ကြောင်း အထောက်အကူ​ပြု​အကြံပေး​ချက်​ကို​ရရှိရန် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​ပညာရေး​မှ အကျိုး​ရယူ​စာအုပ်​၏ စာမျက်နှာ ၂၇-၃၂ ကို​ရှု။

သင်​မှတ်မိ​သလော

• ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း၌​တည်​မတည် မည်သို့​စမ်းသပ်​နိုင်​ကြ​မည်​နည်း။

• ကျွန်ုပ်​တို့သည် မည်သို့သော​လူစားမျိုး​ဖြစ်​ကြောင်း စစ်ကြော​ရာ​တွင် အဘယ်အရာ​ပါဝင်​သနည်း။

• ခရစ်ယာန်​ရင့်ကျက်မှု​ရှိကြောင်း အဘယ်​အထောက်အထား​ပြ​နိုင်​သနည်း။

• ကျွန်ုပ်​တို့သည် အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း အကဲဖြတ်​ရန် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​လုပ်ရပ်များ​က မည်သို့ ကူညီပေး​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယုံကြည်ခြင်း၌​တည်​မတည် စမ်းသပ်​နိုင်သော အဓိက​နည်းလမ်းကို သင်​သိ​သလော

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို အသုံးပြုခြင်း​ဖြင့်​ကျွန်ုပ်​တို့၏​ခရစ်ယာန်​ရင့်ကျက်မှုကို ပြသ​ကြ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]

‘ကြားနာ​ပြီး မေ့လျော့သူ​မဟုတ်၊ တရားကို​ကျင့်​သော​သူ​ဖြစ်’ လာ​ခြင်း​ဖြင့် ကျွန်ုပ်​တို့ အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း ပြသ