စစ်မှန်သောသွန်သင်ချက်များ အဘယ်နေရာတွင် တွေ့ရှိနိုင်
စစ်မှန်သောသွန်သင်ချက်များ အဘယ်နေရာတွင် တွေ့ရှိနိုင်
တိဘက်အမျိုးသားတစ်ဦးသည် လက်ရေးဆုတောင်းစကားများပါသည့် ဆုတောင်းဘီးတစ်ခုကို လှည့်သည်။ ထိုဘီးကိုလှည့်တိုင်း သူ့ဆုတောင်းချက်များ တစ်ခါထပ်ကျော့သည်ဟု သူယုံကြည်သည်။ အိန္ဒိယရှိ အိမ်ကျယ်ကြီးတစ်လုံးတွင် နတ်ဘုရားနှင့်ဘုရားမ အမျိုးမျိုး၏ရုပ်ပုံများရှေ့ နံ့သာပေါင်းများ၊ ပန်းများနှင့် အခြားအရာများ ကပ်လှူပူဇော်ခြင်း ပါဝင်သည့်ဝတ်ပြုမှုဖြစ်သော ပူဂျာပြုလုပ်ရန် အခန်းငယ်လေးတစ်ခု သီးသန့်ထားရှိသည်။ မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော အီတလီတွင် အမျိုးသမီးတစ်ဦးသည် ခမ်းနားကြီးကျယ်လှသောချာ့ခ်ျတစ်ခုရှိ ယေရှု၏မိခင် မာရိ၏ရုပ်ပုံရှေ့တွင် ဒူးထောက်ပြီး စိပ်ပုတီးတစ်ကုံးကိုင်ကာ ဆုတောင်းသည်။
လူတို့အပေါ် ဘာသာတရား၏သြဇာလွှမ်းမိုးမှုကို သင်ကိုယ်တိုင်တွေ့ခဲ့ဖူးမည်။ “ဘာသာတရားသည် ကမ္ဘာတစ်ဝန်းလုံးရှိ အဖွဲ့အစည်းများ၏ အသက်သွေးကြောဖြစ်ခဲ့ပြီး ဆက်၍ဖြစ်နေဦးမည်” ဟု ကမ္ဘာ့ဘာသာတရားများ—ရှင်သန်နေသောယုံကြည်ခြင်းများကို သိနားလည်ခြင်း ဟူသည့်စာအုပ်ကဖော်ပြသည်။ ဘုရားသခင်—ရာဇဝင်အကျဉ်းချုပ်စာအုပ်တွင် စာရေးဆရာ ဂျွန် ဘိုကာက ဤသို့ဆိုသည်– “ဘုရားသခင်ကို အယုံအကြည်မရှိသော၊ ကိုယ်တော်အား စကြဝဠာထိန်းချုပ်ရှင်၊ ဖန်ဆင်းရှင်အဖြစ် အယုံအကြည်မရှိသော လူ့အဖွဲ့အစည်းဟူ၍ မရှိဖူးပါ။ ဘာသာရေးနှင့်ပတ်သက်မှုမရှိအောင် တမင်တကာသီးသန့်ခွဲခြားနေသော အသင်းအဖွဲ့များ၌ပင် ထိုသို့ဖြစ်သည်။”
ဘာသာတရားသည် လူသန်းပေါင်းများစွာတို့၏ အသက်တာများကို အမှန်ပင် ဩဇာလွှမ်းမိုးခဲ့သည်။ ဤအချက်က လူတို့၌ ဝိညာဉ်ရေးလိုအပ်ချက်နှင့် ယင်းကိုတောင့်တစိတ်ရှိကြောင်း အခိုင်အမာပြသနေသည်မဟုတ်လော။ ဒေါက်တာ ကားလ် ဂျီ ဂျန်းက တိမ်မြုပ်နေသောပင်ကို ဟူသည့်သူ၏စာအုပ်တွင် မိမိထက်ကြီးမားသောတန်ခိုးတစ်ခုအား ကိုးကွယ်လိုသည့် လူ့ဆန္ဒကိုရည်ညွှန်းပြီး “လူ့သမိုင်းတစ်လျှောက် ယင်းသဘောထား ထင်ရှားပေါ်လွင်ကြောင်း တွေ့မြင်နိုင်သည်” ဟုဆိုသည်။
သို့တိုင် လူများစွာသည် ဘုရားသခင်ရှိသည်ဟုမယုံကြည်၊ ဘာသာရေးကိုလည်း လုံးလုံးစိတ်မဝင်စားကြချေ။ ဘုရားသခင်ရှိကြောင်း သံသယရှိသူ၊ သို့မဟုတ် ငြင်းပယ်ကြသူအချို့မှာ သူတို့အကျွမ်းတဝင်ရှိသည့် ဘာသာတရားများသည် သူတို့၏ဝိညာဉ်ရေးလိုအပ်ချက်ကို ဖြည့်စွက်မပေးနိုင်၍ဖြစ်သည်။ ဘာသာတရားဆိုသည်မှာ “မူတစ်ခုခုကို စွဲလမ်းတမ်းမှန်းလေးမြတ်ခြင်း၊ တင်းကြပ်စွာသစ္စာစောင့်ခြင်း၊ တည်ကြည်ခြင်း၊ တာဝန်သိသိကျင့်ခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်း သို့မဟုတ် တွယ်တာမှုရှိခြင်း” ဖြစ်၏ဟုဆိုသည်။ ဤအနက်ဖွင့်ဆိုချက်အရ လူတိုင်းလိုလို သူတို့၏အသက်တာတွင် တစ်နည်းနည်းဖြင့် ဘာသာတရားဆည်းကပ်ဝတ်ပြုကြသည်။ ထိုတွင် ဘုရားသခင်မဲ့ဝါဒီများပင် ပါဝင်သည်။
လူ့သမိုင်း နှစ်ထောင်ပေါင်းများစွာအတွင်း ဝိညာဉ်ရေးလိုအပ်ချက်ကို လူတို့ဖြည့်ဆည်းရန် နည်းလမ်းများစွာ ကြိုးစားစမ်းသပ်ခဲ့ကြသည်။ ရလဒ်မှာ ကမ္ဘာတစ်ဝန်းလုံးတွင် ဘာသာရေးအမြင်အယူအဆ များစွာကွဲပြားလျက်ရှိခြင်းဖြစ်သည်။ ဥပမာအနေနှင့် မိမိထက်တန်ခိုးကြီးမားသော အရာတစ်ခုခုရှိသည်ကို ဘာသာတရားအားလုံးနီးပါးက ယုံကြည်ကြသော်လည်း ထိုအရာမှာမည်သူဖြစ်ကြောင်း သို့မဟုတ် မည်သည့်အရာဖြစ်ကြောင်းနှင့်ပတ်သက်၍ ကွဲပြားခြားနားသောအယူအဆများ ရှိကြသည်။ ယုံကြည်မှုအများစုကလည်း ကယ်တင်ခြင်း သို့မဟုတ် လွတ်မြောက်ခြင်းရဖို့ အရေးကြီးသည်ဟု အလေးပေးပြောဆိုကြသည်။ သို့သော် ကယ်တင်ခြင်းမှာအဘယ်အရာဖြစ်ပြီး ယင်းကိုမည်သို့ရနိုင်ကြောင်းနှင့် ပတ်သက်၍ သူတို့၏သွန်သင်ချက်များမှာ ကွဲပြားလှသည်။ ထိုသို့သောယုံကြည်မှုအမြောက်အမြားထဲမှ ဘုရားသခင်နှစ်သက်လက်ခံသည့် စစ်မှန်သောသွန်သင်ချက်များကား အဘယ်အရာဖြစ်သည်ကို ကျွန်ုပ်တို့ မည်သို့ခွဲခြားသိမြင်နိုင်မည်နည်း။