မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ဘုရင်​ရှောလမုန်​သည် အသက်ကြီး​ပိုင်း​အရွယ်​တွင် ဘုရားသခင်​အပေါ်​မတည်​ကြည်​ခဲ့​သဖြင့် သူ​ရှင်ပြန်ထမြောက်​လိမ့်​မည်​မဟုတ်​ဟု ကျွန်ုပ်​တို့​ကောက်ချက်​ချ​နိုင်​သလော။—၃ ဓမ္မ​ရာဇဝင် ၁၁:၃-၁၀

သမ္မာကျမ်းစာ​၌ ရှင်ပြန်ထမြောက်​လာ​ကြ​မည့် တည်ကြည်သော​အမျိုးသား၊ အမျိုးသမီး​အချို့​ကို အမည်​ဖြင့်​စာရင်း​တင်ပြ​ထား​သော်လည်း အမည်​ပါ​သူ​တိုင်း ရှင်ပြန်ထမြောက်​မည်​ဟု အတိအကျ​မဖော်​ပြ​ထား​ပေ။ (ဟေဗြဲ ၁၁:၁-၄၀) သို့သော် ရှောလမုန်​ကိစ္စ​တွင် သူ​သေဆုံး​သွား​ချိန်​က​အဖြစ်အပျက်​နှင့် တည်ကြည်သူ​အချို့ သေဆုံး​ချိန်​၌​အဖြစ်အပျက်​ကို နှိုင်းယှဉ်​ကြည့်​ခြင်း​ဖြင့် ဘုရားသခင်​၏​ဆုံးဖြတ်ချက်​ကို ကျွန်ုပ်​တို့​သဘောပေါက်​နိုင်​ပေ​သည်။

သမ္မာကျမ်းစာ​က သေခြင်းနှင့်​ပတ်သက်ပြီး ဖြစ်​နိုင်​ခြေ​နှစ်ခု​ရှိသော ခဏတာ​မတည်ရှိ​သည့်​အခြေအနေ​နှင့် ထာဝရ​သေဆုံး​သည့်​အခြေအနေ​အကြောင်း​သာ ဖော်ပြ​ထား​သည်။ ရှင်ပြန်ထမြောက်​ရန်​မထိုက်တန်​ဟု စီရင်ခံ​ရသူ​တို့သည် “ဂေဟင်္နာ” သို့​မဟုတ် “မီး​အိုင်” ထဲ​သို့​ချပစ်​ခံရ​သည်။ (မဿဲ ၅:၂၂; မာကု ၉:၄၇၊ ၄၈; ဗျာ. ၂၀:၁၄) ထို​သူတို့တွင် ပထမ​လူသား​မောင်နှံ အာဒံ​နှင့်​ဧဝ၊ သစ္စာဖောက် ယုဒရှကာရုတ်၊ နောဧ​လက်ထက်​မှ​လူများ​နှင့် သောဒုံ​နှင့်​ဂေါမောရ​မြို့သား​များ​ကဲ့သို့​သော ဘုရားသခင်​ဒဏ်​စီရင်​သည့်​အချိန်​က သေဆုံး​ခဲ့​သူတို့​ပါဝင်​သည်။ * ရှင်ပြန်ထမြောက်​လာ​ခွင့်​ရမည့်​သူများ​သည် သေဆုံးသော​အခါ လူသား​တို့၏​သာမန်​သင်္ချိုင်း​ဖြစ်သည့် ရှီး​အိုး​လ် သို့​မဟုတ် ဟေးဒီးစ်​သို့​ရောက်​ကြသည်။ သူတို့၏​အနာဂတ်​နှင့်​ပတ်သက်ပြီး သမ္မာကျမ်းစာ ဤသို့​ဆို​သည်– “သမုဒ္ဒရာ​သည် မိမိ​၌​ရှိသော​လူသေ​တို့ကို​အပ်ပေး​၏။ မရ​ဏာ​နှင့်​မရ​ဏာ​နိုင်ငံ [“သေခြင်းနှင့်​ဟေးဒီးစ်၊” က​ဘ] သည်လည်း မိမိတို့​၌​ရှိသော​လူသေ​တို့ကို​အပ်ပေး​ကြ​၏။ လူ​အသီးအသီး​တို့သည် မိမိတို့​အကျင့်​အတိုင်း တရား​စီရင်ခြင်း​ကို​ခံရ​ကြ​၏။”—ဗျာ. ၂၀:၁၃

သို့​ဖြစ်၍ ဟေဗြဲ​အခန်းကြီး ၁၁ တွင် ဖော်ပြ​ထားသော တည်ကြည်သူ​များသည် ရှီး​အိုး​လ် သို့​မဟုတ် ဟေးဒီးစ်​၌ ရှင်ပြန်ထမြောက်​ရန် စောင့်နေ​ကြသည်။ ထို​သူတို့တွင် ဘုရားသခင်​၏ တည်ကြည်သော​ကျေးကျွန် အာဗြဟံ၊ မောရှေ​နှင့် ဒါဝိဒ်​တို့​ပါ​သည်။ သူတို့၏​သေဆုံး​ခြင်း​နှင့်​ပတ်သက်ပြီး သမ္မာကျမ်းစာ မည်သို့​ပြော​သည်ကို ယခု​သုံးသပ်ကြ​မည်။ အာဗြဟံ​အား​ယေဟောဝါ ဤသို့​ပြော​သည်– “သင်သည် ဘိုးဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အသက်​ကြီးရင့်​လျက် သင်္ဂြိုဟ်ခြင်း​ကို​ခံရ​လိမ့်​မည်။” (ကမ္ဘာဦး ၁၅:၁၅) မောရှေ​အား ယေဟောဝါ ဤသို့​ပြော​သည်– “သင်သည် ဘိုးဘေး​တို့​နှင့်​အိပ်ပျော်” မည်။ (တရားဟောရာ ၃၁:၁၆) ရှောလမုန်​၏​ခမည်းတော်​ဒါဝိဒ်​နှင့် ပတ်သက်ပြီး သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ဒါဝိဒ်​သည် ဘိုးတော်​ဘေးတော်​တို့​နှင့်​အိပ်ပျော်​၍ ဒါဝိဒ်​မြို့၌ သင်္ဂြိုဟ်ခြင်း​ကို ခံ​တော်​မူ​၏။” (၃ ဓမ္မ​ရာဇဝင် ၂:၁၀) ထို့​ကြောင့် ‘ဘိုးဘေး​တို့​နှင့်​အိပ်ပျော်​သည်’ ဟူသော​ဖော်ပြချက်​က ထို​သူသည် ရှီး​အိုး​လ်​သို့​ရောက်သွား​သည်​ဟု တစ်နည်း​အားဖြင့်​ပြောနေခြင်း​ဖြစ်သည်။

ရှောလမုန်​သေဆုံးသော​အခါ အဘယ်​သို့​ဖြစ်​ခဲ့​သနည်း။ သမ္မာကျမ်းစာ​က ဤသို့​ဖြေဆို​သည်– “ရှောလမုန်​သည် ယေရုရှလင်​မြို့၌​နေ၍ ဣသရေလ​နိုင်ငံ​လုံး​ကို အနှစ်​လေးဆယ်​စိုးစံ​ပြီး​မှ၊ ဘိုးဘေး​တို့​နှင့်​အိပ်ပျော်​၍ ခမည်းတော်​ဒါဝိဒ်​မြို့၌ သင်္ဂြိုဟ်ခြင်း​ကို​ခံ​လေ​၏။” (၃ ဓမ္မ​ရာဇဝင် ၁၁:၄၂၊ ၄၃) ထို့​ကြောင့် ရှောလမုန်​သည် ရှီး​အိုး​လ် သို့​မဟုတ် ဟေးဒီးစ်​၌​ရှိနေပြီး ထို​နေရာ​မှ သူ​ရှင်ပြန်ထမြောက်​လာ​မည်​ဟု ကောက်ချက်​ချ​ခြင်း​မှာ သင့်လျော်​ပေ​သည်။

ဤ​ကောက်ချက်​အရ ‘သူတို့သည် ဘိုးဘေး​တို့​နှင့်​အိပ်ပျော်​သည်’ ဟု အခြားသူ​တို့​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​အတိအကျ​ဆိုလျှင် သူတို့လည်း ထမြောက်​လာနိုင်​ခြေ​ရှိသည့် သဘော​သက်ရောက်​သည်။ အမှန်​မှာ တည်ကြည်မှု​မရှိသည့် ရှောလမုန်​နောက်ပိုင်း ဘုရင်​များစွာ​နှင့်​ပတ်သက်​၍​လည်း ဤ​နည်း​အတိုင်း​ပြော​ထား​သည်။ “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်” ဖြစ်သော​ကြောင့် ဤ​အချက်​သည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ (တမန်​တော် ၂၄:၁၅) သို့သော် “[“အောက်မေ့​ရာ၊” က​ဘ] သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်း​တို့” ရှင်ပြန်ထမြောက်​ပြီး​နောက်​မှ​သာ မည်သူ​တို့သည် ထမြောက်​ခွင့်​ရ​ကြောင်း ကျွန်ုပ်​တို့​အတိအကျ​သိနိုင်​ကြ​မည်​ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉) ထို့​ကြောင့် ရှေးခေတ်​မှ​မည်သူ ထမြောက်​လာ​မည်​နှင့် ပတ်သက်ပြီး အတိအကျ​ပြော​မည့်​အစား ယေဟောဝါ​၏ ပြည့်ဝ​စုံလင်သော​ဆုံးဖြတ်ချက်​ကို ယုံကြည်​စိတ်ချ​စွာ ကျွန်ုပ်​တို့​စောင့်မျှော်​နေကြ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ၁၉၈၈၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀-၁ ကို​ရှု [လိပ်]။