ယေဟောဝါ၏အမှုတော်တွင် တစ်ကိုယ်ရေဘဝနှင့် အားရကျေနပ်နေခြင်း
‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏’
ယေဟောဝါ၏အမှုတော်တွင် တစ်ကိုယ်ရေဘဝနှင့် အားရကျေနပ်နေခြင်း
“အိမ်ထောင်မရှိကြပေမဲ့ ကျွန်မတို့အများစုက အလွန်ပျော်ရွှင်ကြတယ်” ဟု စပိန်နိုင်ငံမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးပြောသည်။ သူအားရကျေနပ်နေရခြင်း၏ အကြောင်းရင်းကား အဘယ်နည်း။ “စိုးရိမ်ပူပန်မှုတွေမရှိဘဲ ကျွန်မတို့ရဲ့ဘုရားသခင်ယေဟောဝါရဲ့ အမှုတော်ကို ပိုပြီးအပြည့်အဝဆောင်နိုင်တာကို ကျွန်မတို့ကြိုက်တယ်။”
ဤစိတ်ထားသည် တစ်ကိုယ်ရေနေခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင့်နှုတ်မြွက်စကားတော် ပြောသည့်စကားနှင့် ကိုက်ညီသည်။ ထိမ်းမြားခြင်းကိစ္စများကို တမန်တော်ပေါလုဆွေးနွေးသည့်အခါ ဤထိုးထွင်းသိမြင်မှုကို သူတင်ပြပေးခဲ့သည်– “မယားမရှိသောသူတို့နှင့် မုဆိုးမတို့ကိုငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင်ကောင်း၏။” ပေါလုကိုယ်တိုင် အိမ်ထောင်မပြုခဲ့ပေ။ သို့သော် တစ်ကိုယ်ရေနေခြင်းကို သူထောက်ခံရသည့် အကြောင်းရင်းကားအဘယ်နည်း။ အိမ်ထောင်သည်သည် စိတ်နှစ်ခွဖြစ်နေကြောင်း၊ အိမ်ထောင်မရှိသော အမျိုးသား၊ အမျိုးသမီးမူကား “သခင်ဘုရား၏အမှုကိုသာ သတိထားတတ်” ကြောင်း သူတင်ပြခဲ့သည်။ (၁ ကောရိန္သု ၇:၈၊ ၃၂-၃၄) တစ်ကိုယ်ရေသမားတစ်ဦးအား ပျော်ရွှင်ကျေနပ်စေသည့် အဓိကအချက်မှာ ယေဟောဝါအမှုတော်ဆောင်ခြင်းဖြစ်သည်။
မြင့်မြတ်သောရည်ရွယ်ချက်အတွက် တစ်ကိုယ်ရေနေခြင်း
ပေါလု၏ဤမှတ်ချက်များသည် အိမ်ထောင်ပြုခြင်းနှင့် မိသားစုထိန်းကျောင်းခြင်းကို အလေးအနက်ထားသော ယဉ်ကျေးမှုရှိသူများအတွက် စဉ်းစားရခက်စေပေမည်။ သို့သော် ကိုယ်တော်တိုင်ပင် အိမ်ထောင်မပြုခဲ့သော်လည်း ပျော်ရွှင်ကျေနပ်ခဲ့သည့်ယေရှုခရစ်သည် တစ်ကိုယ်ရေခရစ်ယာန်များအတွက် မြင့်မြတ်သောရည်ရွယ်ချက်တစ်ခုကို ဖော်ပြခဲ့သည်။ သူဤသို့ဆိုသည်– “အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဖို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်တတ်၏။ ထိုစကားကိုခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ၏။”—မဿဲ ၁၉:၁၂။
ထိုစကားများအတိုင်း တစ်ကိုယ်ရေနေခြင်းသည် အိမ်ထောင်သည်ဘဝတွင် ဖြစ်နေကျ အာရုံပျံ့လွင့်မှုမရှိဘဲ ဘုရားသခင်၏အမှုတော်ဆောင်နိုင်စေကြောင်း လူအများတွေ့ ရှိခဲ့ကြပြီ။ (၁ ကောရိန္သု ၇:၃၅) ခရစ်ယာန်ထောင်ပေါင်းများစွာသည် အိမ်ထောင်ဖက်မရှိဘဲ ယေဟောဝါအား ပျော်ရွှင်စွာဝတ်ပြုနေကြကာ အခြားသူများကို တက်တက်ကြွကြွ ထောက်ကူပေးခြင်းမှ ရွှင်လန်းမှုရရှိနေကြသည်။ *
ပျော်ရွှင်ခြင်းသည် အိမ်ထောင်သည်များအတွက်သာ မဟုတ်ကြောင်းနှင့် တစ်ကိုယ်ရေတစ်ကာယသမားများအားလုံး ဝမ်းနည်းနေရသည် မဟုတ်ကြောင်း အိမ်ထောင်မရှိသူခရစ်ယာန်များစွာ သိနားလည်ကြသည်။ ထိုအုပ်စုနှစ်စုလုံးရှိသူတို့သည် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုကို ရံဖန်ရံခါခံစားကြရသည်။ အမှန်မှာ၊ အိမ်ထောင်ပြုခြင်းကိုယ်နှိုက်သည် “လောကညှဉ်းဆဲခြင်း” ကိုဖြစ်စေ၏ဟု သမ္မာကျမ်းစာက လက်တွေ့ကျကျဖော်ပြသည်။—၁ ကောရိန္သု ၇:၂၈။
အခြေအနေအရ တစ်ကိုယ်ရေသမားဖြစ်ခြင်း
လူများစွာသည် သူတို့၏ရွေးချယ်မှုအရမဟုတ်ဘဲ အခြေအနေအရ တစ်ကိုယ်ရေသမားဖြစ်ကြသည်။ အိမ်ထောင်ရေးအစီအစဉ်အတွင်း ရှာတွေ့နိုင်သည့် နွေးထွေးမှု၊ ပေါင်းသင်းဆက်ဆံမှုနှင့် တွယ်တာမှုတို့ကို သူတို့လိုချင်ပေမည်။ သို့သော် လူအချို့သည် ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် ထောက်ထားစရာ အခြားအကြောင်းများကြောင့် လောလောဆယ် အိမ်ထောင်မပြုဘဲနေပေမည်။ ချစ်မြတ်နိုးစရာ ဝိညာဉ်ရေးညီအစ်မများစွာအပါအဝင် အချို့ခရစ်ယာန်များသည် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုပါ ဟူသောကျမ်းစာသြဝါဒကို နာခံရန် စိတ်ဆုံးဖြတ်ထားခြင်းကြောင့် တစ်ကိုယ်ရေနေခဲ့ကြပေမည်။ (၁ ကောရိန္သု ၇:၃၉) သူတို့သည် ယေဟောဝါထံဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော ဝတ်ပြုသူများတွင်သာ အိမ်ထောင်ဖက်ရှာလိုကြသည်။
တစ်ခါတစ်ရံ ဤသူတို့သည် အထီးကျန်ဖြစ်တတ်ကြသည်။ ခရစ်ယာန်တစ်ကိုယ်ရေသမားတစ်ဦးသည် ထိုကဲ့သို့ခံစားရကြောင်း ဝန်ခံပြီးနောက် ဤသို့ဖော်ပြသည်– “ယေဟောဝါရဲ့ပညတ်တွေကို ကျွန်မတို့သိပြီး ကိုယ်တော့်စိတ်တော်ကို နည်းနည်းမှ မငြိုငြင်စေလိုကြဘူး။ အိမ်ထောင်ဖက်တစ်ဦးနဲ့ ပေါင်းဖော်မှုကို ကျွန်မတို့လိုချင်ကြပေမဲ့ ‘ကျွန်မတို့ကိုအောင်သွယ်ပေး’ လိုကြတဲ့ လောကသားတွေ ဘယ်လိုပဲကြိုးစားပေးကြပါစေ ကျွန်မတို့မားမားမတ်မတ်ရပ်တည်ဆဲပဲ။ မယုံကြည်သူ အမျိုးသား၊ အမျိုးသမီးတွေနဲ့ အပေါင်းအဖော်တောင် မလုပ်ချင်ကြဘူး။” ဤကဲ့သို့သောခရစ်ယာန်များသည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ ခံစားနေကြရငြား ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် ကျမ်းစာသြဝါဒကိုလိုက်နာပြီး မြင့်မားသောစာရိတ္တစံနှုန်းများကို ထိန်းသိမ်းထားကြသည့်အတွက် သူတို့ကို ချီးမွမ်းထိုက်ပေသည်။
ဘုရားသခင်ထံမှ ရက်ရောသောကူညီမှု
ယေဟောဝါအားမကိုးကွယ်သူတို့ကို အိမ်ထောင်ပြုရန်ငြင်းဆန်ခြင်းကဲ့သို့သော ကိစ္စများ၌ ကိုယ်တော်အား တည်ကြည်မှုတင်ပြသူများကို ကိုယ်တော်တည်ကြည်တော်မူသည်။ မိမိကိုယ်တိုင်၏တွေ့ ကြုံမှုမှ ဒါဝိဒ်ဤသို့ပြောနိုင်ခဲ့သည်– “သနားတတ်သောသူ [“တည်ကြည်သောသူ၊” ကဘ] အား ကိုယ်တော်သည် သနားခြင်း [“တည်ကြည်သော၊” ကဘ] သဘောကိုလည်းကောင်း [ပြတော်မူ၏]။” (ဆာလံ ၁၈:၂၅) ထို့ပြင် ဘုရားသခင်အား တည်ကြည်စွာနာခံမှုပြကြသူများကို ကိုယ်တော်ဤသို့ကတိပေးသည်– “ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား။” (ဟေဗြဲ ၁၃:၅) ယေဟောဝါအားတုပသည့်အနေဖြင့် သမ္မာကျမ်းစာကို တည်ကြည်စွာစွဲကိုင်ထားသူ အရွယ်စုံခရစ်ယာန်တစ်ကိုယ်ရေသမားများအား ကျွန်ုပ်တို့ရက်ရက်ရောရော ချီးမွမ်းနိုင်ကြသည်။ သူတို့၏စိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ကြဖို့လည်း ယေဟောဝါခွန်အားပေးပါစေရန် ကျွန်ုပ်တို့ဆုတောင်းပေးနိုင်ကြသည်။—တရားသူကြီး ၁၁:၃၀-၄၀။
ကျမ်းစာပညာပေးလုပ်ငန်း၌ အပြည့်အဝပါဝင်ခြင်းသည် သူတို့၏ဘဝကို အဓိပ္ပာယ်ပိုရှိစေကြောင်း တစ်ကိုယ်ရေခရစ်ယာန်များစွာ တွေ့ ရှိကြသည်။ ဥပမာ၊ အသက် ၃၅ နှစ်ခန့်ရှိ အိမ်ထောင်မရှိသော အချိန်ပြည့်အမှုဆောင် သို့မဟုတ် ရှေ့ဆောင်အမျိုးသမီးဖြစ်သူ ပက်ထရီရှာ ကိုသုံးသပ်ကြည့်ပါ။ သူဤသို့ပြောပြသည်– “တစ်ကိုယ်ရေသမားဖြစ်တဲ့အတွက် စမ်းသပ်မှုတွေပေါ်ပေါက်လာပေမဲ့ ကျွန်မမှန်မှန်ရှေ့ဆောင်နိုင်ခွင့်ရခဲ့တယ်။ တစ်ကိုယ်ရေသမားဖြစ်တဲ့အတွက် ကျွန်မရဲ့အစီအစဉ်ဇယားက ပိုပြီးပြောင်းသာလွှဲသာရှိလို့ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ပိုရတယ်။ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ယေဟောဝါကို ပိုမှီခိုအားထားတတ်လာခဲ့တယ်။”
ဤကဲ့သို့သောသဘောထားများသည် သမ္မာကျမ်းစာ၏ ဤအားတက်ဖွယ်ကတိတော်အပေါ် အခြေပြုသည်– ‘ကိုယ်အမှုအရာကို ထာဝရဘုရားသခင်၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်။’ (ဆာလံ ၃၇:၅) အိမ်ထောင်သည်ဖြစ်စေ၊ လူပျိုလူလွတ်ဖြစ်စေ ယေဟောဝါအား တည်ကြည်စွာဝတ်ပြုသူရှိသမျှသည် ‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏’ ဟူသော မှုတ်သွင်းခံစကားများမှ ခွန်အားနှင့်နှစ်သိမ့်မှု ရယူနိုင်ကြပေသည်။—ဆာလံ ၁၂၁:၂၊ ကဘ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ၂၀၀၅ ယေဟောဝါသက်သေများ၏ပြက္ခဒိန်၊ ဇူလိုင်/သြဂုတ် ကိုရှု။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
“ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။”—၁ ကောရိန္သု ၇:၃၂
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
တစ်ကိုယ်ရေနေခြင်းကို ဆုကျေးဇူးသဖွယ်ဖြစ်စေခြင်း
အိမ်ထောင်မပြုခဲ့သူ ယေရှုက ဤသို့ဖော်ပြသည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”—ယောဟန် ၄:၃၄။
ဖိလိပ္ပု၏ အိမ်ထောင်မရှိသောသမီးလေးဦးသည် ‘ပရောဖက်ပြုခြင်း’ လုပ်ငန်း၌ အလုပ်များလျက်နေကြသည်။—တမန်တော် ၂၁:၈၊ ၉။
ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်နေကြသော တစ်ကိုယ်ရေခရစ်ယာန်ညီအစ်မများသည် ‘သတင်းကောင်းပြောသောမိန်းမတပ်မဟာကြီး’ တွင်ပါဝင်ကြသည်။—ဆာလံ ၆၈:၁၁၊ ကဘ။