ရှေးအကျဆုံး ရုရှားစာကြည့်တိုက်ဖြင့် သမ္မာကျမ်းစာကို “ရှင်းလင်းသိမြင်ခြင်း”
ရှေးအကျဆုံး ရုရှားစာကြည့်တိုက်ဖြင့် သမ္မာကျမ်းစာကို “ရှင်းလင်းသိမြင်ခြင်း”
ပညာရှင်နှစ်ဦးသည် ရှေးဟောင်းသမ္မာကျမ်းစာ,စာမူများကို ရှာပုံတော်ဖွင့်နေကြ၏။ သူတို့သည် သဲကန္တာရများကို ဖြတ်ကျော်၍ ဥမင်လိုဏ်ခေါင်းများ၊ ဝတ်ကျောင်းများနှင့် ချောက်ကမ်းပါးရှိ ရှေးဟောင်းလူနေအိမ်များတွင် သီးခြားစီ ရှာဖွေကြ၏။ နှစ်ပေါင်းများစွာအကြာတွင် ရှေးအကျဆုံး ရုရှားပြည်သူ့စာကြည့်တိုက်တစ်ခုတွင် သူတို့တွေ့ဆုံခဲ့ကြ၏၊ ကမ္ဘာပေါ် တွေ့ခဲ့ဖူးသမျှတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်သည့် ကျမ်းစာ,စာမူအချို့ကို ထိုတွင် သူတို့တွေ့ရှိခဲ့ကြ၏။ ဤသူတို့ကား မည်သူတို့နည်း။ သူတို့ရှာဖွေတွေ့ရှိခဲ့သော ရတနာသိုက်သည် ရုရှားသို့ မည်သို့ရောက်ရှိနေသနည်း။
ရှေးဟောင်းစာမူများ—ဘုရားသခင့်စကားတော်ကို ထောက်ခံ
အဆိုပါကျမ်းပညာရှင်နှစ်ဦးမှ တစ်ဦးကို တွေ့ဆုံရန် ပညာရှင်တော်လှန်ရေးလေများ ဥရောပတွင် တိုက်ခိုက်ခဲ့ချိန် ၁၉ ရာစုနှစ်ဆန်းပိုင်းသို့ ပြန်သွားကြည့်ကြရမည်။ ယင်းသည် မိရိုးဖလာခံယူချက်များကို သံသယရှိစေသော သိပ္ပံပညာနှင့်ယဉ်ကျေးမှုဆိုင်ရာ တိုးတက်အောင်မြင်ခဲ့သည့် ခေတ်ဖြစ်၏။ ထိပ်တန်းဝေဖန်ရေးသမားများက သမ္မာကျမ်းစာ၏အထောက်အထားကို ကြိုးစားဖျက်ဆီးခဲ့ကြသည်။ အမှန်ဆိုသော်၊ ကျမ်းပညာရှင်များသည် သမ္မာကျမ်းစာ၏စစ်မှန်မှုကို သံသယဝင်နေကြသည်။
ဘုရားသခင့်စကားတော်၏ စစ်မှန်မှုကို သံသယမရှိစေဘဲ အတည်ပြုထောက်ခံမည့် ရှေးဟောင်းကျမ်းစာ,စာမူများ ရှိသေးကြောင်း သမ္မာကျမ်းစာကို စိတ်ရင်းမှန်ဖြင့် ထောက်ခံသူအချို့ သိမြင်လာခဲ့ကြသည်။ သမ္မာကျမ်းစာပါ သတင်းတရားကို ဖျက်ဆီးရန် သို့မဟုတ် အဓိပ္ပာယ်လွဲမှားစေရန် ရှေးကတည်းက ထပ်တလဲလဲ ကြိုးစားခဲ့ကြသော်လည်း လက်ရှိစာမူများထက် ပိုရှေးကျသောစာမူများကိုသာ တွေ့ရှိမည်ဆိုလျှင် ၎င်းစာမူများသည် သမ္မာကျမ်းစာ၏စစ်မှန်မှုကို အသံတိတ်သက်သေထူပေမည်။ ဤစာမူများသည် မှားယွင်းစွာ ပြန်ဆိုထားသည့် ကျမ်းချက်အချို့ကိုလည်း ဖော်ထုတ်ပြနိုင်ပေမည်။
ဂျာမနီနိုင်ငံတွင် သမ္မာကျမ်းစာစစ်မှန်မှုနှင့်စပ်လျဉ်း၍ အကြီးအကျယ် အငြင်းပွားခဲ့ကြသည်။ ထိုတွင်ရှိ လူငယ်ပါမောက္ခတစ်ဦးသည် ကျမ်းစာရှာဖွေမှုပြုရန် သူ၏ပြည့်စုံကုံလုံသည့် ပညာရေးဘဝကို စွန့်ခဲ့၏၊ သူ၏ရှာဖွေတွေ့ရှိမှုသည် ခေတ်ကာလတစ်လျှောက်တွင် အထင်ရှားဆုံးဖြစ်သည်။ သူသည် ကျမ်းပညာရှင်တစ်ဦးဖြစ်ပြီး အမည်မှာ ကော့န်စတန်တီ ဗော့ တိရှန်ဒေါ့ဖ်ဖြစ်၏၊ ထိပ်တန်းဝေဖန်ချက်များကို ငြင်းပယ်ခဲ့ခြင်းကြောင့် ကျမ်းစာစစ်မှန်မှုကို ထောက်ခံရာ၌ အထူးအောင်မြင်မှုရရှိခဲ့သည်။ ၁၈၄၄ ခုနှစ်တွင် ဆိုင်းနိုင်းတောကန္တာရသို့ သွားခဲ့သော သူ၏ဦးဆုံးခရီးစဉ်တွင် မယုံနိုင်လောက်အောင် အောင်မြင်မှုများရရှိခဲ့သည်။ ဝတ်ကျောင်းရှိ အမှိုက်ခြင်းတစ်ခုကို အမှတ်တမဲ့ကြည့်လိုက်ရာ ရှာဖွေတွေ့ရှိခဲ့ဖူးသမျှတွင် ရှေးအကျဆုံးကျမ်းတစ်စောင်ဖြစ်သည့် ရှေးဟောင်းစက်ပ်တွားဂျင့်ကျမ်း သို့မဟုတ် ဟေဗြဲကျမ်းစာစောင်များ၏ ဂရိဘာသာပြန်ကျမ်းကို တွေ့ရှိလိုက်ရ၏!
အလွန်အားရဝမ်းသာစွာနှင့် တိရှန်ဒေါ့ဖ်သည် သားရေပုရပိုက် ၄၃ ချပ်ကို ယူဆောင်သွားနိုင်ခဲ့သည်။ ထိုထက်မကရှိနိုင်ဦးမည်ဟု သူယုံကြည်သော်လည်း ၁၈၅၃ ခုနှစ်တွင် ပြန်လာသောအခါ အတိုအစတစ်ခုကိုသာ တွေ့ရှိခဲ့၏။ ကျန်အပိုင်းများကား အဘယ်မှာနည်း။ တိရှန်ဒေါ့ဖ်တွင် ငွေကုန်သွားရာ ငွေကြေးထောက်ပံ့ပေးမည့် လူကုံထံတစ်ဦး၏အကူအညီကို ကြိုးစားရှာယူပြီးနောက် ရှေးဟောင်းကျမ်းစာမူများကို ရှာဖွေရန် မိမိ၏မွေးရပ်မြေမှ တစ်ဖန် ထွက်ခွာလေသည်။ သို့ရာတွင် အဆိုပါရှာဖွေရေးမစမီ ရုရှားဇာဘုရင်ရှေ့မှောက်သို့ဝင်၍ လျှောက်တင်ရမည်ဖြစ်၏။
ဇာဘုရင် စိတ်ဝင်စားလာ
ရုရှားသြသဒေါက်စ်ဘာသာကို ခံယူထားသည့် ဧရာမရုရှားနိုင်ငံသို့ရောက်လာသည့်အခါ ပရိုတက်စတင့်ကျမ်းပညာရှင်ဖြစ်သူ မိမိအား မည်သို့လက်ခံမည်ကို တိရှန်ဒေါ့ဖ် အလွန်သိလိုခဲ့ပေမည်။ ဝမ်းသာစရာမှာ ရုရှားသည် ပြုပြင်ပြောင်းလဲရေးခေတ်ကို အစပြုနေပြီ။ ဧကရီဘုရင်မ ကက်သရင်း ၂ (မဟာကက်သရင်းဟုလည်း လူသိများသူ) သည် ပညာရေးကို အရေးပေးခဲ့သည့်အတွက် ၁၇၉၅ ခုနှစ်တွင် စိန့်ပီတာစဘာ့ဂ်မြို့ရှိ ဧကရာဇ်စာကြည့်တိုက်ကို ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ယင်းသည် ရုရှားနိုင်ငံ၏ ပထမဆုံး ပြည်သူ့စာကြည့်တိုက်ဖြစ်ပြီး လူသန်းပေါင်းများစွာအတွက် စာအုပ်စာတမ်းဘဏ္ဍာတိုက်ကြီးတစ်ခုဖြစ်သည်။
ဥရောပရှိ အကောင်းဆုံးစာကြည့်တိုက်တို့အနက် တစ်ခုအဖြစ် ဂုဏ်ပြုခံရသော ဤဧကရာဇ်စာကြည့်တိုက်တွင် ချို့ယွင်းချက်တစ်ခုတော့ရှိ၏။ ထိုစာကြည့်တိုက်ကို တည်ထောင်ပြီး အနှစ်ငါးဆယ်ကြာခဲ့ပြီဖြစ်သော်လည်း ထိုတွင် ဟေဗြဲကျမ်း စာမူခြောက်ခုသာရှိသည်။ ရုရှားတွင် ကျမ်းစာဘာသာစကားများနှင့် ဘာသာပြန်ကျမ်းများကို လေ့လာမှုတိုးများနေရာ လိုအပ်ချက်နှင့် မပြည့်မီနိုင်ဘဲဖြစ်နေသည်။ ကက်သရင်း ၂ သည် ဟေဗြဲဘာသာစကားကို လေ့လာရန် ဥရောပတက္ကသိုလ်များသို့ ကျမ်းပညာရှင်များကို စေလွှတ်ခဲ့သည်။ ထိုကျမ်းပညာရှင်များ ပြန်လာပြီးနောက် ရုရှားသြသဒေါက်စ်ကျမ်းစာကျောင်းကြီးများတွင် ဟေဗြဲဘာသာစကားသင်တန်းများ ဖွင့်လှစ်ခဲ့၏၊ ထို့နောက် ရုရှားကျမ်းပညာရှင်များသည် သမ္မာကျမ်းစာကို ရှေးဟေဗြဲဘာသာစကားမှ ရုရှားဘာသာစကားသို့ ပထမဆုံးအကြိမ် တိကျစွာ ပြန်ဆိုကြလေ၏။ သို့သော် သူတို့သည် ငွေကြေးခက်ခဲသည့်အပြင် ကွန်ဆာဗေးတစ်ချာ့ခ်ျခေါင်းဆောင်များ၏ အတိုက်အခံကိုပင် ခံခဲ့ကြရသည်။ သမ္မာကျမ်းစာအသိပညာ ရှာဖွေနေသူများသည် စစ်မှန်သောအသိဉာဏ်ပွင့်လင်းခြင်း မရှိကြသေးချေ။
ဇာဘုရင်အလက်ဇန္ဒြား ၂ သည် တိရှန်ဒေါ့ဖ်၏လုပ်ငန်းကို လေးမြတ်လာသည်နှင့် ထောက်ပံ့ကူညီပေးခဲ့၏။ တိရှန်ဒေါ့ဖ်သည် အချို့သူတို့၏ “မနာလိုမုန်းထားမှုနှင့် အဆင်အခြင်မဲ့ ဆန့်ကျင်မှု” ကြားမှ စက်ပ်တွားဂျင့်၏ကျန်အပိုင်းများကို ဆိုင်းနိုင်းဒေသမှ ပြန်ယူလာခဲ့သည်။ * နောက်ပိုင်းတွင် ကိုဒက်ခ်စ်ဆိုင်းနိုင်းတိကပ်စ်ဟု ခေါ်သော ၎င်းစာမူသည် ရှေးအကျဆုံး သမ္မာကျမ်းစာမူများမှ တစ်ခုအဖြစ် ဆက်ရှိနေသေးသည်။ တိရှန်ဒေါ့ဖ်သည် စိန့်ပီတာစဘာ့ဂ်မြို့သို့ ပြန်ရောက်လာသောအခါ ဇာဘုရင်နေထိုင်သည့် ဧကရာဇ်ဆောင်းတွင်းနန်းဆောင်သို့ အသော့နှင်လေသည်။ “သမ္မာကျမ်းစာကို ဆန်းစစ်လေ့လာမှုနှင့်ပတ်သက်၍ အကြီးကျယ်ဆုံးလုပ်ဆောင်မှုများမှ တစ်ခု” ဖြစ်သည့် တွေ့ရှိခါစစာမူ ထုတ်ဝေခြင်းကို ထောက်ပံ့ပေးပါရန်၊ နောက်ပိုင်းတွင် ယင်းကို ဧကရာဇ်စာကြည့်တိုက်တွင် ထားရှိမည်ဟု ဇာဘုရင်ကို သူလျှောက်တင်ခဲ့၏။ ဇာဘုရင်သည် ချက်ချင်း သဘောတူလိုက်ရာ ဝမ်းသာပီတိဖြစ်ခဲ့သော တိရှန်ဒေါ့ဖ်က နောက်ပိုင်းတွင် ဤသို့ရေးခဲ့၏– “ကျမ်းစာ,စာမူအစစ်အမှန်သည် အဘယ်အရာဖြစ်ကြောင်းနှင့် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အတည်ပြုခြင်းအားဖြင့် အမှန်တရားကို ထောက်ခံရန် ကျွန်ုပ်တို့ကို ဆိုင်းနိုင်းတိခ်ကျမ်းစာ ဘုရားသခင်ပေးခဲ့ရာ အပြည့်အဝရှင်းလင်းသိမြင်လာရပြီ။”
ခရိုင်မီယာမှ ကျမ်းစာဘဏ္ဍာတိုက်များ
နိဒါန်းပိုင်းတွင် ကျမ်းစာဘဏ္ဍာရှာဖွေနေသော ကျမ်းပညာရှင်နောက်တစ်ဦးအကြောင်း ဖော်ပြထားသည်။ ထိုသူကား မည်သူနည်း။ ရုရှားသို့ တိရှန်ဒေါ့ဖ် ပြန်မလာမီ နှစ်အနည်းငယ်တွင် အံ့အားသင့်စရာ ကမ်းလှမ်းချက်တစ်ခုကို ဧကရာဇ်စာကြည့်တိုက်က လက်ခံရရှိခဲ့ရာ ယင်းကို ဇာဘုရင် စိတ်ဝင်စားလာပြီး ဥရောပတစ်ခွင်မှ ကျမ်းပညာရှင်များစွာ ရုရှားသို့ ရောက်ရှိလာကြ၏။ သူတို့သည် မယုံနိုင်လောက်အောင်ဖြစ်ခဲ့ကြရ၏။ သူတို့ရှေ့တွင် စာမူများနှင့် တခြားပစ္စည်းမြောက်မြားစွာရှိနေသည်။ စာမူနှင့်စာလိပ် ၉၇၅ ခုပါဝင်သော စုစုပေါင်း ၂,၄၁၂ ခုပင်တည်း။ ၎င်းတို့တွင် ဆယ်စုနှစ်မတိုင်မီကဖြစ်သော ကျမ်းစာ,စာမူ ၄၅ ခုတွေ့ရှိရသည်။ မယုံနိုင်ဖွယ်ရှိသော်လည်း အဆိုပါစာမူအားလုံးကို အေဘရာဟမ် ဖာကိုဗီခ်ျဆိုသူ အသက် ၇၀ ကျော် ကာရအိုက်ကျမ်းပညာရှင်တစ်ဦးတည်းက စုဆောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ကာရအိုက်များကား မည်သူတို့နည်း။ *
ဇာဘုရင်သည် ဤမေးခွန်းကို အလွန်စိတ်ဝင်စားခဲ့သည်။ ရုရှားသည် ယခင်က တခြားနိုင်ငံများ သိမ်းယူထားသော ဘေးပတ်လည်ရှိ နယ်မြေများကို ပြန်သိမ်းယူကာ ၎င်း၏နယ်နိမိတ်ကို တိုးချဲ့ခဲ့၏။ ယင်းကြောင့် အင်ပါယာထဲသို့ လူမျိုးစုအသစ်များ ရောက်ရှိလာကြသည်။ ပင်လယ်နက်ကမ်းပေါ်ရှိ သာယာလှပသော ခရိုင်မီယာဒေသတွင် ဂျူးလူမျိုးဖြစ်ပုံရသော်လည်း တူရကီဓလေ့များကို ကျင့်သုံးပြီး တတာဘာသာစကားကို ပြောဆိုသူများ နေထိုင်ကြသည်။ မိမိတို့သည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ပျက်စီးပြီးနောက် ဗာဗုလုန်သို့ ပြည်နှင်ခံရသော ဂျူးမျိုးနွယ်ဖြစ်သည်ဟု အဆိုပါကာရအိုက်များက ဆိုကြ၏။ သို့သော် ရဗ္ဗိဂျူးများနှင့်မတူဘဲ သူတို့သည် တာလ်မွတ်ကျမ်းကို ငြင်းပယ်ကာ သမ္မာကျမ်းစာဖတ်ရှုခြင်းကို အလေးအနက်ထားကြသည်။ ခရိုင်မီယာကာရအိုက်များက မိမိတို့သည် ရဗ္ဗိဂျူးများနှင့်မတူကြောင်း ဇာဘုရင်အား လျှောက်တင်ပြီး မိမိတို့ကို ခွဲထားစေလိုခဲ့ကြ၏။ ကာရအိုက်များက မိမိတို့ပိုင် ရှေးဟောင်းစာမူများကို ဖော်ပြ၍ မိမိတို့သည် ဗာဗုလုန်သို့ ပြည်နှင်ခံရပြီးနောက် ခရိုင်မီယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော ဂျူးအမျိုးအနွယ်ဖြစ်ကြောင်း သက်သေပြလိုကြ၏။
ဖာကိုဗီခ်ျသည် ရှေးဟောင်းမှတ်တမ်းများနှင့် စာမူများကို ရှာဖွေသည့်အခါ ခရိုင်မီယာချောက်ကမ်းပါးရှိ ချူဖူတ်-ကာလေတို့၏နေအိမ်များမှ စတင်ခဲ့သည်။ ကာရအိုက်မျိုးဆက်များစွာသည် ထိုချောက်ကမ်းပါးများမှ ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော အိမ်ငယ်များတွင် နေထိုင်ပြီး ဝတ်ပြုကိုးကွယ်ကြသည်။ ထိုကာရအိုက်များသည် မြင့်မြတ်သောနာမတော် ယေဟောဝါ,ပါရှိသည့် ဟောင်းနွမ်းပျက်စီးနေသော သမ္မာကျမ်းစာကို ဘယ်သောအခါမျှ မဖျက်ဆီးခဲ့ကြချေ၊ အကြောင်းမှာ ဤသို့ဖျက်ဆီးခြင်းသည် ဘုရားသခင်အား မရိုမသေပြုရာရောက်သည်ဟု သူတို့ယူမှတ်ကြ၍ဖြစ်သည်။ ဟေဗြဲဘာသာစကားဖြင့် “ဝှက်ထားရာနေရာ” ဟုအဓိပ္ပာယ်ရသည့် ဂနီဇာဟုခေါ်သော သိုလှောင်ရုံလေးတစ်ခုတွင် ထိုစာမူများကို သေသေချာချာ သိမ်းဆည်းထားလေ့ရှိသည်။ ကာရအိုက်များသည် မြင့်မြတ်သောနာမတော်ကို အလွန်လေးစားကြ၍ ဤသို့သောပုရပိုက်များကို မဖျက်ဆီးကြခြင်းဖြစ်သည်။
ဖာကိုဗီခ်ျသည် ရာစုနှစ်ချီထူထပ်နေသော ဖုန်မှုန့်များကြား ဂနီဇာနေရာများကို စေ့စေ့စပ်စပ် ရှာဖွေခဲ့၏။ တစ်နေရာတွင် လူသိများသော စီ.အီး. ၉၁၆ ခုနှစ်က စာမူကို တွေ့ရှိခဲ့သည်။ ယင်းကို နောက်ပိုင်းပရောဖက်များ၏ ပီတာစဘာ့ဂ် ကိုဒက်ခ်စ်ကျမ်းဟုခေါ်ဆိုကြရာ ယင်းသည် လက်ရှိရှေးအကျဆုံး ဟေဗြဲကျမ်းစာစောင်များမှ တစ်စောင်ဖြစ်သည်။
ဖာကိုဗီခ်ျသည် စာမူအမြောက်အမြား ရှာမှီးစုဆောင်းခဲ့ပြီး ၁၈၅၉ ခုနှစ်တွင် ဧကရာဇ်စာကြည့်တိုက်သို့ ပေးအပ်ရန် ဆုံးဖြတ်လိုက်၏။ ၁၈၆၂ ခုနှစ်၌ အလက်ဇန္ဒြား ၂ သည် ရှာမှီးစုဆောင်းထားသော စာမူများကို စာကြည့်တိုက်တွင်ထားရှိရန် ထိုစဉ်က အလွန်များသည့်ငွေပမာဏ ရူဘယ် ၁၂၅,၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။ ထိုအချိန်က နှစ်စဉ် စာကြည့်တိုက်ရန်ပုံငွေစာရင်းသည် ရူဘယ် ၁၀,၀၀၀ ပင်မရှိခဲ့ချေ! အဆိုပါရှာမှီးစုဆောင်းမှုတွင် လူသိများသော လီနင်ဂရက် ကိုဒက်ခ်စ် (ဘီ ၁၉အေ) လည်းပါသည်။ ယင်းသည် ၁၀၀၈ ခုနှစ်ကဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံး ဟေဗြဲကျမ်းစာစောင် အပြည့်အစုံဖြစ်၏။ ၎င်းစာမူသည် “အရေးပါဆုံး ကျမ်းစာ,စာမူဖြစ်နိုင်ဖွယ်ရှိ၏၊ အကြောင်းမှာ နောက်ဆုံးဝေဖန်ထုတ်လုပ်ထားသည့် ဟေဗြဲကျမ်းစာစောင်အများစု၏ ကျမ်းစာ,စာမူဖြစ်၍တည်း” ဟုကျမ်းပညာရှင်တစ်ဦးက မှတ်ချက်ပြုခဲ့၏။ (ပူးတွဲပါလေးထောင့်ကွက်ကိုရှု။) ၁၈၆၂ ခုနှစ်မှာပင် တိရှန်ဒေါ့ဖ်၏ ကိုဒက်ခ်စ်ဆိုင်းနိုင်းတိကပ်စ်ကျမ်းကို ထုတ်ဝေလိုက်ရာ ကမ္ဘာတစ်ဝန်းက တစ်ခဲနက်ထောက်ခံခဲ့ကြသည်။
မျက်မှောက်ခေတ်တွင် ဝိညာဉ်ရေးအသိဉာဏ်ပွင့်လင်းခြင်း
ယခု ရုရှားအမျိုးသားစာကြည့်တိုက်ဟု လူသိများကြသော ထိုစာကြည့်တိုက်တွင် ကမ္ဘာပေါ်ရှိ ရှေးဟောင်းစာမူအများဆုံးကို စုဆောင်းသိမ်းဆည်းထား၏။ * ရုရှားသမိုင်းအရ ထိုစာကြည့်တိုက်၏အမည်ကို နှစ်ပေါင်းနှစ်ရာအတွင်း ခုနစ်ကြိမ် ပြောင်းလဲခဲ့ပြီ။ အများသိအမည်တစ်ခုမှာ နိုင်ငံတော်ဆာလ်တီကော့ စကက်ဒရင်း ပြည်သူ့စာကြည့်တိုက်ဖြစ်၏။ ၂၀ ရာစု ကသောင်းကနင်းဖြစ်ချိန်တွင် ထိုစာကြည့်တိုက်သည် အနည်းငယ်ပျက်စီးခဲ့သော်လည်း ကမ္ဘာစစ်နှစ်ခုနှင့် လီနင်ဂရက်မြို့ ဝိုင်းရံတိုက်ခိုက်ခံရချိန်အတွင်း စာကြည့်တိုက်ရှိ စာမူများ လက်ရာခြေရာမပျက်တည်ရှိခဲ့သည်။ ကျွန်ုပ်တို့သည် ဤစာမူများမှ မည်သို့အကျိုးရရှိသနည်း။
ရှေးဟောင်းစာမူများသည် ခေတ်သစ်ဘာသာပြန်ကျမ်းများအတွက် ယုံကြည်စိတ်ချရသော အခြေခံဖြစ်သည်။ ယင်းတို့ကြောင့် စိတ်ရင်းမှန်ဖြင့် အမှန်တရားရှာဖွေသူများသည် သန့်ရှင်းသောကျမ်းစောင်များ၏ ရှင်းလင်းတိကျသော ဘာသာပြန်ကျမ်းကို ရရှိနိုင်ခဲ့ကြသည်။ ဆိုင်းနိုင်းတိကပ်စ်နှင့် လီနင်ဂရက် ကိုဒက်ခ်စ်ကျမ်းနှစ်ကျမ်းစလုံးသည် ၁၉၆၁ ခုနှစ်တွင် ယေဟောဝါသက်သေများ အပြီးသတ်တည်းဖြတ် ထုတ်ဝေခဲ့သည့် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို များစွာအထောက်အကူပြုခဲ့သည်။ ဥပမာ၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီ အသုံးပြုခဲ့သည့် ဘီဘလီယာ ဟေဘရိုင်ခါ စတူဂါတဲန်ဆယာနှင့် ကစ်တဲလ်၏ ဘီဘလီယာ ဟေဘရိုင်ခါတို့သည် လီနင်ဂရက် ကိုဒက်ခ်စ်ကို အခြေပြုထားပြီး မူရင်းကျမ်းတွင် တက်တြာဂရမ်မီတန် သို့မဟုတ် မြင့်မြတ်သောနာမတော်ကို ၆,၈၂၈ ကြိမ်အသုံးပြုထားသည်။
ပီတာစဘာ့ဂ်မြို့မှ ဆိတ်ငြိမ်သောစာကြည့်တိုက်နှင့် ထိုမြို့၏အမည်ဟောင်း လီနင်ဂရက်ဟု အမည်တွင်သော စာမူအချို့ကို အကြွေးဆပ်မကုန်နိုင်ကြောင်း သမ္မာကျမ်းစာဖတ်ရှုသူ လူနည်းစုသာ သိရှိကြသည်။ သို့တိုင် ဝိညာဉ်ရေးအလင်း ထွန်းလင်းပေးသော သမ္မာကျမ်းစာအာဘော်ရှင် ယေဟောဝါအား ကျွန်ုပ်တို့ အများဆုံးအကြွေးတင်နေကြသည်။ သို့ဖြစ်၍ ဆာလံဆရာသည် ကိုယ်တော့်အား ဤသို့တိုးလျှိုးအသနားခံခဲ့သည်– ‘အလင်းတော်နှင့် အမှန်တရားကို စေလွှတ်တော်မူပါ။ ၎င်းတို့သည် အကျွန်ုပ်ကို လမ်းပြပါစေသော။’—ဆာလံ ၄၃:၃။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 ထို့ပြင် သူသည် စီ.အီး. လေးရာစုမှ ခရစ်ယာန်ဂရိကျမ်းစာတစ်အုပ်လုံးကိုလည်း ယူလာခဲ့သည်။
^ အပိုဒ်၊ 13 ကာရအိုက်များနှင့်စပ်လျဉ်း၍ ထပ်ဆင့်သိလိုလျှင် ၁၉၉၅၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှ “ကာရအိုက်များနှင့် သူတို့၏အမှန်တရားရှာပုံတော်” ဆောင်းပါးကိုရှု။
^ အပိုဒ်၊ 19 ကိုဒက်ခ်စ် ဆိုင်းနိုင်းတိကပ်စ်ကျမ်းအများစုကို ဗြိတိသျှပြတိုက်သို့ ရောင်းချလိုက်ပြီးဖြစ်သည်။ ရုရှားအမျိုးသားစာကြည့်တိုက်တွင် အပိုင်းအစများသာ ကျန်ရှိတော့သည်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
မြင့်မြတ်သောနာမတော်ကိုသိရှိပြီး အသုံးပြုလာကြ
ယေဟောဝါသည် မိမိ၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို ဉာဏ်ပညာတော်အားဖြင့် မျက်မှောက်ခေတ်အထိ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားခဲ့သည်။ ခေတ်များတစ်လျှောက် သမ္မာကျမ်းစာကို ထိန်းသိမ်းကာကွယ်ထားမှုတွင် ကျမ်းပြုဆရာများ၏ လုံ့လဝီရိယစိုက်ထုတ်မှုပါဝင်သည်။ ထိုသူတို့တွင် စီ.အီး. ခြောက်ရာစုမှ ဆယ်ရာစုအထိ ကျမ်းကူးရေးကြသည့် ဟေဗြဲကျမ်းပြုဆရာ မက်စရိများသည် အစေ့စပ်အသေချာဆုံးဖြစ်သည်။ ရှေးဟေဗြဲဘာသာစကားကို သရအက္ခရာများမပါဘဲ ရေးသားခဲ့၏။ အချိန်ကုန်လာသည်နှင့် ဟေဗြဲအစား အာရမိတ်ဘာသာစကားကို အသုံးပြုလာသောအခါ အသံထွက်အမှန် ပျောက်ဆုံးသွားစရာအကြောင်း ဖြစ်ပေါ်လာ၏။ မက်စရိများသည် ဟေဗြဲစကားလုံးများ၏ အသံထွက်အမှန်ဖော်ပြရန် သရအမှတ်အသားများကို သမ္မာကျမ်းစာတွင် ထည့်သွင်းလာလေသည်။
ထူးခြားထင်ရှားသည်မှာ လီနင်ဂရက် ကိုဒက်ခ်စ်ကျမ်းပါ မက်စရိ၏သရအက္ခရာများသည် ဘုရားသခင့်နာမတော်ဖြစ်သည့် ဟေဗြဲဗျည်းအက္ခရာလေးလုံး တက်တြာဂရမ်မီတန်၏ အသံထွက်မှာ ယေဝါ (Yehwah’)၊ ယေဝီခ်ျ (Yehwih’) နှင့် ယေဟိုဝါ (Yeho·wah’) ဖြစ်သည်ဟု ဖော်ပြပေး၏။ ယခု လူသိအများဆုံး နာမတော်၏အသံထွက်ကား “ယေဟောဝါ” ဖြစ်၏။ ရှေးအချိန်က ကျမ်းရေးသူများနှင့် တခြားသူများသည် ဘုရားသခင့်နာမတော်ကို အသုံးပြုပြီး အကျွမ်းတဝင်ရှိကြသည်။ ‘ယေဟောဝါတစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူကြောင်း’ အသိအမှတ်ပြုကြသည့် သန်းနှင့်ချီသူတို့သည် ဘုရားသခင့်နာမတော်ကို ယနေ့ သိရှိပြီး အသုံးပြုနေကြသည်။—ဆာလံ ၈၃:၁၈။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အမျိုးသားစာကြည့်တိုက်ရှိ စာမူအခန်း
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဧကရီဘုရင်မ ကက်သရင်း ၂
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ကော့န်စတန်တီ ဗော့ တိရှန်ဒေါ့ဖ် (အလယ်) နှင့် ရုရှားဇာဘုရင် အလက်ဇန္ဒြား ၂
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အေဘရာဟမ် ဖာကိုဗီခ်ျ
[Picture Credit Line on page 10]
ရုပ်ပုံနှစ်ပုံစလုံး– စိန့်ပီတာစဘာ့ဂ်မြို့ရှိ ရုရှားအမျိုးသားစာကြည့်တိုက်
[Picture Credit Lines on page 11]
ကက်သရင်း ၂– စိန့်ပီတာစဘာ့ဂ်မြို့ရှိ ရုရှားအမျိုးသားစာကြည့်တိုက်; အလက်ဇန္ဒြား ၂– From the book Spamers Illustrierte Weltgeschichte, Leipzig, 1898