မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် အရာရာ၌ သစ္စာရှိသလော

သင်သည် အရာရာ၌ သစ္စာရှိသလော

သင်သည် အရာရာ၌ သစ္စာ​ရှိသလော

“အနည်းငယ်​သော​အမှု၌ သစ္စာရှိ​သော​သူသည် ကြီးသော​အမှု၌​လည်း သစ္စာရှိ​၏။”—လုကာ ၁၆:၁၀

၁။ ယေဟောဝါ​ရှင် သစ္စာစောင့်​တော်​မူ​သော နည်း​တစ်နည်း​ကား အဘယ်နည်း။

သင်သည် အပင်​တစ်ပင်​၏​အရိပ်​ကို တစ်နေ့လုံး သတိပြုမိ​သလော။ ထို​သစ်ပင်​ရိပ်​၏ အရွယ်အစား​နှင့် အရိပ်​ထိုး​သော​နေရာ​တို့သည် ပြောင်းလဲ​လျက်​ရှိကြောင်း တွေ့ခဲ့​ပေမည်! လူတို့၏​ကြိုးစား​အားထုတ်မှု​များနှင့် ကတိ​များသည်​လည်း အရိပ်​ကဲ့သို့​ပင် မတည်မြဲ​တတ်​ချေ။ အခြား​တစ်ဖက်​တွင်​မူ ယေဟောဝါ​ဘုရားသခင်​သည် အချိန်​အခါ​ကို​လိုက်၍ ပြောင်းလဲ​တော်​မ​မူ​ချေ။ တပည့်​ဖြစ်သူ ယာကုပ်​က ကိုယ်တော်​အား “အလင်း​တို့၏​အဘ” အဖြစ်​ဖော်ညွှန်း​ကာ ဤသို့​ဆို​ခဲ့​သည်– “ရွေ့​လျော့​တိမ်းယိမ်း​ခြင်း​မရှိ ပြောင်းလဲခြင်း​အရိပ် [“လှည့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော ပြောင်းလဲခြင်း သို့​မဟုတ် အရိပ်​ကျ​ခြင်း၊” က​ဘ] နှင့်​ကင်းလွတ်​တော်​မူ​၏။” (ယာကုပ် ၁:၁၇) ယေဟောဝါ​သည် အသေးအဖွဲ​ကိစ္စ​များ​၌​ပင် မ​ပြောင်း​မလဲ​တည်တံ့​ပြီး အားကိုး​အားထား​နိုင်​သည်။ ကိုယ်တော်​သည် ‘သစ္စာစောင့်​သော​ဘုရားသခင်’ ဖြစ်​တော်​မူ​၏။—တရားဟောရာ ၃၂:၄

၂။ (က) ကျွန်ုပ်​တို့​သစ္စာရှိ​မရှိ ပိုင်းဖြတ်​နိုင်​ဖို့ အဘယ်ကြောင့် ကိုယ်ကို​ကိုယ် ဆန်းစစ်​သင့်​သနည်း။ (ခ) သစ္စာရှိ​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

ဘုရားသခင်​သည် မိမိ​အားကိုး​ကွယ်​သူတို့၏ စိတ်ချ​အားထား​နိုင်​မှု​ကို မည်သို့​ရှုမြင်တော်မူ​သနည်း။ သူတို့နှင့်​ပတ်သက်​၍ ဒါဝိဒ်​ဤသို့​ပြော​ခဲ့​သကဲ့သို့ ဖြစ်​ပေမည်– “သစ္စာ​ရှိသော​ပြည်သား​တို့သည် ငါ့​ထံ​မှာ​နေ​မည်​အကြောင်း သူတို့ကို ငါ​ကြည့်ရှု​မည်။ စုံလင်သော​တရား၌ ကျင်လည်​သော​သူသည် ငါ​၏​အမှုကို ဆောင်ရွက်​ရမည်။” (ဆာလံ ၁၀၁:၆) ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ သစ္စာရှိ​ခြင်း​ကို နှစ်ထောင်း​အားရ​တော်​မူ​သည်။ အကြောင်းကောင်း​ရှိ၍ တမန်​တော်​ပေါလု​က ဤသို့​ရေးခဲ့​၏– “ဘဏ္ဍာစိုး​မည်​သည်​ကား သစ္စာရှိ​ရမည်။” (၁ ကောရိန္သု ၄:၂) သစ္စာရှိ​နေခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ အဘယ်​ဘဝ​ကဏ္ဍ​များ​တွင် ကျွန်ုပ်​တို့ သစ္စာရှိ​ရှိ​ကျင့်ကြံ​သင့်​သနည်း။ “စုံလင်သော​တရား၌​ကျင်လည်” ခြင်း​၏​ကောင်းချီး​များ​ကား အဘယ်နည်း။

သစ္စာရှိ​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို

၃။ ကျွန်ုပ်​တို့​သစ္စာရှိ​မရှိ အဘယ်အရာက ပိုင်းဖြတ်​ပေး​သနည်း။

ဟေဗြဲ ၃:၅ အရ မောရှေ​သည် “အစေခံ​ကဲ့သို့ . . . သစ္စာစောင့်​၏။” အဘယ်အရာက ပရောဖက်​မောရှေ​ကို သစ္စာရှိ​စေ​ခဲ့​သနည်း။ တဲ​တော်​ဆောက်လုပ်​၍ တပ်ဆင်​ရာ​တွင် ‘ထာဝရ​ဘုရားသခင် မိန့်တော်မူ​သမျှ​အတိုင်း မောရှေ​ပြု​လေ​၏။’ (ထွက်မြောက်ရာ ၄၀:၁၆) ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ကိုးကွယ်​သူများ​အနေ​နှင့် ကိုယ်တော်​၏​အမှုတော်ကို နာခံမှု​ရှိ​ရှိ​ဆောင်ရွက်ခြင်း​ဖြင့် သစ္စာ​ရှိကြောင်း ပြသ​ကြသည်။ ယင်း​တွင် ခက်ခဲ​သော​စမ်းသပ်မှု​များ သို့​မဟုတ် ပြင်းထန်သော​စမ်းသပ်မှု​များ ရင်ဆိုင်​ရ​စဉ် ယေဟောဝါ​အား သစ္စာရှိ​မြဲ​ရှိနေခြင်း အမှန်​ပါဝင်​သည်။ သို့ရာတွင် အကြီးအကျယ်​စမ်းသပ်ခံ​ရသည့်​အခါ အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်း​နိုင်​မှ ကျွန်ုပ်​တို့ သစ္စာ​ရှိသူ​ဟုတ်မဟုတ် ပိုင်းဖြတ်​သည်မဟုတ်​ချေ။ “အနည်းငယ်​သော​အမှု၌ သစ္စာရှိ​သော​သူသည် ကြီးသော​အမှု၌​လည်း သစ္စာရှိ​လိမ့်​မည်။ အနည်းငယ်​သော​အမှု၌ သစ္စာ​မရှိသော​သူသည် ကြီးသော​အမှု၌​လည်း သစ္စာ​မရှိ” ဟု​ယေရှု​မိန့်ဆိုခဲ့​၏။ (လုကာ ၁၆:၁၀) အသေးအဖွဲ​ဖြစ်ပုံရ​သော ကိစ္စ​များ​၌​ပင် ကျွန်ုပ်​တို့​သစ္စာရှိ​ကြ​ရမည်။

၄၊ ၅။ “အနည်းငယ်​သော​အမှု၌” ကျွန်ုပ်​တို့ သစ္စာရှိ​ခြင်း​က အဘယ်အရာကို ဖော်ပြ​သနည်း။

“အနည်းငယ်​သော​အမှု၌” နေ့စဉ်​နာခံမှု​ရှိ​ခြင်း​သည် အကြောင်းရင်း​နှစ်ရပ်​ကြောင့် အရေးပါ​သည်။ ပထမ​အကြောင်းရင်း​မှာ ယင်းက ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​အပေါ် ကျွန်ုပ်​တို့၏​သဘောထားကို ဖော်ပြ​နေ၍​ဖြစ်သည်။ ကနဦး​လူသား​မောင်နှံ အာဒံ​နှင့်​ဧဝ​တို့​ရင်ဆိုင်ခဲ့​ရသော သစ္စာစောင့်သိမှု​စမ်းသပ်ချက်​ကို စဉ်းစား​ကြည့်​ပါ။ ယင်းသည် သူတို့​အတွက် အဘယ်​အခက်အခဲ​မျှ မရှိစေ​သော တောင်းဆိုချက်​တစ်ခု​ဖြစ်​ခဲ့​သည်။ ဧဒင်ဥယျာဉ်​ရှိ အသီးအနှံ​မျိုးစုံ​ကို သူတို့​စားသုံးခွင့်​ရထား​ကြ​၏၊ သို့သော် “ကောင်း​မကောင်း​သိကျွမ်းရာ​အပင်” တစ်ပင်​တည်း​၏​အသီးကို​ကား မစား​ကြဖို့​ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ထို​ရိုးရှင်း​သော​ပညတ်​လေး​ကို ကနဦး​လူသား​မောင်နှံ​သာ သစ္စာရှိ​ရှိ​နာခံ​မည်​ဆိုလျှင် သူတို့သည် ယေဟောဝါ​၏​အုပ်ချုပ်မှု​ကို ထောက်ခံကြောင်း ဖော်ပြ​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် ယေဟောဝါ​၏​သွန်သင်ချက်​များ​ကို လိုက်နာခြင်းက ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံကြောင်း ဖော်ပြ​မည်။

ဒုတိယ​အကြောင်းရင်း​မှာ “အနည်း​အငယ်​သော​အမှု၌” ကျွန်ုပ်​တို့​ကျင့်ကြံ​ပုံ​က “ကြီးသော​အမှု၊” တစ်နည်း​ဆို​ရ​လျှင် ဘဝတွင် ကြီး​လေး​သော​ကိစ္စ​များ​၌ တုံ့ပြန်​ပုံ​ကို ဖော်ပြ​မည်​ဖြစ်သည်။ ယင်း​နှင့်​စပ်လျဉ်း၍ ဒံယေလ​နှင့် သူ၏​သစ္စာရှိ​ဟေဗြဲ​အဖော်​သုံးဦး​ဖြစ်သော ဟာနနိ၊ မိရှေလ​နှင့် အာဇရိ​တို့ မည်သို့​ဖြစ်​ခဲ့​သည်ကို သုံးသပ်ကြည့်​ပါ။ သူတို့သည် ဘီ.စီ.အီး. ၆၁၇ ခုနှစ်​တွင် ဗာဗုလုန်​သို့ သုံ့ပန်း​အဖြစ်​ခေါ်ဆောင်​ခံ​ခဲ့​ကြ​ရ၏။ ၎င်း​တို့​ငယ်ရွယ်စဉ်၊ ဆယ်ကျော်သက်​မျှ​ရှိ​ဟန်​တူသော သူတို့​လေးဦး​သည် ဘုရင်​နေဗုခဒ်နေဇာ​၏ ဘုရင့်​နန်းတော်​တွင် နေကြ​ရသည်။ ထို​တွင် သူတို့အား “ပွဲတော်​မှ​ကြွင်း​သော​အစာ​နှင့် သောက်​တော်​မူ​သော​စပျစ်​ရည်​ကို နေ့တိုင်း​ပေး​၍ သုံးနှစ်​ကျွေးမွေး​ပြီး​မှ အမှုတော်ထမ်း​ရမည်​အကြောင်း စီရင်တော်မူ​၏။”—ဒံယေလ ၁:၃-၅

၆။ ဒံယေလ​နှင့် ဟေဗြဲ​အဖော်​သုံးဦး​တို့သည် ဗာဗုလုန်​ဘုရင့်​နန်းတော်​တွင် အဘယ်​စမ်းသပ်မှု​ကို ရင်ဆိုင်ခဲ့​ကြ​ရသနည်း။

သို့ရာတွင် ဗာဗုလုန်​ရှင်ဘုရင်​၏​အစားအစာ​များ​က ထို​ဟေဗြဲ​လူငယ်လေး​ဦး​အတွက် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်နေ​သည်။ ရှင်ဘုရင်​၏​ပွဲတော်​စာ​တွင် မောရှေ​ပညတ်​တားမြစ်​ထား​သည့် အစားအစာ​များ​ပါဝင်​ပေမည်။ (တရားဟောရာ ၁၄:၃-၂၀) ချ​ကျွေး​သော​အသား​များသည် အသွေး​မ​စင်​ဘဲ​ဖြစ်​နိုင်​သည်၊ ထို​အသားကို​စားခြင်း​က ဘုရားသခင်​၏​ပညတ်​ကို ချိုးဖောက်​ရာ​ရောက်​သည်။ (တရားဟောရာ ၁၂:၂၃-၂၅) ထို့​ပြင် ထို​အစားအစာကို ဗာဗုလုန်​ဝတ်ပြုသူ​များ​၏​ထုံးစံ​အတိုင်း အတူတကွ​မစားသုံး​မီ ရုပ်ပုံ​ရှေ့​ပူဇော်​ထား​နိုင်​သည်။

၇။ ဒံယေလ​နှင့် သူ့​အဖော်​သုံးဦး​တို့၏​နာခံမှု​က အဘယ်အရာကို ဖော်ပြ​နေသနည်း။

ဗာဗုလုန်​ရှင်ဘုရင်​၏​နန်းတွင်းသား​များသည် အစားအစာ​ရှောင်ခြင်း​ကို အလေးထား​ပုံ​မရခဲ့​ချေ။ သို့သော် ဒံယေလ​နှင့်​သူ့​မိတ်ဆွေများ​သည် ဣသရေလ​လူမျိုး​အား ဘုရားသခင်​ပညတ် တားမြစ်​ထားသော​အစာများ​ကို စားသုံးခြင်း​ဖြင့် မိမိတို့​ကိုယ်ကို မ​ညစ်ညူး​စေဖို့ စိတ်ပိုင်းဖြတ်​ထား​ကြသည်။ ယင်းသည် ဘုရားသခင်​အပေါ် သစ္စာ​စောင့်သိ​ခြင်း​နှင့်​သက်ဆိုင်​သော အရေးကြီး​ကိစ္စ​ဖြစ်၏။ ထို့​ကြောင့် ဟင်းသီးဟင်းရွက်​နှင့်​ရေ​ကို​သာ စားသုံးခွင့်​ပြု​ရန် သူတို့​တောင်းဆို​ခဲ့​သည်​အတိုင်း အခွင့်​ရရှိခဲ့​ကြသည်။ (ဒံယေလ ၁:၉-၁၄) ယနေ့ လူ​တချို့က ထို​လူငယ်လေး​ဦး​လုပ်ဆောင်ခဲ့​ရာ​ကို အသေးအဖွဲ​ကိစ္စ​ဟု​မြင်ကြ​ပေမည်။ သို့ရာတွင် ဘုရားသခင်​အား သူတို့​နာခံခြင်း​က ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​အရေးကိစ္စ​တွင် သူတို့၏​ရပ်တည်မှု​ကို ဖော်ပြ​နေသည်။

၈။ (က) ဟေဗြဲ​လူ​သုံးဦးသည် သစ္စာ​စောင့်သိ​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​ပြင်းထန်သော​စမ်းသပ်မှု ကြုံ​ခဲ့​ရသနည်း။ (ခ) ထို​စမ်းသပ်မှု​၏​ရလဒ်​ကား အဘယ်နည်း၊ ယင်းက အဘယ်အရာကို ဖော်ပြ​သနည်း။

အသေးအဖွဲ​ကိစ္စ​ဟု ယူမှတ်​သော​အရာ​တွင် သစ္စာရှိ​ခြင်း​က ဒံယေလ​၏​အဖော်​သုံးဦး​တို့အား ကြီး​လေး​သော​စမ်းသပ်မှု​ကို ဖြေရှင်း​နိုင်​ရန် အသင့်ရှိ​စေ​ခဲ့​သည်။ ဒံယေလကျမ်း​ အခန်းကြီး ၃ ကို​ဖွင့်​ကာ ဘုရင်​နေဗုခဒ်နေဇာ​တည်ထား​သော ရုပ်တုကို​ဦးချ​ရန် ဟေဗြဲ​လူငယ်​သုံးဦး ငြင်းဆန်​သောကြောင့် သေဒဏ်​စီရင်ခံ​ရ​ပုံ​ကို ဖတ်​ကြည့်​ပါ။ ဘုရင့်​ရှေ့တော်မှောက် ခေါ်သွင်း​ခံရသော​အခါ သူတို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို ယုံကြည်​စိတ်ချမှု​ရှိ​ရှိ ဤသို့​ဘွင်းဘွင်း​ပြောဆို​ခဲ့​သည်– “အကျွန်ုပ်​တို့​ကိုးကွယ်​သော ဘုရားသခင်​သည် မီးလောင်​လျက်​ရှိသော​မီးဖို​ထဲ​က အကျွန်ုပ်​တို့ကို ကယ်လွှတ်​နိုင်​တော်​မူ​၏။ ကိုယ်တော်​၏​လက်​မှ​လည်း ကယ်လွှတ်​တော်​မူ​လိမ့်​မည်။ ထိုသို့​ကယ်လွှတ်​တော်​မ​မူ​သော်လည်း အရှင်မင်းကြီး ကိုယ်တော်​၏​ဘုရား​တို့ကို အကျွန်ုပ်​တို့သည် ဝတ်မပြု​ပါ၊ တည်ထား​တော်​မူ​သော ရွှေ​ရုပ်တုကို​လည်း မကိုးကွယ်​ပါ။” (ဒံယေလ ၃:၁၇၊ ၁၈) သူတို့ကို ယေဟောဝါ​ရှင် ကယ်တင်​ခဲ့​သလော။ ထို​လူငယ်များ​ကို မီးဖို​ထဲ​သို့​ပစ်ချ​သူတို့ သေဆုံး​ခဲ့​ရ​သော်လည်း သစ္စာရှိ​ဟေဗြဲ​သုံးဦး​တို့​မူ မီး​ရှိန်​ပင် အဟပ်မခံ​ရ​ဘဲ အသက်ရှင်​၍ လွတ်မြောက်​ခဲ့​ကြသည်! ၎င်းတို့၏​သစ္စာရှိ​ဘဝ​ပုံစံ​က ပြင်းထန်သော​စမ်းသပ်မှု​ခံရ​သည့်​အခါ သစ္စာရှိ​ရန် အသင့်ရှိ​စေ​ခဲ့​သည်။ ယင်းက သေးငယ်သော​အမှု၌ သစ္စာရှိ​ရန် အရေးကြီးကြောင်း ဖော်ပြ​သည်မဟုတ်​လော။

‘မဖြောင့်မတ်​သော​စည်းစိမ်’ နှင့်​စပ်လျဉ်း၍ သစ္စာရှိ​ခြင်း

၉။ လုကာ ၁၆:၁၀ ပါ ယေရှု​စကား​များ​၏ ရှေ့နောက်စကား​စပ်​ကား အဘယ်နည်း။

အသေးအဖွဲ​ဖြစ်ပုံရ​သော​ကိစ္စ​များ​တွင် သစ္စာရှိ​သူသည် ကြီး​လေး​သော​ကိစ္စ​များ​၌​လည်း သစ္စာရှိ​သည်​ဟူသော မူ​အကြောင်းကို ယေရှု မ​မိန့်ဆို​မီ နားဆင်​နေ​သူများ​အား ဤသို့​အကြံပေး​ခဲ့​သည်– ‘မဖြောင့်မတ်​သော​စည်းစိမ်ဥစ္စာ​အားဖြင့် မိမိတို့​အတွက် မိတ်ဆွေများ​ဖွဲ့​ကြလော့။ သို့​မှ​သာ ယင်း​တို့​ပျက်စီး​သောအခါ သူတို့သည် ထာဝရ​နေစရာ​အရပ်​များ​တွင် သင့်ကို​လက်ခံ​လိမ့်​မည်။’ ထို့နောက် အနည်းငယ်​သော​အမှု၌ သစ္စာရှိ​ခြင်း​အကြောင်းကို ဆက်​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ဆို​သည်– ‘မဖြောင့်မတ်​သော​စည်းစိမ်ဥစ္စာ​နှင့်​ပတ်သက်​၍ သင်တို့သည် သစ္စာ​ရှိကြောင်း သက်သေ​မ​ထူ​လျှင် မည်သူက မှန်သော​အရာ​ကို သင်တို့အား အပ်နှံ​မည်​နည်း။ . . . အဘယ်​အစေခံ​မျှ သခင်​နှစ်ဦး​အစေ​ကို မခံနိုင်။ သခင်​တစ်ဦး​ကို​မုန်း​၍ တစ်ဦး​ကို​ချစ်​မည်။ သခင်​တစ်ဦး​မှီခို​၍ တစ်ဦး​ကို မခန့်မညား​ပြု​မည်။ သင်တို့သည် ဘုရားသခင်​၏​အစေ​ကိုလည်း​ကောင်း၊ လောက​စည်းစိမ်​၏​အစေ​ကိုလည်း​ကောင်း မခံနိုင်​ကြ​ဟု မိန့်တော်မူ၏။’—လုကာ ၁၆:၉-၁၃က​ဘ။

၁၀။ ‘မဖြောင့်မတ်​သော​စည်းစိမ်’ ကို​သုံးစွဲ​ရာ​တွင် သစ္စာ​ရှိကြောင်း မည်သို့​ဖော်ပြ​နိုင်​မည်​နည်း။

၁၀ ရှေ့နောက်စကား​အရ လုကာ ၁၆:၁၀ ပါ ယေရှု​စကား​များ​၏​မူရင်း​အသုံးပြုပုံ​မှာ ‘မဖြောင့်မတ်​သော​စည်းစိမ်’ ဖြစ်သော ကျွန်ုပ်​တို့၏​ဥစ္စာ​အင်​ခွင် သို့​မဟုတ် ပိုင်ဆိုင်ရာ​များ​ကို အသုံးပြုခြင်း​နှင့် ပတ်သက်​နေသည်။ ၎င်းတို့ကို မဖြောင့်မတ်​သော​စည်းစိမ်​ဟူ၍ ခေါ်​ရခြင်း​မှာ ရုပ်ပစ္စည်း​ကြွယ်ဝမှု အထူးသဖြင့် ငွေကြေး​သည် အပြစ်ရှိ​လူသား​တို့၏ ထိန်းချုပ်မှု​အောက်တွင် ရှိ​နေ၍​ဖြစ်၏။ ထို့​ထက်​ကား ချမ်းသာ​ကြွယ်ဝ​လို​ဇော​သည် မဖြောင့်မတ်​သော​လုပ်ရပ်များ ပြု​မိ​စေနိုင်​သည်။ ထို့​ကြောင့် ဥစ္စာ​ပစ္စည်း​ကို ပညာရှိရှိ​သုံးစွဲခြင်း​ဖြင့် သစ္စာ​ရှိကြောင်း ကျွန်ုပ်​တို့​ဖော်ပြ​ကြသည်။ ၎င်းတို့ကို ကိုယ်ကျိုး​အတွက်​အသုံးမပြု​ဘဲ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား တိုးတက်ရေး​နှင့် လိုအပ်​နေ​သူများကို ကူညီပေး​ရေး​တို့​တွင် အသုံးပြု​လို​ကြသည်။ ဤသို့​သစ္စာ​ရှိကြောင်း တင်ပြခြင်း​ဖြင့် ‘ထာဝရ​နေစရာ​အရပ်​များ’ ကို​ပိုင်ဆိုင်သူ ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့ကို မိတ်ဆွေဖွဲ့​နိုင်​ကြ​မည်။ ထို​နေရာများ​တွင် ကျွန်ုပ်​တို့ကို​လက်ခံ​တော်​မူ​ကြ​ပြီး ကောင်းကင်​တွင်​ဖြစ်စေ၊ မြေကြီး​ပရဒိသု​တွင်​ဖြစ်စေ ထာဝရ​အသက်​ရရှိစေ​မည်​ဖြစ်သည်။

၁၁။ ကျွန်ုပ်​တို့သည် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေများ​လက်ခံ​ကြောင်း အိမ်ရှင်​များ​အား အဘယ်ကြောင့် မရှင်းပြဘဲ​မနေ​သင့်​သနည်း။

၁၁ ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ကြေညာ​ပြီး ယေဟောဝါ​လူမျိုး​ပြုလုပ်​နေသော ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေများ​လက်ခံ​ကြောင်း ရှင်းပြ​သည့်​အခါ ကျမ်းစာ သို့​မဟုတ် ကျမ်းစာ​အခြေပြု​စာပေ​များ လက်ခံ​ယူ​သူတို့အား အဘယ်အရာ​ကမ်း​လှမ်း​နေကြ​သည်ကို သုံးသပ်ကြည့်​ပါ။ ၎င်းတို့၏​ငွေ​အင်အား​ကို ပညာရှိရှိ​အသုံးပြုခွင့်​ပေး​နေသည် မဟုတ်ပေ​လော။ လုကာ ၁၆:၁၀ ၏​မူရင်း​အသုံးပြုပုံ​က ဥစ္စာ​ပစ္စည်း​အသုံးပြုခြင်း​နှင့် ဆက်စပ်​နေ​သော်လည်း ထို​တွင်​ဖော်ပြ​ထားသော​မူ​သည် ကျွန်ုပ်​တို့​အသက်တာ​၏ အခြား​ကဏ္ဍ​များနှင့်​လည်း သက်ဆိုင်​ပါ​သည်။

ရိုးသားခြင်းက အရေးပါ

၁၂၊ ၁၃။ ကျွန်ုပ်​တို့သည် အဘယ်​ကဏ္ဍ​များ​တွင် ရိုးသားမှု​တင်ပြ​နိုင်​သနည်း။

၁၂ ‘အရာရာကို ရိုး​ဖြောင့်​စွာ ငါ​တို့​ကျင့်ကြံ​ပြုမူ​လို​သည့်​အတွက် ရိုး​ဖြောင့်သော​သိစိတ်​ရှိသည်​ဟု ငါ​တို့​စိတ်ချ​ပါ​၏’ ဟူ၍​တမန်​တော်​ပေါလု ရေးခဲ့​သည်။ (ဟေဗြဲ ၁၃:၁၈က​ဘ) “အရာ​ရာ” ဟု​ဆို​ရာ​တွင် ငွေ​သုံးစွဲခြင်း​ဆိုင်ရာ ကိစ္စရပ်​အားလုံး​လည်း အမှန်ပင်​ပါဝင်​သည်။ ကျွန်ုပ်​တို့သည် အကြွေး​များနှင့် အခွန်​အ​တုတ်​များ​ကို ရိုးသား​စွာ ချက်ချင်း​ပေးဆောင်​ကြသည်။ အဘယ်ကြောင့်​နည်း။ ထိုသို့​ပြု​ကြ​ရခြင်း​မှာ ကျွန်ုပ်​တို့၏​သိစိတ်၊ အဓိက​အားဖြင့် ဘုရားသခင်​ကို​ချစ်ခြင်း​နှင့် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို နာခံခြင်း​တို့​ကြောင့်​ဖြစ်သည်။ (ရောမ ၁၃:၅၊ ၆) ကျွန်ုပ်​တို့​မပိုင်ဆိုင်​သော​အရာ​တစ်ခုခု ကောက်​ရသည့်​အခါ မည်သို့​တုံ့ပြန်​သနည်း။ ပိုင်ရှင်​ကို​ရှာပြီး ပြန်ပေး​လို​ကြသည်။ ပိုင်ရှင်​ကို​ပြန်ပေး​ဖို့ ကျွန်ုပ်​တို့အား လှုံ့ဆော်​သည်​ကား အဘယ်အရာ​ဖြစ်​ကြောင်း ရှင်းပြ​သည့်​အခါ အလွန်​ကောင်းသော သက်သေခံချက်​တစ်ရပ်​ဖြစ်ပေါ်​စေ​သည်!

၁၃ အရာရာ၌ သစ္စာရှိ​ကာ ရိုးသား​ရမည်ဟု​ဆို​ရာ​တွင် ကျွန်ုပ်​တို့၏​လုပ်ငန်းခွင်​၌​လည်း ရိုးသား​ဖို့ လို​ပေ​သည်။ အလုပ်ခွင်​တွင် ရိုးသားခြင်းက ကျွန်ုပ်​တို့​ကိုယ်စား​ပြုသော ဘုရားသခင်​ကို အာရုံစိုက်​စေ​သည်။ ကျွန်ုပ်​တို့သည် လေး​တွဲ​ပျင်းရိခြင်း​ဖြင့် အချိန်​မ “ခိုး” ကြ​ပါ။ ယင်းအစား ယေဟောဝါ​အတွက်​လုပ်ဆောင်နေ​သကဲ့သို့ ကြိုးစား​လုပ်ကိုင်​ကြသည်။ (ဧဖက် ၄:၂၈; ကောလောသဲ ၃:၂၃) ဥရောပ​နိုင်ငံ​တစ်နိုင်ငံ​တွင် ဆရာဝန်​ထံ​မှ ဆေး​ခွင့်​စာ​တောင်းခံ​သော အလုပ်သမား​သုံးပုံတစ်ပုံ​သည် လိမ်လည်​၍​တောင်းခံ​ကြ​ကြောင်း ခန့်မှန်း​ရသည်။ ဘုရားသခင်​၏​ကျေးကျွန်​စစ်​များသည် အလုပ်​မဆင်း​ရန် ထိုသို့ ဉာဏ်​ဆင်​အကြောင်း​ရှာ​မည်​မဟုတ်​ချေ။ တစ်ခါတစ်ရံ အလုပ်ရှင်​များ​က ယေဟောဝါသက်သေ​များ​၏ ရိုးသားမှု၊ ကြိုးစား​မှု​ကို သတိထား​မိ​ရာ ရာထူး​တိုး​ပေး​တတ်ကြ​သည်။—သု. ၁၀:၄

ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် သစ္စာရှိ​ခြင်း

၁၄၊ ၁၅။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် သစ္စာ​ရှိကြောင်း​ပြ​နိုင်သော နည်းလမ်း​အချို့​ကား အဘယ်နည်း။

၁၄ ကျွန်ုပ်​တို့ကို​အပ်နှင်း​ထားသော ဓမ္မ​အမှု​တွင် သစ္စာ​ရှိကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။ “ငါ​တို့သည် ဘုရားသခင်​၏​ကျေးဇူးတော်​ကို ဝန်ခံ​လျက် နှုတ်ခမ်း​အသီး​တည်း​ဟူသော ချီးမွမ်း​ခြင်း​ယဇ်ကို သခင်​ယေရှု​ခရစ်​အားဖြင့် ဘုရားသခင့်​ရှေ့တော်၌ အစဉ်​ပူဇော်​ကြ​ကုန်​အံ့” ဟု​ကျမ်းစာ​က​ဆို​၏။ (ဟေဗြဲ ၁၃:၁၅) လယ်ကွင်း​ဓမ္မ​အမှု​တွင် သစ္စာ​ရှိကြောင်း​တင်ပြ​နိုင်​သည့် အဓိက​နည်း​မှာ ယင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်ခြင်း​ဖြစ်၏။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​ရည်ရွယ်ချက်​အကြောင်း တစ်လ​လုံးလုံး​သက်သေ​မခံ​ဘဲ အဘယ်ကြောင့် အချိန်ကုန်​လွန်သွား​စေမည်​နည်း။ ဟောပြောခြင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်ခြင်း​က ကျွန်ုပ်​တို့၏​ကျွမ်းကျင်​မှု​နှင့် ထိရောက်​မှု​တို့ကို​လည်း တိုးတက်လာ​စေ​သည်။

၁၅ လယ်ကွင်း​လုပ်ငန်း​တွင် သစ္စာ​ရှိကြောင်း​တင်ပြ​နိုင်သော အခြား​နည်းလမ်း​ကောင်း​တစ်ခု​မှာ ကင်းမျှော်စင်​နှင့် ကျွန်ုပ်​တို့၏​နိုင်ငံတော်​ဓမ္မ​အမှု​ပါ အကြံပြုချက်များ​ကို လိုက်နာခြင်း​ဖြစ်၏။ အကြံပြု​ထားသော​တင်ဆက်ပုံ​များ သို့​မဟုတ် အခြား​လက်တွေ့ကျ​နည်း​များ​ကို ပြင်ဆင်​ပြီး အသုံးပြုသည့်​အခါ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု ပို​တိုးတက်လာ​သည်ကို သတိပြုမိ​သလော။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကို စိတ်ဝင်စားသူ​တစ်ဦး​နှင့် တွေ့ဆုံ​သည့်​အခါ ထို​သူ​ထံ ချက်ချင်း​ပြန်သွား​ပါသလော။ စိတ်ဝင်စား​သူများ​နှင့်​စတင်​ခဲ့​သော အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကော။ ၎င်းတို့ကို ကျွန်ုပ်​တို့ အရေးတယူ မှန်မှန်​ကျင်းပ​မည်​ဟု စိတ်ချ​နိုင်​ပါ​မည်​လော။ ဓမ္မ​အမှု​တွင် သစ္စာရှိ​ခြင်း​က ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် ကျွန်ုပ်​တို့၏​တရား​စကား နားထောင်သူ​များ​ကို အသက်​ရစေ​နိုင်​သည်။—၁ တိမောသေ ၄:၁၅၊ ၁၆

ဤ​လောက​နှင့် ဆက်၍​သီးခြားနေ​ခြင်း

၁၆၊ ၁၇။ ကျွန်ုပ်​တို့သည် လောက​နှင့်​သီးခြားနေ​ကြောင်း အဘယ်​နည်းများဖြင့် တင်ပြ​နိုင်​သနည်း။

၁၆ ဘုရားသခင်​ထံ ယေရှု​ဆုတောင်းရာ​တွင် နောက်လိုက်​များနှင့်​ပတ်သက်​၍ ဤသို့​မိန့်ဆိုခဲ့သည်– ‘ကိုယ်တော်​၏​နှုတ်မြွက်တော်​ကို ဤသူတို့​အား အကျွန်ုပ်​ပေး​ပါ​ပြီ။ အကျွန်ုပ်သည် ဤ​လောက​နှင့် မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​သောကြောင့် လောကသား​တို့သည် ဤသူတို့ကို မုန်း​ကြ​ပါ​၏။ ဤသူတို့ကို ဤ​လောက​မှ နုတ်ယူ​တော်​မူ​မည်​အကြောင်း အကျွန်ုပ်​တောင်း​သည်မဟုတ်​ပါ။ မကောင်းသော​အမှုအရာ​နှင့် ကင်းလွတ်​စေခြင်း​ငှာ စောင့်မ​တော်​မူ​မည်​အကြောင်းကို​သာ တောင်း​ပါ​၏။ အကျွန်ုပ်သည် ဤ​လောက​နှင့် မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​ကြ​ပါ။’ (ယောဟန် ၁၇:၁၄-၁၆) ကျွန်ုပ်​တို့သည် ကြားနေ​ခြင်း၊ ဘာသာရေးပွဲ​နေ့​များ၊ ဓလေ့​ထုံးစံ​များနှင့် အကျင့်ပျက်​ပြား​မှု​စ​သည့် အရေးကိစ္စ​ကြီး​များ​တွင် လောက​နှင့်​သီးခြားနေ​ရန် အခိုင်အမာ​စိတ်ပိုင်းဖြတ်​ထား​ကြ​ပေမည်။ သို့သော် အသေးအဖွဲ​ကိစ္စ​များ​တွင်​ကော။ ကျွန်ုပ်​တို့​သတိ​မထားမိဘဲ လောက​၏​လမ်းစဉ်​များ လွှမ်းမိုး​ခံ​နေပါသလော။ ဥပမာ၊ ကျွန်ုပ်​တို့​သာ ဂ​ရု​မ​မူ​ပါ​က ကျွန်ုပ်​တို့​ဝတ်စားပုံ​သည် မလေးစား၊ မတော်လျော်​သည့်​ပုံ​ပေါက်​ရန် အလွန်​လွယ်ကူ​ပေ​သည်! သစ္စာရှိ​သည်​ဟု​ဆို​ရာ​တွင် ဝတ်စား​ဖြီးလိမ်း​ခြင်း​ကိစ္စ​၌ ‘ကျိုးနွံ​မှု​နှင့် ကောင်းသော​သတိ’ ရှိဖို့လို​သည်။ (၁ တိမောသေ ၂:၉၊ ၁၀က​ဘ) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် “တရားဟော​ခြင်း​အခွင့်အရာကို အပြစ်​တင်​ခြင်း​နှင့်​ကင်းလွတ်​စိမ့်​သော​ငှာ ထိမိ​၍​လဲစရာ​အကြောင်း တစ်စုံတစ်ခု​ကို​မျှ​မပြု။ . . . ဘုရားသခင်​ခန့်​ထား​တော်​မူ​သော ဓမ္မ​ဆရာ​မှန်​ကြောင်းကို အရာရာ၌​ထင်ရှား​စွာ​ပြ​ကြ​၏။”—၂ ကောရိန္သု ၆:၃၊ ၁၀

၁၇ ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို ဂုဏ်တင်​လို​ကြသော​ကြောင့် အသင်းတော်​အစည်းအဝေး​များ​တွင် ဂုဏ်​သိက္ခာ​ရှိ​ရှိ ဝတ်ဆင်​ကြ​၏။ လူ​အမြောက်အမြား​နှင့်အတူ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​၌ စုဝေး​ချိန်​တွင်​လည်း ထို​နည်းတူ​ပြု​ကြသည်။ ကျွန်ုပ်​တို့၏​အဝတ်အစား​သည် သင့်တော်​လျောက်ပတ်​ပြီး ကြည့်​ပျော်​ရှုပျော်​ဖြစ်​ဖို့​လို​သည်။ ယင်းက ကျွန်ုပ်​တို့ကို အကဲခတ်​နေ​သူများ​ရှေ့ သက်သေခံချက်​တစ်ရပ်​ဖြစ်စေ​သည်။ ကောင်းကင်တမန်​များ​ပင် ပေါလု​နှင့် သူ၏​ခရစ်ယာန်​အဖော်အဖက်​တို့ကို သတိပြု​ခဲ့​ခြင်း​က ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုကို​လည်း သတိပြု​နေကြောင်း သိရှိ​စေ​သည်။ (၁ ကောရိန္သု ၄:၉) အမှန်​မှာ ကျွန်ုပ်​တို့သည် သင့်တင့်​လျောက်ပတ်​စွာ အမြဲ​ဝတ်ဆင်​သင့်​သည်။ လူ​အချို့​က အဝတ်အစား​ရွေး​ဝတ်​ခြင်း​ကိစ္စ​တွင် သစ္စာရှိ​ခြင်း​ကို အသေးအဖွဲ​ကိစ္စ​ဟု သဘောထား​ပုံ​ရ​သော်လည်း ယင်းသည် ဘုရားသခင့်​အမြင်​တွင် အရေးကြီး​၏။

သစ္စာရှိ​ခြင်း​အတွက် ကောင်းချီး​များ

၁၈၊ ၁၉။ သစ္စာရှိ​ခြင်း​ကြောင့် အဘယ်​ကောင်းချီး​များ ခံစား​ကြ​ရသနည်း။

၁၈ ခရစ်ယာန်စစ်​များ​ကို ‘ဘုရားသခင်​၏ ကျေးဇူးတော်​ဘဏ္ဍာစိုး​ကောင်း’ ဟူ၍​ခေါ်ဆို​ထား​သည်။ ထိုသို့​ဆို​ထား​ရာ သူတို့သည် “ဘုရားသခင်​ပေးသနား​တော်​မူ​သော အစွမ်း​သတ္တိ​အတိုင်း ဆောင်ရွက်” နေကြ​ရသည်။ (၁ ပေတရု ၄:၁၀၊ ၁၁) ထို့​ပြင် ဘဏ္ဍာစိုး​များ​အနေ​နှင့် ကျွန်ုပ်​တို့​မပိုင်ဆိုင်​သော ခရစ်ယာန်​ဓမ္မ​အမှု​အပါအဝင် ဘုရားသခင်​၏​မခံစားထိုက်သော ချစ်ခင်​ကြင်နာ​မှု​ကြောင့်​ရရှိ​သည့် ဆုကျေးဇူး​များ အပ်နှင်း​ခံ​ထား​ကြ​ရသည်။ ဘဏ္ဍာစိုး​ကောင်း​များ​ဖြစ်​ကြောင်း တင်ပြ​ရာ​တွင် ဘုရားသခင်​ပေးသနား​တော်​မူ​သော အစွမ်း​သတ္တိ​ဖြစ်သည့် ‘သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်’ ကို​ကျွန်ုပ်​တို့အား​ထား​ကြသည်။ (၂ ကောရိန္သု ၄:၇က​ဘ) အနာဂတ်​တွင်​ကြုံတွေ့​ရမည့် အဘယ်​စမ်းသပ်မှု​မျိုးကို​မဆို ရင်ဆိုင်​စေနိုင်​သည့် အလွန်​ကောင်းသော လေ့ကျင့်မှု​ပင်​တည်း!

၁၉ ‘ထာဝရ​ဘုရားသခင်​၏ သန့်ရှင်းသူ​အပေါင်း​တို့၊ ထာဝရ​ဘုရားသခင်​ကို ချစ်​ကြလော့။ ထာဝရ​ဘုရားသခင်​သည် သစ္စာရှိ​သော​သူတို့ကို စောင့်မ​တော်​မူ​၏’ ဟု​ဆာလံဆရာ သီဆို​ခဲ့​သည်။ (ဆာလံ ၃၁:၂၃) ယေဟောဝါ​သည် “လူအပေါင်း​တို့ကို​ကယ်မ​တော်​မူ​၍ ယုံကြည်​သော​သူတို့ကို အထူးသဖြင့် ကယ်မ​တော်​မူ​သော​ဘုရားသခင်” ဖြစ်​ကြောင်း လုံးဝ​စိတ်ချ​ယုံကြည်​ကာ သစ္စာရှိ​ရန် စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။—၁ တိမောသေ ၄:၁၀

သင်​မှတ်မိ​သလော

• ကျွန်ုပ်​တို့သည် အဘယ်ကြောင့် “အနည်းငယ်​သော​အမှု၌ သစ္စာရှိ” သင့်​သနည်း။

• ကျွန်ုပ်​တို့၏​သစ္စာရှိ​မှု​ကို ရိုးသားမှု​ရှိ​ခြင်း​တွင် မည်သို့​တင်ပြ​နိုင်​မည်​နည်း။

• ကျွန်ုပ်​တို့၏​သစ္စာရှိ​မှု​ကို ခရစ်ယာန်​ဓမ္မ​အမှု၌​ပါဝင်ခြင်း​တွင် မည်သို့​တင်ပြ​နိုင်​မည်​နည်း။

• ကျွန်ုပ်​တို့၏​သစ္စာရှိ​မှု​ကို ဤ​လောက​နှင့်​သီးခြားနေ​ခြင်း​တွင် မည်သို့​တင်ပြ​နိုင်​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အနည်းငယ်​သော​အမှု၌ သစ္စာ​ရှိလျှင်​ကြီးသော​အမှု၌​လည်း သစ္စာရှိ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

‘အရာ​ရာ​တို့​၌ ရိုး​ဖြောင့်​စွာ ကျင့်ကြံ​ပြုမူ​ကြလော့’

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

သစ္စာ​ရှိကြောင်း တင်ပြ​နိုင်​သည့်​နည်းလမ်း​ကောင်း​မှာ လယ်ကွင်း​ဓမ္မ​အမှု​အတွက် ကောင်းစွာ​ပြင်ဆင်ခြင်း​ဖြစ်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဣန္ဒြေရှိရှိ​ဝတ်စား​ဖြီးလိမ်း​ပါ