မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ဇေဖနိ ၂:၃ [က​ဘ] ပါ “တွေ့ ကောင်း​တွေ့ ကြလိမ့်မည်” ဟူ​သည့် စကားလုံး​က ဘုရားသခင့်​ကျေးကျွန်​များသည် ထာဝရ​အသက်​ရဖို့ မသေချာ​နိုင်​ဟု ဆိုလို​ပါသလော။

အဆိုပါ​ကျမ်းချက်​က ဤသို့​ဆို​သည်– “ကိုယ်တော်​၏​တရား​စီရင်ချက်​အတိုင်း​ကျင့်​သည့် မြေကြီးပေါ်​ရှိ နူးညံ့​သိမ်မွေ့​သော​သူအပေါင်း​တို့ ယေဟောဝါ​ကို ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့ ခြင်း​ကို ရှာ​ကြလော့။ ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့ ကြလိမ့်မည်။” ဤ​အခန်းငယ်​က “တွေ့​ကောင်း​တွေ့ ကြလိမ့်မည်” ဟု အဘယ်ကြောင့်​ဆို​သနည်း။

အာမဂေဒုန်​တွင် မိမိ​အပေါ်​သစ္စာ​တည်ကြည်သူ​တို့အား ယေဟောဝါ အဘယ်​သို့​ဆက်ဆံ​မည်​ကို သဘောပေါက်​ရန် ထို​တရား​စီရင်​ရာ​နေ့​မတိုင်မီ သေဆုံး​သွား​ကြ​သူတို့​အတွက် ဘုရားသခင်​အဘယ်အရာ​လုပ်ဆောင်​မည့်​အကြောင်း ကျမ်းစာ​သွန်သင်ချက်​ကို ပြန်ပြောင်း​သုံးသပ်ခြင်း​သည် အထောက်အကူ​ပြု​ပေမည်။ လူတချို့​သည် ကောင်းကင်​တွင် ဝိညာဉ်​သတ္တဝါများ​အဖြစ် မသေနိုင်​သည့်​အသက်တာဖြင့် ထမြောက်​ကြ​ပါ​လိမ့်​မည်၊ အခြားသူ​တို့​မှာ​မူ ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​နိုင်​သည့်​မျှော်လင့်ချက်​ဖြင့် မြေကြီးပေါ်​သို့ ထမြောက်​လာ​ကြလိမ့်မည်​ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉; ၁ ကောရိန္သု ၁၅:၅၃၊ ၅၄) အာမဂေဒုန်​မတိုင်မီ သေဆုံး​သွား​ကြ​သည့် ယေဟောဝါ​အပေါ်​တည်ကြည်သူ​များ​ကို ကိုယ်တော်​သတိရ​တော်​မူ​ပြီး ဆုချ​တော်​မူ​သည်​ဆိုလျှင် ကိုယ်တော့်​အမျက်ထွက်​ရာ​နေ့တွင် အသက်ရှင်​ကျန်ရစ်​ကြ​သည့် ကျေးကျွန်​များ​ကို အလားတူ​ဆက်ဆံ​တော်​မူ​မည်​မှာ သေချာ​ပါ​သည်။

တမန်​တော်​ပေတရု​၏ မှုတ်သွင်းခံ​စကား​များ​က​လည်း အားရှိစရာ​ပင်။ သူ ဤသို့​ရေးသားခဲ့​၏– ‘[ဘုရားသခင်] သည် ဖြောင့်မတ်ခြင်း​တရားကို​ဟော​သော နောဧ​နှင့်​လူ​ခု​နစ်​ယောက်​ကို စောင့်ရှောက်​ကွယ်ကာ​တော်​မူ​၍ ဘုရားသခင်​ကို​မသိသော လောကသား​အပေါင်း​တို့အား ရေလွှမ်းမိုး​စေတော်မူ​၏။ သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့ကို ပြာ​ဖြစ်အောင် ဖြိုဖျက်​ခြင်း​ဒဏ်​စီရင်တော်မူ​သဖြင့် ဖြောင့်မတ်​သော​လောတ​ကို ကယ်နုတ်​တော်​မူ​၏။ ဘုရားသခင်​ဝတ်၌​မွေ့လျော်​သော​သူတို့ကို စုံစမ်းခြင်း​အထဲ​က ကယ်နုတ်ခြင်း​ငှာ​လည်းကောင်း၊ မထီမဲ့မြင်​ပြုသောသူ​တို့အား တရား​ဆုံးဖြတ်​သော​နေ့​အဖို့ ချုပ်​ထားခြင်း​ငှာ​လည်းကောင်း ယေဟောဝါ​သည် တတ်နိုင်​တော်​မူ​၏။’ (၂ ပေတရု ၂:၅-၁၀သမ္မာ) ယေဟောဝါ​သည် အတိတ်​က ဆိုးယုတ်သူ​များ​ကို ဖျက်ဆီး​ခဲ့​သော်လည်း မိမိ၏​အမှုတော်ကို တည်ကြည်​စွာ ထမ်းဆောင်​ခဲ့​သည့် နောဧ​နှင့်​လောတ နှစ်ဦးစလုံး​ကို​မူ အသက်ချမ်းသာ​ပေး​ခဲ့​သည်။ အာမဂေဒုန်​တွင် ဆိုးယုတ်သူ​များ​ကို​ဖျက်ဆီး​သည့်​အခါ ဘုရားသခင်​ဝတ်၌​မွေ့လျော်သူ​တို့ကို ယေဟောဝါ ကယ်လွှတ်​တော်​မူ​လိမ့်​မည်။ ဖြောင့်မတ်​သူ “လူအုပ်ကြီး” သည် ကပ်ကျော်​ကြ​ပါ​လိမ့်​မည်။—ဗျာ. ၇:၉၊ ၁၄က​ဘ။

သို့​ဖြစ်၍ ဘုရားသခင်​၏​မျက်နှာသာ​ရသူ​တို့ကို ကိုယ်တော်​ကာကွယ်​ပေး​နိုင်စွမ်း​ရှိမရှိ မသေချာ​သည့်​အတွက် ဇေဖနိ ၂:၃ တွင် “တွေ့​ကောင်း​တွေ့ ကြလိမ့်မည်” ဟူ၍ ဆို​ထားခြင်း ဖြစ်​ပုံ​မရချေ။ သို့​အစား လူတစ်ဦး​သည် ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့ ခြင်း​ကို စတင်​ရှာဖွေ​မှ​သာ ယေဟောဝါ​အမျက်ထွက်​ရာ​နေ့တွင် ပုန်းရှောင်​ရာ​ကို သူ​တွေ့ နိုင်​ခြေ​ရှိသည်။ ကာကွယ်​စောင့်ရှောက်​ခံရ​ခြင်း​သည် နူးညံ့​သိမ်မွေ့ ခြင်း​နှင့် ဖြောင့်မတ်ခြင်း​ကို ဆက်၍​ရှာဖွေ​နေခြင်း​အပေါ် မူတည်​ပါ​သည်။—ဇေဖနိ ၂:၃

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

‘ဘုရားသခင်​ဝတ်၌​မွေ့လျော်​သော​သူတို့ကို​စုံစမ်းခြင်း​အထဲ​က ကယ်နုတ်ခြင်း​ငှာ ယေဟောဝါ​တတ်နိုင်​တော်​မူ​၏’