ယေဟောဝါ၏လမ်းတော်တွင်လျှောက်လှမ်း သူတို့အားကြွယ်ဝစွာကောင်းချီးပေး
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါ၏လမ်းတော်တွင်လျှောက်လှမ်း သူတို့အားကြွယ်ဝစွာကောင်းချီးပေး
ရိုမြူအာ စတောစ်ကီ ပြောပြသည်
ဒုတိယကမ္ဘာစစ်စခဲ့တဲ့ ၁၉၃၉၊ စက်တင်ဘာလတုန်းက ပိုလန်နိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တယ်။ စပ်စုတတ်တဲ့ ကိုးနှစ်သားအရွယ် ကျွန်တော်ဟာ အနီးအနားက စစ်မြေပြင်ကို သွားကြည့်မိတယ်။ တကယ်ထိတ်လန့်စရာပဲ၊ မြေပေါ်မှာ အလောင်းတွေ ပြန့်ကျဲနေတယ်၊ နောက်ပြီး မီးခိုးလုံးတွေကြောင့် မွန်းကျပ်နေတယ်။ အဲ့ဒီအချိန်မှာ ဘေးမကြုံဘဲ အိမ်ပြန်ရောက်ဖို့သာ စဉ်းစားနေပေမဲ့ “ဒီလောက်ဆိုးတာတွေ ဘုရားသခင် ဘာကြောင့်ခွင့်ပြုရတာလဲ။ ဘုရားသခင် ဘယ်သူ့ဘက်မှာရှိသလဲ” ဆိုတဲ့မေးခွန်းတွေ ကျွန်တော့်စိတ်ထဲပေါ်လာတယ်။
စစ်ပြီးခါနီးမှာ ဂျာမန်အစိုးရက လူငယ်တွေကို အတင်းအကျပ် အလုပ်ခိုင်းတယ်။ ငြင်းဆန်ဝံ့တဲ့သူတွေရဲ့ ရင်ဘတ်မှာ “သစ္စာဖောက်”၊ “အဖျက်သမား” ဆိုတဲ့ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီး သစ်ပင်တွေ၊ တံတားတွေပေါ်မှာ ကြိုးမိန့်ပေးပြီး သတ်ပစ်တယ်။ ကျွန်တော်တို့နေတဲ့ ဂဒင်နီးယားမြို့ဟာ စစ်တပ်နှစ်တပ်ကြားမှာ တည်ရှိတယ်။ ဒါကြောင့် မြို့ပြင်ထွက်ပြီးရေခပ်တဲ့အခါ ကျည်ဆန်တွေ၊ ဗုံးတွေဟာ ခေါင်းပေါ်ကနေ ဝှီးခနဲဝှီးခနဲဖြတ်သွားတယ်၊ ကျွန်တော့်ညီလေး ဟန်ရစ်ဟာ ကျည်ဆန်ထိမှန်ပြီး သေဆုံးရရှာတယ်။ အဲ့ဒီလိုကြောက်စရာအခြေအနေတွေကြောင့် အမေ့ခမျာ ကလေး,လေးယောက် ဘေးကင်းဖို့ မြေအောက်ခန်းတစ်ခုထဲ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။ အဲဒီမှာ နှစ်နှစ်အရွယ်ညီလေး ယူဂျီနီယပ်စ်က ဆုံဆို့နာနဲ့ ဆုံးသွားပြန်တယ်။
“ဘုရားသခင် ဘယ်ရောက်နေလဲ။ ဒီလိုဆင်းရဲခက်ခဲမှုတွေကို ဘာကြောင့်ခွင့်ပြုရသလဲ” လို့မေးမိပြန်တယ်။ ကျွန်တော်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့အတွက် ချာ့ခ်ျမှန်မှန်တက်တယ်၊ ဒါပေမဲ့ အဖြေမရခဲ့ဘူး။
ကျမ်းစာအမှန်တရား လက်ခံရ
ကျွန်တော့်မေးခွန်းတွေရဲ့အဖြေကို မမျှော်လင့်တဲ့နေရာက ရခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ စစ်ပြီးသွားတယ်၊ ၁၉၄၇ ခုနှစ်အစောပိုင်းမှာ ဂဒင်နီးယားမြို့က ကျွန်တော်တို့အိမ်ကို ယေဟောဝါသက်သေတစ်ယောက် ရောက်လာတယ်။ ကျွန်တော့်အမေက အဲဒီသက်သေခံနဲ့ စကားပြောဖြစ်ပြီး ကျွန်တော် တစ်စွန်းတစ်စကြားရတယ်။ သူပြောတာတွေက ယုတ္တိရှိပုံရတာကြောင့် ခရစ်ယာန်အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်တော့ ကျွန်တော်တို့ သွားတက်ကြတယ်။ တစ်လကြာတော့ ကျမ်းစာအမှန်တရားမှာ ကျွန်တော် ခြေကုပ်မမြဲသေးပေမဲ့ ဒေသခံသက်သေခံတွေနဲ့ပူးပေါင်းပြီး စစ်တွေ၊ ဆိုးယုတ်ကြမ်းကြုတ်မှုတွေမရှိတဲ့၊ ပိုကောင်းမွန်တဲ့ကမ္ဘာအကြောင်း အခြားသူတွေကို ဟောပြောခဲ့တယ်။ ဒီလိုဟောပြောရလို့ ကျွန်တော် သိပ်ပျော်တယ်။
၁၉၄၇၊ စက်တင်ဘာလတုန်းက စိုပေါ့မြို့၊ တိုက်နယ်စည်းဝေးပွဲမှာ ကျွန်တော် နှစ်ခြင်းခံလိုက်တယ်။ နောက်တစ်နှစ် မေလရောက်တော့ မှန်မှန်ရှေ့ဆောင်စလုပ်တယ်၊ ကျမ်းစာသတင်းတရား ဟောပြောရင်းနဲ့ အချိန်ကုန်ခဲ့တယ်။ ဒေသခံခရစ်ယာန်ဘုန်းကြီးကတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီး အကြမ်းဖက်တိုက်ခိုက်ဖို့ သွေးထိုးခဲ့တယ်။ တစ်ခါက ဒေါသမွှန်ထူနေတဲ့လူအုပ်က ကျွန်တော်တို့ကို ရန်မူတယ်၊ ခဲနဲ့ပေါက်တယ်၊ ပြင်းပြင်းထန်ထန်ရိုက်နှက်ကြတယ်။ နောက်တစ်ကြိမ်မှာတော့ ဒေသခံခရစ်ယာန်သီလရှင်နဲ့ ဘုန်းကြီးတွေက ကျွန်တော်တို့ကိုရန်မူဖို့ လူတစ်စုကို ဆွပေးခဲ့တယ်။ ရဲစခန်းမှာ ခဏခိုနေကြပေမဲ့ လူရမ်းကားအုပ်က ရဲစခန်းကိုဝိုင်းထားပြီး ကျွန်တော်တို့ကို ရိုက်မယ်တကဲကဲလုပ်ကြတယ်။ နောက်ဆုံးတော့ ရဲတွေထပ်ရောက်လာပြီး အစောင့်အကြပ်အပြည့်နဲ့ ကျွန်တော်တို့ကို ခေါ်ထုတ်သွားတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟောပြောတဲ့နယ်မှာ အသင်းတော်မရှိသေးဘူး။ တစ်ခါတလေ တောထဲမှာ အိပ်လိုက်ကြရတယ်။ ဒီလိုအခြေအနေတွေကြားမှာ ဟောပြောနိုင်ခဲ့လို့ အတော်ပျော်ရွှင်မိတယ်။ အခုတော့ အဲဒီဒေသမှာ အသင်းတော်ကြီးတွေ ရှိနေပါပြီ။
ဗေသလလုပ်ငန်း၊ ဖမ်းဆီးခံရခြင်း
၁၉၄၉ ခုနှစ်မှာ ဝတ်ခ်ျမြို့က ဗေသလအိမ်ကို ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီနေရာမှာ အမှုဆောင်ရတာ တကယ့်အခွင့်ထူးပဲ! ဒါပေမဲ့ အဲဒီမှာ ကြာကြာမနေလိုက်ရလို့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်း တရားဝင်မပိတ်ပင်ခင် တစ်လအလို ၁၉၅၀ ပြည့်နှစ်၊ ဇွန်လမှာ ဗေသလက တခြားညီအစ်ကိုတွေနဲ့အတူ ကျွန်တော်ပါ အဖမ်းခံလိုက်ရတယ်။ ကျွန်တော့်ကိုထောင်ချပြီး ရက်ရက်စက်စက် စစ်ကြောမေးမြန်းတော့တယ်။
နယူးယောက်ကို ပုံမှန်ရွက်လွှင့်နေတဲ့သင်္ဘောပေါ်မှာ ကျွန်တော့်အဖေအလုပ်လုပ်လို့ အမေရိကန်ပြည်ထောင်စုအတွက် သူလျှိုလုပ်တယ်ဆိုပြီး ကျွန်တော့်ကိုစစ်ဆေးစုံစမ်းတဲ့ အရာရှိတွေက ဝန်ခံစေချင်ကြတယ်။ ကျွန်တော့်ကို ရက်ရက်စက်စက် စစ်ဆေးမေးမြန်းကြတယ်။ ဒါ့အပြင် အဲဒီအချိန်က ပိုလန်နိုင်ငံမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ကြီးကြပ်နေတဲ့ ညီအစ်ကို ဝီလျမ်ရှိုင်ဒါအကြောင်း မဟုတ်မမှန်သက်သေထွက်ဆိုဖို့ အရာရှိလေးယောက်က ကျွန်တော့်ခြေဖနောင့်ကို တုတ်ကြီးကြီးနဲ့ရိုက်ကြတယ်။ သွေးသံရဲရဲနဲ့ ကြမ်းပြင်ပေါ်လဲနေပြီး မခံနိုင်တော့တဲ့အချိန်မှာ “ယေဟောဝါ ကူညီပေးပါ!” ဆိုပြီးအော်လိုက်တော့ ညှဉ်းပန်းနှိပ်စက်နေသူတွေ အံ့သြသွားကြပြီး ဆက်မရိုက်တော့ဘူး။ ခဏကြာတော့ သူတို့ အိပ်ပျော်သွားကြတယ်။ ကျွန်တော်လည်း သက်သာရာရပြီး အားပြန်ပြည့်လာတယ်။ ဆက်ကပ်အပ်နှံကျေးကျွန်တွေ အကူအညီတောင်းခံတဲ့အခါ ယေဟောဝါ မေတ္တာပါပါကူညီပေးတယ်ဆိုတာ ဒီအဖြစ်အပျက်က ယုံကြည်စိတ်ချစေတယ်။ ဒါကြောင့် ယုံကြည်ခြင်းပိုခိုင်ခံ့စေပြီး ဘုရားသခင်ကို လုံးလုံးလျားလျား ယုံကြည်ကိုးစားလာတယ်။
စစ်ဆေးမေးမြန်းချက်ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ကျွန်တော်ထွက်ဆိုတယ်လို့ပြောတဲ့စကားတွေ ပါတယ်။ အဲဒီစကားကို ကျွန်တော်မပြောဘူးလို့ ငြင်းတဲ့အခါ အရာရှိတစ်ယောက်က “တရားရုံးရောက်မှ ရှင်း!” လို့ပြောတယ်။ ဖော်ရွေတဲ့အကျဉ်းသားတစ်ဦးက စိတ်အေးအေးထားဖို့ အားပေးတယ်၊ နောက်ဆုံးအစီရင်ခံချက်ကို စစ်ဘက်အမှုလိုက်ရှေ့နေက စိစစ်ရဦးမှာဖြစ်လို့ ကျွန်တော့်ထွက်ဆိုချက်မဟုတ်ဘူးလို့ ချေပခွင့်ရလိမ့်မယ်ဆိုပြီးပြောတယ်။ အဲဒီအတိုင်းပဲ ဖြစ်လာခဲ့တယ်။
တိုက်နယ်လုပ်ငန်း၊ ၎င်းနောက် ထပ်မံထောင်ချခံရခြင်း
၁၉၅၁၊ ဇန်နဝါရီလမှာ ကျွန်တော် ထောင်ကထွက်လာတယ်။ တစ်လကြာတော့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် စပြီးအမှုဆောင်ရတယ်။ ပိတ်ပင်ထားတဲ့ကြားက အသင်းတော်တွေကို ခိုင်ခံ့မြဲမြံစေဖို့၊ လုံခြုံရေးအဖွဲ့တွေကြောင့် ကွဲလွင့်နေတဲ့သက်သေခံချင်းတွေကို ကူညီပေးဖို့ တခြားညီအစ်ကိုတွေနဲ့အတူ တွဲအမှုဆောင်ခဲ့တယ်။ ဆက်ပြီးအမှုဆောင်ကြဖို့ ညီအစ်ကိုတွေကို အားပေးနိုင်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ အဲ့ဒီညီအစ်ကိုတွေက နယ်လှည့်ကြီးကြပ်မှူးတွေကို သတ္တိရှိရှိကူညီပေးခဲ့ကြပြီး ကျမ်းစာစာပေတွေကို လျှို့ဝှက်ပုံနှိပ်၊ ဖြန့်ဝေနိုင်ခဲ့ကြတယ်။
၁၉၅၁၊ ဧပြီလ တစ်နေ့မှာ ခရစ်ယာန်အစည်းအဝေးကအပြန် ကျွန်တော့်ကို ဂရုစိုက်စောင့်ကြည့်နေတဲ့ လုံခြုံရေးအရာရှိတွေက ဖမ်းလိုက်တယ်။ သူတို့ရဲ့မေးခွန်းတွေကို ကျွန်တော်မဖြေလို့ ဘစ်ဒ်ဂေါ့ရှ်ခ်မြို့က ထောင်ကိုခေါ်သွားပြီး အဲဒီညမှာပဲ စစ်ဆေးမေးမြန်းတော့တယ်။ အစာရေစာမပေးဘဲ၊ အရာရှိတွေရဲ့ စီးကရက်ငွေ့ကြားမှာ ခြောက်ရက်၊ ခြောက်ညကြာ မတ်တတ်ရပ်နေရတယ်။ လက်ကိုင်တုတ်နဲ့ရိုက်၊ စီးကရက်မီးနဲ့တို့ကြတယ်။ ကျွန်တော် သတိလစ်သွားတဲ့အခါ ရေနဲ့လောင်းပြီး စစ်ကြောမေးမြန်းကြပြန်တယ်။ ခံနိုင်ရည်ရှိဖို့ ယေဟောဝါကိုအသနားခံခဲ့တာ ကိုယ်တော် ကူညီထောက်မပေးခဲ့ပါတယ်။
ဘစ်ဒ်ဂေါ့ရှ်ခ်ထောင်မှာနေရတာ တစ်မျိုးတော့ကောင်းတယ်။ အဲဒီမှာ တခြားဘယ်လိုနည်းနဲ့မှ ကျမ်းစာအမှန်တရားမကြားနိုင်တဲ့သူတွေကို ဟောပြောနိုင်ခဲ့တယ်။ သက်သေခံဖို့အခွင့်အလမ်းတွေလည်း အများကြီးရရှိခဲ့တယ်။ ထောင်သားတွေရဲ့ ဝမ်းနည်းစရာ၊ အများအားဖြင့် မျှော်လင့်ချက်မဲ့တဲ့ အနေအထားတွေကြောင့် သတင်းကောင်းနားထောင်ဖို့ သူတို့အသင့်ရှိနေကြတယ်။
အရေးပါသောအပြောင်းအလဲနှစ်ရပ်
၁၉၅၂ ခုနှစ်မှာ ကျွန်တော် ထောင်ကထွက်လာပြီး မကြာခင် ထက်သန်တဲ့ရှေ့ဆောင်ညီအစ်မ နီလာနဲ့ ပထမအကြိမ်တွေ့ဆုံခဲ့တယ်။ သူက ပိုလန်နိုင်ငံမြောက်ပိုင်းမှာ ရှေ့ဆောင်လုပ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့စာပေတွေ လျှို့ဝှက်ပုံနှိပ်တဲ့ “မုန့်ဖို” တစ်ခုမှာ သူအလုပ်လုပ်တယ်။ အဲဒီပင်ပန်းတဲ့အလုပ်က ဖျတ်လတ်ဖို့၊ အနစ်နာခံတတ်ဖို့လည်းလိုတယ်။ ၁၉၅၄ ခုနှစ်မှာ ကျွန်တော်တို့လက်ထပ်လိုက်ပြီး သမီးလေး လိဒီယာ မမွေးခင်အထိ အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ခဲ့ကြတယ်။ အဲဒီအခါ နယ်လှည့်လုပ်ငန်းကို ကျွန်တော်ဆက်လုပ်ဆောင်နိုင်ဖို့ နီလာဟာ အချိန်ပြည့်လုပ်ငန်းက ရပ်နားပြီး သမီးကိုပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အဲဒီနှစ်မှာပဲ အရေးကြီးတဲ့ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုချရသေးတယ်။ ပိုလန်နိုင်ငံရဲ့ သုံးပုံတစ်ပုံစာရှိတဲ့ဒေသမှာ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ တောင်းဆိုခံရတယ်။ ဒီကိစ္စကို ဆုတောင်းသုံးသပ်ခဲ့ကြတယ်။ လုပ်ငန်းပိတ်ပင်ထားချိန်မှာ ညီအစ်ကိုတွေကို ခွန်အားပေးဖို့ ဘယ်လောက်အရေးကြီးမှန်း ကျွန်တော်သဘောပေါက်တယ်။ အဖမ်းခံရတဲ့သူတွေ အများကြီးရှိနေလို့ ဝိညာဉ်ရေးဘက် အားပေးတည်ဆောက်ပေးဖို့ တကယ်လိုအပ်နေတယ်။ နီလာရဲ့ကူညီအားပေးမှုကြောင့် ဒီတာဝန်ကို ကျွန်တော်လက်ခံနိုင်ခဲ့တယ်။ ယေဟောဝါအကူအညီနဲ့ ဒီတာဝန်ကို ၃၈ နှစ်ကြာ ထမ်းဆောင်နိုင်ခဲ့တယ်။
“မုန့်ဖိုများ” ၏တာဝန်ခံ
အဲဒီတုန်းက ခရိုင်ကြီးကြပ်မှူးဟာ လူခြေတိတ်ဆိတ်တဲ့နေရာတွေက “မုန့်ဖိုတွေ” ရဲ့ တာဝန်ခံဖြစ်တယ်။ ရဲတွေက ကျွန်တော်တို့ကို မျက်ခြည်မပြတ်စောင့်ကြည့်နေပြီး ပုံနှိပ်လုပ်ငန်းတွေကိုရှာပြီး ရပ်တန့်ပစ်ဖို့ ကြိုးစားနေတယ်။ တစ်ခါတလေ သူတို့အောင်မြင်ခဲ့ပေမဲ့ ကျွန်တော်တို့လိုအပ်တဲ့ဝိညာဉ်ရေးအစာ တစ်ခါမှ မပြတ်လပ်ခဲ့ဘူး။ ယေဟောဝါ ဂရုစိုက်ကူညီပေးနေတယ်ဆိုတာ ထင်ရှားခဲ့တယ်။
ပင်ပန်းပြီး အန္တရာယ်များတဲ့ ပုံနှိပ်လုပ်ငန်းကိုလုပ်ကိုင်ဖို့ ဖိတ်ခေါ်ခံရသူဟာ သစ္စာရှိဖို့၊ ဖျတ်လတ်ဖို့၊ အနစ်နာခံဖို့နဲ့ နာခံတတ်ဖို့လိုတယ်။ အဲဒီလိုအရည်အချင်းတွေရှိရင် “မုန့်ဖို” လုပ်ငန်းကို စိတ်ချလက်ချ ဆက်လုပ်ကိုင်နိုင်မယ်။ နောက်တော့ လျှို့ဝှက်ပုံနှိပ်စရာ နေရာကောင်းတစ်ခုရှာတွေ့ဖို့လည်း အရမ်းခက်တယ်။ တချို့နေရာတွေက သင့်တော်ပုံပေါက်ပေမဲ့ အဲဒီမှာရှိတဲ့ ညီအစ်ကိုတွေဟာ ပါးနပ်မှုမရှိကြဘူး။ အခြားနေရာတွေကျတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်။ ညီအစ်ကိုတွေက အတော်လေးအနစ်နာခံဖို့ အသင့်ရှိကြတယ်။ ကျွန်တော်တွဲအလုပ်လုပ်ခွင့်ရခဲ့တဲ့ ညီအစ်ကို/ညီအစ်မအားလုံး တကယ်လေးမြတ်မိတယ်။
သတင်းကောင်းကို ခုခံကာကွယ်ခြင်း
အဲဒီခက်ခဲတဲ့နှစ်တွေမှာ ကျွန်တော်တို့ဟာ တရားမဝင်၊ အဖျက်လုပ်ငန်းလုပ်နေတဲ့လူတွေလို့ အမြဲစွပ်စွဲခံရပြီး တရားရုံးရောက်ခဲ့ကြရတယ်။ ကျွန်တော်တို့အတွက် ထုချေပေးမယ့် ရှေ့နေတွေမရှိလို့ ပြဿနာဖြစ်ခဲ့တယ်။ တချို့ရှေ့နေတွေက ထုချေပေးချင်ကြပေမဲ့ အများစုက နာမည်ထွက်မှာစိုးရိမ်ပြီး အာဏာပိုင်တွေကို ကြောက်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုအပ်ရာတွေကို ယေဟောဝါအမြဲသိရှိနေပြီး အချိန်တန်တော့ ကူညီဖြေရှင်းပေးခဲ့တယ်။
ကရာကောင်မြို့က နယ်လှည့်ကြီးကြပ်မှူး အလောဇာ ပရိုစတာ့ခ်ကို ရက်ရက်စက်စက် စစ်ကြောမေးမြန်းကြလို့ အကျဉ်းထောင်ဆေးရုံတင်လိုက်ရတယ်။ စိတ်ပိုင်း၊ ကာယပိုင်း အပြင်းအထန်နှိပ်စက်ခံရပေမဲ့ ကြံ့ကြံ့ခံရပ်နိုင်လို့ ဆေးရုံက တခြားအကျဉ်းသားတွေတောင် သူ့ကို လေးစားချီးမွမ်းခဲ့ကြတယ်။ တစ်ဦးကတော့ ညီအစ်ကို ပရိုစတာ့ခ်ရဲ့သတ္တိကို လေးစားသွားတဲ့ ရှေ့နေ ဗီထိုလ် လိစ်အိုအစ်ရှ်ဗစ်စကီဖြစ်တယ်။ “သူထောင်ကထွက်တာနဲ့ အလုပ်ပြန်ဝင်နိုင်ရင် ယေဟောဝါသက်သေတွေဘက်ကနေ ထုချေပေးမယ်” လို့အကြိမ်ကြိမ်ပြောပြီး ကတိပေးခဲ့တယ်။ ပြောတဲ့အတိုင်းပဲ သူလုပ်ဆောင်ခဲ့တယ်။
မစ္စတာ လိစ်အိုအစ်ရှ်ဗစ်စကီဆီမှာ တကယ်ချီးကျူးထိုက်တဲ့ ရှေ့နေအဖွဲ့တစ်ဖွဲ့ရှိတယ်။ အတိုက်အခံအပြင်းထန်ဆုံးအချိန်မှာ ညီအစ်ကိုတွေဘက်ကနေ တစ်ရက်ကို အမှုတစ်ခုနှုန်းနဲ့ တစ်လကို အမှု ၃၀ ကျော် လိုက်ပေးခဲ့တယ်။ မစ္စတာ လိစ်အိုအစ်ရှ်ဗစ်စကီဟာ အမှုတိုင်းကို နှံ့နှံ့စပ်စပ်သိထားဖို့လိုတဲ့အတွက် သူနဲ့ ကျွန်တော်အမြဲဆက်သွယ်ရတယ်။ ဒီလိုနဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၇၀ ပြည့်လွန်နှစ်တွေအထိ ခုနစ်နှစ်လောက် အတူအလုပ်လုပ်ခဲ့ကြတယ်။
အဲဒီအချိန်အတွင်း တရားဥပဒေလုပ်ငန်းအကြောင်း ကျွန်တော်အများကြီးသိလာတယ်။ အမှုစစ်ဆေးတာတွေ၊ တရားရေးခုခံချေပနည်းတွေမှာ ရှေ့နေတွေရဲ့သုံးသပ်ချက် အကောင်းအဆိုးနဲ့ တရားစွဲဆိုခံရတဲ့ ယုံကြည်သူချင်းတွေရဲ့ သက်သေထွက်ချက်တွေကို လေ့လာမှတ်သားခဲ့တယ်။ ဒါတွေအားလုံးက ညီအစ်ကိုတွေကို ကူညီတဲ့အခါ တကယ်အသုံးဝင်တယ်၊ အထူးသဖြင့် တရားရုံးမှာ သက်သေလိုက်ရတဲ့သူတွေ ဘာပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်ဆိုတာတွေကိုသိပြီး ပြောပြတတ်လာတယ်။
မစ္စတာ လိစ်အိုအစ်ရှ်ဗစ်စကီက အမှုတစ်ခုကိုလိုက်တိုင်း ယေဟောဝါသက်သေတွေအိမ်မှာ တည်းတယ်။ ဟိုတယ်အခန်းမငှားနိုင်လို့ ဒီလိုတည်းတာမဟုတ်ဘဲ “အမှုမစစ်ခင် ခင်ဗျားတို့ရဲ့စိတ်ဓာတ်မျိုးရှိလာရအောင်” ဆိုပြီး တစ်ခါက သူပြောခဲ့တယ်။ သူကူညီပေးလို့ အမှုအတော်များများ အနိုင်ရခဲ့တယ်။ ကျွန်တော့်အတွက် အကြိမ်ကြိမ်အမှုလိုက်ပေးခဲ့ပေမဲ့ တစ်ခါမှ အခကြေးငွေမယူခဲ့ဘူး။ တစ်ခါကဆိုရင် အမှုပေါင်း ၃၀ အတွက် အခကြေးငွေမယူခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ “ခင်ဗျားတို့လုပ်ငန်းအတွက် အလှူငွေနည်းနည်းပေးချင်လို့ပါ” လို့ပြောတယ်။ ဒါပေမဲ့ နည်းနည်းနောနောအလှူငွေ မဟုတ်ဘူး။ မစ္စတာ လိစ်အိုအစ်ရှ်ဗစ်စကီအဖွဲ့ရဲ့ လုပ်ဆောင်မှုကို အာဏာပိုင်တွေသတိထားမိပေမဲ့ ကျွန်တော်တို့ကို မကူညီဘဲ မနေခဲ့ဘူး။
အမှုတွေစစ်တိုင်း ညီအစ်ကိုတွေပြသတဲ့ပုံသက်သေက အရမ်းကောင်းတယ်။ တရားရုံးမှာ အမှုစစ်ဆေးတာကို ကြည့်ရှုဖို့၊ တရားစွဲဆိုခံရတဲ့ ညီအစ်ကိုတွေကို အားပေးဖို့ ညီအစ်ကို/ညီအစ်မတွေအများကြီး ရောက်လာကြတယ်။ အမှုအများဆုံးစစ်ခဲ့တဲ့အချိန်တုန်းက တစ်နှစ်အတွင်းမှာ အားပေးထောက်ခံသူ ၃၀,၀၀၀ လောက်ရှိတယ်။ တကယ်များတဲ့ သက်သေခံလူအုပ်ကြီးပဲ!
တာဝန်ခန့်အပ်ချက်အသစ်
၁၉၈၉ ခုနှစ်မှာ ကျွန်တော်တို့ရဲ့လုပ်ငန်းပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်တယ်။ သုံးနှစ်ကြာတော့ ဌာနခွဲရုံးအသစ်ဆောက်လုပ်ပြီး ဆက်ကပ်အပ်နှံလိုက်တယ်။ အဲဒီမှာရှိတဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီမှာ အမှုဆောင်ဖို့ ကျွန်တော့်ကိုဖိတ်ခေါ်တော့ ဝမ်းသာအားရလက်ခံလိုက်တယ်။ လူသုံးယောက်နဲ့ဖွဲ့ထားတဲ့ ကျွန်တော်တို့အဖွဲ့ဟာ သွေးကိစ္စရင်ဆိုင်နေရတဲ့ ညီအစ်ကိုတွေကို ကူညီပေးကြပြီး ခရစ်ယာန်သိစိတ်ကြောင့် သူတို့ရဲ့ရပ်တည်မှုကို ထုချေနိုင်ဖို့ ကူညီပေးကြတယ်။—တမန်တော် ၁၅:၂၉။
ကျွန်တော်တို့ဇနီးမောင်နှံဟာ ယေဟောဝါရဲ့အမှုဆောင်ခွင့်ရလို့ သိပ်ကျေးဇူးတင်တယ်။ ကျွန်တော့်ကို နီလာ အမြဲထောက်မကူညီပေးခဲ့တယ်။ သီအိုကရက်တစ်တာဝန်တွေနဲ့ အလုပ်များလို့ပဲဖြစ်ဖြစ်၊ ထောင်ကျနေလို့ပဲဖြစ်ဖြစ် ကျွန်တော်အိမ်မှာမရှိတဲ့အတွက် သူဘယ်တော့မှ မညည်းညူခဲ့တာကိုလည်း ကျေးဇူးတင်လို့မဆုံးဘူး။ ခက်ခဲတဲ့အချိန်မှာ သူကိုယ်တိုင် ဗုန်းဗုန်းလဲသွားမယ့်အစား အခြားသူတွေကိုတောင် နှစ်သိမ့်အားပေးနေသေးတယ်။
ဥပမာပြောရရင် ၁၉၇၄ ခုနှစ်က တခြားနယ်လှည့်ကြီးကြပ်မှူးတွေနဲ့အတူ ကျွန်တော် အဖမ်းခံရတယ်။ ညီအစ်ကိုတချို့က ကျွန်တော့်ဇနီးကို အလန့်တကြားမဖြစ်စေဘဲ ဒီအကြောင်း ပြောပြချင်တယ်။ သူနဲ့တွေ့တဲ့အခါ သူတို့က “ညီအစ်မ နီလာ သတင်းဆိုးတစ်ခု ပြောလို့ရမလား” ဆိုပြီးမေးလိုက်တယ်။ အစတော့ ကျွန်တော်သေပြီအထင်နဲ့ သူလန့်ဖျပ်သွားတယ်။ အကြောင်းစုံသိသွားတဲ့အခါ စိတ်သက်သာရာရပြီး “သူအသက်ရှင်နေသေးတာပဲ! ဒါက ပထမအကြိမ်ထောင်ကျတာမှ မဟုတ်တာ” ဆိုပြီးပြောခဲ့တယ်။ ညီအစ်ကိုတွေက သူ့ရဲ့အပြုသဘောထားကို အရမ်းအားကျတယ်လို့ နောက်ပိုင်းမှာ ကျွန်တော့်ကို ပြောပြကြတယ်။
အတိတ်မှာ ဝမ်းနည်းစရာအဖြစ်ဆိုးတွေ ကျွန်တော်တို့ကြုံတွေ့ခဲ့ရပေမဲ့ ယေဟောဝါရဲ့လမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေတဲ့အတွက် ကိုယ်တော် ကောင်းချီးအများကြီးပေးခဲ့တယ်။ သမီးလိဒီယာနဲ့ သူ့ခင်ပွန်း အဲလ်ဖရက် ဒီရုရှာတို့လည်း ပုံသက်သေကောင်းတဲ့ ခရစ်ယာန်မောင်နှံစုံဖြစ်ကြလို့ ကျွန်တော်တို့ဝမ်းသာတယ်။ သူတို့ရဲ့သားတွေဖြစ်တဲ့ ခရစ္စတိုဖာ၊ ဂျော်နသန်တို့ကို ဘုရားသခင်ရဲ့ ဆက်ကပ်အပ်နှံကျေးကျွန်တွေဖြစ်လာအောင် ပျိုးထောင်ခဲ့ကြလို့ ပိုဝမ်းသာမိတယ်။ ကျွန်တော့်ညီ ရစ်ရှာဒ်နဲ့ ညီမလေးဥဇူလာတို့လည်း သက်တမ်းကြာ တည်ကြည်တဲ့ခရစ်ယာန်တွေပဲ။
ကျွန်တော်တို့ကို ယေဟောဝါရှင် တစ်ခါမှမစွန့်ပစ်ခဲ့ဖူးဘူး၊ ကိုယ်တော်ကို စိတ်နှလုံးအပြည့် ဆက်ပြီးဝတ်ပြုချင်တယ်။ ဆာလံ ၃၇:၃၄ မှာပါတဲ့ ‘ယေဟောဝါကိုမျှော်လင့်၍ လမ်းတော်ကို လျှောက်သွားလော့၊ ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်’ ဆိုတဲ့စကား မှန်ကန်တယ်ဆိုတာ ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီ။ အဲဒီအချိန်ကိုပဲ စောင့်မျှော်နေကြပါတယ်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
၁၉၆၄ ခုနှစ်က ကာရာကောင်မြို့၊ ညီအစ်ကိုတစ်ဦး၏ပန်းခြံ၌ ကျင်းပသော တိုက်နယ်စည်းဝေးပွဲတစ်ခုတွင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
၁၉၆၈ ခုနှစ်တွင် ကျွန်တော့်ဇနီး နီလာ၊ သမီး လိဒီယာတို့နှင့်အတူ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သွေးမဲ့ နှလုံးခွဲစိတ်ကုသမှုမတိုင်မီ သက်သေခံသူငယ်လေးနှင့်အတူ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ကလေးများကို သွေးမဲ့ခွဲစိတ်ကုသပေးသော နှလုံးခွဲစိတ်ကုသမားတော်ကြီး ဒေါက်တာ ဝိုက်စ်နှင့်အတူ ကာတိုဗစ္စဆေးရုံရှေ့တွင်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
၂၀၀၂ ခုနှစ်တွင် နီလာနှင့်အတူ