ယေဟောဝါသည် ‘မိမိကို ကြိုးစားရှာသောသူအား ဆုချ’
ယေဟောဝါသည် ‘မိမိကို ကြိုးစားရှာသောသူအား ဆုချ’
‘ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ကြိုးစား၍ရှာသောသူအား ဆုချတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။’—ဟေဗြဲ ၁၁:၆၊ သမ။
၁၊ ၂။ ယေဟောဝါ၏ကျေးကျွန်တချို့သည် အပျက်သဘောထားများနှင့် အဘယ်ကြောင့် နပန်းလုံးနေရသနည်း။
“ယေဟောဝါသက်သေဖြစ်တာ အနှစ် ၃၀ နီးပါးရှိပြီ၊ ဒါပေမဲ့ အဲ့ဒီနာမည်နဲ့ ကျွန်မ ထိုက်တန်တယ်လို့ တစ်ခါမှမခံစားခဲ့ရဘူး။ ကျွန်မ ရှေ့ဆောင်ဖြစ်ခဲ့ဖူးတယ်၊ တခြားအခွင့်ထူးတွေလည်း အများကြီးရခဲ့ဖူးတယ်၊ ဒါတောင်မှ ကိုယ့်ကိုယ်ကို သက်သေခံဖြစ်ထိုက်တယ်လို့ မခံစားရဘူး” ဟုဘာဘရာက ဖွင့်ပြောပြ၏။ * ကိသ်လည်း ထိုနည်းတူခံစားချက်မျိုးကို ဖွင့်ဟပြ၏။ “ယေဟောဝါကျေးကျွန်တွေဆီမှာ ပျော်စရာအကြောင်း အများကြီးရှိတယ်၊ ဒါပေမဲ့ ကျွန်တော်က မပျော်နိုင်တဲ့အတွက် တစ်ခါတလေ ကျွန်တော်နဲ့မထိုက်တန်ဘူးလို့ ယူမှတ်မိတယ်။ ဒါ့ကြောင့် အပြစ်ရှိတယ်လို့ ခံစားရပြီး အခြေအနေကို ပိုတောင်ဆိုးသွားစေတယ်” ဟုသူပြောပြ၏။
၂ အတိတ်နှင့်မျက်မှောက်ခေတ်ရှိ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များစွာသည် အလားတူခံစားချက်မျိုးနှင့် နပန်းလုံးကြရသည်။ အသင်ကော တစ်ခါတစ်ရံ ထိုသို့နပန်းလုံးရဖူးသလော။ ယုံကြည်သူချင်းများသည် အပူအပင်မရှိ၊ ပျော်ရွှင်နေကြပုံရသော်လည်း သင်သည် အခက်အခဲတစ်ခုပြီးတစ်ခု ရင်ဆိုင်နေရမည်။ ထိုအခါ သင်သည် ယေဟောဝါ၏မျက်နှာသာတော်နှင့် အရေးပေးခြင်းမခံရဟု ခံစားရနိုင်၏။ ယင်းသို့ အလျင်စလို ကောက်ချက်မချလိုက်ပါနှင့်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အာမခံထားသည်– ‘[ယေဟောဝါ]သည် ဆင်းရဲခက်ခဲသောသူ၏ ဆင်းရဲခက်ခဲသောအဖြစ်ကို မရွံမရှာ၊ မထီမဲ့မြင်မပြု၊ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားညောင်းတော်မူပြီ။’ (ဆာလံ ၂၂:၂၄၊ သမ) ယေဟောဝါသည် တည်ကြည်သူများ၏ အော်ဟစ်သံကို နားညောင်းရုံမက ဆုချကြောင်း မေရှိယနှင့်ပတ်သက်သည့် အဆိုပါပရောဖက်ပြုချက်စကားများက ဖော်ပြသည်။
၃။ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ဖိစီးမှုများမှ အဘယ်ကြောင့် မလွတ်ကင်းကြသနည်း။
၃ ဤအစီအစဉ်စနစ်၏ဖိစီးမှုများကို ယေဟောဝါ၏လူတို့အပါအဝင် အဘယ်သူမျှ မလွတ်ကင်းကြချေ။ ယေဟောဝါ၏ရန်သူကြီး စာတန်အုပ်ချုပ်သော ဤလောကတွင် ကျွန်ုပ်တို့ နေထိုင်လျက်ရှိကြသည်။ (၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉) ယေဟောဝါ၏ကျေးကျွန်များသည် အံ့ဖွယ်နည်းဖြင့် ကာကွယ်ခံရမည့်အစား၊ စာတန်၏အဓိကပစ်မှတ်ဖြစ်နေကြ၏။ (ယောဘ ၁:၇-၁၂; ဗျာ. ၂:၁၀) သို့ဖြစ်၍ ယေဟောဝါ အရေးမယူမချင်း ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်ကြောင်း ယုံကြည်စိတ်ချမှုဖြင့် ‘ဆင်းရဲခြင်းအောက် ခံနိုင်ရည်ရှိ’ ပြီး “ဆုတောင်းခြင်းတွင် စွဲမြဲ” နေဖို့လိုသည်။ (ရောမ ၁၂:၁၂၊ ကဘ) ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ချစ်မည်မဟုတ်ဟူသော အတွေးမျိုး အဝင်မခံသင့်ပါ!
ရှေးခေတ်မှ ခံနိုင်ရည်ပုံနမူနာများ
၄။ ဆင်းရဲခက်ခဲမှုများကို ခံရပ်ခဲ့ကြသည့် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ၏ ပုံနမူနာအချို့ကို ဖော်ပြပါ။
၄ ရှေးခေတ်မှ ယေဟောဝါ၏ကျေးကျွန်များစွာသည် ဆင်းရဲခက်ခဲမှုများကို ခံရပ်ခဲ့ကြရသည်။ ဥပမာ၊ ဟန္နသည် ကလေးမရသောကြောင့် “ညှိုးငယ်သောစိတ်” ဖြင့် မိမိကို ဘုရားသခင် မေ့လျော့နေသည်ဟု ယူမှတ်ခဲ့ရှာသည်။ (၁ ဓမ္မရာဇဝင် ၁:၉-၁၁) လူသတ်သမား ဘုရင်မ,ယေဇဗေလသည် ဧလိယကို လိုက်လံဖမ်းဆီးသည့်အခါ ဧလိယသည် ကြောက်ရွံ့လာပြီး ယေဟောဝါထံ ဤသို့ဆုတောင်းခဲ့သည်– ‘အိုထာဝရဘုရားသခင် ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါ။’ (၃ ဓမ္မရာဇဝင် ၁၉:၄) ထို့ပြင် တမန်တော်ပေါလုသည် မစုံလင်မှု၏ဒဏ်ကို ခံစားရသည့်အခါ “ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါတွေ့၏” ဟုဝန်ခံခဲ့ပြီး ထပ်ဆင့်၍ “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား” ဟုဆိုသည်။—ရောမ ၇:၂၁-၂၄။
၅။ (က) ဟန္န၊ ဧလိယနှင့် ပေါလုတို့သည် မည်သို့ဆုချခံရသနည်း။ (ခ) ကျွန်ုပ်တို့သည် အပျက်သဘောထားများနှင့် နပန်းလုံးနေရလျှင် ဘုရားသခင့်စကားတော်မှ မည်သို့နှစ်သိမ့်မှုရယူနိုင်သနည်း။
၅ မှန်ပါသည်၊ ဟန္န၊ ဧလိယနှင့် ပေါလုတို့အားလုံးသည် ယေဟောဝါ၏အမှုတော်တွင် ခံနိုင်ရည်ရှိခဲ့ကြရာ ကိုယ်တော်သည် သူတို့ကို ကြွယ်ဝစွာ ဆုချတော်မူကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ (၁ ဓမ္မရာဇဝင် ၁:၂၀; ၂:၂၁; ၃ ဓမ္မရာဇဝင် ၁၉:၅-၁၈; ၂ တိမောသေ ၄:၈) မည်သို့ပင်ဖြစ်ပါစေ၊ သူတို့သည် ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကြောက်ရွံ့ခြင်းအစရှိသည့် စိတ်လှုပ်ရှားမှုအမျိုးမျိုးဖြင့် နပန်းလုံးခဲ့ရရှာ၏။ သို့ဖြစ်၍ တစ်ခါတစ်ရံ ကျွန်ုပ်တို့တွင် အပျက်သဘောထားများရှိလာလျှင် အံ့အားသင့်စရာမဟုတ်ပေ။ သို့သော် ဘဝ၏စိုးရိမ်ပူပန်မှုများကို သင်ကြုံရ၍ သင့်ကို ယေဟောဝါ အမှန်တကယ်ချစ်မချစ် ဇဝေဇဝါဖြစ်လာလျှင် မည်သို့ပြုလုပ်နိုင်သနည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ နှစ်သိမ့်မှုရယူနိုင်သည်။ ဥပမာ၊ ယေဟောဝါသည် “သင်တို့ဆံပင်” ကိုရေတွက်လျက်ရှိသည်ဟု ယေရှု၏ဖော်ပြချက်ကို ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့ကြသည်။ (မဿဲ ၁၀:၃၀) ယေဟောဝါသည် ကျေးကျွန်တစ်ဦးစီကို အလွန်စိတ်ဝင်စားကြောင်း အဆိုပါအားရှိစရာစကားများက ဖော်ပြ၏။ ယေရှု၏စာငှက်ပုံဥပမာကိုလည်း ပြန်သုံးသပ်ကြည့်ပါ။ ယေဟောဝါမသိဘဲ စာငှက်ငယ်တစ်ကောင်မျှ မြေသို့ကျခွင့်မရှိလျှင် သင့်ကို ကိုယ်တော် မျက်ကွယ်ပြုထားမည်လော။
၆။ သမ္မာကျမ်းစာသည် အပျက်သဘောထားများနှင့် နပန်းလုံးနေရသူများအတွက် နှစ်သိမ့်မှုရင်းမြစ် မည်သို့ဖြစ်နိုင်သနည်း။
၆ မစုံလင်သော ကျွန်ုပ်တို့လူသားများသည် တန်ခိုးအကြီးဆုံးဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ရှေ့မှောက်တွင် အမှန်တကယ် တန်ဖိုးရှိနိုင်မည်လော။ ရှိနိုင်ပါသည်! ယင်းကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည့် ကျမ်းပိုဒ်များစွာရှိသည်။ ထိုကျမ်းပိုဒ်များကို သုံးသပ်ခြင်းဖြင့် ဆာလံဆရာ၏ ဤစကားများကို ကျွန်ုပ်တို့ပြောဆိုနိုင်ကြမည်– “အကျွန်ုပ်၏စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြခြင်း များပြားသောအခါ နှစ်သိမ့်တော်မူခြင်းသည် အကျွန်ုပ်ကို ရွှင်လန်းစေပါ၏။” (ဆာလံ ၉၄:၁၉၊ သမ) ကျွန်ုပ်တို့ကို ဘုရားသခင်တန်ဖိုးထားပြီး ကိုယ်တော်၏အလိုတော်ကို ထမ်းဆောင်နေသည့်အခါ ဆုချတော်မူမည်ကို အပြည့်အဝသဘောပေါက်စေနိုင်မည့် သမ္မာကျမ်းစာပါ နှစ်သိမ့်မှုအချို့ကို သုံးသပ်ကြည့်ကြစို့။
ယေဟောဝါ၏ “အထူးပိုင်ဆိုင်ရာ ဘဏ္ဍာတော်”
၇။ ယေဟောဝါသည် ဖောက်ပြန်သောလူမျိုးကို မာလခိမှတစ်ဆင့် အဘယ်အားရှိစရာပရောဖက် ပြုခဲ့သနည်း။
၇ ဘီ.စီ.အီး. ငါးရာစုတွင် ဂျူးတို့၏အခြေအနေသည် အလွန်ဆိုးရွားလှ၏။ ယဇ်ပုရောဟိတ်များသည် တိရစ္ဆာန်အကျိုးအကန်းများကို လက်ခံ၍ ယေဟောဝါ၏ယဇ်ပလ္လင်တွင် ပူဇော်လျက်ရှိကြသည်။ တရားသူကြီးများသည် မျက်နှာလိုက်နေကြသည်။ ပြုစားခြင်း၊ လိမ်ညာကောက်ကျစ်ခြင်းနှင့် သူ့မယားပြစ်မှားခြင်းတို့ကို နေရာအနှံ့ တွေ့ရှိရ၏။ (မာလခိ ၁:၈; ၂:၉; ၃:၅) မျက်နှာပြောင်တိုက်၍ ဖောက်ပြန်နေသော ဤလူမျိုးကို မာလခိသည် မယုံနိုင်စရာ ပရောဖက်ပြုချက်တစ်ခုကို ဟောခဲ့သည်။ အချိန်တန်လျှင် ယေဟောဝါသည် မိမိ၏လူမျိုးတော်အား မျက်နှာသာရအခြေအနေမျိုးကို ပြန်ရောက်ရှိစေမည်ဖြစ်သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘“ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါ့အထူးပိုင်ဆိုင်ရာ ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အစေခံသောသားကို အဘညှာတာသကဲ့သို့ ထိုသူတို့ကို ငါညှာတာမည်” ဟုဗိုလ်ခြေတို့အရှင် ထာဝရဘုရားသခင်မိန့်တော်မူ၏။’—မာလခိ ၃:၁၇၊ သမ။
၈။ မာလခိ ၃:၁၇ သည် မူအရ လူအုပ်ကြီးနှင့် အဘယ်ကြောင့်သက်ဆိုင်နိုင်သနည်း။
၈ မာလခိ၏ပရောဖက်ပြုချက်တွင် ဝိညာဉ်တော်ဖွားခရစ်ယာန် ၁၄၄,၀၀၀ နှင့်ဖွဲ့စည်းထားသည့် ဝိညာဉ်ရေးလူမျိုးနှင့်ပတ်သက်၍ မျက်မှောက်ခေတ်ပြည့်စုံချက်ရှိ၏။ ထိုလူမျိုးသည် ယေဟောဝါ၏ “အထူးပိုင်ဆိုင်ရာဘဏ္ဍာတော်” သို့မဟုတ် “ပိုင်ဆိုင်တော်မူသောလူမျိုး” ဖြစ်သည်။ (၁ ပေတရု ၂:၉၊ သမ) “ဝတ်လုံဖြူဝတ်ကာ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့ ရပ်လျက်နေ” သည့် “လူအုပ်ကြီး” အတွက်လည်း မာလခိ၏ပရောဖက်ပြုချက်က အားရှိစရာဖြစ်နိုင်သည်။ (ဗျာ. ၇:၄၊ ၉၊ ကဘ) ဤသူများသည် သိုးထိန်းရှင် ယေရှုခရစ်၏လက်အောက်တွင် ဝိညာဉ်တော်ဖွားများနှင့်အတူ သိုးစုတစ်စုတည်းဖြစ်လာကြသည်။—ယောဟန် ၁၀:၁၆။
၉။ ယေဟောဝါ၏လူတို့သည် ကိုယ်တော့်အတွက် အဘယ်ကြောင့် “အထူးပိုင်ဆိုင်ရာဘဏ္ဍာတော်” ဖြစ်သနည်း။
၉ ယေဟောဝါသည် မိမိ၏အမှုတော်ထမ်းလိုသူများကို မည်သို့မြင်သနည်း။ မာလခိ ၃:၁၇ တွင်ဖော်ပြထားသည့်အတိုင်း မေတ္တာရှိဖခင်က မိမိ၏သားကိုရှုမြင်သကဲ့သို့ မြင်တော်မူ၏။ ထို့ပြင် ကိုယ်တော်သည် မိမိလူမျိုးအား “အထူးပိုင်ဆိုင်ရာဘဏ္ဍာတော်” ဟူ၍ ချီးမွမ်းခေါ်ဆိုသည်ကို သတိပြုပါ။ တခြားဘာသာပြန်ကျမ်းများက ထိုစကားစုကို “ငါ့ပိုင်ဆိုင်ရာ၊” “ငါအလွန်တန်ဖိုးထားသည့်ပိုင်ဆိုင်ရာ၊” နှင့် “ငါ့ရတနာ” ဟူ၍ ပြန်ဆိုကြသည်။ ယေဟောဝါသည် မိမိ၏အမှုတော်ထမ်းသူများကို အဘယ်ကြောင့် ဤမျှတန်ဖိုးထားရသနည်း။ တစ်ချက်အနေနှင့်၊ ကိုယ်တော်သည် ကျေးဇူးသိတတ်သော ဘုရားသခင်ဖြစ်သောကြောင့်တည်း။ (ဟေဗြဲ ၆:၁၀) ကိုယ်တော်သည် မိမိ၏အမှုတော်ကို ထက်သန်စွာ ထမ်းဆောင်သူများကို အလွန်ရင်းနှီးချစ်ခင်တော်မူ၏။
၁၀။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို မည်သို့ကာကွယ်စောင့်ရှောက်တော်မူသနည်း။
၁၀ သင်တန်ဖိုးထားသည့် အထူးပိုင်ဆိုင်ရာပစ္စည်းတစ်ခုရှိသလော။ ယင်းကို ကြိုးစားကာကွယ်ထိန်းသိမ်းထားမည်မဟုတ်လော။ ယေဟောဝါလည်း မိမိ၏ “အထူးပိုင်ဆိုင်ရာဘဏ္ဍာတော်” ကိုထိုသို့ပင်ပြုတော်မူ၏။ မှန်ပါသည်၊ ဘဝအခက်အခဲနှင့် ကြေကွဲဖွယ်ဖြစ်ရပ်အမျိုးမျိုးမှ မိမိ၏လူတို့ကို ကိုယ်တော် ကာကွယ်ပေးမည်မဟုတ်ချေ။ (ဒေ. ၉:၁၁) သို့သော် ယေဟောဝါသည် ဝိညာဉ်ရေးအရ မိမိ၏သစ္စာရှိကျေးကျွန်များကို ကာကွယ်ပေးနိုင်ရုံမက ကာကွယ်ပေးတော်မူလိမ့်မည်။ အဘယ်အခက်အခဲမျိုးကိုမဆို ခံရပ်နိုင်ရန် လိုအပ်သည့်ခွန်အားကို ကိုယ်တော်ပေးတော်မူ၏။ (၁ ကောရိန္သု ၁၀:၁၃) ထို့ကြောင့် မောရှေက ‘အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ . . . ထာဝရဘုရားသခင်သည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူမည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ’ ဟုဘုရားသခင်၏ရှေးဣသရေလလူမျိုးကို ပြောဆိုခဲ့သည်။ (တရားဟောရာ ၃၁:၆) ယေဟောဝါသည် မိမိ၏လူမျိုးကို ကျေးဇူးပြုတော်မူ၏။ သူတို့သည် ကိုယ်တော်၏ “အထူးပိုင်ဆိုင်ရာဘဏ္ဍာတော်” ဖြစ်၏။
‘ဆုချတော်မူရှင်’ ယေဟောဝါ
၁၁၊ ၁၂။ ဆုချတော်မူရှင်အဖြစ် ယေဟောဝါအား သိမြင်ခြင်းက သံသယစိတ်များကို မည်သို့တွန်းလှန်နိုင်သနည်း။
၁၁ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို တန်ဖိုးထားကြောင်း နောက်ထပ်သာဓကတစ်ခုမှာ သူတို့ကို ဆုချခြင်းဖြစ်သည်။ ကိုယ်တော်သည် ဣသရေလလူတို့ကို ဤသို့မိန့်ဆိုခဲ့၏– ‘“ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့” ဟုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင် မိန့်တော်မူ၏။’ (မာလခိ ၃:၁၀) နောက်ဆုံး၌ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ထာဝရအသက်ဆု ပေးတော်မူမည်ဖြစ်သည်။ (ယောဟန် ၅:၂၄; ဗျာ. ၂၁:၄) အဆိုပါတန်ဖိုးဖြတ်မရသည့် ဆုကျေးဇူးသည် ယေဟောဝါ၏မေတ္တာတော်နှင့် ရက်ရောမှုအတိုင်းအတာကို ဖော်ပြသည်။ မိမိ၏အမှုတော်ထမ်းလိုသူများကို ကိုယ်တော် အမှန်ပင်တန်ဖိုးထားကြောင်းကိုလည်း ဖော်ပြ၏။ ရက်ရက်ရောရောဆုချတော်မူရှင်အဖြစ် ယေဟောဝါအား ရှုမြင်တတ်ခြင်းကြောင့် ဘုရားသခင်ဘက် ကျွန်ုပ်တို့၏ရပ်တည်ချက်နှင့်ပတ်သက်၍ အဘယ်သံသယမျိုးကိုမဆို တွန်းလှန်နိုင်မည်ဖြစ်သည်။ အမှန်မှာ ယေဟောဝါသည် ဆုချတော်မူရှင်အဖြစ် မိမိအား ရှုမြင်စေလိုတော်မူ၏။ ပေါလုက ‘ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ကြိုးစာ၍ရှာသောသူအား ဆုချတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်’ ဟုရေးသားခဲ့သည်။—ဟေဗြဲ ၁၁:၆၊ သမ။
၁၂ အမှန်ဆိုသော် ယေဟောဝါဆုချမည်ဟူသော ကတိတော်ကြောင့်သာမဟုတ်ဘဲ ကိုယ်တော့်ကိုချစ်၍ အမှုတော်ကို ကျွန်ုပ်တို့ ထမ်းဆောင်ကြခြင်းဖြစ်သည်။ သို့တိုင် မျှော်လင့်ချက်ဆုကျေးဇူးကို စိတ်စွဲမှတ်ထားခြင်းသည် မမှားပါ၊ တစ်ကိုယ်ကောင်းမဆန်ပါ။ (ကောလောသဲ ၃:၂၃၊ ၂၄) ယေဟောဝါသည် မိမိအား ကြိုးစားရှာသူတို့ကို ချစ်ပြီး အလွန်တန်ဖိုးထားသောကြောင့် အစပြုဆုချတော်မူခြင်းဖြစ်သည်။
၁၃။ ရွေးနုတ်ဖိုးအစီအစဉ်သည် ယေဟောဝါမေတ္တာတော်၏ အထင်ရှားဆုံးသာဓက အဘယ်ကြောင့်ဖြစ်ရသနည်း။
၁၃ လူတို့ကို ယေဟောဝါတန်ဖိုးထားကြောင်း အထင်ရှားဆုံးသာဓကမှာ ရွေးနုတ်ဖိုးအစီအစဉ် ဖြစ်သည်။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။’ (ယောဟန် ၃:၁၆) ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ် အစီအစဉ်က ကျွန်ုပ်တို့သည် ယေဟောဝါ၏ရှေ့မှောက်တွင် တန်ဖိုးမရှိ၊ ချစ်ဖွယ်ရာမကောင်းဟူသော အတွေးမျိုးကို ပယ်ဖျက်ပေးသည်။ ယေဟောဝါ အလွန်တန်ဖိုးထားသည့် တစ်ပါးတည်းသော သားတော်၏အသက်ကိုပင် ကျွန်ုပ်တို့အတွက် ပေးခဲ့ရာ ကျွန်ုပ်တို့ကို အလွန်ချစ်၍သာဖြစ်ရမည်။
၁၄။ ရွေးနုတ်ဖိုးကို ပေါလု မည်သို့ရှုမြင်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၄ ထို့ကြောင့် အပျက်သဘောထားများ ဖြစ်ပေါ်လာလျှင် ရွေးနုတ်ဖိုးကို ဆင်ခြင်သုံးသပ်ပါ။ ဤဆုကျေးဇူးကို ယေဟောဝါကိုယ်တော်တိုင် စီစဉ်ပေးထားသည်ဟု ရှုမြင်ပါ။ ထိုသို့ပင် တမန်တော်ပေါလု ရှုမြင်၏။ ပေါလုက “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား” ဟုပြောပြီးနောက် “ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ်စွန့်တော်မူ” သော “ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏” ဟုဆက်ပြောသည်ကို သတိရပါ။ (ရောမ ၇:၂၄၊ ၂၅; ဂလာတိ ၂:၂၀) ပေါလုဤသို့ပြောဆိုရာတွင် မိမိကိုယ်ကို အထင်ကြီးလွန်းနေခြင်းမဟုတ်ဘဲ မိမိကို လူသားတစ်ဦးအဖြစ် ယေဟောဝါ တန်ဖိုးထားကြောင်း လုံးလုံးလျားလျား ယုံကြည်စိတ်ချခြင်းဖြစ်သည်။ ပေါလုနည်းတူ အသင်လည်း ရွေးနုတ်ဖိုးကို မိမိအတွက် ဘုရားသခင်ကိုယ်တော်တိုင် စီစဉ်ပေးသောဆုကျေးဇူးအဖြစ် ရှုမြင်သင့်သည်။ ယေဟောဝါသည် တန်ခိုးရှိသောကယ်တင်ရှင်ဖြစ်သည်သာမက မေတ္တာရှိသောဆုပေးရှင်လည်း ဖြစ်တော်မူ၏။
စာတန်၏ပရိယာယ်များကို သတိပြု
၁၅-၁၇။ (က) အပျက်သဘောထားများကို စာတန် မည်သို့အခွင့်ကောင်းယူသနည်း။ (ခ) ယောဘ၏အတွေ့အကြုံမှ အဘယ်အားပေးမှု ရရှိနိုင်သနည်း။
၁၅ သို့တိုင် သမ္မာကျမ်းစာပါ မှုတ်သွင်းခံ နှစ်သိမ့်စကားများသည် သင်နှင့်သက်ဆိုင်သည်ကို ယုံရခက်နေပေမည်။ ဘုရားသခင်ပေးမည့် ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရခြင်း ဆုကျေးဇူးကို တခြားသူများ ရရှိနိုင်သော်လည်း သင်နှင့် လုံးဝမထိုက်တန်ဟု ခံစားရပေမည်။ သင်သည် ထိုသို့ခံစားရလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၆ ဧဖက်မြို့သားများအား ပေါလုဆုံးမခဲ့သည့် ဤစကားများကို သင်ကောင်းစွာသိရှိပေမည်– ‘စာတန်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။’ (ဧဖက် ၆:၁၁) စာတန်၏နည်းပရိယာယ်များကို စဉ်းစားလိုက်သည့်အခါ ရုပ်ဝါဒနှင့် အကျင့်ယိုယွင်းမှုအစရှိသည်တို့ စိတ်ထဲချက်ချင်းပေါ်လာမည်၊ ထိုသို့လည်း ပေါ်လာသင့်သည်။ အဆိုပါသွေးဆောင်မှုများက ရှေးခေတ်နှင့်ယခုခေတ်ရှိ ဘုရားသခင်၏လူတို့ကို ဝါးမျိုခဲ့ပြီဖြစ်သည်။ သို့သော် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ကိုမချစ်ပါဟူသည့် စာတန်၏ပရိယာယ် နောက်တစ်ခုကိုလည်း လျစ်လျူမရှုသင့်ချေ။
၁၇ စာတန်သည် ထိုသို့သောခံစားချက်ကို လိမ္မာပါးနပ်စွာအသုံးပြု၍ ဘုရားသခင်ထံမှ လူတို့ ဝေးကွာသွားစေရန် ကြိုးစားခဲ့သည်။ ယောဘအား ဗိလဒဒ်ပြောသော ဤစကားများကို အမှတ်ရပါ– ‘လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်နိုင်သနည်း။ လူမိန်းမဖွားမြင်သောသူသည် အဘယ်သို့သန့်ရှင်းနိုင်သနည်း။ လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌မဖြူစင်။ ထိုမျှမက တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဖွယ်ရာရှိသနည်း။’ (ယောဘ ၂၅:၄-၆; ယောဟန် ၈:၄၄) အဆိုပါစကားများက မည်မျှစိတ်ပျက်အားလျော့စေသည်ကို မြင်ယောင်ကြည့်နိုင်သလော။ သို့ဖြစ်၍ စာတန်ကြောင့် စိတ်ပျက်အားမလျော့ပါနှင့်။ တစ်ဖက်တွင်မူ၊ မှန်ရာကို သာ၍ကြိုးစားလုပ်ကိုင်ရန် ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည်ရှိနိုင်ဖို့ စာတန်၏အကြံအစည်များကို သတိပြုပါ။ (၂ ကောရိန္သု ၂:၁၁) ယေဟောဝါသည် ယောဘကို ဆုံးမခဲ့သော်လည်း သူ၏ခံနိုင်ရည်ရှိမှုကြောင့် သူဆုံးရှုံးခဲ့သမျှထက် နှစ်ဆပြန်ပေး၍ ဆုချတော်မူခဲ့သည်။—ယောဘ ၄၂:၁၀။
ယေဟောဝါသည် “ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်”
၁၈၊ ၁၉။ ဘုရားသခင်သည် “ငါတို့၏စိတ်နှလုံးထက်” မည်သို့ “သာ၍ကြီးမြတ်” သနည်း၊ ကိုယ်တော်သည် အဘယ်နည်းဖြင့် “အလုံးစုံတို့ကိုသိတော်မူ” သနည်း။
၁၈ မှန်ပါသည်၊ အလွန်စိတ်ဓာတ်ကျနေလျှင် ယင်းကို ဖျောက်ဖျက်ရန် အခက်တွေ့နိုင်၏။ သို့တိုင် သင်သည် ယေဟောဝါ၏ဝိညာဉ်တော်ဖြင့် ‘ဘုရားသခင်ကိုသိသောပညာကို ဆီးတားသော မြို့ရိုးမြို့ပြတို့ကို’ တဖြည်းဖြည်း ဖြိုဖျက်နိုင်မည်။ (၂ ကောရိန္သု ၁၀:၄၊ ၅) သင့်ကို အပျက်သဘောထားများ ဖိစီးလာလျှင် တမန်တော်ယောဟန်၏ ဤစကားများကို ဆင်ခြင်သုံးသပ်ပါ– ‘ထိုသို့ချစ်လျှင် ကိုယ်တိုင်အမှန်တရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည်။ အကြောင်းမူကား ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ၏။’—၁ ယောဟန် ၃:၁၉၊ ၂၀။
၁၉ “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်” ဟူသော စကားစုသည် အဘယ်အရာကိုဆိုလိုသနည်း။ အထူးသဖြင့် ကျွန်ုပ်တို့၏မစုံလင်မှုနှင့် အားနည်းချက်တို့ကို ကောင်းစွာသိမြင်လာသည့်အခါ ကျွန်ုပ်တို့၏စိတ်နှလုံးက တစ်ခါတစ်ရံ မိမိကိုယ်ကို အပြစ်တင်ပေမည်။ သို့မဟုတ် ကျွန်ုပ်တို့ ဘယ်အရာပဲပြုလုပ်ပါစေ ကျွန်ုပ်တို့၏နောက်ခံကြောင့် ယေဟောဝါ လက်ခံနိုင်မည်မဟုတ်ဟူသော အပျက်သဘောထားများ ဝင်လာနိုင်မည်။ ယေဟောဝါသည် ထိုထက် သာ၍ကြီးမြတ်တော်မူကြောင်း တမန်တော်ယောဟန်၏စကားများက စိတ်ချစေ၏! ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို အာရုံစိုက်မနေဘဲ ကျွန်ုပ်တို့ကို အလားအလာရှိသူများအဖြစ် ရှုမြင်တော်မူ၏။ ကျွန်ုပ်တို့၏သဘောထားများနှင့် ရည်ရွယ်ချက်တို့ကိုလည်း သိတော်မူ၏။ ဒါဝိဒ်က “[ဘုရားသခင်သည်] ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟုရေးသားခဲ့သည်။ (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်တို့ မိမိကိုယ်ကိုသိရှိခြင်းထက် ယေဟောဝါ ပို၍သိရှိတော်မူသည်!
“တင့်တယ်သောဦးရစ်” နှင့် “မင်းမြောက်သရဖူ”
၂၀။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ရှုမြင်ပုံနှင့်စပ်လျဉ်း၍ ဟေရှာယ၏ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်က အဘယ်အရာကို ဖော်ပြသနည်း။
၂၀ ယေဟောဝါသည် ပရောဖက်ဟေရှာယမှတစ်ဆင့် မိမိ၏ရှေးလူမျိုးတော်ကို ပြန်လည်ထူထောင်ခြင်း မျှော်လင့်ချက်ပေးခဲ့သည်။ သူတို့သည် ဗာဗုလုန်သို့ ပြည်နှင်ခံရစဉ် အဆိုပါစကားများသည် စိတ်ပျက်အားလျော့သူများ ကြားလိုသည့်အားပေးမှုပင်ဖြစ်၏! သူတို့၏ဇာတိမြေသို့ ပြန်ရောက်မည့်အချိန်ကို စောင့်မျှော်စေပြီး ယေဟောဝါ ဤသို့မိန့်ဆိုခဲ့သည်– ‘သင်သည် ထာဝရဘုရားသခင်၏လက်တော်၌ တင့်တယ်သောဦးရစ်၊ သင်၏ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူဖြစ်လိမ့်မည်။’ (ဟေရှာယ ၆၂:၃) ဤစကားများဖြင့် ယေဟောဝါသည် မိမိလူမျိုးတော်ကို ဂုဏ်အသရေရှိစေပြီး ခမ်းနားထည်ဝါစေခဲ့သည်။ ယနေ့ ကိုယ်တော်၏ဝိညာဉ်ရေးဣသရေလလူမျိုးကိုလည်း ထိုနည်းတူပြုတော်မူ၏။ ယင်းသည် သူတို့ကို ကိုယ်တော် ချီးမြှောက်လိုက်သကဲ့သို့ဖြစ်သည်။
၂၁။ သင်၏သစ္စာရှိရှိခံရပ်နိုင်ခြင်းကို ယေဟောဝါဆုချမည်ဖြစ်ကြောင်း မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။
၂၁ အဆိုပါပရောဖက်ပြုချက်သည် အဓိကအားဖြင့် ဝိညာဉ်တော်ဖွားများနှင့်သက်ဆိုင်သော်လည်း အမှုတော်ထမ်းဆောင်သူအားလုံးအပေါ် ယေဟောဝါပေးသနားသော ဂုဏ်အသရေကို ဖော်ပြသည်။ ထို့ကြောင့် သံသယဝင်လာသည့်အခါ သင်သည် မစုံလင်သော်လည်း ယေဟောဝါ၏အဖိုးမဖြတ်နိုင်သော “တင့်တယ်သောဦးရစ်” နှင့် “မင်းမြောက်သရဖူ” ဖြစ်နိုင်သည်ကို သတိရပါ။ သို့ဖြစ်၍ ကိုယ်တော်၏အလိုတော်ကို ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ကိုယ်တော်၏စိတ်တော်ကို ရွှင်လန်းစေပါ။ (သု. ၂၇:၁၁) ဤသို့ပြုခြင်းဖြင့် သင်၏သစ္စာရှိရှိခံရပ်နိုင်ခြင်းကို ယေဟောဝါ ဆုချမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်၏!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 1 အမည်အချို့ကိုပြောင်းထားသည်။
သင်မှတ်မိသလော
• ကျွန်ုပ်တို့သည် ယေဟောဝါ၏ “အထူးပိုင်ဆိုင်ရာ ဘဏ္ဍာတော်” မည်သို့ဖြစ်ကြသနည်း။
• ဆုချတော်မူရှင်အဖြစ် ယေဟောဝါအား ရှုမြင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
• စာတန်၏အဘယ် ‘ပရိယာယ်များ’ ကို ကျွန်ုပ်တို့ သတိပြုရမည်နည်း။
• ဘုရားသခင်သည် အဘယ်နည်းဖြင့် “ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်” တော်မူသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ပေါလု
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဧလိယ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဟန္န
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာတွင် နှစ်သိမ့်မှုများစွာပါရှိ