မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ခံစားချက်များကို သင်တွန်းလှန်နေရသလော

သင့်ခံစားချက်များကို သင်တွန်းလှန်နေရသလော

သင့်​ခံစားချက်​များ​ကို သင်​တွန်းလှန်​နေရ​သလော

အပျက်သဘော​ဝင်​နေသည့် လီ​နာ​သည် သူ၏​စိတ်​သဘောကို တွန်းလှန်​နေခဲ့ရ​သည်​မှာ တစ်သက်လုံး​နီးပါး​ပင်။ “ငယ်ငယ်​တုန်း​က နှစ်​နဲ့​ချီ​ပြီး လိင်ဆိုင်ရာ​မတော်မတရား​ပြု​ခံ​ခဲ့​ရတဲ့​အတွက် ကိုယ့်​ကိုယ်ကို​လေးစားမှု မရှိသလောက်​ဖြစ်သွား​တယ်။ ကျွန်မ​ဟာ လုံးဝ​အသုံးမကျတဲ့​သူပဲ​လို့ ခံစား​ခဲ့​ရတယ်” ဟု သူ​ဆို​ရှာ​သည်။ ဆီ​မွန်​က​လည်း “ကျွန်မ​ဟာ တော်​တော့်​ကို တန်ဖိုး​မရှိတဲ့​သူ​လို့ ကိုယ့်​ကိုယ်ကို သတ်မှတ်​ထားပြီး ရင်ထဲမှာ ဟာတာတာ​ဖြစ်နေ​ခဲ့​တာ” ဟု သူ၏​ငယ်​စဉ်​ဘဝကို ပြန်တွေး​တော​ကာ ပြောပြ​သည်။ အဆိုပါ​ခံစားချက်​များ​ကြောင့် အကြီးအကျယ် ပျော်ရွှင်မှု​ကင်းမဲ့​ရခြင်း​သည် ယနေ့ နေရာတကာ​တွင် ပျံ့နှံ့​နေ​ပုံ​ရ၏။ ဆယ်ကျော်သက်​များ​အတွက် တယ်လီဖုန်း​ဖြင့်​အကြံပေး​ခြင်း ဝန်ဆောင်မှု​လုပ်ငန်း​တစ်ခု​က ၎င်း​တို့​ထံ ဖုန်း​ခေါ်​သူများ​အနက် ထက်ဝက်​နီးပါး​က “ကိုယ့်​ကိုယ်ကို​တန်ဖိုး​မရှိ​ဟူ၍ အမြဲလိုလို​ခံစား​နေရ” ကြောင်း ပြောပြ​ကြသည်​ဟု ဆို​သည်။

စိတ်​ပညာရှင်​တချို့​၏​အဆို​အရ လူ​တို့ကို အခြားသူများ​က တန်ဖိုး​မရှိသူ​ဟု ခံစား​စေသည့်​အခါ သိမ်ငယ်စိတ်​များ ဝင်လာ​တတ်​သည်။ လူတစ်ဦး​သည် တစ်ချိန်​လုံး​ပြစ်တင်​ပြောဆို​ခံ​နေရ​မည်၊ လွန်လွန်​ကျွံ​ကျွံ​နှင့် ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ခံ​ရမည်၊ မတော်မတရား​ပြုမူ​ဆက်ဆံခံရ​မည်​ဆိုလျှင် ထိုသို့​သော​စိတ်ထား​မျိုးဝင်​လာ​တတ်၏။ အဘယ်​အကြောင်းကြောင့်​ပင်​ဖြစ်ပါစေ အကျိုးဆက်များ​မှာ အားလျော့​ချည့်နဲ့​သွား​စေနိုင်​ကာ အပျက်သဘော​ပင်​ဝင်လာ​စေနိုင်​၏။ ကိုယ့်​ကိုယ်ကို အပျက်သဘော​ဝင်​နေသူတို့​သည် ကိုယ့်​ကိုယ်ကို​နှင့် သူတစ်ပါးကို​ပါ သံသယဝင်​လာ​တတ်​ရာ ရင်းနှီးသော​ဆွေမျိုး​များ၊ ခင်မင်​သူ​မိတ်ဆွေများ​နှင့်​ပင် ဆက်ဆံ​ရေး​ပျက်ပြား​သွား​နိုင်​ကြောင်း မကြာသေးမီ​က​ပြုလုပ်​သည့် ဆေး​ဘက်​ဆိုင်ရာ​လေ့လာမှု​တစ်ရပ်​က တွေ့ရှိ​ခဲ့​၏။ “တစ်နည်း​အားဖြင့်​ဆို​သော် မိမိတို့​အကြောက်ဆုံး​အခြေအနေ​များ​ကို မိမိတို့ ‘ဖန်တီး’ တတ်ကြ​၏” ဟု အဆိုပါ​လေ့လာမှု​က​ဆို​သည်။

ထိုသို့​ခံစားရ​သူတို့သည် ကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် “ငြိမ်သက်မှု​မရှိသော အတွေး​များ” ပိုင်ရှင်​ဖြစ်လေ့​ရှိ၏။ (ဆာလံ ၉၄:၁၉က​ဘ) မိမိတို့သည် အသုံးမကျ​သူများ​ဟု​တွေး​တတ်၏။ တစ်စုံတစ်ရာ​မှားသွား​လျှင် ကိုယ့်​ကိုယ်ကို အလိုလို အပြစ်တင်​တတ်ကြ​သည်။ သူတို့၏​အောင်မြင်မှု​များ​အတွက် ချီးမွမ်း​ခံရ​သည့်​တိုင် အနှေး​နှင့်​အမြန် ဖော်ထုတ်​ခံရ​တော့​မည့် အယောင်ဆောင်​သ​မား​ဟူ၍ သူတို့​စိတ်ထဲ​တွင် ထင်​တတ်ကြ​၏။ မိမိတို့သည် ပျော်ရွှင်မှု​ကို​မခံစားထိုက်​ဟု ယူမှတ်​ထား​ကြ​ကာ ပြုပြင်၍​မရ​သည့်​အကျင့်​များ​ကျင့်​ပြီး ကိုယ့်​ကိုယ်ကို​ဖျက်ဆီး​ကြ​လေ​သည်။ အစောပိုင်း​တွင် ဖော်ပြ​ခဲ့​သည့် လီ​နာ​သည် မိမိကိုယ်ကို​လေးစားမှု​မ​ရှိ၍ စိုးရိမ်​ရသည့် အစားအသောက်​မူမမှန်​မှု​ဖြစ်လာ​ရာ “ဘာကိုမှ ပြုပြင်​ပြောင်းလဲ​လို့ ရမှာ​မဟုတ်ပါဘူးလို့ ထင်​ခဲ့​မိ​တာ” ဟု ဝန်ခံ​ရှာ​၏။

အဆိုပါ “ငြိမ်သက်မှု​မရှိသော အတွေး​များ” ကို တွန်းလှန်​နေရသူ​တို့သည် တစ်သက်လုံး ဤသို့​သာ ခံစား​သွား​ကြ​ရတော့မည်​လော။ အဆိုပါ​ခံစားချက်​များ​ကို ဆိုင်ပြိုင်​တွန်းလှန်​ရန် ပြုလုပ်​နိုင်​စ​ရာ တစ်စုံတစ်ရာ​ရှိပါ​သလော။ လူများစွာ​အား အောင်မြင်စွာ တွန်းလှန်​နိုင်​စေ​ခဲ့​သည့် မူများ​နှင့် လက်တွေ့ကျ​အကြံပေး​စကား​များ​ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​ပါ​သည်။ အဆိုပါ​မူ​တချို့​ကား အဘယ်နည်း၊ ဘဝတွင် ရွှင်လန်းမှု​ရရှိရန် ဝေဒနာရှင်​များ​အား မည်သို့​ကူညီပေး​ခဲ့ပြီ​နည်း။ နောက်​ဆောင်းပါး​က ရှင်းပြပါ​မည်။