မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်

“သင်တို့ဆံပင်” ကိုယေဟောဝါ ရေတွက်

“သင်တို့​ဆံပင်” ကို​ယေဟောဝါ ရေတွက်

“သင်တို့​အဘ​အခွင့်​မ​ရှိလျှင် ထို​စာငှက်​တစ်ကောင်​မျှ မြေ​သို့​မကျ​ရ။ သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏။”—မဿဲ ၁၀:၂၉၊ ၃၀

၁၊ ၂။ (က) မိမိကို ဘုရားသခင် စွန့်ပစ်​ထား​သည်​ဟု အဘယ်ကြောင့် ယောဘ​ခံစား​ခဲ့​ရသနည်း။ (ခ) ယောဘ​၏​စကား​များ​က ယေဟောဝါ​အား ဆန့်ကျင်​နေခြင်း​လော။ ရှင်းပြပါ။

“ကိုယ်တော်​အား အကျွန်ုပ်​အော်ဟစ်​သော်လည်း ကြား​တော်​မ​မူ။ အကျွန်ုပ်သည် မတ်တတ်​နေ​သော်လည်း မှတ်​တော်​မ​မူ။ အကျွန်ုပ်​ကို ကြမ်းတမ်း​စွာ​ပြု​၍ အား​ကြီးသော​လက်တော်​နှင့် ညှဉ်းဆဲ​တော်​မူ​၏။” ဤသို့​ပြောဆိုသူ​သည် ကိုယ်​စိတ်​နှစ်​ဖြာ မချိမဆံ့​ဝေဒနာ​ခံစား​နေရ​သည်​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ! သူ၏​ဝမ်းစာရှာ​အလုပ် ဆုံးရှုံး​သွား​သည်၊ မထင်မမှတ်​သော​ဘေးဒဏ်​က သားသမီး​များ​၏​အသက်ကို ခြွေယူ​သွား​သည်၊ ယခု သူသည် အားအင်ကုန်ခန်း​စေသော​ရောဂါ ခံစား​နေရ​ရှာ​သည်။ ထို​သူ၏​အမည်​မှာ ယောဘ​ဖြစ်သည်၊ တုန်လှုပ်​ချောက်ချား​ဖွယ်​ကောင်း​သည့် သူ၏​အဖြစ်ကို ကျွန်ုပ်​တို့​အကျိုးအတွက် သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​၏။—ယောဘ ၃၀:၂၀၊ ၂၁

ယောဘ​၏​အထက်ပါ​စကား​များ​က ဘုရားသခင်​အား ဆန့်ကျင်​နေ​ပုံ​ရ​သော်လည်း အမှန်​မှာ ထိုသို့​မဟုတ်ပါ။ သူ​သောက​အလွန်​ရောက်​နေ၍ ထိုသို့​ပြောဆို​နေခြင်း​သာ​ဖြစ်သည်။ (ယောဘ ၆:၂၊ ၃) မိမိသည် စာတန်​ကြောင့် ဆင်းရဲ​ခက်ခဲ​နေရ​သည်ကို မသိ​ရှိရာ မိမိကို ဘုရားသခင်​စွန့်ပစ်​ထားပြီ​ဟု လွဲမှား​စွာ​ကောက်ချက်​ချ​ခဲ့​၏။ တစ်ချိန်​တွင် ယေဟောဝါ​အား ယောဘ ဤသို့​ပင်​ပြောဆို​ခဲ့​သည်– “ကိုယ်တော်​သည် မျက်နှာတော်​ကို​လွှဲ​၍ အဘယ်ကြောင့် အကျွန်ုပ်​ကို ရန်သူ​ကဲ့သို့ မှတ်တော်မူ​သနည်း။” *ယောဘ ၁၃:၂၄

၃။ ဆင်းရဲ​ခက်ခဲ​မှုများ ခံစားရ​သည့်​အခါ ကျွန်ုပ်​တို့​စိတ်​တွင် အဘယ်အရာ​ဖြစ်ပေါ်​လာနိုင်​သနည်း။

ယနေ့ ယေဟောဝါ​၏​လူများစွာ​သည် စစ်ပွဲ​များ၊ နိုင်ငံရေး သို့​မဟုတ် လူမှုရေး​အပြောင်းအလဲ​များ၊ သဘာဝဘေးဒဏ်​များ၊ အသက်​ကြီးရင့်​မှု၊ ဖျားနာ​မှု၊ ဆင်းရဲ​တွင်း​နက်​မှု​နှင့် အစိုးရ​ပိတ်ပင်​မှုများ​ကြောင့် ဆင်းရဲ​ခက်ခဲ​မှုများ​ကို ခံစား​နေရ​ရှာ​၏။ အသင်​လည်း ဆင်းရဲ​ခက်ခဲ​မှု တစ်မျိုး​မဟုတ်​တစ်မျိုး ခံစား​နေရ​ပေမည်။ တစ်ခါတစ်ရံ ယေဟောဝါ မျက်နှာတော်​လွှဲ​ထား​သည်​ဟု သင်ယူ​မှတ်​ပေမည်။ ယောဟန် ၃:၁၆ ပါ ဤ​စကား​များ​ကို အသင် ကောင်းစွာ​သိထား​၏– ‘ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လောကသား​တို့ကို ချစ်တော်မူ​၏။’ သို့​တိုင် သင်သည် သက်သာမှု​ရှိ​ပုံ​မရ ဆင်းရဲ​ခက်ခဲ​မှုကြုံ​နေရ​သောအခါ ဤသို့​မေး​လို​ပေမည်– ‘ဘုရားသခင် အကျွန်ုပ်​ကို အမှန်ပင် ချစ်​သလော။ အကျွန်ုပ် ခံစား​နေရ​သည့်​အရာ​ကို ကိုယ်တော် သတိပြု​သလော။ ကျွန်ုပ်​တို့ တစ်ဦးစီ​ကို ကိုယ်တော် ဂရုစိုက်​သလော။’

၄။ မပြီး​ဆုံး​နိုင်​သည့် အဘယ်​အခြေအနေ​မျိုးကို ပေါလု ခံရပ်​ခဲ့​ရသနည်း၊ ဤ​အခြေအနေ​မျိုး​က ကျွန်ုပ်​တို့ကို မည်သို့​ဖြစ်စေ​နိုင်​သနည်း။

တမန်​တော်​ပေါလု​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ သူက “ငါ့ကို​ဒဏ်ခတ်​သော စာတန်​၏​တမန်​တည်း​ဟူသော ငါ့​ကိုယ်​၌​စူးသော​ဆူး​ကို ပေး​တော်​မူ​၏။ ထို​ဆင်းရဲခြင်း​နှင့်​ကင်းလွတ်​မည်​အကြောင်း သုံးကြိမ်​မြောက်​အောင် သခင်​ဘုရား​ကို ငါ​ဆုတောင်း၍ အသနားတော်ခံ” ၏​ဟု​ရေးသားခဲ့​သည်။ သူ၏​အသနားခံချက်​ကို ယေဟောဝါ ကြား​တော်​မူ​၏။ မည်သို့​ပင်​ဖြစ်စေ၊ အံ့ဖွယ်​နည်းဖြင့် ဖြေရှင်း​ပေး​မည်​မဟုတ်​ကြောင်း ပေါလု​ကို သိရှိ​စေ​ခဲ့​သည်။ ယင်းအစား၊ ပေါလု​သည် “ကိုယ်​၌​စူးသော​ဆူး” နှင့်​နပန်းလုံး​နိုင်​ရန် ဘုရားသခင်​၏​တန်ခိုးတော်​ကို မှီခို​အားထား​ရ​လိမ့်​မည်။ * (၂ ကောရိန္သု ၁၂:၇-၉) ပေါလု​နည်းတူ၊ အသင်​လည်း မပြီး​ဆုံး​နိုင်သော ဆင်းရဲ​ခက်ခဲ​မှု​တစ်မျိုး​မျိုးကို ကြုံတွေ့​နေရ​ပေမည်။ ‘အကျွန်ုပ်၏​ဆင်းရဲ​ခက်ခဲ​မှု​ကို ယေဟောဝါ မဖြေရှင်း​ပေး​နိုင်​ခြင်း​မှာ ကိုယ်တော်​သည် ကျွန်ုပ်​၏​အခြေအနေ​ကို မ​သိ၍​လော၊ အကျွန်ုပ်​ကို ဂရုမစိုက်​၍​လော’ ဟူ၍ သင်,သိချင်​ပေမည်။ အဖြေ​မှာ လုံးဝ​မဟုတ်ပါ! သစ္စာရှိ​ကျေးကျွန်​တစ်ဦးစီ​ကို ယေဟောဝါ အလွန်​ဂရုစိုက်​ကြောင်း တမန်​တော်​များ​ကို ရွေးချယ်​ပြီး​မကြာမီ ယေရှု​မိန့်ဆို​သော​စကား​က သိသာ​ထင်ရှားစေ​၏။ ကိုယ်တော်​၏​မိန့်ဆိုချက်​က ယနေ့ ကျွန်ုပ်​တို့အတွက် အားရှိစေ​နိုင်​ပုံ​ကို ကြည့်​ကြ​စို့။

“မကြောက်​ကြ​နှင့်”—အဘယ်ကြောင့်​နည်း

၅၊ ၆။ (က) ရှေ့တွင်​ကြုံတွေ့​ရမည့်​အမှု​အတွက် ကြောက်ရွံ့​ခြင်း​မရှိ​ရန် တမန်​တော်​များ​ကို ယေရှု မည်သို့​ကူညီပေး​ခဲ့​သနည်း။ (ခ) ပေါလု​သည် မိမိ​အား ယေဟောဝါ​ဂရုစိုက်​သည်ကို ယုံကြည်​စိတ်ချကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။

တမန်​တော်​များသည် ‘ညစ်ညူး​သော​နတ်​တို့ကို နှင်ထုတ်​ခွင့်၊ အနာ​ရောဂါ​အမျိုးမျိုး​တို့ကို ငြိမ်း​စေ​ခွင့်’ အပါအဝင် အံ့ဖွယ်​တန်ခိုးတော်​ကို ယေရှု​ထံ​မှ ရရှိခဲ့​ကြသည်။ သို့​တိုင် ယင်းက သူတို့သည် စမ်းသပ်မှု​နှင့်​ခက်ခဲ​မှုများ ဘယ်တော့မှ ကြုံ​ရမည်​မဟုတ်​ဟု မဆိုလို​ပါ။ သို့​အစား၊ ယေရှု​က သူတို့​ကြုံတွေ့​ရမည့် အမှု​တချို့​ကို အသေးစိတ်​ဖော်ပြ​ခဲ့​သည်။ သို့သော် ကိုယ်တော်​သည် သူတို့ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “ကိုယ်ခန္ဓာ​ကို​သာ​သတ်​၍ အသက်​ဝိညာဉ်​ကို မ​သတ်​နိုင်သော​သူတို့ကို မကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့် အသက်​ဝိညာဉ်​ကို ဂေဟင်္နာ​၌ ဖျက်ဆီး​နိုင်​သူကို သာ၍​ကြောက်​ကြလော့။”—မဿဲ ၁၀:၁၊ ၁၆-၂၂၊ ၂၈က​ဘ။

ကြောက်စရာ​မလို​သည့်​အကြောင်းကို တမန်​တော်​များ နားလည်​သဘောပေါက်​နိုင်​ရန် ပုံ​ဥပမာ​နှစ်ခု​ကို ယေရှု​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​က သူတို့ကို ဤသို့​မိန့်ဆိုခဲ့သည်– “စာငှက်​နှစ်ကောင်ကို အဿရိ​တစ်ပြား​ဖိုး​နှင့် ဝယ်ရသည်​မဟုတ်လော။ သင်တို့​အဘ အခွင့်​မ​ရှိလျှင် ထို​စာငှက်​တစ်ကောင်​မျှ မြေ​သို့​မကျ​ရ။ သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏။ ထို့​ကြောင့် မကြောက်​ကြ​နှင့်။ သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏။” (မဿဲ ၁၀:၂၉-၃၁) ကျွန်ုပ်​တို့​တစ်ဦးစီ​ကို ယေဟောဝါ ဂရုစိုက်​ကြောင်း ယုံကြည်​စိတ်ချ​ခြင်း​နှင့် ဆင်းရဲ​ခက်ခဲ​မှုကြုံ​ရချိန်တွင် ကြောက်ရွံ့​မှုမရှိ​ခြင်း​ကို ယေရှု ဆက်စပ်​ဖော်ပြ​ထား​ကြောင်း သတိပြုပါ။ တမန်​တော်​ပေါလု​တွင် ထိုသို့​သော​ယုံကြည်​စိတ်ချမှု​မျိုး​ရှိ​မည်​မှာ သေချာ​၏။ သူက ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မှု​လျှင် အဘယ်သူ​သည် ငါ​တို့​တစ်ဖက်၌ နေနိုင်​မည်​နည်း။ မိမိ​သားတော်ရင်းကို မ​နှမြော​ဘဲ၊ ငါ​တို့​ရှိသမျှ​အဖို့​အ​လို့​ငှာ စွန့်​တော်​မူ​သော​သူသည် သားတော်​နှင့်​တကွ ခပ်သိမ်း​သော​အရာ​တို့ကို ငါ​တို့အား​မပေး​ဘဲ အဘယ်​သို့​နေ​တော်​မူ​မည်​နည်း။” (ရောမ ၈:၃၁၊ ၃၂) အသင်​လည်း အဘယ်​စိန်ခေါ်ချက်​ကို​မဆို ကြုံ​ရ​ပါစေ ယေဟောဝါ​အပေါ် တည်ကြည်​နေသရွေ့ ကိုယ်တော် ဂရုစိုက်​မည်​ဖြစ်​ကြောင်း စိတ်ချ​နိုင်၏။ တမန်​တော်​များ​အား ယေရှု​ဆုံးမ​ခဲ့​သည့်​စကား​ကို အသေးစိတ်​ဆန်းစစ်​ကြည့်​သည့်​အခါ ကိုယ်တော်​၏​ဂရုစိုက်​မှု ပို​၍​ပင်​ထင်ရှား​ပေါ်လွင်​လာ​လိမ့်​မည်။

စာငှက်​တစ်ကောင်​၏​တန်ဖိုး

၇၊ ၈။ (က) ယေရှု​ခေတ်တွင် စာငှက်​များ​ကို မည်သို့​ရှုမြင်ကြ​သနည်း။ (ခ) မဿဲ ၁၀:၂၉ တွင် “စာငှက်” နှင့်​ပတ်သက်​၍ အလွန်​သေးနုပ်​သည်​ဟူသော ဂရိ​စကားလုံး​ကို အဘယ်ကြောင့် အသုံးပြု​ထား​သနည်း။

ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​တစ်ဦးစီ​ကို ဂရုစိုက်​တော်​မူ​ကြောင်း ယေရှု၏​စကား​များ​က ကွင်းကွင်းကွက်ကွက် ရုပ်လုံးဖော်​ပြ​၏။ ဦးစွာ စာငှက်​များ​အကြောင်း သုံးသပ်ကြည့်​ပါ။ ယေရှု​ခေတ်တွင် စာငှက်​များ​ကို စား​ကြသည်၊ သို့သော် စာငှက်​များသည် ကောက်ပဲသီးနှံ​များ​ကို ဖျက်ဆီး​တတ်ကြ​ရာ ၎င်းတို့ကို အဖျက်​ကောင်​များ​ဟု ရှုမြင်​ကြသည်။ စာငှက်​နှစ်ကောင်​ဝယ်​လျှင် ခေတ်​သစ်​တန်ဖိုး​နှင့် ငွေ​ငါး​ဆ​င့်​ပင် မရှိ​သည်​အထိ ပေါများ​လှ​၏။ တစ်ဆယ်​ဆ​င့်​ဖိုး​ဝယ်​လျှင် စာငှက်​လေးကောင်​မဟုတ်ဘဲ ငါး​ကောင်​ရနိုင်​သည်၊ တန်ဖိုး​မရှိသည့်​အလား အဆစ်​တစ်ကောင် ပို​ထည့်​ပေး​လိုက်ခြင်း​ဖြစ်သည်!—လုကာ ၁၂:၆

ထို့​ပြင် ဤ​စာငှက်​၏​အရွယ်အစား​ကိုလည်း စဉ်းစား​ကြည့်​ပါ။ တခြား​ငှက်​များစွာ​နှင့် နှိုင်းယှဉ်​ကြည့်​သော် အရွယ်ရောက်​စာငှက်​ပင် အတော့်​ကို​သေးငယ်​၏။ သို့​တိုင် မဿဲ ၁၀:၂၉ ပါ “စာငှက်” ကို​ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် စာငှက်​ငယ်​လေး​များ​ကို အထူး​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ယေရှုသည် အလွန်​သေးငယ်​ပြီး တန်ဖိုး​မရှိသော​ငှက်​တစ်ကောင်​ကို တမန်​တော်​များ​အား စိတ်ကူး​ကြည့်​စေ​လို​သည်​မှာ ထင်ရှား​၏။ ကိုးကား​ဖော်ပြချက်​တစ်ခု​အရ “ယေရှုသည် ငှက်​အသေးစား​တို့​တွင်​ပင် အလွန်​သေးနုပ်​သော​ငှက်​ကို အသုံးပြု​ဖော်ပြ​သွား​၏!”

၉။ ယေရှု၏​စာငှက်​ပုံ​ဥပမာ​က အဘယ်​လေးနက်​သည့်​အချက်​ကို ဖော်ပြ​သနည်း။

လူ​တို့အတွက် တန်ဖိုး​မရှိ​ပုံ​ရသော​အရာ​သည် ယေဟောဝါ​ဘုရားသခင်​အတွက် အရေးပါ​ကြောင်း ယေရှု၏​စာငှက်​ပုံ​ဥပမာ​က အလေးအနက်​ဖော်ပြ​၏။ ဤ​အချက်​ကို ပိုမို​လေးနက်​စေရန် ယေဟောဝါ မသိဘဲ စာငှက်​ငယ်​လေး​တစ်ကောင်​သည် ‘မြေ​သို့​ကျ’ မည်​မဟုတ်​ဟု ယေရှု ထပ်ဆင့်​မိန့်ဆိုခဲ့သည်။ * နှလုံး​သွင်း​စ​ရာ​အချက်​မှာ ရှင်းနေပါသည်။ ယေဟောဝါ​ဘုရားသခင်​သည် အသေးငယ်ဆုံး၊ တန်ဖိုး​အနည်းဆုံး​ငှက်​ကို​ပင် အလေးထား​လျှင် မိမိ၏​အမှုတော် ထမ်း​လို​သူ​တစ်ဦး​ကို ထို​ထက်မက အလေးထား​လိမ့်​မည်​ဖြစ်သည်!

၁၀။ “သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏” ဟူသော ဆိုလိုချက်​ကား အဘယ်နည်း။

၁၀ ယေရှုသည် စာငှက်​ပုံ​ဥပမာ​အပြင် ဤသို့​မိန့်ဆို​သေး​သည်– “သင်တို့​ဆံပင်​သည်လည်း အကုန်အစင်​ရေတွက်လျက်​ရှိ၏။” (မဿဲ ၁၀:၃၀) တိုတုတ်​သော်လည်း လေးနက်​သော ဤ​ဖော်ပြချက်​သည် ယေရှု၏​စာငှက်​ပုံ​ဥပမာ ဆိုလိုချက်​ကို အကျယ်ချဲ့​ဖော်ပြ​၏။ ဤသို့​သုံးသပ်ကြည့်​ပါ– လူတစ်ဦး​၏​ဆံပင်​သည် ပျမ်းမျှ​အားဖြင့် ၁၀၀,၀၀၀ ခန့်​ရှိ၏။ အများအားဖြင့် ဆံ​ချည်​တစ်​မျှ​င်​နှင့်​တစ်​မျှ​င် တူ​ပုံ​ရှိကြ​ရာ ဆံ​ချည်​တစ်​မျှ​င်​တည်း​ကို ကျွန်ုပ်​တို့ အထူး​သတိပြု​စ​ရာ​မလို​ချေ။ သို့​တိုင် ယေဟောဝါ​သည် ဆံ​ချည်​တစ်​မျှ​င်​စီ​ကို သတိပြု​ပြီး ရေတွက်လျက်​ရှိ၏။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​အသက်တာ​နှင့်​ပတ်သက်သော အသေးစိတ်​အချက်အလက်​တစ်ခုခု​ကို ယေဟောဝါ မသိနိုင်​စ​ရာ​အကြောင်း​ရှိပါ​မည်​လော။ ကိုယ်တော်​သည် ကျေးကျွန်​တစ်ဦးစီ၏​ပင်ကိုစရိုက်​ကို ကောင်းစွာ​သိရှိ​၏။ မှန်ပါသည်၊ “နှလုံးကို” ကိုယ်တော် “ကြည့်ရှု” တော်​မူ​၏။—၁ ဓမ္မ​ရာဇဝင် ၁၆:၇

၁၁။ ဒါဝိဒ်​သည် မိမိ​အား ယေဟောဝါ​ဂရုစိုက်​သည်ကို ယုံကြည်​စိတ်ချကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၁ ဆင်းရဲ​ခက်ခဲ​မှုကြုံ​ခဲ့​ရသော ဒါဝိဒ်​သည် မိမိကို ယေဟောဝါ ဂရုစိုက်​ကြောင်း ယုံကြည်​စိတ်ချ​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– ‘အို​ထာဝရ​ဘုရားသခင်၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို စစ်ကြော​၍ သိတော်မူ၏။ အကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အရာ​တို့ကို သိတော်မူ၏။ အကျွန်ုပ်​အကြံအစည်​တို့ကို အဝေးက​ပင် နားလည်​တော်​မူ​၏။’ (ဆာလံ ၁၃၉:၁၊ ၂) သင့်ကိုလည်း ယေဟောဝါ​သိရှိ​တော်​မူ​ကြောင်း စိတ်ချ​နိုင်​ပါ​သည်။ (ယေရမိ ၁၇:၁၀) အရာခပ်သိမ်း​ကို သိမြင်​နိုင်သော ယေဟောဝါ​က သင့်ကို သိမှတ်​ရန် သင်သည် ပါ​မွှား​မျှ​သာ​ဖြစ်သည်ဟု အဆောတလျင် မယူမှတ်​လိုက်ပါ​နှင့်!

“အကျွန်ုပ်​မျက်ရည်​တို့ကို ဘူး​တော်​ထဲမှာ ထည့်​တော်​မူ​ပါ”

၁၂။ ယေဟောဝါ​သည် မိမိ၏​လူမျိုး ခံစား​နေရ​သော ဆင်းရဲ​ခက်ခဲ​မှုများ​ကို ကောင်းစွာ​သိရှိ​တော်​မူ​ကြောင်း မည်သို့​သိနိုင်​သနည်း။

၁၂ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​တစ်ဦးစီ​ကို သိရှိ​ရုံ​မ​က သူတို့​တစ်ဦးချင်း ခံစား​နေရ​သည့် ဆင်းရဲ​ခက်ခဲ​မှုများ​ကို​ပါ ကောင်းစွာ​သိရှိ​တော်​မူ​၏။ ဥပမာ၊ ကျွန်​သ​ပေါက်​များ​အဖြစ် ဣသရေလလူ​တို့ နှိပ်စက်​ခံရ​သည့်​အခါ ယေဟောဝါ​က မောရှေ​ကို ဤသို့​မိန့်ဆိုခဲ့သည်– “အဲဂုတ္တု​ပြည်​၌​ရှိသော ငါ​၏​လူ​တို့​ခံရ​သော ညှဉ်းဆဲခြင်း​ကို ငါ​စေ့စေ့​မြင်ခဲ့​ပြီ။ သူတို့ကို စေခိုင်း​သော​သခင်​တို့​ကြောင့် သူတို့​မြည်တမ်း​သော​အသံကို​လည်း ငါ​ကြား​ခဲ့ပြီ။ သူတို့​နာကြည်းခြင်း​ဝေဒနာ​ကို ငါ​သိ​၏။” (ထွက်မြောက်ရာ ၃:၇) ကျွန်ုပ်​တို့ စမ်းသပ်ခံ​ရသည့်​အခါ ဖြစ်ပျက်​သမျှ​ကို ယေဟောဝါ တွေ့မြင်​ပြီး ကျွန်ုပ်​တို့​အော်ဟစ်သံ​ကို ကြား​တော်​မူ​ကြောင်း သိရှိ​ရခြင်း​သည် အားရှိစရာ​ပင်! ကျွန်ုပ်​တို့​ခံစား​နေရ​သည့် ဆင်းရဲ​ခက်ခဲ​မှု​ကို ကိုယ်တော် လုံးဝ​ဥပေက္ခာ​မပြု​ပါ။

၁၃။ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ခံစားရ​သကဲ့သို့ အမှန်ပင်​ခံစားရ​ကြောင်း အဘယ်အရာက ဖော်ပြ​သနည်း။

၁၃ ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ရှိသူ​များ​ကို ဂရုစိုက်​တော်​မူ​ကြောင်း ဣသရေလလူ​မျိုး​အပေါ် ကိုယ်တော် ထား​ရှိသော​သဘောထား​တွင် ထပ်မံ​တွေ့ရှိ​ရ၏။ သူတို့၏​မနာခံမှုကြောင့် ဆင်းရဲ​ခက်ခဲ​မှု​ခံရ​သော်လည်း ယေဟောဝါ​နှင့်​ပတ်သက်​၍ ဟေရှာယ​က ဤသို့​ရေးသားခဲ့​သည်– “သူတို့​ခံရ​သမျှ . . . ဆင်းရဲခြင်း​ကို ကိုယ်တိုင်​ခံ​ရာ ရောက်တော်မူ” ၏။ (ဟေရှာယ ၆၃:၉သ​မ) ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန်​တစ်ဦး​အနေ​နှင့် သင်သည် ကိုယ်​စိတ်​နှစ်​ဖြာ နာကျင်​သည့်​အခါ ယေဟောဝါ​လည်း နာကျင်​ကြောင်း စိတ်ချ​နိုင်​သည်။ ယင်းကြောင့် သင်သည် ဆင်းရဲ​ခက်ခဲ​မှု​ကို မကြောက်​မ​ရွံ့ ရင်ဆိုင်​ပြီး ကိုယ်တော်​၏​အမှုတော်ကို အတတ်နိုင်ဆုံး ဆက်​လုပ်ဆောင်​သွား​ရန် လှုံ့ဆော်​ခံရ​သည်မဟုတ်​လော။—၁ ပေတရု ၅:၆၊ ၇

၁၄။ အဘယ်​အခြေအနေ​များ​ကြောင့် ဆာလံ ၅၆ ကို​သီကုံး​ရေးဖွဲ့​ခဲ့​သနည်း။

၁၄ မိမိကို ယေဟောဝါ ဂရုစိုက်​ပြီး သနားတော်မူ​သည်ကို ရှင်ဘုရင်​ဒါဝိဒ် ယုံကြည်​စိတ်ချ​ခဲ့​ကြောင်း ဆာလံ ၅၆ က​ဖော်ပြ​၏၊ မိမိ​အား သတ်​လို​သူ ရှင်ဘုရင်​ရှောလု​ထံ​မှ ထွက်ပြေး​တိမ်းရှောင်​နေစဉ် ယင်းကို သူ​သီကုံး​ရေးဖွဲ့​ခဲ့​၏။ ဂါသ​မြို့​သို့ ဒါဝိဒ် ထွက်ပြေး​ခဲ့​၏၊ သို့သော် ဖိလိတ္တိ​လူတို့က မိမိကို​မှတ်မိ​ပြီး ဖမ်းဆီး​မည်​ကို ကြောက်လန့်​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– “ရန်သူ​တို့သည် နေ့တိုင်း ကိုက်စား​အံ့​သော​ဒေါသ​ရှိ၍ မြင့်သော​စိတ်​နှင့် အကျွန်ုပ်​ကို​တိုက်​သော​သူ​အများ ရှိကြပါ​၏။” ဒါဝိဒ်​သည် ထိတ်လန့်ဖွယ်​အခြေအနေ​ကြောင့် ယေဟောဝါ​၌​ခိုလှုံ​ခဲ့​သည်။ “သူတို့သည် နေ့တိုင်း ငါ့​စကား​ကို အ​လွဲ​ယူ​ကြ​၏။ ငါ​၌​မကောင်းသော​အကြံ​ကို​သာ ကြံစည်​ကြ​၏” ဟု​ဒါဝိဒ်​ပြောဆို​ခဲ့​သည်။—ဆာလံ ၅၆:၂၊ ၅

၁၅။ (က) ဒါဝိဒ်​သည် မိမိ၏​မျက်ရည်များ​ကို ဘူး​တော်​ထဲ ထည့်​ပေး​ရန်၊ စာရင်း​တော်​တွင် ရေးမှတ်​ပေး​ရန် ယေဟောဝါ​အား တောင်းဆို​သည့်​အခါ အဘယ်အရာကို ဆိုလို​ခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​စိန်ခေါ်ချက်​ကို ရင်ဆိုင်​ရသည့်​အခါ အဘယ်အရာကို စိတ်ချ​နိုင်​သနည်း။

၁၅ ထို့နောက် ဆာလံ ၅၆:၈ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ဒါဝိဒ်​သည် စွဲမက်​ဖွယ်​ဤ​စကား​များ​ကို ဖော်ပြ​၏– “အကျွန်ုပ်သည် အရပ်ရပ်​လည်​ရသော အခြင်းအရာ​တို့ကို ကိုယ်တော်​မှတ်၍ အကျွန်ုပ်​မျက်ရည်​တို့ကို ဘူး​တော်​ထဲမှာ ထည့်​တော်​မူ​ပါ။ စာရင်း​တော်​၌ ရှိပါ​သည်မဟုတ်​လော။” ယေဟောဝါ​၏​ဂရုစိုက်​မှု​ကို ထိမိ​စွာ​ဖော်ပြ​လိုက်ခြင်း​ပင်! ကျွန်ုပ်​တို့ ဖိစီးမှု​ခံရ​သည့်​အခါ မျက်ရည်​စက်​လက်​ဖြင့် ယေဟောဝါ​ထံ အကူအညီ​တောင်းခံ​ကြ​ပေမည်။ စုံလင်သူ ယေရှု​ပင် ထိုသို့​တောင်းလျှောက်​ခဲ့​၏။ (ဟေဗြဲ ၅:၇) မိမိကို ဂရုစိုက်​ပြီး မိမိ၏​မျက်ရည်များ​ကို ဘူး​တော်​တွင် သိမ်းထား​သကဲ့သို့ သို့​မဟုတ် စာရင်း​တော်​တွင် ရေးမှတ်​ထား​သကဲ့သို့ မိမိ၏​ပူ​ပင်​သောက​ကို ယေဟောဝါ အမှတ်ရ​မည်​ဖြစ်​ကြောင်း ဒါဝိဒ် ယုံကြည်​စိတ်ချ​ခဲ့​သည်။ သင်၏​မျက်ရည်များ​သည် ထို​ဘူး​တော်​တွင် အပြည့်​နီးပါး​ရှိ​မည် သို့​မဟုတ် စာရင်း​တော်​၏​စာမျက်နှာ​ပေါင်း​များစွာ​တွင် ရေးမှတ်​ထား​ခံရ​မည်​ဟု သင်ယူ​မှတ်​ပေမည်။ ထိုသို့​ဆိုလျှင် နှစ်သိမ့်မှု​ရနိုင်​၏။ သမ္မာကျမ်းစာ​က ‘ထာဝရ​ဘုရားသခင်​သည် ကျိုးပဲ့​သော​စိတ်​ရှိသောသူ၊ နှလုံး​ကြေကွဲ​သော​သူတို့နှင့် နီး​တော်​မူ​၏။ နောင်တ​ရှိ၍ စိတ်​နှိမ့်ချသော​သူတို့ကိုလည်း ကယ်တင်​တော်​မူ​၏’ ဟု​အာမခံ​သည်။—ဆာလံ ၃၄:၁၈

ဘုရားသခင်​၏​ရင်းနှီးသော​မိတ်ဆွေ ဖြစ်လာ​ခြင်း

၁၆၊ ၁၇။ (က) ယေဟောဝါ​သည် မိမိ၏​လူ​တို့ တွေ့ကြုံ​နေရ​သည့် အခက်အခဲ​များ​ကို ဥပေက္ခာ​မပြု​ကြောင်း မည်သို့​သိရှိ​ရသနည်း။ (ခ) လူ​တို့ကို မိမိ​နှင့်​မိတ်သဟာယ​ဖွဲ့​ခွင့်​ရရှိစေရန် ယေဟောဝါ အဘယ်အရာ ပြုလုပ်​တော်​မူ​ခဲ့​သနည်း။

၁၆ ‘ကျွန်ုပ်​တို့၏​ဆံပင်​ကို’ ယေဟောဝါ ရေတွက်​သည်​ဟူသော​အချက်​က ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ခွင့်​ရသည့် ဂရုစိုက်​ကြည့်ရှု​စောင့်ရှောက်​တတ်သော ဘုရားသခင်​အား တိုး၍​သိရှိ​စေ​သည်။ ကိုယ်​စိတ်​နှစ်​ဖြာ ဆင်းရဲ​ဝေဒနာ​ရှိသမျှ ပျောက်ဆုံး​သွား​စေ​မည့် ကတိထားရာ​ကမ္ဘာသစ်​တိုင်အောင် ကျွန်ုပ်​တို့ စောင့်မျှော်​နေရ​ကြသော်လည်း ယေဟောဝါ​သည် မိမိ​လူမျိုး​အတွက် ယခု​ပင် အံ့ဖွယ်အမှု​ပြုလုပ်​လျက်​ရှိသည်။ ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူတို့သည် ကိုယ်တော်မြတ်​နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့်​နှင့် ပဋိညာဉ်တရား​တော်​ကို သိရ​သော​အခွင့်​ရှိကြ​၏။’—ဆာလံ ၂၅:၁၄

၁၇ ‘ထာဝရ​ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ခြင်း။’ အမှန်​မှာ၊ မစုံလင်​သော​လူသားများ​အနေ​နှင့် ယင်းကို စိတ်ကူး​၍​ပင်မ​ရနိုင်​ချေ! သို့​တိုင် ယေဟောဝါ​သည် မိမိ​အား​ကြောက်ရွံ့​သူများကို မိမိ၏​တဲ​တော်​တွင် တည်းခို​ကြ​ရန် ဖိတ်ခေါ်​တော်​မူ​၏။ (ဆာလံ ၁၅:၁-၅) ထို​တွင် တည်းခိုသူ​များ​ကို ယေဟောဝါ မည်သို့​ဧည့်ခံ​သနည်း။ ဒါဝိဒ်​၏​အဆို​အရ၊ ကိုယ်တော်​သည် မိမိ၏​ပဋိညာဉ်တရား​တော်​ကို သူတို့အား သိရှိ​စေ​သည်။ ယေဟောဝါ​သည် ပရောဖက်​များ​အားဖြင့် မိမိ၏​ရည်ရွယ်ချက်များ​ကို တည်းခိုသူ​များ​အား သိရှိ​စေပြီး ယင်း​နှင့်​အညီ အသက်ရှင်​နေထိုင်​နိုင်​ရန် ‘လျှို့ဝှက်​ရာ’ ကို​ဖော်ပြ​ခဲ့​သည်။—အာမုတ် ၃:၇က​ဘ။

၁၈။ ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိစေ​လို​ကြောင်း မည်သို့​သိရ​သနည်း။

၁၈ မ​စုံလင်သော​ကျွန်ုပ်​တို့​လူသားများ​သည် အမြင့်မြတ်ဆုံး ယေဟောဝါ​ဘုရားသခင်​၏ ရင်းနှီးသော​မိတ်ဆွေများ​ဖြစ်​နိုင်​သည်​ဟု သိရှိ​ရခြင်း​သည် ဝမ်းသာ​ဂုဏ်ယူ​စ​ရာ​ပင်။ အမှန်​ဆို​သော် ကျွန်ုပ်​တို့ကို ကိုယ်တော် ထိုသို့​ပင်​ဖြစ်စေ​လို​၏။ သမ္မာကျမ်းစာ​က “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု​ဆို​၏။ (ယာကုပ် ၄:၈) ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို မိမိ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိစေ​လို​သည်။ အမှန်စင်စစ် ကိုယ်တော်​သည် ဤသို့​သော​ဆက်ဆံ​ရေး​မျိုး​ရှိစေ​နိုင်​ရန် လုပ်ဆောင်ခဲ့ပြီ​ဖြစ်သည်။ ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​သည် အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​နှင့် မိတ်ဆွေဖွဲ့​နိုင်​ရန် လမ်းဖွင့်​ပေး​ခဲ့ပြီ။ “ဘုရားသခင်​သည် ငါ​တို့ကို ရှေးဦး​စွာ​ချစ်တော်မူ​သောကြောင့် ငါ​တို့သည် ဘုရားသခင်​ကို​ချစ်​ကြ​၏” ဟု​သမ္မာကျမ်းစာ​က ဆို​သည်။—၁ ယောဟန် ၄:၁၉

၁၉။ ခံနိုင်ရည်​သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို မည်သို့​ခိုင်မြဲ​စေနိုင်​သနည်း။

၁၉ ခက်ခဲ​ကျပ်တည်း​သော အခြေအနေ​များ​တွင် ကျွန်ုပ်​တို့ ခံနိုင်ရည်​ရှိ​မည်​ဆိုလျှင် အဆိုပါ​ရင်းနှီးသော​ဆက်ဆံ​ရေး ပို​ခိုင်မြဲ​လာ​၏။ တပည့်​ဖြစ်သူ ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– “သင်တို့သည် ယုတ်လျော့​ခြင်း​မရှိ၊ ပြည့်ဝ​စုံလင်​စေခြင်း​ငှာ တည်ကြည်​ခြင်း​အကျိုးကို စုံလင်​ကြ​စေ။” (ယာကုပ် ၁:၄သ​မ) ဆင်းရဲ​ခက်ခဲ​မှု​ကို ခံရပ်​ခြင်း​ဖြင့် အဘယ် “အကျိုး” ရရှိစေ​သနည်း။ ပေါလု​၏ “ကိုယ်​၌​စူးသော​ဆူး” ကို​ပြန်​သုံးသပ်ကြည့်​ပါ။ သူ၏​အဖြစ်​တွင် ခံနိုင်ရည်​က အဘယ်​အကျိုး​ရရှိစေ​ခဲ့​သနည်း။ ခံ​ခဲ့​ရသော​စမ်းသပ်မှု​များနှင့်​ပတ်သက်​၍ ပေါလု​က ဤသို့​ဆို​သည်– ‘ထို​ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​၌​ကျိန်းဝပ်​မည်​အကြောင်း ငါ့​ကိုယ်​၌ အားနည်းခြင်း​အဖြစ်ကို ဝမ်းမြောက်​သော​စိတ်​နှင့် ဝါကြွားခြင်း​ငှာ သာ၍​ငါ​အလိုရှိ၏။ သို့​ဖြစ်၍ ခရစ်တော်​ကြောင့်​ခံရ​သော အားနည်းခြင်း၊ ကဲ့ရဲ့​ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲ​နှိပ်စက်ခြင်း၊ ကျပ်တည်း​စွာ​သော ဆင်းရဲ​ဝေဒနာ​ခံ​ခြင်း​တို့ကို ငါ​နှစ်သက်​၏။ အကြောင်း​မူ​ကား၊ ငါသည် အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏။’ (၂ ကောရိန္သု ၁၂:၉၊ ၁၀) ခံနိုင်ရည်​ရှိ​ရန် လိုအပ်​မည်​ဆိုလျှင် “သာမန်​ထက်​ထူးကဲ​သောတန်​ခိုး” ကို​ယေဟောဝါ ပေး​မည်​ဖြစ်​ကြောင်း ပေါလု​သိရှိ​ခဲ့​သည်။ ၎င်း​က သူ့​အား ခရစ်တော်​နှင့် ယေဟောဝါ​ဘုရားသခင်​တို့​ထံ သာ၍​ချဉ်းကပ်​စေမည်​ဖြစ်သည်။—၂ ကောရိန္သု ၄:၇က​ဘ; ဖိလိပ္ပိ ၄:၁၁-၁၃

၂၀။ ဆင်းရဲ​ခက်ခဲ​မှု​ခံရ​စဉ် ကျွန်ုပ်​တို့ကို ယေဟောဝါ ထောက်ပံ့​ကူညီ​ပြီး နှစ်သိမ့်​ပေး​မည်​ဖြစ်​ကြောင်း မည်သို့​စိတ်ချ​နိုင်​သနည်း။

၂၀ ယေဟောဝါ​သည် သင့်​အပေါ် စမ်းသပ်မှု​များ ကျရောက်​နေ​စေ​ပေမည်။ သို့​ဆိုလျှင် ကိုယ်တော်​အား ကြောက်ရွံ့​သူများကို​ပေး​သည့် ဤ​ကတိတော်​ကို စိတ်ထဲ​စွဲမှတ်​ထား​ပါ– “ငါသည် သင့်ကို​မစွန့်၊ သင့်ကို အလျှင်း​ပစ်​၍​မထား။” (ဟေဗြဲ ၁၃:၅) ဤသို့​သော​ထောက်ပံ့မှု​နှင့် နှစ်သိမ့်မှု​ကို သင်တို့​ရနိုင်​သည်။ ယေဟောဝါ​သည် “သင်တို့​ဆံပင်” ကို​ရေတွက်​ထား​သည်။ ကိုယ်တော်​သည် သင်တို့၏​ခံနိုင်ရည်​ကို တွေ့မြင်​တော်​မူ​၏။ သင်တို့၏​နာကျင်မှုကို ခံစားရ​၏။ သင်တို့ကို အမှန်ပင် ဂရုစိုက်​တော်​မူ​၏။ ထို့​ပြင် “သင်တို့၏​အလုပ်​မှ​စ၍ နာမတော်​ကို​ထောက်၍​ပြ​သော သင်တို့၏​မေတ္တာကို” ဘယ်တော့​မျှ မေ့လျော့​တော်​မူ​မည်​မဟုတ်​ချေ။—ဟေဗြဲ ၆:၁၀က​ဘ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ဖြောင့်မတ်​သော​ဒါဝိဒ်​နှင့် ကောရ​၏​သစ္စာရှိ​သားများ​သည်လည်း ထိုသို့​ပင်​ပြောဆို​ခဲ့​ဖူး​သည်။—ဆာလံ ၁၀:၁; ၄၄:၂၄

^ အပိုဒ်၊ 4 ပေါလု​၏ “ကိုယ်​၌​စူးသော​ဆူး” ကို​သမ္မာကျမ်းစာ​က အတိအကျ မဖော်​ပြ​ထား​ချေ။ ယင်းက မျက်စိမှုန်​ခြင်း​ဖြစ်​နိုင်​သည်။ သို့​မဟုတ် “ကိုယ်​၌​စူးသော​ဆူး” ဟူသော အသုံးအနှုန်း​သည် ပေါလု​၏​တမန်​တော်​ဖြစ်မှု၊ ဓမ္မ​အမှုတို့​ကို လက်မခံခဲ့​ကြ​သည့် တမန်​တော်​အတုအယောင်​များနှင့် တခြားသူ​များ​ကို ရည်ညွှန်း​နိုင်၏။—၂ ကောရိန္သု ၁၁:၆၊ ၁၃-၁၅; ဂလာတိ ၄:၁၅; ၆:၁၁

^ အပိုဒ်၊ 9 မြေပေါ်​သို့ စာငှက်​ကျ​သွားခြင်း​သည် သေဆုံး​၍ ကျ​ခြင်း​ကို​သာ​မဆိုလို​ဟု ကျမ်း​ပညာရှင်​အချို့​က​ဆို​သည်။ မူရင်း​ဘာသာ​စကား​အရ ငှက်​သည် အစာ​ရှာ​ရန် မြေပေါ်​သို့ ထိုးဆင်း​ခြင်း​ကို ရည်ညွှန်း​နိုင်​သည်​ဟု ဆို​ကြသည်။ ဤသို့​ဖြစ်​မည်​ဆိုလျှင် စာငှက်​သေဆုံး​ချိန်​ကို​သာမက ၎င်း​၏​နေ့စဉ်​လှုပ်ရှားမှုများ​ကို​ပါ ဘုရားသခင် သတိပြု​ပြီး ဂရုစိုက်​တော်​မူ​သည်​ဟု ဆိုလို​ရာ​ရောက်​၏။—မဿဲ ၆:၂၆

သင်​မှတ်မိ​သလော

• ဘုရားသခင်​၏​စွန့်ပစ်ခြင်း​ကို​ခံရ​သည်​ဟု အဘယ်​အချက်များ​က လူတစ်ဦး​အား ယူမှတ်​စေနိုင်​သနည်း။

• ယေရှု၏​စာငှက်​ပုံ​ဥပမာ​နှင့် ကျွန်ုပ်​တို့​ဆံပင်​ကို​ရေတွက်ခြင်း​ပုံ​ဥပမာ​တို့​မှ အဘယ်​သင်ခန်းစာ​ရရှိ​သနည်း။

• လူတစ်ဦး​၏​မျက်ရည်များ​ကို ယေဟောဝါ​၏ “ဘူး​တော်” တွင်​ထည့်ခြင်း သို့​မဟုတ် “စာရင်း​တော်” တွင်​မှတ်သား​ထားခြင်း​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။

• ကျွန်ုပ်​တို့သည် မည်သို့ ‘ထာဝရ​ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့’ နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ပေါလု​၏ “ကိုယ်​၌​စူးသော​ဆူး” ကို​အဘယ်ကြောင့် ဖယ်ရှား​မပေးခဲ့​သနည်း

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယေရှု၏​စာငှက်​ပုံ​ဥပမာ​မှ အဘယ်​သင်ခန်းစာ ရရှိနိုင်​သနည်း

[Credit Line]

© J. Heidecker/VIREO

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ခြင်း​အားဖြင့် ကျွန်ုပ်​တို့​တစ်ဦးစီ​ကို ဘုရားသခင် ဂရုစိုက်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်