မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာသည် သင့်ကို ရွှင်လန်းမှုရရှိစေနိုင်

သမ္မာကျမ်းစာသည် သင့်ကို ရွှင်လန်းမှုရရှိစေနိုင်

သမ္မာကျမ်းစာ​သည် သင့်ကို ရွှင်လန်းမှု​ရရှိ​စေနိုင်

သမ္မာကျမ်းစာ​သည် ဆေးပညာ​လက်စွဲ​စာအုပ်​မဟုတ်သော်လည်း အပြုသဘော​နှင့် အပျက်သဘော​တို့သည် လူတစ်ဦး​၏ စိတ်ပိုင်း​နှင့် ကာယပိုင်း​ဆိုင်ရာ​ကျန်းမာ​မှု​အပေါ် အကျိုး​သက်ရောက်​ကြောင်း ဖော်ပြ​၏။ “စိတ်​ရွှင်လန်းခြင်း​သည် ကျန်းမာ​စေ​တတ်၏။ စိတ်ပျက်ခြင်း​မူ​ကား အရိုး​တို့ကို သွေ့ခြောက်​စေ​တတ်၏” ဟု ကျမ်းစာ​က​ဆို​လေ​သည်။ သည့်​အပြင် ဤသို့​လည်း​ဆို​၏– “သင်သည် အမှုရောက်​သော​ကာလ​၌ စိတ်ပျက်​လျှင် အားနည်း​၏။” (သု. ၁၇:၂၂; ၂၄:၁၀) စိတ်ပျက်​အားလျော့​မှု​ကြောင့် အားအင်ကုန်ခန်း​သွား​နိုင်​ကာ ပြောင်းလဲ​လို၊ အကူအညီ​တောင်းခံ​လို​စိတ်​မရှိ​ချေ။

ထို့​အပြင် စိတ်ပျက်​အားလျော့​မှု​ကြောင့် ဝိညာဉ်​ရေး​လည်း ထိခိုက်​နိုင်၏။ တန်ဖိုး​မရှိ​ဟု ခံစား​နေရသူ​တို့သည် ဘုရားသခင်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး ဘယ်တော့​မျှ ရှိ​နိုင်​မည်​မဟုတ်၊ ကောင်းချီး​ပေး​ခံရ​မည်​မဟုတ်​ဟု ကိုယ့်​ကိုယ်ကို ယူမှတ်လေ့​ရှိ၏။ ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သည့် ဆီ​မွန်​က မိမိသည် “ဘုရားသခင်​နှစ်သက်​လက်ခံ​နိုင်​မည့်​လူစားမျိုး ဖြစ်​နိုင်​မည်​မဟုတ်” ဟု သူ့ကိုယ်သူ ထင်မှတ်​ခဲ့​သည်။ သို့ရာတွင် သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​သည့်​အခါ ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့​ရန် ကြိုးပမ်း​အားထုတ်​နေကြ​သူတို့ကို ဘုရားသခင်​သည် အပြု​သဘောဖြင့် ရှုမြင်​ကြောင်း တွေ့ရှိ​ရလေ​သည်။

ဘုရားသခင် အမှန်တကယ်​ဂရုစိုက်

‘ယေဟောဝါ​သည် ကျိုးပဲ့​သော​စိတ်​ရှိသောသူ​တို့​နှင့် နီး​တော်​မူ​၏။ နှလုံး​ကြေကွဲ​သော​သူတို့ကို ကယ်တင်​တော်​မူ​၏’ ဟု ကျမ်းစာ​က​ဆို​သည်။ ဘုရားသခင်​သည် “ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး” ကို မထီမဲ့မြင်​ပြု​တော်​မ​မူ​ချေ၊ သို့သော် “စိတ်​နှိမ့်ချသော​သူနှင့် နှလုံး​ကြေကွဲ​သော​သူတို့၏ စိတ်​ဝိညာဉ် ရှင်ပြန်​စေ” မည်​ဟု ကိုယ်တော်​ကတိပြု​တော်​မူ​သည်။—ဆာလံ ၃၄:၁၈; ၅၁:၁၇သမ္မာ; ဟေရှာယ ၅၇:၁၅သမ္မာ။

ဘုရားသခင်​သည် မိမိ​ကျေးကျွန်​များ​၏​ကောင်းကွက်​ကို မြင်တော်မူ​ကြောင်း တပည့်​နောက်လိုက်​များ​အား ရှင်းပြဖို့​လို​သည်ကို ဘုရားသခင့်​သားတော် ယေရှု တစ်ချိန်​တစ်ခါ​က တွေ့ရှိ​ခဲ့​၏။ ပုံ​ဥပမာ​အနေ​နှင့် လူအများ အရေးမစိုက်​သည့် စာငှက်​လေး​တစ်ကောင် မြေပေါ်​သို့​ကျ​သည်ကို ဘုရားသခင် သတိပြုမိ​ကြောင်း ယေရှု​ပြောပြ​ခဲ့​သည်။ ထို့​အပြင် လူသား​တို့​နှင့်​ပတ်သက်​၍ အသေးငယ်ဆုံး​အချက်အလက်​ဖြစ်သည့် သူတို့၏​ခေါင်း​ပေါ်​မှ ဆံပင်​အရေအတွက်​ကို​ပင် ဘုရားသခင်​သိရှိ​တော်​မူ​ကြောင်းကို​လည်း ပေါ်လွင်​စေ​ခဲ့​၏။ ယေရှုသည် မိမိ၏​ပုံ​ဥပမာ​ကို ဤသို့​အဆုံးသတ်​လိုက်​လေ​သည်– “ထို့​ကြောင့် မကြောက်​ကြ​နှင့်။ သင်တို့သည် စာငှက်​အများ​တို့​ထက် သာ၍​မြတ်​ကြ​၏။” (မဿဲ ၁၀:၂၉-၃၁) * လူတို့သည် မိမိကိုယ်ကို မည်သို့​ပင်​ယူမှတ်​စေ​ကာ​မူ ယုံကြည်ခြင်း​ရှိသူတို့​ကို ဘုရားသခင်​တန်ဖိုး​ထား​ကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ အမှန်​ဆို​ရ​လျှင် တမန်​တော်​ပေတရု​က “ဘုရားသခင်​သည် လူ​မျက်နှာကို​မှတ်​တော်​မ​မူ။ လူအမျိုးမျိုး​တို့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့ ၍ တရား​သဖြင့်​ကျင့်ဆောင်​သော​သူသည် အထံတော်​၌​မျက်နှာ​ရသည်” ဟု သတိပေး​၏။—တမန်​တော် ၁၀:၃၄၊ ၃၅

မျှတ​သည့်​သဘော​ရှိပါ

မိမိကိုယ်ကို​မျှမျှတတ​ရှုမြင်ဖို့ သမ္မာကျမ်းစာ​က တိုက်တွန်း​ပါ​သည်။ မှုတ်သွင်းခံ​ရခြင်း​အားဖြင့် တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​၏– “သင်တို့သည် ကိုယ်ကို ထင်​သင့်​သည်​အတိုင်း​ထက်​လွန်​၍​မထင်​ဘဲ ဘုရားသခင်​သည် လူ​အသီးအသီး​တို့အား ယုံကြည်ခြင်းကို​ဝေပေး​တော်​မူ​သည်​နှင့်​အညီ ကိုယ်ကို​လျောက်ပတ်​စွာ​ထင်​ရမည်​အကြောင်း ငါသည် ကိုယ်​ခံရ​သော​ကျေးဇူးတော်​ကို​အမှီပြုလျက် သင်တို့တွင်​ရှိသမျှ​သော​သူတို့ကို မှာ​ထား​၏။”—ရောမ ၁၂:၃

ကျွန်ုပ်​တို့သည် စိတ်​ကြီး​ဝင်လာ​သည်​အထိ ကိုယ့်​ကိုယ်ကို အထင်မကြီး​လွန်း​လို​ကြ​ပါ; သည့်​အပြင် တစ်ဖက်​စွန်း​ရောက်​ပြီး ကိုယ့်​ကိုယ်ကို အထင်မသေး​လွန်း​လို​ကြ​ပါ။ သို့​အစား ကျွန်ုပ်​တို့၏​အားသာချက်​များနှင့် အားနည်းချက်​တို့ကို ထည့်​စဉ်းစား​ကာ မိမိကိုယ်ကို တော်ရုံ​သင့်​ရုံ​ရှုမြင်ကြ​ရန် ရည်မှန်း​သင့်​ပေ​သည်။ ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​က ဤသို့​ဆို​သည်– “ကျွန်မ​ဟာ အဆိုး​ကြီး​မဟုတ်သလို အကောင်း​ကြီး​လည်း​မဟုတ်ပါဘူး။ တခြား​သူတွေလို​ပဲ ကျွန်မ​မှာ ကောင်းကွက်​ဆိုး​ကွက် နှစ်မျိုး​စ​လုံး​ရှိတယ်။”

မှန်ပါသည်၊ ထိုသို့​သော​မျှတ​သည့်​အမြင်မျိုး​ရှိဖို့​ကား အပြော​လွယ်​သလော​က် အလုပ်​ခက်လှ​ပါ​ဘိ။ နှစ်ပေါင်း​များစွာ ဖြစ်တည်​လာ​ခဲ့​သည့် ကိုယ့်​ကိုယ်ကို အပျက်သဘော​မြင်​လွန်း​ခြင်း​ကို ဖယ်ရှားပစ်​ဖို့ အတော်ပင်​ကြိုးစား​အားထုတ်​ရ​ပေမည်။ မည်သို့​ပင်​ဖြစ်ပါစေ ဘုရားသခင့်​အကူအညီ​ဖြင့် ကျွန်ုပ်​တို့၏​ပင်ကိုစရိုက်​နှင့် ဘဝ​အပေါ် ရှုမြင်ပုံ​တို့ကို ပြောင်းလဲ​ပစ်​နိုင်​ပါ​သည်။ အမှန်​ဆို​ရ​လျှင် ကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​ပြု​ရန်​တိုက်တွန်း​ထား​၏– “အထက်​က​ကျင်လည်​ကြသော လှည့်ဖြား​တတ်​သည့်​လောဘ​စိတ်​တို့​ဖြင့် ပုပ်ပျက်​သော​လူဟောင်း​ကို​ချွတ်ပယ်​၍ သင်တို့၏​စိတ်​ကို စေ့ဆော်​ပေး​သည့်​စွမ်းအား​ဖြင့် အသစ်​ပြုမူ​ခံ​သင့်​ပြီး မှန်သော​ဖြောင့်မတ်ခြင်း​နှင့် တည်ကြည်​ခြင်း​ဖြင့် ဘုရားသခင်​၏​အလိုတော်နှင့်​အတူ​အမျှ ဖန်ဆင်း​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်​သင့်​သည်။”—ဧဖက် ၄:၂၂-၂၄က​ဘ။

‘ကျွန်ုပ်​တို့၏​စိတ်​ကို စေ့ဆော်​ပေး​သည့်​စွမ်းအား၊’ တစ်နည်း​အားဖြင့် ကျွန်ုပ်​တို့၏​စိတ်​ကို စိုးမိုး​နေသည့်​သဘော ပြောင်းလဲ​ရန် ကြိုးစား​အားထုတ်ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ပင်ကိုစရိုက်​ကို အဆိုးမြင်​လွန်း​သည့်​သဘော​ရှိ​ခြင်း​မှ အကောင်းမြင်​တတ်​သည့်​သဘော​ရှိ​ခြင်း​ဘက်​သို့ ပြောင်းလဲ​ပစ်​နိုင်​ပါ​သည်။ ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သည့် လီ​နာ​သည် မိမိကို မည်သူမျှ မေတ္တာထား​နိုင်​မည်​မဟုတ်၊ ကူညီပေး​မည်​မဟုတ်​ဟူသော​အတွေး​ကို မစွန့်ပယ်​မချင်း မိမိ​ကိုယ်တိုင်​နှင့်​ပတ်သက်​သည့် ခံစားချက်​များ​ကို ဘယ်အရာ​က​မျှ ပြောင်းလဲ​ပေး​နိုင်​မည်​မဟုတ်​ကြောင်း သဘောပေါက်​လာ​ခဲ့​သည်။ သမ္မာ​ကျမ်းစာ​ပါ အဘယ်​လက်တွေ့ကျ​အကြံပြုချက်​က လီ​နာ၊ ဆီ​မွန်​နှင့် အခြား​သူတို့ကို ပြောင်းလဲ​စေ​ခဲ့​သနည်း။

ရွှင်လန်းမှု​ကို​တိုးပွား​စေသည့် ကျမ်းစာ​မူများ

‘ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရားသခင်​၌ ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။’ (ဆာလံ ၅၅:၂၂) ဦးဆုံး​အနေ​နှင့် ဆုတောင်းခြင်း​က စစ်မှန်သော​ရွှင်လန်းမှု ရရှိ​စေနိုင်​ပါ​သည်။ “ကျွန်မ စိတ်ပျက်​အားလျော့​တိုင်း ယေဟောဝါ​ဆီ​မှာ အကူအညီ​တောင်းခံ​တယ်။ ကိုယ်တော့်​ဆီက ခွန်အား​တွေ၊ လမ်းညွှန်မှု​တွေ မရခဲ့​တဲ့​အခါ​မျိုး တစ်ခါ​မှ မရှိခဲ့ဖူးဘူး” ဟု ဆီ​မွန်​ပြောပြ​သည်။ ကျွန်ုပ်​တို့၏​ဝန်ကို ယေဟောဝါ​၌​ချထား​ဖို့ ဆာလံဆရာ​တိုက်တွန်း​သည့်​အခါ အမှန်တကယ်​ဆိုလျှင် ကျွန်ုပ်​တို့ကို ယေဟောဝါ ဂရုစိုက်​ရုံ​သာမက ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ကူညီ​ထောက်မမှု ရထိုက်​သူများ​ဖြစ်သည်ဟု ကိုယ်တော်​ရှုမြင်​ကြောင်း အသိပေး​နေခြင်း​ဖြစ်​လေ​သည်။ စီ.အီး. ၃၃ ပသခါပွဲ​နေ့​ည​တွင် ယေရှု၏​တပည့်​နောက်လိုက်​များသည် ကိုယ်တော်​ခွဲခွာ​သွားတော့​မည်​ကို ကြားသိ​လိုက်ရ​ခြင်း​ကြောင့် ဝမ်းနည်း​နေကြ၏။ ထို​အခါ ယေရှု​က​သူတို့အား ခမည်းတော်​ထံ ဆုတောင်း​ကြ​ရန် တိုက်တွန်း​ပြီး “သင်တို့သည် ဝမ်းမြောက်စရာ​အကြောင်း စုံလင်​စေခြင်း​ငှာ တောင်း​ကြလော့။ ထိုသို့​တောင်းလျှင် ရ​ကြလိမ့်မည်” ဟု ထပ်ဆင့်​မိန့်ဆိုခဲ့သည်။—ယောဟန် ၁၆:၂၃၊ ၂၄

‘ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် သာ၍​ပျော်ရွှင်မှု​ရှိသည်။’ (တမန်​တော် ၂၀:၃၅သမ္မာ) ယေရှု​သွန်သင်​ခဲ့​သည့်​အတိုင်း ဘဝတွင် စစ်မှန်သော​ရွှင်လန်းမှု​ရရှိရန် ပေးကမ်း​ခြင်း​သည် အ​ခရာ​ဖြစ်၏။ ဤ​ကျမ်းစာ​အမှန်တရားကို လက်တွေ့​ကျင့်သုံး​ခြင်း​က ကျွန်ုပ်​တို့၏​မပြည့်စုံမှု​များ​ကို အာရုံစိုက်​စေ​မည့်​အစား အခြားသူ​တို့ လိုအပ်​သည့်​အရာများ​ကို အာရုံစိုက်စေပါ​သည်။ သူတစ်ပါး​အား​ကူညီပေး​လိုက်၍ သူတို့က ကျေးဇူး​တင်​စွာ​တုံ့ပြန်​သည်ကို ကျွန်ုပ်​တို့​တွေ့ရ​သည့်​အခါ အားရ​ကျေနပ်​မိ​သည်။ ကျမ်းစာ​သတင်းကောင်းကို သူတစ်ပါး​အား မှန်မှန်​ပြောပြ​ခြင်း​သည် မိမိကို နည်း​နှစ်နည်း​ဖြင့် ကူညီပေး​သည်​ဟု လီ​နာ​လက်ခံ​ယုံကြည်​မိ​သည်။ “ဦးဆုံး​အနေ​နဲ့ ယေရှု​ပြော​ခဲ့​တဲ့ စိတ်​ကျေနပ်မှု​နဲ့ ပျော်ရွှင်မှု​မျိုးကို ကျွန်မ​ခံစား​ရတယ်။ ဒုတိယ​အနေ​နဲ့ တခြား​သူတွေဆီ​ကနေ အပြုသဘော​ပါ​တဲ့​စကား​တွေ အများကြီး​ပြန်ကြား​ရတဲ့​အတွက် ဝမ်းသာ​ရတယ်” ဟု သူ​ဆို​သည်။ ကိုယ့်​ကိုယ်ကို ရက်ရက်ရောရော ပေးဆက်ခြင်း​ဖြင့် “သူတစ်ပါးကို​ရေလောင်း​သော​သူသည် ကိုယ်တိုင်​ရေလောင်းခြင်း​အကျိုးကို​ခံရ​လိမ့်​မည်” ဟူသော နယပုံပြင် ၁၁:၂၅ ပါ​စကား မှန်ကန်ကြောင်း သိရှိ​ရ​ပါ​လိမ့်​မည်။

“ဆင်းရဲ​ငြိုငြင်​သော​သူ၏ နေ့ရက်​ရှိသမျှ​တို့သည် ဆိုးယုတ်​ကြ​၏။ ရွှင်လန်းသော​စိတ်နှလုံး​မူ​ကား အစဉ်အမြဲ​ခံရ​သော​ပွဲ​ဖြစ်၏။” (သု. ၁၅:၁၅) မိမိကိုယ်ကို​နှင့် မိမိ၏​အခြေအနေ​ကို ရှုမြင်ပုံ​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့အားလုံး ရွေးချယ်စရာ​ရှိ၏။ ကျွန်ုပ်​တို့သည် အရာရာကို အပျက်​သဘောဖြင့် ရှုမြင်​ပြီး ဆင်းရဲ​ငြိုငြင်​နေ​သူ​တစ်ဦး​ဖြစ်​နိုင်​သကဲ့သို့ စားသောက်ပွဲ​တစ်ခု​တွင် ပျော်ရွှင်​နေသည့် “ရွှင်လန်းသော​စိတ်နှလုံး” ရှိ အပြုသဘောပါပါ တွေးတော​သူနှင့် တူ​နိုင်​ပေ​သည်။ ဆီ​မွန်​က “ကျွန်မ အပြုသဘော​ရှိအောင် အတတ်နိုင်ဆုံး​ကြိုးစား​နေတယ်။ ကိုယ်ပိုင်​လေ့လာမှု​နဲ့ ခရစ်ယာန်​ဓမ္မ​အမှုမှာ အလုပ်​များနေ​ဖို့နဲ့ အမြဲ​ဆုတောင်း​ဖို့ ကြိုးစား​တယ်။ ပြီး​တော့ အပြုသဘော​ရှိတဲ့​သူတွေနဲ့ ပေါင်းသင်း​ပြီး တခြား​သူတွေကို ကြိုးစား​ကူညီပေး​တယ်” ဟု​ဆို​သည်။ ဤသို့​သော​စိတ်သဘောထား​က စစ်မှန်သော​ရွှင်လန်းမှု​ရရှိစေ​ပါ​သည်၊ သမ္မာကျမ်းစာ​က ဤသို့​ပင်​တိုက်တွန်း​ထား​၏– ‘ဖြောင့်မတ်​သော​သူတို့ ထာဝရ​ဘုရားသခင်​၌ ဝမ်းမြောက်​ရွှင်လန်း​ကြလော့။ သဘောဖြောင့်​သော​သူအပေါင်း​တို့ ရွှင်လန်းစွာ​ကြွေးကြော်​ကြလော့။’—ဆာလံ ၃၂:၁၁

“အဆွေ​ခင်ပွန်း​သည် အခါ​ခပ်သိမ်း​ချစ်တတ်​၏။ ညီအစ်ကို​သည် [ဆင်းရဲ​ရာ] ကာလ​အဖို့ မွေးဖွား​လျက်​ရှိ၏။” (သု. ၁၇:၁၇) အပျက်သဘောထား​များ​က ကျွန်ုပ်​တို့ကို လွှမ်းမိုး​မသွားမီ ချစ်​မြတ်နိုး​ရသူ​တစ်ဦး သို့​မဟုတ် ယုံကြည်​စိတ်ချ​ရသည့် အကြံပေး​သူ​တစ်ဦး​ကို ရင်ဖွင့်​လိုက်ခြင်း​ဖြင့် ကိုင်တွယ်​ဖြေရှင်း​နိုင်​ကာ ယင်း​တို့ကို ပြေပျောက်​စေနိုင်​ပါ​မည်။ အခြား​သူများ​နှင့် စကားပြော​ဆို​ခြင်း​က အရာရာကို မျှမျှတတ၊ အပြုသဘောပါပါ ရှုမြင်​တတ်​စေ​သည်။ ဆီ​မွန်​က “ကိုယ့်ရဲ့​ခံစားချက်​တွေ​ကို ထုတ်ဖော်​ပြောပြ​လိုက်ခြင်းက တကယ်​အကူအညီ​ပေး​တယ်။ ကိုယ်​ဘယ်လို​ခံစား​နေရ​တယ်​ဆိုတာ တစ်ယောက်ယောက်​ကို ပြောပြ​ဖို့​လိုတယ်။ အဲ့ဒီ​လို ထုတ်ဖော်​ပြောပြ​လိုက်​ရုံ​လေး​ပဲ” ဟု ဖွင့်ဟ​သည်။ ထိုသို့​ပြုခြင်း​ဖြင့် နယပုံပြင်​ကျမ်း​ပါ ဤ​စကား​မှန်ကန်ကြောင်း သင်​သိရှိ​ရ​ပါ​လိမ့်​မည်– “စိုးရိမ်​ကြောင့်ကြ​ခြင်း​သည် ညှိုးငယ်​စေ​တတ်၏။ မေတ္တာ​စကား​မူ​ကား ဝမ်းမြောက်​စေ​တတ်၏။”—သု. ၁၂:၂၅သမ္မာ။

သင်​လုပ်ဆောင်​နိုင်ရာ

အပျက်​သဘောထားများကို အနိုင်ယူ​ကျော်လွှား​စေနိုင်​ပြီး စစ်မှန်​သည့်​ရွှင်လန်းမှု ရရှိစေ​နိုင်သော သမ္မာကျမ်းစာ​မှ များပြား​လှ​သည့် အလွန်​ကောင်းမွန်​၍ လက်တွေ့ကျ​မူများ​အနက် အနည်းငယ်​ကို​သာ ယခု ကျွန်ုပ်​တို့​ဆင်ခြင်​သုံးသပ်ကြည့်​ခဲ့​ကြပြီ။ မိမိသည် အသုံးမကျ​သူ​ဟူ၍ ခံစား​နေရသူ​တို့​တွင် သင်လည်း​ပါဝင်​နေသည်​ဆိုပါ​က သမ္မာကျမ်းစာ​ကို အနီးကပ်​ကြည့်ရှု​စစ်ဆေး​ဖို့ သင့်​အား ကျွန်ုပ်​တို့​တိုက်တွန်း​လို​ပါ​သည်။ သင့်ကိုယ်​သင်​ဖြစ်စေ၊ ဘုရားသခင်​နှင့် သင်၏​ဆက်ဆံ​ရေး​ကို​ဖြစ်စေ အရှိ​ကို​အရှိ​တိုင်း​နှင့် မျှမျှတတ​ရှုမြင်​တတ်​ရန် ကြိုးစား​ပါ။ သမ္မာကျမ်းစာ​၏​လမ်းညွှန်မှုဖြင့် သင်​လုပ်ဆောင်လေသမျှ​တွင် စစ်မှန်သော​ရွှင်လန်းမှု ရရှိနိုင်​ပါစေ​ဟု စိတ်ရင်းမှန်​ဖြင့် ကျွန်ုပ်​တို့​ဆန္ဒပြု​လိုက်ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဤ​ကျမ်းပိုဒ်​ကို စာမျက်နှာ ၂၂ နှင့် ၂၃ တွင် အသေးစိတ် ဆွေးနွေး​ထား​ပါ​သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကျမ်းစာ​မူများ​အတိုင်း အသက်ရှင်ခြင်း​က ရွှင်လန်းမှု တိုးပွား​စေ