မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အခါမျိုးတွင် အမျက်ထွက်သင့်သနည်း

အဘယ်အခါမျိုးတွင် အမျက်ထွက်သင့်သနည်း

အဘယ်အခါမျိုးတွင် အမျက်ထွက်​သင့်​သနည်း

ဒေ. ၇:၉ တွင်​သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​၏– “အမျက်​သည် မိုက်​သော​သူ၏​စိတ်နှလုံး​၌ နေရာကျ​တတ်၏။” တစ်ဦး​တစ်ယောက်​က ကျွန်ုပ်​တို့ကို ပြစ်မှား​သည့်​အခါ အကဲဆတ်​မ​လွန်​ဘဲ ခွင့်လွှတ်​သင့်​ကြောင်း ဤ​အခန်းငယ်​က ဖော်ပြ​သည်။

သို့သော် ကျွန်ုပ်​တို့သည် တစ်ခုခု​ကြောင့် သို့​မဟုတ် တစ်ဦး​တစ်ယောက်​ကြောင့် ဘယ်တော့မှ အမျက်မထွက်​သင့်၊ ပြစ်မှားမှု​သည် မည်မျှ​ပင်​ကြီး​လေး​ပြီး အကြိမ်ကြိမ်​ဖြစ်ပါစေ ခွင့်လွှတ်​ပြီး မဖြေရှင်း​သင့်​ဟု ဒေ. ၇:၉ က​ဆိုလို​နေခြင်း​လော။ ပြစ်မှား​သူကို ခွင့်လွှတ်​သင့်​ကြောင်း ကျွန်ုပ်​တို့​သိထားကြ​ရာ သူတစ်ပါး​အား စကား​အားဖြင့်၊ အပြုအမူအားဖြင့် ပြစ်မှား​ချင်​တိုင်း ပြစ်မှား​သင့်​သလော။ ယင်း​သို့ မဖြစ်​နိုင်​ချေ။

ယေဟောဝါ​ဘုရားသခင်​သည် မေတ္တာ၊ ကရုဏာ၊ ခွင့်လွှတ်​ခြင်း​နှင့် စိတ်ရှည်ခြင်း​တို့၏ ပြယုဂ်​ဖြစ်​တော်​မူ​သည်။ သို့​တိုင် ကိုယ်တော်​သည် အမျက်ထွက်​ကြောင်း သမ္မာကျမ်းစာ​တွင် အကြိမ်ကြိမ်​ဖော်ပြ​ထား​သည်။ အပြစ်ကြီး​လေး​သောအခါ ပြစ်မှား​သူများကို ကိုယ်တော် အရေးယူ​ခဲ့​၏။ သာဓက​အချို့​ကို သုံးသပ်ကြည့်​ပါ။

ယေဟောဝါ​အား ပြစ်မှား​သည့်​အပြစ်​များ

ယေရောဗောင်​သည် ‘ဣသရေလ​အမျိုး​ကို ပြစ်မှား​စေသော​အပြစ်​အားဖြင့် ထာဝရ​ဘုရားသခင်​၏​အမျက်တော်ကို နှိုးဆော်’ ခဲ့​သည်​ဟု ၃ ဓမ္မ​ရာဇဝင် ၁၅:၃၀ ပါ​မှတ်တမ်းက ဖော်ပြ​၏။ ၂ ရာဇဝင်ချုပ် ၂၈:၂၅ တွင် ယုဒ​ရှင်ဘုရင်​အာခတ်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– ‘အခြား​တစ်ပါး​သော​နတ်​ဘုရား​တို့အား နံ့သာပေါင်း​ကို မီးရှို့​စ​ရာ​ဖို့ မြင့်သော​အရပ်​တို့ကို​တည်​၍ ဘိုးဘေး​တို့၏​ဘုရားသခင် ယေဟောဝါ​၏​အမျက်တော်ကို နှိုးဆော်​လေ​၏။’ နောက်ထပ်​ပုံ​နမူနာ​တစ်ခု​ကို တရားသူကြီး ၂:၁၁-၁၄ တွင် ဤသို့​တွေ့ရှိ​ရသည်– ‘ဣသရေလ​အမျိုးသား​တို့သည် ထာဝရ​ဘုရားသခင်​ရှေ့တော်၌ မကောင်းမှုကို​ပြု​၍ ဗာလ​တို့ကို ဝတ်ပြု​ကြ​သဖြင့် ထာဝရ​ဘုရားသခင်​အမျက်တော်ကို ထွက်​စေ​ကြ​၏။ ထာဝရ​ဘုရားသခင်​သည် ဣသရေလ​အမျိုး​၌ ပြင်းစွာ​အမျက်ထွက်​လျက် လုယူ​သော​သူတို့​လက်​သို့ အပ်​လိုက်​၏။’

ယေဟောဝါ​အား အမျက်ထွက်​စေပြီး ပြင်းထန်​စွာ​အရေးယူ​ရန် လိုအပ်​သည့် အခြား​အချက်များ​လည်း​ရှိသေး၏။ ဥပမာ၊ ထွက်မြောက်ရာ ၂၂:၁၈-၂၀ တွင်​ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– ‘စုန်းမ​ကို အသက်ရှင်​စေခြင်း​ငှာ အခွင့်မပေး​ရ။ တိရစ္ဆာန်​နှင့်​သင့်​နေသော​သူသည် အသေ​သတ်​ခြင်း​ကို အမှန်​ခံရ​မည်။ ထာဝရ​ဘုရားသခင်​မှတစ်ပါး အခြားသော​နတ်​ဘုရား​များ​ရှေ့မှာ ယဇ်​ပူဇော်​သော​သူကို ရှင်းရှင်း​ဖျက်ဆီး​ရမည်။’

ရှေး​ဣသရေလ​လူမျိုး​သည် ယေဟောဝါ​အား အမျက်ထွက်​စေပြီး စစ်မှန်သော​နောင်တ​မယူ​သည့်​အခါ ကိုယ်တော်​သည် သူတို့၏​ကြီး​လေး​သော​အပြစ်​များ​ကို ခွင့်​မလွှတ်​တော့​ချေ။ အပြစ်​ကျူးလွန်​သူများ​သည် စစ်မှန်သော​နောင်တ​ယူ လုပ်ဆောင်ခြင်း​မရှိ၊ ယေဟောဝါ​အား နာခံမှု​မပြ​သောကြောင့် နောက်ဆုံး​တွင် သူတို့ကို ဘုရားသခင် ဖျက်ဆီး​ခဲ့​သည်။ ထို​လူမျိုးတစ်မျိုး​လုံး​ကို ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ဗာဗုလုန်​လက်​သို့၊ တစ်ဖန် စီ.အီး. ၇၀ ပြည့်နှစ်​တွင် ရောမ​လက်​သို့ ဝ​ကွက်​အပ်​လိုက်​လေ​သည်။

ယေဟောဝါ​သည် လူတို့၏​မကောင်းမှု​များ​ကြောင့် အမျက်ထွက်​ပြီး ကြီး​လေး​သော​အပြစ်ပြု​သူများ နောင်တ​မယူ​သည့်​အခါ ကွပ်မျက်​ခဲ့​သည်။ သို့သော် ယင်းက ဒေ. ၇:၉ တွင်​ဖော်ပြ​ထားသော​သူတို့နှင့် ကိုယ်တော် တူ​သည်​ဟု​ဆိုလို​သလော။ လုံးဝ​မဆိုလို​ပါ။ ကိုယ်တော်​သည် ကြီး​လေး​သော​အပြစ်ပြု​သူများကို တရား​သဖြင့် အမျက်ထွက်​ပြီး မျက်နှာမလိုက်​ဘဲ စီရင်​လေ့​ရှိ၏။ သမ္မာကျမ်းစာ​က ယေဟောဝါ​အကြောင်း ဤသို့​ဆို​၏– ‘[ကိုယ်တော်​၏] အမှုတော်​သည် စုံလင်​ပေ​၏။ စီရင်တော်မူ​သမျှ​တို့သည် တရား​နှင့်​ညီ​လျက် သစ္စာစောင့်​သော​ဘုရားသခင်၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏။’—တရားဟောရာ ၃၂:၄

အချင်းချင်း ပြစ်မှား​သည့် ကြီး​လေး​သော​အပြစ်​များ

ရှေး​ဣသရေလလူ​တို့အား ဘုရားသခင်​ပေး​သည့် ပညတ်တရား​အရ လူ​တို့ကို ကြီး​လေး​သော​အပြစ်ပြု​လျှင် ဆိုးကျိုး​များ​ခံရ​မည်​ဖြစ်သည်။ ဥပမာ၊ ညဘက်​၌ အိမ်ကို သူခိုး​ဖောက်​သည့်​အခါ အိမ်ရှင်​က သူ့ကို​သတ်​လျှင် အိမ်ရှင်​တွင် သွေးပြစ်​မရှိပါ။ အိမ်ရှင်​သည် ကြီး​လေး​သော​ရာဇဝတ်မှု​အတွက် အပြစ်​မရှိခဲ့​ချေ။ ထို့​ကြောင့် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “သူခိုး​သည် အိမ်ကို​ထွင်းဖောက်​စဉ် [အိမ်ရှင်] တွေ့​၍ သေ​အောင်​သတ်​သော်လည်း သေ​စား​မသေ​စေ​ရ။”—ထွက်မြောက်ရာ ၂၂:၂

ဗလက္ကာရပြု​ခြင်း​သည် ဘုရားသခင့်​ရှေ့မှောက်​တွင် ရာဇဝတ်မှု​ကြီး​တစ်ခု​ဖြစ်​ရာ ဗလက္ကာရပြု​ခံရ​သော အမျိုးသမီး​တစ်ဦး​သည် အလွန်​အမျက်ထွက်​မည်​မှာ အမှန်ပင်။ မောရှေ​ပညတ်​အရ အမျိုးသမီး​တစ်ဦး​ကို ဗလက္ကာရပြု​ခြင်း​သည် “လူ​ချင်း​တစ်ယောက်ကို​တစ်ယောက် ရန်ပြု​၍ သတ်​သော​အမှု​နှင့်​တူ” သောကြောင့် ဗလက္ကာရပြု​သူသည် အသေ​သတ်​ခြင်း​ခံရ​မည်​ဖြစ်၏။ (တရားဟောရာ ၂၂:၂၅-၂၇) ကျွန်ုပ်​တို့သည် ထို​ပညတ်တရား​အောက်တွင် မရှိကြ​တော့​သော်လည်း အလွန်​ဆိုးရွား​သည့်​ဗလက္ကာရပြု​ခြင်း​ကို ယေဟောဝါ မည်သို့​သဘောထားကြောင်း ထိုးထွင်း​သိမြင်​စေ​၏။

ကျွန်ုပ်​တို့​ခေတ်တွင်​လည်း ဗလက္ကာရပြု​ခြင်း​သည် ပြင်းထန်​စွာ အပြစ်ဒဏ်​ခံရ​သော ရာဇဝတ်မှု​ကြီး​တစ်ခု​ဖြစ်၏။ ဗလက္ကာရပြု​ခံရ​သူသည် ရဲဌာန​သို့ တိုင်​ခွင့်​ရှိသည်။ ဤသို့ဖြင့် အာဏာပိုင်​များ​က အပြစ်​ကျူးလွန်​သူကို အပြစ်ပေး​နိုင်​မည်​ဖြစ်သည်။ ပြုကျင့်​ခံရ​သူသည် အရွယ်​မ​ရောက်​သေး​သူ​ဖြစ်​လျှင် မိဘများ​က ထိုသို့​အရေးယူ​လုပ်ဆောင်​လို​ကြ​ပေမည်။

မဖြစ်​စ​လောက်​အပြစ်​များ

သို့သော် အာဏာပိုင်​များ အရေးယူ​လုပ်ဆောင်​စ​ရာ​မလို​သော ပြစ်မှု​လည်း​ရှိသည်။ သို့​ဖြစ်၍ အခြားသူများ​ပြု​သည့် မဖြစ်​စ​လောက်​အပြစ်​များ​ကြောင့် အလွန်အကျွံ​အမျက်မထွက်​အပ်ဘဲ ခွင့်လွှတ်​သင့်​သည်။ အကြိမ်​မည်မျှ ခွင့်လွှတ်​သင့်​သနည်း။ တမန်​တော်​ပေတရု​က ယေရှု​အား “သခင်၊ ညီအစ်ကို​သည် အကျွန်ုပ်​ကို​ပြစ်မှား​၍ အကျွန်ုပ်​တို့သည် သူ၏​အပြစ်ကို ဘယ်နှစ်ကြိမ်​လွှတ်​ရ​ပါ​အံ့​နည်း။ ခု​နစ်​ကြိမ်​မြောက်​အောင် လွှတ်​ရ​ပါ​အံ့​လော” ဟု​မေးလျှောက်​ခဲ့​၏။ ယေရှု​က “အကြိမ်​ခု​နစ်​ဆယ်ခု​နစ်​လီ​မြောက်​အောင် လွှတ်​ရမည်” ဟု​မိန့်ဆိုခဲ့သည်။—မဿဲ ၁၈:၂၁၊ ၂၂

တစ်ဖက်​တွင်​မူ၊ သူတစ်ပါး​အား စိတ်​မ​နာကြည်း​စေရန် ကျွန်ုပ်​တို့၏​ခရစ်ယာန်​အရည်အသွေးကို အမြဲမပြတ်​ကြိုးစား​ပျိုးထောင်​ဖို့​လို​သည်။ ဥပမာ၊ သင်သည် သူတစ်ပါး​နှင့်​ဆက်ဆံ​သည့်​အခါ တစ်ခါတစ်ရံ တုံး​တိ​တိ၊ မဆင်မခြင်၊ ရိုင်းရိုင်းစိုင်းစိုင်း​ပြောဆို​ပြုမူ​မိ​သလော။ သို့​ဆိုလျှင် စိတ်​နာကြည်း​သွား​စေနိုင်​၏။ အမျက်ထွက်​သူကို အပြစ်တင်​ပြီး မိမိကို ခွင့်လွှတ်​သင့်​သည်​ဟု အပြစ်ပြု​သူက ယူမှတ်​မည့်​အစား မိမိ​ကြောင့် သူ​အမျက်ထွက်​ရ​ကြောင်း သဘောပေါက်​ဖို့​လို​၏။ အစ​ကတည်းက ထိုသို့​အမျက်မထွက်​စေရန် မိမိ၏​အပြု​အမူ၊ အပြောအဆို​တို့ကို ချုပ်ထိန်း​ထား​ဖို့​လို​သည်။ ဤသို့​ကြိုးစား​အားထုတ်​မည်​ဆိုလျှင် သူတစ်ပါး​အား စိတ်​နာကြည်း​စေ​မည့် အကြိမ်ပေါင်း လျော့နည်း​သွား​လိမ့်​မည်။ သမ္မာကျမ်းစာ​က ဤသို့​သတိပေး​၏– “သန်လျက်နှင့်​ထိုး​သကဲ့သို့ စကားပြော​တတ်သော လူတချို့​ရှိ၏။ ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ပင် ပျောက်စေ​တတ်၏။” (သု. ၁၂:၁၈) သူတစ်ပါးကို မရည်ရွယ်​ဘဲ စိတ်​နာကြည်း​စေ​မိ​လျှင် တောင်းပန်​စကား​ဆို​ခြင်း​သည် အကျိုးများစွာ​ရှိ​နိုင်​သည်။

ကျွန်ုပ်​တို့သည် “ငြိမ်သက်ခြင်း​နှင့်​လည်းကောင်း၊ အချင်းချင်း​တည်ဆောက်​ခြင်း​နှင့်​လည်းကောင်း ယှဉ်​သော​အရာ​တို့ကို မီအောင်လိုက်” သင့်​သည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​၏။ (ရောမ ၁၄:၁၉) လိမ္မာ​ပါးနပ်​ပြီး ကြင်နာ​စွာ​ပြောဆို​ကြ​လျှင် နယပုံပြင်​၏​ဤ​စကား​များ​ကို ကျွန်ုပ်​တို့​လိုက်နာ​ရာ​ကျ​၏– “အခန့်သင့်​ပြောဆို​သော​စကား​တစ်ခွန်း​သည် ငွေထည်​တွင်ရှိသော ရွှေ​ပန်းသီး​များနှင့်​တူ​သည်။” (သု. ၂၅:၁၁က​ဘ) တကယ့်ကို​အားရ​နှစ်သက်ဖွယ် ဖြစ်စေ​သည်​တကား! နူးညံ့​သိမ်မွေ့​ပြီး အလိုက်သင့်​ပြောဆိုမှု​သည် သူ​တစ်​ထူး​၏ ဇွတ်​တ​ရွတ်​နိုင်သော​စိတ်ထား​ကို​ပင် ပြောင်းလဲ​စေနိုင်​သည်– “ဖြည်းညင်း​သော​စကား​သည်လည်း အရိုးကျိုး​အောင် တတ်နိုင်​၏။”—သု. ၂၅:၁၅သ​မ။

ထို့​ကြောင့် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​အကြံပြု​၏– “လူ​အသီးအသီး​တို့အား အဘယ်​သို့​ပြန်​ပြော​ရမည်ကို သိနိုင်​မည်​အကြောင်း၊ သင်တို့​စကား​သည် ဆား​အားဖြင့် ငန်​သော​အရသာ​နှင့်​ပြည့်စုံ​လျက် အစဉ်မပြတ်​တင့်တယ်​လျောက်ပတ်​ပါစေ။” (ကောလောသဲ ၄:၆) “ဆား​အားဖြင့် ငန်​သော​အရသာ” ဟူသည် သူတစ်ပါး​အား စိတ်​နာကြည်း​စ​ရာ​အကြောင်း လျော့နည်းစေ​ရန် နှစ်​လို့​ဖွယ်​စကား​များ​ပြောဆိုခြင်း​ကို ဆိုလို​၏။ ခရစ်ယာန်​များသည် အပြော​ရော အလုပ်​နှင့်​ပါ ကျမ်းစာ​၏​ဤ​ဆုံးမ​စကား​ကို ကြိုးစား​လိုက်လျှောက်​ကြသည်– “ငြိမ်သက်ခြင်း​ကို​ရှာ၍ မီအောင်လိုက်​လော့။”—၁ ပေတရု ၃:၁၁က​ဘ။

သို့​ဖြစ်၍ ဒေ. ၇:၉ က အခြားသူများ​၏​မဖြစ်​စ​လောက်​အပြစ်​များ​ကြောင့် အမျက်မထွက်​သင့်​ဟု ဆိုလို​နေခြင်း​ဖြစ်၏။ ယင်း​တို့သည် လူ့​မစုံလင်မှု​ကြောင့် သို့​မဟုတ် တမင်​သက်​သက်​ပင်​ပြုလုပ်​ဦး​တော့ ကြီး​လေး​သည့်​အပြစ်​များ​မဟုတ်​ချေ။ သို့သော် ကြီး​လေး​သည့်​အပြစ်​ဖြစ်​လျှင် ပြစ်မှား​ခံရ​သူသည် စိတ်​နာကြည်း​ပြီး လိုအပ်​သလို​အရေးယူ ဆောင်ရွက်​လို​မည်​ကို သဘောပေါက်​နားလည်​နိုင်​သည်။—မဿဲ ၁၈:၁၅-၁၇

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် နောင်တ​မယူ​သော ဣသရေလ​လူမျိုး​ကို စီ.အီး. ၇၀ ပြည့်နှစ်​တွင် ရောမ​လက်ချက်​ဖြင့် ဖျက်ဆီး​ခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

“အခန့်သင့်​ပြောဆို​သော စကား​တစ်ခွန်း​သည် . . . ရွှေ​ပန်းသီး​များနှင့်​တူ​သည်”