မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များ ယေဟောဝါ၏ဘုန်းတော်ကိုရောင်ပြန်ဟပ်ကြ

ခရစ်ယာန်များ ယေဟောဝါ၏ဘုန်းတော်ကိုရောင်ပြန်ဟပ်ကြ

ခရစ်ယာန်​များ ယေဟောဝါ​၏​ဘုန်းတော်​ကို​ရောင်ပြန်ဟပ်​ကြ

‘သင်တို့​မျက်စိသည် မြင်​သောကြောင့် ပျော်ရွှင်​ကြ​၏။ သင်တို့​နား​သည်လည်း ကြား​သောကြောင့် ပျော်ရွှင်​ကြ​၏။’—မဿဲ ၁၃:၁၆

၁။ သိနာ​တောင်​တွင် မောရှေ​ကို ဣသရေလ​လူမျိုး တုံ့ပြန်​ပုံ​နှင့်​စပ်လျဉ်း၍ အဘယ်​မေးခွန်း ပေါ်ပေါက်​လာ​သနည်း။

သိနာ​တောင်​တွင် စုရုံး​နေကြ​သည့် ဣသရေလ​လူမျိုး​သည် ယေဟောဝါ​ထံ​ချဉ်းကပ်​ရန် အမှန်ပင် အကြောင်းကောင်း​ရှိခဲ့​၏။ ကိုယ်တော်​သည် သူတို့ကို တန်ခိုး​ကြီးသော​လက်ရုံးတော်​ဖြင့် အီဂျစ်​ပြည်​မှ ကယ်နုတ်​ခဲ့​ပြီး​ဖြစ်သည်။ တောနက်ကြီး​ထဲ​တွင်​လည်း သူတို့အား အစာရေစာ​နှင့် လိုအပ်သမျှ​ကို ကိုယ်တော်​ထောက်ပံ့​ပေး​ခဲ့​၏။ ထို့​ပြင် သူတို့ကို ချင်းနင်း​တိုက်ခိုက်​သော အာမလက်​စစ်တပ်​အပေါ် အောင်ပွဲခံ​စေ​ခဲ့​၏။ (ထွက်မြောက်ရာ ၁၄:၂၆-၃၁; ၁၆:၂-၁၇:၁၃) သိနာ​တောင်​ရှေ့ တောနက်ကြီး​တွင် သူတို့​စခန်းချ​နေကြ​စဉ် မိုးချုန်းသံ​များ​ကြား​၍ လျှပ်စီးလက်​ခြင်း​တို့ကို တွေ့ မြင်ကြ​ရ​သဖြင့် လူ​တို့ ထိတ်လန့်​တုန်လှုပ်​နေကြ၏။ ထို့နောက် သိနာ​တောင်ပေါ်​မှ မောရှေ​ဆင်းလာ​ရာ သူ၏​မျက်နှာ​ပေါ် ယေဟောဝါ​၏​ဘုန်းတော်​ထွန်း​ပ​နေသည်​ကို သူတို့ တွေ့မြင်​လိုက်​ကြ​ရ၏။ ထို​အခါ အံ့ဩ​တ​ကြီး​ဖြင့် သူ့ကို​လက်ခံ​ကြ​မည့်​အစား သူတို့​နောက်ဆုတ် ထွက်ခွာ​သွားခဲ့​ကြသည်။ မောရှေ​အနား​သို့ “သူတို့သည်​မ​ချဉ်း​မ​ကပ်​ဝံ့​ကြ။” (ထွက်မြောက်ရာ ၁၉:၁၀-၁၉; ၃၄:၃၀) သူတို့​အတွက် များစွာ​အကျိုးဆောင်​ပေး​ခဲ့​သည့်​အရှင် ယေဟောဝါ​၏​ဘုန်းတော်​ထွန်း​ပ​ခြင်း​ကို သူတို့ အဘယ်ကြောင့် မကြည့်​ဝံ့​ကြ​သနည်း။

၂။ ဣသရေလ​လူမျိုး​သည် မောရှေ​မျက်နှာ​မှ ထွန်း​ပ​နေသည့် ဘုရားသခင်​၏​ဘုန်းတော်​ကို တွေ့ မြင်​သည့်​အခါ အဘယ်ကြောင့် ကြောက်ရွံ့​ခဲ့​ခြင်း ဖြစ်​နိုင်​သနည်း။

ဤ​အချိန်တွင် ဣသရေလ​လူမျိုး၏ ကြောက်ရွံ့​မှု​သည် အစောပိုင်းက အဖြစ်အပျက်​တစ်ခု​အပေါ် များစွာ​မူတည်​နေ​ပေမည်။ သူတို့သည် ရွှေ​နွား​ရုပ်​ပြုလုပ်ခြင်း​ဖြင့် ယေဟောဝါ​၏​စကားကို တမင်​သက်​သက် မနာခံ​ခဲ့​သောကြောင့် သူတို့ကို ကိုယ်တော် ပဲ့ပြင်​ခဲ့​ရ၏။ (ထွက်မြောက်ရာ ၃၂:၄၊ ၃၅) ယေဟောဝါ​၏​ပဲ့ပြင်​မှု​မှ သူတို့​သင်ခန်းစာ​ရ​သလော၊ ကျေးဇူး​တင်​ကြ​ပါသလော။ အများစုက ကျေးဇူး​မတင်​ခဲ့​ကြ​ချေ။ ရွှေ​နွား​ရုပ်​ပြုလုပ်​ခဲ့​သည့် အဖြစ်အပျက်​နှင့် ဣသရေလ​လူမျိုး မနာခံ​ခဲ့​သည့် အခြား​ဖြစ်ရပ်​များ​ကို မောရှေ ကွယ်လွန်​ခါနီး​တွင် ပြန်​ပြောပြ​ခဲ့​သည်။ သူက ထို​လူမျိုး​ကို ဤသို့​ဆို​သည်– “သင်တို့သည် သင်တို့၏​ဘုရားသခင် ထာဝရ​ဘုရား​အမိန့်တော်ကို ငြင်းဆန်​ကြ​၏။ ကိုယ်တော်​ကို​မယုံ၊ စကားတော်​ကို နားမထောင်​ဘဲ နေကြ၏။ ငါ​သိကျွမ်း​သော​နေ့​မှ​စ၍ သင်တို့သည် ထာဝရ​ဘုရား[သခင်]ကို ပုန်ကန်​လျက်​နေကြပြီ။”—တရားဟောရာ ၉:၁၅-၂၄

၃။ မိမိ၏​မျက်နှာကို ဖုံးအုပ်ခြင်း​နှင့်​စပ်လျဉ်း၍ မောရှေ​အဘယ်အရာ ပြုမူ​ခဲ့​သနည်း။

ဣသရေလ​လူမျိုး ကြောက်ရွံ့​သွား​သည့်​အတွက် မောရှေ မည်သို့​ပြုမူ​သည်ကို သုံးသပ်ကြည့်​ပါ။ မှတ်တမ်းက ဤသို့​ဆို​သည်– “မောရှေ​သည် သူတို့အား​ဟောပြော​၍​ပြီး​လျှင် မိမိ​မျက်နှာကို​ဖုံးအုပ်​လေ​၏။ ထာဝရ​ဘုရား [သခင်] ရှေ့တော်​သို့​ဝင်၍​လျှောက်​သောအခါ မထွက်မီ မျက်နှာဖုံး​ကို ချွတ်​လေ့​ရှိ၏။ တစ်ဖန်​ထွက်၍ အမိန့်တော်ကို ဣသရေလ​အမျိုးသား​တို့အား ဆင့်ဆို​၏။ သူ၏​မျက်နှာ​အရေ ထွန်း​ပ​ကြောင်းကို ဣသရေလ​အမျိုးသား​တို့သည် မြင်ကြ​လျှင် တစ်ဖန် အထဲ​သို့​ဝင်၍​မလျှောက်​မီ မျက်နှာကို ပြန်၍​ဖုံးအုပ်​တတ်၏။” (ထွက်မြောက်ရာ ၃၄:၃၃-၃၅သမ္မာ) မောရှေ​သည် မိမိ၏​မျက်နှာကို တစ်ခါတစ်ရံ အဘယ်ကြောင့် ဖုံးအုပ်​ထား​ရသနည်း။ သို့​ပြုခြင်း​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​ရသနည်း။ ဤ​မေးခွန်းများ​၏​အဖြေ​များ​က ယေဟောဝါ​နှင့် မိမိတို့၏​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို အကဲဖြတ်​စေနိုင်​သည်။

လက်လွှတ်​ဆုံးရှုံး​ခဲ့​သည့် အခွင့်အရေး​များ

၄။ မောရှေ မျက်နှာဖုံး​ထား​ရခြင်း​၏​အကြောင်းကို တမန်​တော်​ပေါလု မည်သို့​ရှင်းပြ​သနည်း။

မောရှေ မျက်နှာဖုံး​ထား​ရခြင်း​သည် ဣသရေလ​လူမျိုး၏ စိတ်နှလုံး​အခြေအနေ​ကြောင့်​ဖြစ်​ကြောင်း တမန်​တော်​ပေါလု ရှင်းပြ​ခဲ့​သည်။ ပေါလု​က “မောရှေ၏​မျက်နှာ​မှ​ထွက်​သော ရောင်ခြည်​ကြောင့် ဣသရေလ​အမျိုးသား​တို့သည် သူ၏​မျက်နှာကို စေ့စေ့​မကြည့်ရှု​နိုင်​သည်​တိုင်အောင် . . . သူတို့​စိတ်နှလုံး​သည် မိုက်မဲ​လျက်​ရှိ” ကြ​၏​ဟု ရေးသားခဲ့​၏။ (၂ ကောရိန္သု ၃:၇၊ ၁၄) တကယ့်ကို ဝမ်းနည်းစရာ​ကောင်း​သည့် အခြေအနေ​ပင်။ ဣသရေလ​လူမျိုး​သည် ယေဟောဝါ​ရွေးချယ်​ထားသော လူမျိုး​ဖြစ်​ရာ ကိုယ်တော်​ထံ သူတို့ကို ချဉ်းကပ်​စေ​လို​တော်​မူ​၏။ (ထွက်မြောက်ရာ ၁၉:၄-၆) သို့​တိုင် သူတို့သည် ဘုရားသခင့်​ဘုန်းတော် ထွန်း​ပ​နေသည်​ကို စူးစိုက်​မကြည့်​ဝံ့​ကြ​ချေ။ ယေဟောဝါ​အား ချစ်​မြတ်နိုး​၍ စိတ်နှလုံး​အပြည့်​ဖြင့် ကိုယ်တော့်​ထံ လှည့်လာ​မည့်​အစား ကိုယ်တော်​ထံ​ပါး​မှ ဝေးကွာ​သွားခဲ့​ကြသည်။

၅၊ ၆။ (က) မောရှေ​ခေတ်​က ဣသရေလ​လူမျိုး​နှင့် ပထမ​ရာစု​ဂျူး​များသည် မည်သို့​တူညီ​သနည်း။ (ခ) ယေရှု၏​စကား​ကို လိုက်နာသူ​နှင့် မလိုက်နာ​သူတို့ မည်သို့​ကွာခြား​သနည်း။

ယင်း​နှင့်​စပ်လျဉ်း၍ တူညီသော​အချက်​တစ်ခု​ကို စီ.အီး. ပထမ​ရာစု​၌ တွေ့ရှိ​ရ၏။ ပေါလု​သည် ခရစ်ယာန်​ဘာသာဝင်​တစ်ဦး ဖြစ်လာ​သည့်​အချိန်တွင် ပညတ်ပဋိညာဉ်​အစား သာ၍​ကြီးမြတ်သော မောရှေ​ဖြစ်သူ ယေရှု​ခရစ် တည်ထောင်​ခဲ့​သည့် ပဋိညာဉ်​သစ်​ရှိ​နှင့်​ပြီ​ဖြစ်သည်။ ယေရှုသည် ယေဟောဝါ​၏​ဘုန်းတော် ထင်ရှားပြ​ရာ​တွင် အပြော​နှင့်​အလုပ်​ညီ​သည်။ ရှင်ပြန်ထမြောက်​ခဲ့​သည့် ယေရှု​နှင့်​စပ်လျဉ်း၍ ပေါလု​က “ထို​သားတော်​သည် ဘုရားသခင်​၏​ဘုန်းတော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်တော်​၏ ပုံသဏ္ဌာန်​ဖြစ်” သည်​ဟု ရေးသားခဲ့​သည်။ (ဟေဗြဲ ၁:၃) ဂျူး​လူမျိုး​သည် တကယ်​ထူးမြတ်​သည့် အခွင့်အရေး ရခဲ့​သည်။ ဘုရားသခင့်​သားတော်​ကိုယ်တိုင် ဟောပြောခဲ့​သော ထာဝရ​အသက်​နှင့်​ဆိုင်သော စကား​များ​ကို သူတို့​ကြားနာ​ခဲ့​ကြ​ရ၏။ ဝမ်းနည်းစရာမှာ ယေရှု​ဟောပြော​သည့်​စကား​များ​ကို ကြားနာ​ခဲ့​သူ အများစု​သည် မလိုက်နာ​ခဲ့​ကြ​ပေ။ သူတို့နှင့်​စပ်လျဉ်း၍ ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ ပရောဖက်ပြု​ခဲ့​သည့်​စကား​ကို ယေရှု ဤသို့​ကိုးကား​ဖော်ပြ​ခဲ့​သည်– “ဤ​လူမျိုး​သည် မျက်စိ​မမြင်၊ နား​မကြား၊ စိတ်နှလုံး​မသိ၊ အကျင့်​မပြောင်းလဲ၊ သူတို့​အနာ​ရောဂါ​ကို ငါ​မငြိမ်း​စေ​ရသည်​တိုင်အောင် သူတို့​စိတ်နှလုံး​သည်​မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်စိ​ကို​ပိတ်​လျက်​ရှိကြ​၏။”—မဿဲ ၁၃:၁၅; ဟေရှာယ ၆:၉၊ ၁၀

အဆိုပါ​ဂျူး​များနှင့် ယေရှု၏​တပည့်​နောက်လိုက်​များသည် ကွာ​လိုက်​လေ​ခြင်း၊ ထို​တပည့်​နောက်လိုက်​များနှင့်​ပတ်သက်​၍ ယေရှု​က ‘သင်တို့​မျက်စိသည် မြင်​သောကြောင့် ပျော်ရွှင်​ကြ​၏။ သင်တို့​နား​သည်လည်း ကြား​သောကြောင့် ပျော်ရွှင်​ကြ​၏’ ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၁၃:၁၆) စစ်မှန်သော​ခရစ်ယာန်​များသည် ယေဟောဝါ​အား သိကျွမ်း​လို​ကြ​ပြီး ကိုယ်တော့်​အမှုတော်ကို ထမ်းဆောင်​လို​ကြ​၏။ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် ကိုယ်တော်​၏​အလိုတော်ကို ဆောင်ရွက်​ရခြင်း​မှ သူတို့​ပျော်ရွှင်မှု​ရ​ကြ​၏။ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များသည် ပဋိညာဉ်​သစ်​ဆိုင်ရာ​ဓမ္မ​အမှုကို ဆောင်ရွက်ခြင်း​ဖြင့် ယေဟောဝါ​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ကြ​၏၊ အခြားသိုး​မှ​သူတို့​သည်လည်း ထပ်တူ​ပင်​ပြု​ကြ​၏။—၂ ကောရိန္သု ၃:၆၊ ၁၈

သတင်းကောင်း အဘယ်ကြောင့်​ဖုံးအုပ်​ခံရ

၇။ သတင်းကောင်းကို လူအများစု ငြင်းပယ်​ကြ​ခြင်း​ကား အဘယ်ကြောင့် အံ့ဩစရာ​မဟုတ်​သနည်း။

ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​ကြ​သည့်​အတိုင်း ယေရှု​ခေတ်​နှင့် မောရှေ​ခေတ်​ရှိ ဣသရေလ​လူမျိုး​အများစု​သည် သူတို့အား ကမ်း​လှမ်း​သည့် အခွင့်ထူး​ကို ငြင်းပယ်​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​ခေတ်​၌​လည်း အလားတူ​ပင်။ လူအများစု​သည် ကျွန်ုပ်​တို့​ဟောပြောကြ​သည့် သတင်းကောင်းကို ငြင်းပယ်​ကြ​၏။ ယင်းကြောင့် ကျွန်ုပ်​တို့ မအံ့သြ​ကြ​ပါ။ ပေါလု​က ‘ငါ​တို့​ဟောပြောသော သတင်းကောင်းသည် ဖုံးအုပ်​လျက်​ရှိလျှင် ဆုံးရှုံး​ခြင်း​သို့​ရောက်​သော သူတို့အား​သာ ဖုံးအုပ်​လျက်​ရှိ၏’ ဟု​ရေးသားခဲ့​သည်။ ဤ​လောကကို​အစိုးရ​သော ဘုရားသခင်​သည် မယုံကြည်​သော​သူတို့၏ ဉာဏ်​မျက်စိ​ကို ကွယ်​စေ​၏။ (၂ ကောရိန္သု ၄:၃၊ ၄) သတင်းကောင်းကို စာတန် ကြိုးစားပမ်းစား ဖုံးအုပ်​ထား​သည့်​အပြင် လူအများ​က​လည်း မ​တွေ့ မြင်​လို​ကြ​သဖြင့် မိမိတို့၏​မျက်နှာကို ဖုံးအုပ်​ထား​ကြ​၏။

၈။ လူအများသည် အဘယ်​နည်းဖြင့် ဉာဏ်​အလင်းကွယ်​နေကြ​သနည်း၊ ထပ်တူ​အခြေအနေ​မျိုးကို မည်သို့​ရှောင်ကြဉ်​နိုင်​သနည်း။

ဘုရားသခင်​ကို မသိသော​ကြောင့် လူအများ ဉာဏ်​အလင်းကွယ်​နေကြ၏။ ထို​သူတို့သည် “စိတ်နှလုံး​မိုက်မဲ​သော​အားဖြင့် အလျှင်း​မသိသော​ကြောင့် ဘုရားသခင်​၏​အသက်​နှင့် ကွာရှင်း​လျက်​ရှိကြ​၏” ဟု​ကျမ်းစာ​က​ဆို​၏။ (ဧဖက် ၄:၁၈) ခရစ်ယာန်​တစ်ဦး​ဖြစ်​မလာ​မီ​က ကျမ်းတတ်​တစ်ဦး​ဖြစ်သူ ပေါလု​သည် ဘုရားသခင်​၏​အသင်းတော်ကို နှိပ်စက်​ညှဉ်းပန်း​သည်​အထိ ဉာဏ်​အလင်းကွယ်​နေခဲ့​သည်။ (၁ ကောရိန္သု ၁၅:၉) သို့​တိုင် ယေဟောဝါ​သည် သူ့ကို အမှန်တရား ဖော်ပြ​ပေး​ခဲ့​ကြောင်း ပေါလု ဤသို့​ရှင်းပြသည်– ‘ထာဝရ​အသက်​အ​လို့​ငှာ ယုံကြည်​လတ္တံ့​သော​သူတို့​လိုက်​စ​ရာ​ပုံသက်သေ ဖြစ်စေ​ခြင်း​ငှာ အကြီးဆုံး​သော​အပြစ်ရှိ​သော ငါ​၌ ယေရှု​ခရစ်​သည် ခပ်သိမ်း​သော​စိတ်ရှည်ခြင်း​ကို ပြတော်မူ​မည်​အကြောင်း ငါ့ကို သနားတော်မူ​ပြီ။’ (၁ တိမောသေ ၁:၁၆) ပေါလု​နည်းတူ ယခင်​က ဘုရားသခင့်​အမှန်တရားကို အတိုက်အခံပြု​ခဲ့​သူများစွာ​သည် ယခု ကိုယ်တော်​၏​အမှုတော်​ဆောင်​များ ဖြစ်နေ​ကြပြီ။ ယင်းကြောင့် အတိုက်အခံပြု​သူတို့ကို​ပင် ဆက်​သက်သေခံ​သင့်​သည်။ ဘုရားသခင့်​စကားတော်​ကို မှန်မှန်​လေ့လာ​ကာ ဆိုလိုရင်း​ကို ပိုင်းခြား​သိမြင်ခြင်း​အားဖြင့် ယေဟောဝါ​၏​မျက်နှာသာ​နှင့်​မ​တွေ့​သည့် ဉာဏ်​အလင်းကွယ်​ခြင်း​အဖြစ်မျိုး​မှ အကာအကွယ်​ရ​လိမ့်​မည်။

၉၊ ၁၀။ (က) ပထမ​ရာစု​ဂျူး​များသည် သွန်သင်ပေး​၍​မရ၊ အမြင်​ကျဉ်း​သူများ​ဖြစ်​ကြောင်း မည်သို့​သိရ​သနည်း။ (ခ) ယနေ့ အမည်ခံ​ခရစ်ယာန်​လောကတွင် ထပ်တူ​အဖြစ်မျိုး တွေ့ရှိ​ရ​သလော။ ရှင်းပြပါ။

လူအများသည် သင်ယူ​လို​စိတ်​မရှိ၊ အမြင်​ကျဉ်း​ကြ​သည့်​အတွက် ဝိညာဉ်​ရေး​မြင်ကွင်း မကြည်လင်​နိုင်​ကြ​ပေ။ ဂျူး​များစွာ​သည် မောရှေ​ပညတ်​ကို အသေ​ဆုပ်ကိုင်​ထား​လို​ကြ​သဖြင့် ယေရှုကို​ရော ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို​ပါ ငြင်းပယ်​ခဲ့​ကြသည်။ သို့သော် ယေရှု​ရှင်ပြန်ထမြောက်​ပြီး​သည့်​နောက် “ယဇ်ပုရောဟိတ်​အပေါင်းတို့သည် ယုံကြည်ခြင်း​တရားကို နားထောင်” ခဲ့​ကြ​ရာ ကိုယ်တော်​အား​လက်ခံသူ​များ​ရှိပါ​သည်။ (တမန်​တော် ၆:၇) သို့​ဖြစ်​လင့်​ကစား ဂျူး​အများစု​နှင့်​ပတ်သက်​၍​မူ ပေါလု​က “ယခု​တိုင်အောင်​လည်း မောရှေ၏​ကျမ်းစာ​ကို ဖတ်​ကြသောအခါ သူတို့​စိတ်နှလုံး​သည် ဖုံးအုပ်​လျက်​ရှိသေး၏” ဟု ရေးသား​ဖော်ပြ​ခဲ့​သည်။ (၂ ကောရိန္သု ၃:၁၅) ယေရှု​က ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​ကို “ကျမ်းစာ​အားဖြင့် ထာဝရ​အသက်ကို​ရမည်ဟု စိတ်ထင်​နှင့် သင်တို့သည် ကျမ်းစာ​ကို စေ့စေ့​ကြည့်ရှု​ကြ​၏။ ထို​ကျမ်းစာ​ပင် ငါ​၏​သက်သေ​ဖြစ်၏” ဟု​ပြောဆို​ခဲ့​ကြောင်း ပေါလု​သိထား​ပုံ​ရ၏။ (ယောဟန် ၅:၃၉) သမ္မာကျမ်းစာ​ကို သူတို့​ဂရုတစိုက် ရှာဖွေ​လေ့လာ​ထားသော​ကြောင့် ယေရှုသည် မေရှိယ​ဖြစ်​ကြောင်း သူတို့ပိုင်းခြား​သိမြင်​သင့်​သည်။ သို့သော် ထို​ဂျူး​တို့သည် ကိုယ်ပိုင်​အတွေးအခေါ်​များ ရှိ​ထား​ကြ​ရာ အံ့ဖွယ်အမှု​များ​ပြုလုပ်​သော ဘုရားသခင့်​သားတော်​ပင် သူတို့ကို မ​သွေးဆောင်​နိုင်​ခဲ့​ပေ။

၁၀ ယနေ့ အမည်ခံ​ခရစ်ယာန်​လောက​ရှိ အများစု​နှင့်​စပ်လျဉ်း၍​လည်း ထို​နည်းတူ​ဖြစ်သည်။ ပထမ​ရာစု​ဂျူး​များ​ကဲ့သို့​ပင် “သူတို့သည် မှန်သော​ပညာ​မရှိ​သော်လည်း ဘုရားသခင်​ဘက်၌ စိတ်အားကြီး” ကြ​၏။ (ရောမ ၁၀:၂) ကျမ်းစာ​လေ့လာသူ​အချို့​ရှိသော်လည်း ကျမ်းစာ​မိန့်ဆိုချက်​များ​ကို​မူ မယုံကြည်​လို​ကြ​ချေ။ ယေဟောဝါ​သည် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ဖြစ်သည့် သစ္စာ​နှင့်​သတိ​ပညာရှိ ကျွန်​အတန်းအစား​မှ​တစ်ဆင့် မိမိ၏​လူမျိုး​ကို သွန်သင်ပေး​နေကြောင်း လက်မခံ​လို​ကြ​ပေ။ (မဿဲ ၂၄:၄၅) ကျွန်ုပ်​တို့​မူ​ကား မိမိ​လူမျိုး​ကို ယေဟောဝါ​သွန်သင်ပေး​နေကြောင်း၊ ဘုရားသခင့်​အမှန်တရားကို တိုး၍​တိုး၍ သိ​နားလည်​လာ​နေကြောင်း သဘောပေါက်​ကြသည်။ (သု. ၄:၁၈) ယေဟောဝါ​၏​သွန်သင်ပေး​မှု​ကို လက်ခံခြင်း​အားဖြင့် ကိုယ်တော်​၏​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​တို့ကို သိလာ​ကြ​ရ၏။

၁၁။ မိမိ​ဖြစ်စေချင်​ရာ​ကို​သာ ယုံကြည်ခြင်း​သည် အမှန်တရားကို မည်သို့​ဖုံးကွယ်​သွား​စေ​သနည်း။

၁၁ အခြားသူ​တို့​မူ မိမိတို့​ဖြစ်စေချင်​ရာ​ကို​သာ ယုံကြည်၍ အလင်းကွယ်​နေကြ၏။ လူတချို့​သည် ဘုရားသခင့်​လူမျိုး​နှင့် ယေရှု​ရောက်ရှိ​နေခြင်း​အကြောင်း ကြွေးကြော်​ချက်​ကို ပြက်ရယ်ပြု​ကြ​မည်​ဟု ကြို​ဟောထား​၏။ ဘုရားသခင်​သည် နောဧ​ခေတ်​ကလူ​တို့ကို ရေလွှမ်းမိုးခြင်း​ဖြင့် ဖျက်ဆီး​ခဲ့​ကြောင်း “ထို​သူတို့သည် မှတ်မိ​ချင်​သော​စိတ်​မရှိ” ဟု​တမန်​တော်​ပေတရု ရေးသားခဲ့​သည်။ (၂ ပေတရု ၃:၃-၆) အလားတူ အမည်ခံ​ခရစ်ယာန်​များစွာက ယေဟောဝါ​သည် သနား​ကြင်နာ​၍ ခွင့်လွှတ်​တော်​မူ​ကြောင်း မဆိုင်းမတွ အသိအမှတ်ပြု​ကြသော်လည်း ကိုယ်တော်​အပြစ်ဒဏ်​ပေး​သည်ကို​မူ လက်မခံ​လို​ကြ​ချေ။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) စစ်မှန်သော​ခရစ်ယာန်​များ​က​မူ သမ္မာကျမ်းစာ​၏​သွန်သင်ချက်​အမှန်​ကို နားလည်​သဘောပေါက်​ဖို့ ဂရုစိုက်​ကြသည်။

၁၂။ ထုံးတမ်း​စဉ်​လာ​ကြောင့် လူအများ မည်သို့​အလင်းကွယ်​ခဲ့​ကြပြီ​နည်း။

၁၂ ချာ့ခ်ျ​တက်​သူ​အများစု​သည် ထုံးတမ်း​စဉ်​လာ​ကို ဦးစား​ထား​သည့်​အတွက် အလင်းကွယ်​နေကြ၏။ ယေရှု​ခေတ်​ရှိ ဘာသာရေး​ခေါင်းဆောင်​များ​ကို ကိုယ်တော်​က “သင်တို့သည် အဆက်ဆက်​ခံ​သော နည်း​ဥပဒေသ​အားဖြင့် ဘုရားသခင်​၏​ပညတ်တော်​ကို ပယ်​ကြ​၏” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၁၅:၆) ဂျူး​များသည် ဗာဗုလုန်​ပြည်​တွင် နယ်နှင်ခံ​ရသည့်​အဖြစ်​မှ ပြန်လာ​ပြီး​နောက် စစ်မှန်သော​ဝတ်ပြုရေးကို အားတက်သရော ပြန်ထူ​ထောင်​ခဲ့​ကြသော်လည်း ယဇ်ပုရောဟိတ်​များ​ကိုယ်တိုင်​မူ မာန​ထောင်လွှား​လာ​ခဲ့​ကြ​၏။ ဘာသာရေးပွဲ​တော်​များသည် အခမ်းအနား​ဆန်​လွန်း​လာပြီး ဘုရားသခင်​ကို လေးမြတ်မှု​မရှိတော့​ချေ။ (မာလခိ ၁:၆-၈) ယေရှု​ခေတ်​ရောက်​လေ​သော် ကျမ်းတတ်​နှင့် ဖာရိရှဲ​များသည် မောရှေ​ပညတ်​တွင် အခြား​မရေမတွက်​နိုင်​သည့် ထုံးတမ်း​စဉ်​လာ​များ​ကို ထပ်​ဖြည့်စွက်​ခဲ့​ကြ​၏။ ထို​သူတို့သည် ဖြောင့်မတ်​သော​မူများ​အပေါ် အခြေပြု​ထား​သည့် ပညတ်တရား​ကို မျက်ခြည်ပြတ်​သွား​ကြ​သဖြင့် သူတို့ကို အရေခြုံ​များ​ဟု ယေရှု​ဖော်ထုတ်​ခဲ့​သည်။ (မဿဲ ၂၃:၂၃၊ ၂၄) စစ်မှန်သော​ခရစ်ယာန်​များသည် လူ​တို့​ဖန်တီး​ထား​သည့် ဘာသာရေး​ထုံးတမ်း​စဉ်​လာ​များ​ကြောင့် စစ်မှန်သော​ဝတ်ပြုရေး​မှ လမ်းလွဲ​မသွားဖို့ ဂရုစိုက်​ကြ​ရမည်။

‘မျက်မြင်မရ​သော​အရှင်ကို မြင်ရ​ခြင်း’

၁၃။ ဘုရားသခင့်​ဘုန်းတော်​ကို အဘယ်နည်း​နှစ်နည်း​ဖြင့် မောရှေ​မြင်ခဲ့​သနည်း။

၁၃ မောရှေ​သည် တောင်ပေါ်​တွင် ယေဟောဝါ​၏​ဘုန်းတော်​ကို တွေ့ ခွင့်​တောင်း​ခဲ့​ရာ နောက်​ဆွယ်​ဘုန်းတော်​ကို သူ​မြင်ခဲ့​ရ၏။ ဝတ်ပြုရာ​တဲ​တော်​ထဲ ဝင်​သွား​သည့်​အခါ သူ၏​မျက်နှာကို ဖုံးအုပ်​မထား​ချေ။ မောရှေ​သည် ဘုရားသခင့်​အလိုတော်ကို ထမ်းဆောင်​လို​သည့် ယုံကြည်ခြင်း​အပြည့်​ရှိသူ​တစ်ဦး ဖြစ်သည်။ ယေဟောဝါ​၏​ဘုန်းတော်​ကို စိတ်အာရုံ​တွင် သူ​တွေ့ ခွင့်​ရခဲ့​သော်လည်း သူသည် ယုံကြည်ခြင်း​မျက်စိဖြင့် ဘုရားသခင်​အား မြင်ခဲ့​ပြီး​ဖြစ်သည်။ မောရှေ​သည် ‘မျက်မြင်မရ​သော​အရှင်ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ၏’ ဟု​ကျမ်းစာ​က​ဆို​၏။ (ဟေဗြဲ ၁၁:၂၇; ထွက်မြောက်ရာ ၃၄:၅-၇) ဘုရားသခင့်​ဘုန်းတော်​ကို သူ၏​မျက်နှာ​မှ အခိုက်အတန့်​ထွန်း​ပ​သည့် ရောင်ခြည်​များ​ဖြင့်​သာမက ဣသရေလလူ​မျိုး​များ ယေဟောဝါ​အား​သိ​ရှိ၍ ဝတ်ပြု​ကိုးကွယ်​စေရန် ကြိုးပမ်း​ခြင်း​ဖြင့် ရောင်ပြန်ဟပ်​ခဲ့​သည်။

၁၄။ ယေရှုသည် ဘုရားသခင်​၏​ဘုန်းတော်​ကို မည်သို့​တွေ့ မြင်ခဲ့​သနည်း၊ အဘယ်အရာကို ကိုယ်တော် အထူး​နှစ်ခြိုက်​ခဲ့​သနည်း။

၁၄ ကောင်းကင်​တွင် ယေရှု​ရှိ​စဉ် စကြဝဠာ​မဖန်ဆင်းမီ​ကတည်းက​ပင် ဘုရားသခင့်​ဘုန်းတော်​ကို ကာလ​ကြာမြင့်စွာ ကိုယ်တော်​မြင်ခဲ့​၏။ (သု. ၈:၂၂၊ ၃၀) ထို​ကာလ​တစ်လျှောက် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​တို့သည် အချင်းချင်း အလွန်​ချစ်ခင်​တွယ်တာ​ခဲ့​ကြသည်။ ယေဟောဝါ​ဘုရားသခင်​သည် သတ္တဝါ​အပေါင်းတို့တွင် ဤ​သားဦး​ကို အလွန်​ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​ခဲ့​၏။ ယေရှုသည်​လည်း မိမိ၏​အသက်ပေး​ပိုင်ရှင်​အား အလွန်​ချစ်​မြတ်နိုး​ကြောင်း တုံ့ပြန်​ခဲ့​သည်။ (ယောဟန် ၁၄:၃၁; ၁၇:၂၄) ၎င်းတို့၏​ချစ်ခြင်း​မေတ္တာသည် ပြည့်ဝ​စုံလင်သော​မေတ္တာ​ဖြစ်၏။ မောရှေ​နည်းတူ ယေရှုသည်​လည်း မိမိ​သွန်သင်​ပေး​ခဲ့​ရာ​များ​တွင် ယေဟောဝါ​၏​ဘုန်းတော်​ရောင်ပြန်ဟပ်​ခြင်း​ကို အထူး​နှစ်ခြိုက်​တော်​မူ​၏။

၁၅။ ခရစ်ယာန်​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို အဘယ်​နည်းဖြင့် စေ့စေ့​စဉ်းစား​ဆင်ခြင်​ကြ​သနည်း။

၁၅ မောရှေ​နှင့် ယေရှု​တို့​ကဲ့သို့​ပင် ဘုရားသခင်​၏​မျက်မှောက်ခေတ် သက်သေခံ​များသည် ယေဟောဝါ​၏​ဘုန်းတော်​ကို စေ့စေ့​စဉ်းစား​ဆင်ခြင်​လို​ကြ​၏။ ဘုန်း​အသရေ​နှင့်​ပြည့်ဝ​သည့် သတင်းကောင်းကို သူတို့​မငြင်းပယ်​ကြ​ချေ။ တမန်​တော်​ပေါလု​က အလိုတော်​ထမ်းဆောင်ခြင်း​ငှာ ယေဟောဝါ​ထံ​တော်​သို့ “ပြောင်းလဲ​သောအခါ ထို​ဖုံးအုပ်ခြင်း​အကြောင်းကို ပယ်ရှင်း​လိမ့်​မည်” ဟု​ရေးသားခဲ့​သည်။ (၂ ကောရိန္သု ၃:၁၆) ဘုရားသခင့်​အလိုတော်ကို ကျွန်ုပ်​တို့​ထမ်းဆောင်​လို​သည့်​အတွက် သမ္မာကျမ်းစာ​ကို လေ့လာ​ကြ​၏။ ယေဟောဝါ​၏​သားတော် ခန့်အပ်​ခံ​ဘုရင် ယေရှု​ခရစ်​၏​မျက်နှာတော်​မှ ထွန်း​ပ​သော​ဘုန်းတော်​ကို ကျွန်ုပ်​တို့ ကြည်ညို​လေးမြတ်​ကြသော​ကြောင့် ကိုယ်တော်​၏​ပုံသက်သေ​ကို အတုယူ​ကြ​၏။ မောရှေ​နှင့် ယေရှု​တို့​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည် သူတစ်ပါး​အား ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ကြ​သည့် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​အကြောင်း သွန်သင်ပေး​ခွင့်​ရထား​၏။

၁၆။ အမှန်တရားကို သိရှိ​ထားခြင်း​က ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် ကောင်းချီး​ဖြစ်​ရသနည်း။

၁၆ ယေရှု​က “အဘ၊ ကိုယ်တော်​သည် ပညာအလိမ္မာ​နှင့် ပြည့်စုံသော​သူတို့အား ဤ​အရာများ​ကို ထိမ်ဝှက်​ထား​လျက် သူငယ်​တို့အား ဖော်ပြ​တော်​မူ​သည်​ဖြစ်၍ ကျေးဇူးတော်​ကို အကျွန်ုပ်​ချီးမွမ်း​ပါ​၏” ဟု​ဆုတောင်း​ခဲ့​သည်။ (မဿဲ ၁၁:၂၅) ယေဟောဝါ​သည် စိတ်ရင်းမှန်​ပြီး နှိမ့်ချ​သူတို့အား မိမိ၏​ရည်ရွယ်တော်မူချက်​များနှင့် ကိုယ်​ရည်​ကိုယ်​သွေးတော်​တို့ကို သိ​နားလည်စေ​တော်​မူ​၏။ (၁ ကောရိန္သု ၁:၂၆-၂၈) ကိုယ်တော်​၏​ကာကွယ်​စောင့်ရှောက်မှု​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြပြီ၊ ထို့​ပြင် ကျွန်ုပ်​တို့ အသက်ရှင်​ရကျိုးနပ်​စေရန် သွန်သင်ပေး​တော်​မူ​၏။ ယေဟောဝါ​နှင့်​တရင်းတနှီး​ရှိလာ​ရန် ကိုယ်တော်​စီမံ​ပေး​ထား​သမျှ အစီအစဉ်ကို တန်ဖိုး​ထား​လျက် ကိုယ်တော်​ထံ ချဉ်းကပ်​ကြ​စို့​လေ။

၁၇။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အရည်အသွေး​တော်​များ​ကို မည်သို့​အပြည့်အဝ သိရှိ​လာ​ရသနည်း။

၁၇ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ထံ ပေါလု​က “ငါ​တို့​ရှိသမျှသည် မျက်နှာဖုံး​ကို​ဖွင့်​လျက် မှန်​ကို​ကြည့်​သကဲ့သို့ သခင်​ဘုရား​၏​ဘုန်း​အသရေတော်​ကို ကြည့်မြင်​၍ . . . ငါ​တို့သည် ဘုန်း​အသရေ​တိုးပွား​၍ ပုံသဏ္ဌာန်​တော်​နှင့်​အညီ ပြောင်းလဲခြင်း​ရှိ​ရ​ကြ​၏” ဟု​ရေးသားခဲ့​သည်။ (၂ ကောရိန္သု ၃:၁၈) ကျွန်ုပ်​တို့သည် ကောင်းကင်​တွင်​ဖြစ်စေ၊ မြေကြီးပေါ်​တွင်​ဖြစ်စေ အသက်ရှင်​ရန် မျှော်လင့်​သူများ​ဖြစ်​ကြ​စေ​ကာ​မူ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် ယေဟောဝါ​၏​အရည်အသွေးများနှင့် ကိုယ်​ရည်​ကိုယ်​သွေး​ကို ပိုမို​သိကျွမ်း​လာ​လေ ကိုယ်တော်​နှင့် တူ​လာ​လေ​ဖြစ်​မည်။ ယေရှု​ခရစ်​၏​ဘဝ​အသက်တာ၊ အမှုတော်​ဆောင်ရွက်​ခဲ့​ပုံ​နှင့် သွန်သင်ချက်​များ​ကို ကျွန်ုပ်​တို့​လေးမြတ်​ကြ​မည်​ဆိုလျှင် ယေဟောဝါ​၏​အရည်အသွေးများ​ကို အပြည့်အဝ​ရောင်ပြန်ဟပ်​ကြလိမ့်မည်။ ဘုရားသခင်​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ရန် အားထုတ်​သည့် ကျွန်ုပ်​တို့သည် ကိုယ်တော့်​ကို ချီးမွမ်း​နိုင်​ကြ​ကြောင်း သိရှိ​ရခြင်း​သည် အမှန်တကယ် ရွှင်လန်း​အားရစရာ​ပင်။

သင်​မှတ်မိ​သလော

• ဣသရေလလူ​တို့သည် မောရှေ​ရောင်ပြန်ဟပ်​ခဲ့​သည့် ဘုရားသခင့်​ဘုန်းတော်​ကို အဘယ်ကြောင့် မ​ရှုစား​ဝံ့​ကြ​သနည်း။

• ပထမ​ရာစု​တွင် သတင်းကောင်းသည် အဘယ်​နည်းများဖြင့် “ဖုံးအုပ်” ခံရ​သနည်း။ ကျွန်ုပ်​တို့​ခေတ်တွင်​ကော။

• ဘုရားသခင့်​ဘုန်းတော်​ကို ကျွန်ုပ်​တို့ မည်သို့​ရောင်ပြန်ဟပ်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဣသရေလလူ​တို့သည် မောရှေ၏​မျက်နှာကို စူးစိုက်​၍​မကြည့်​နိုင်​ကြ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

ပေါလု​ကဲ့သို့​ပင် တစ်ချိန်​တစ်ခါ​က ဘုရားသခင့်​အမှန်တရားကို အတိုက်အခံပြု​ခဲ့​သူများစွာ​သည် ယခု ကိုယ်တော်​၏​အမှုတော်ထမ်း​နေကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

ယေဟောဝါ​၏​ကျေးကျွန်​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​လို​ကြ