ဂါလိလဲအိုင်တွင်
ဂါလိလဲအိုင်တွင်
ယေရှုနှင့်တပည့်များသည် လှေတစ်စီးဖြင့် ဂါလိလဲအိုင်ကိုဖြတ်ကူးခဲ့သည့် အဖြစ်အပျက်တစ်ခုကို မာကု ၄: ၃၅-၄၁ ၌မှတ်တမ်းတင်ထားသည်။ ထိုတွင် ဤသို့ဖတ်ရသည်– “ထိုအခါ ပြင်းစွာသောမိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည်ရေနှင့်ပြည့်လေ၏။ ကိုယ်တော်သည် ပဲ့၌ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။”
“ခေါင်းအုံး” ဟူသောဂရိစကားလုံးကို သမ္မာကျမ်းစာ၌ ဤတစ်နေရာတည်း၌သာတွေ့ရသည်။ ထို့ကြောင့် ကျမ်းပညာရှင်များသည် ဤနေရာ၌အသုံးပြုထားသောစကားလုံး၏ အဓိပ္ပာယ်အတိအကျကို မသိကြပေ။ ဘာသာပြန်ကျမ်းအများစုက “ခေါင်းအုံး” သို့မဟုတ် “ကူရှင်” ဟု ပြန်ဆိုကြသည်။ သို့သော် အမှန်အတိုင်းဆိုလျှင် အဘယ်အရာဖြစ်သနည်း။ “ခေါင်းအုံး” နှင့်တွဲပြီး တိကျအညွှန်းစကားလုံးကို မာကုအသုံးပြုထားခြင်းက ၎င်းသည် လှေပေါ်တွင်အသုံးပြုလေ့ရှိသည့် ပစ္စည်းတစ်ခုခုဖြစ်နိုင်သည်။ မာကုအသုံးပြုခဲ့သော ဤဂရိစကားလုံးသည် အဘယ်အရာကိုရည်ညွှန်းနေကြောင်း ၁၉၈၆ ခုနှစ်တွင် ဂါလိလဲအိုင်အနီး တူးဖော်တွေ့ရှိခဲ့သောလှေတစ်စီးက သိစေခဲ့သည်။
ထို ၂၆ ပေ ရှည်သောလှေသည် ရွက်လှေဖြစ်ပြီး လှော်တက်များဖြင့် လှော်ခတ်ကြောင်း သုတေသနပြုချက်က ဖော်ပြသည်။ ထိုငါးဖမ်းလှေ၏ ပဲ့ပိုင်းတွင် အလွန်လေးသောဆွဲပိုက်ကြီးတစ်ခု ဆံ့လောက်သည့် ကုန်းပတ်ရှိသည်။ ထိုလှေ၏အပျက်အယွင်းများသည် ဘီ.စီ.အီး. ၁၀၀ ပြည့်နှစ်မှ စီ.အီး. ၇၀ ကြားချိန်မှဖြစ်ကြောင်း၊ ယေရှုနှင့်တပည့်များအသုံးပြုခဲ့သော လှေအမျိုးအစားဖြစ်နိုင်ကြောင်းဖော်ပြသည်။ ထိုလှေကိုတူးဖော်တွေ့ ရှိခဲ့သောအဖွဲ့တွင်ပါဝင်သူ ရှယ်လီ ဝါ့ခ်စ်မန်သည် ဂါလိလဲအိုင်မှလှေ—အနှစ် ၂၀၀၀ မှထူးကဲသောရှာဖွေတွေ့ ရှိမှု စာအုပ်ကိုရေးသားခဲ့သည်။ ထိုတွင်သူက ယေရှုအသုံးပြုခဲ့သော “ခေါင်းအုံး” သည် လှေငြိမ်စေသည့် သဲအိတ်ဖြစ်နိုင်သည်ဟုဆို၏။ ဂျက်ဖာမြို့မှ ဆွဲပိုက်နှင့်ငါးဖမ်းသော ဝါရင့်တံငါသည်တစ်ဦးက ဤသို့ပြောပြသည်– “ငယ်ငယ်တုန်းက မြေထဲပင်လယ်ထဲမှာ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့လှေတွေပေါ်မှာ သဲအိတ်တစ်အိတ်၊ နှစ်အိတ် အမြဲတမ်းပါတယ်။ . . . လှေငြိမ်စေဖို့ အဲ့ဒီအိတ်တွေထားရတယ်။ အသုံးမလိုတဲ့အခါမှာတော့ ပဲ့ပိုင်းကကုန်းပတ်အောက်မှာ စုပုံထားတတ်တယ်။ တစ်ယောက်ယောက်ပင်ပန်းလို့ အနားယူချင်ရင် ပဲ့ပိုင်းကိုသွားပြီး ကုန်းပတ်အောက်က သဲအိတ်ကိုအုံးပြီး အိပ်ကြတယ်။”
မာကုဖော်ပြသည့်အတိုင်း ယေရှုသည် မုန်တိုင်းကျနေချိန်တွင် လှေ၏အလုံခြုံဆုံးနေရာ ပဲ့ပိုင်း၏ကုန်းပတ်အောက်တွင် သဲအိတ်ကိုအုံးပြီးအိပ်ခဲ့မည်ဟု ကျမ်းပညာရှင်အများက လက်ခံယုံကြည်ကြသည်။ အဘယ်ခေါင်းအုံးမျိုးဖြစ်သည်ကို မသိကြသော်လည်း ပို၍အရေးကြီးသည်မှာ နောက်ပိုင်းဖြစ်ပျက်ခဲ့ရာများဖြစ်သည်။ ဘုရားသခင့်ကျောထောက်နောက်ခံမှုနှင့် တန်ခိုးတို့ဖြင့် ယေရှုသည် မုန်တိုင်းထန်သောပင်လယ်ကို ငြိမ်သက်သွားစေခဲ့သည်။ တပည့်များပင် “ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကိုနားထောင်ပါသည်တကား” ဟုဆိုခဲ့၏။