မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ရှေး​ဣသရေလ​ပြည်​ရှိ တဲ​တော်​နှင့် ဝတ်ပြုရာ​အိမ်တော်​တို့၏ အသန့်ရှင်းဆုံး​အခန်း​တွင် တွေ့ရ​သည့် ရှီ​ကိုင်​နာ​ဟု တစ်ခါတစ်ရံ ခေါ်​သော အံ့ဖွယ်​အလင်း​သည် အဘယ်အရာကို ပုံဆောင်​သနည်း။

မေတ္တာ​ရှိ​ခမည်းတော်၊ ကာကွယ်​ပေးရှင် ယေဟောဝါ​သည် ဣသရေလ​လူမျိုး​နှင့်အတူ​ရှိကြောင်း ထင်ရှားပြ​ခဲ့​သည်။ ကိုယ်တော်​ထင်ရှားပြ​သည့် နည်း​တစ်နည်း​မှာ ဝတ်ပြုရာ​နေရာတွင် တောက်ပ​ထိန်လင်း​နေသော မိုးတိမ်​အလင်း​အားဖြင့်​ဖြစ်သည်။

ယေဟောဝါ​သည် မျက်မြင်မရ​နည်းဖြင့် ရောက်ရှိ​နေကြောင်း သိသာ​ထင်ရှားသော ထို​အလင်း​က ဖော်ပြ​သည်။ အဆိုပါ​အလင်း​သည် တဲ​တော်​နှင့် ရှောလမုန်​တည်ဆောက်​ခဲ့​သော ဝတ်ပြုရာ​အိမ်တော်​တို့၏ အသန့်ရှင်းဆုံး​အခန်း​တွင်​ရှိ၏။ ဤ​အံ့ဖွယ်​အလင်း​က ထို​တွင် ယေဟောဝါ​ရောက်ရှိ​နေခြင်း​ကို မဆိုလို​ပါ။ လူ​တို့​တည်ဆောက်​သည့် အဆောက်အအုံ​တစ်ခုခု​တွင် ဘုရားသခင်​ကျိန်းဝပ်​နိုင်​မည်​မဟုတ်​ချေ။ (၂ ရာဇဝင်ချုပ် ၆:၁၈; တမန်​တော် ၁၇:၂၄) ဘုရားသခင်​၏​သန့်ရှင်း​ရာ​ဌာန​ရှိ အဆိုပါ​ထူးကဲ​သော​အလင်း​က ယေဟောဝါ​၏​ကာကွယ်​မှု​ကို​ရပြီး လိုအပ်ရာ​တို့ကို ကိုယ်တော် ဖြည့်ဆည်း​ပေး​မည်​ဖြစ်​ကြောင်း ယဇ်ပုရောဟိတ်​မင်းကြီး​ကိုလည်း​ကောင်း၊ သူ​မှ​တစ်ဆင့် ဣသရေလလူ​အားလုံး​ကိုလည်း​ကောင်း ယုံကြည်​စိတ်ချ​စေ​သည်။

သမ္မာကျမ်းစာ​ကို အာရမိတ်​ဘာသာ​စကား​နှင့်​ပြန်ဆို​ပြီး​နောက် ဤ​အလင်း​ကို ယင်း​ဘာသာ​စကား​ဖြင့် ရှီ​ကိုင်​နာ (shekhi·​nahʹ) ဟု​ခေါ်ဆို​ပြီး အဓိပ္ပာယ်​မှာ ‘ကျိန်းဝပ်​ခြင်း’ ဖြစ်၏။ သမ္မာကျမ်းစာ​တွင် ဤ​ဝေါဟာရ​ကို မ​တွေ့ရ​ချေ၊ သို့သော် တာ​ဂွမ်​ကျမ်း​ဟု​လည်း​ခေါ်​သည့် ဟေဗြဲ​ကျမ်း​စာစောင်​များ​၏ အာရမိတ်​ဘာသာပြန်​ကျမ်း​များ​တွင် တွေ့ ရှိ​ရသည်။

ယေဟောဝါ​သည် တဲ​တော်​ဆောက်လုပ်​ရန် ညွှန်ကြားချက်​များ​ပေး​ချိန်​၌ မောရှေ​ကို ဤသို့​မိန့်မှာ​ခဲ့​သည်– “သေတ္တာ​အဖုံး​ကို သေတ္တာ​ပေါ်မှာ​တင်​ရမည်။ ငါ​ပေး​သော​သက်သေခံချက်​ကိုလည်း သေတ္တာ​ထဲမှာ​ထား​ရမည်။ ထို​အရပ်၌ ငါသည် သင်​နှင့်​တွေ့ ၍ သက်သေခံချက်​ထားသော သေတ္တာ​ဖုံး​အပေါ် ခေရုဗိမ်​နှစ်ပါး​စပ်ကြား​မှာ သင်​နှင့်​နှုတ်ဆက်” မည်။ (ထွက်မြောက်ရာ ၂၅:၂၁၊ ၂၂) ရွှေ​ဖြင့်​ပြုလုပ်​ထားသော သေတ္တာ​ကို အသန့်ရှင်းဆုံး​အခန်း​တွင်​ထား​၏။ ထို​သေတ္တာ​အဖုံး​ပေါ်​တွင် ရွှေ​ခေရုဗိမ်​နှစ်ပါး​ရှိ၏။

ယေဟောဝါ​သည် အဘယ်​နေရာ​မှ နှုတ်ဆက်​မည်​နည်း။ ကိုယ်တော်​က “ငါသည် သေတ္တာ​ဖုံး​အပေါ် မိုးတိမ်​၌ ထင်ရှား​မည်” ဟု​မောရှေ​အား မိန့်ဆိုခဲ့သည်။ (ဝတ်ပြုရာ ၁၆:၂) အဆိုပါ​မိုးတိမ်​သည် ရွှေ​ခေရုဗိမ်​နှစ်ပါး​ကြား​ရှိ မြင့်မြတ်​သော​သေတ္တာတော်​ပေါ်​တွင် ရှိနေ​၏။ ထို​မိုးတိမ်​သည် အမြင့်​မည်မျှ​ရှိသည် သို့​မဟုတ် ခေရုဗိမ်​များ​အထက် မည်မျှ​အကွာ​တွင်​ရှိသည်​ကို သမ္မာကျမ်းစာ​တွင် မဖော်​ပြ​ထား​ချေ။

တောက်ပ​သော ဤ​မိုးတိမ်​ကြောင့် အသန့်ရှင်းဆုံး​အခန်း​သည် လင်းထိန်​နေ​၏။ ထို​အခန်း​တွင် မိုးတိမ်​အလင်း​သာ​ရှိ၏။ ယဇ်ပုရောဟိတ်​မင်းကြီး​သည် အပြစ်ဖြေရာ​နေ့တွင် အတွင်းခန်း​သို့​ဝင်​သည့်​အခါ ဤ​အလင်း​ကြောင့် မြင်တွေ့ နိုင်၏။ သူသည် ယေဟောဝါ​၏​ရှေ့မှောက်​တွင်​ရှိနေ​၏။

အဆိုပါ​အံ့ဖွယ်​အလင်း​သည် ခရစ်ယာန်​များ​အတွက် အဓိပ္ပာယ်​အထွေ​အထူး​ရှိသလော။ တမန်​တော်​ယောဟန်​သည် အမြင်​အာရုံ​တွင် ‘ည​မရှိ’ သော​မြို့​တစ်မြို့​ကို တွေ့ ခဲ့​သည်။ ထို​မြို့တော်​မှာ ယေရှု​နှင့်​တွဲဖက်​အုပ်ချုပ်​ရန် ရှင်ပြန်ထမြောက်​ခဲ့​ကြ​သည့် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များနှင့် တည်ထောင်​ထားသော ယေရုရှလင်​မြို့​သစ်​ဖြစ်၏။ အဆိုပါ​ပုံဆောင်​ရာ​မြို့တော်​၏​အလင်း​ကို နေ သို့​မဟုတ် လ​တို့​မှ ရရှိ​ခြင်း​မဟုတ်​ချေ။ ရှီ​ကိုင်​နာ​သည် အသန့်ရှင်းဆုံး​အခန်း​ကို အလင်း​ပေး​သကဲ့သို့ ယေဟောဝါ​ဘုရားသခင်​၏​ဘုန်းတော်သည် ထို​အဖွဲ့အစည်း​ကို တိုက်ရိုက်​ထွန်းလင်းပေး​၏။ ထို့​ပြင် သိုးသငယ် ယေရှု​ခရစ်​သည်လည်း ထို​မြို့တော်​၏ “ဆီ​မီး” ဖြစ်သည်။ တစ်ဖန်၊ ဤ ‘မြို့တော်’ သည်​လူမျိုးအပေါင်း​မှ ရွေးနုတ်​ထားသော​လူ​တို့ကို ဝိညာဉ်​ရေး​အလင်း ထွန်းလင်းပေး​ရာ သူတို့သည် မျက်နှာသာ​ရ အနေအထား​တွင်​ရှိနေကြ​၏။—ဗျာ. ၂၁:၂၂-၂၅

ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​သည် အထက်​အရပ်မှ ဤသို့​သော​ကောင်းချီး​များ​ကို ကြွယ်ဝ​စွာ​ခံစားရ​သောကြောင့် ယေဟောဝါ​သည် သူတို့ကို ကာကွယ်​ပေး​သည့်​သိုးထိန်းရှင်​နှင့် မေတ္တာ​ရှိ​ဖခင်​ဖြစ်​တော်​မူ​ကြောင်း စိတ်ချ​နိုင်​ကြသည်။