မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှလုံးသွင်းထားသည့် မေတ္တာဆိုင်ရာပညတ်

နှလုံးသွင်းထားသည့် မေတ္တာဆိုင်ရာပညတ်

နှလုံး​သွင်းထား​သည့် မေတ္တာ​ဆိုင်ရာ​ပညတ်

“ငါ​၏​ပညတ်တရား​ကို သူတို့​အတွင်း​ထဲ​သို့ သွင်း​မည်။ သူတို့​နှလုံး​ပေါ်မှာ ရေးထား​မည်။”—ယေရမိ ၃၁:၃၃

၁၊ ၂။ (က) ယခု အဘယ်​အကြောင်းကို သုံးသပ်ကြ​မည်​နည်း။ (ခ) ယေဟောဝါ​သည် သိနာ​တောင်​၌ မိမိကိုယ်ကို မည်သို့​အထင်အရှား ဖော်ပြ​ခဲ့​သနည်း။

မောရှေ​သည် သိနာ​တောင်ပေါ်​မှ ဆင်းလာ​သောအခါ သူ၏​မျက်နှာ​ပေါ် ယေဟောဝါ​၏​ဘုန်းတော် ထွန်း​ပ​ခဲ့​ကြောင်း ရှေ့​ဆောင်းပါး​နှစ်ခု​မှ သိရှိ​ခဲ့​ရ၏။ မောရှေ၏​မျက်နှာဖုံး​အကြောင်းကိုလည်း ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​ကြ​၏။ ယနေ့ ခရစ်ယာန်​များ​အတွက် အဓိပ္ပာယ်​ရှိသည့် ၎င်းနှင့်​ဆက်နွှယ်​နေသော အကြောင်းအရာ​တစ်ခု​ကို ယခု သုံးသပ်ကြည့်​ကြ​စို့။

မောရှေ​သည် တောင်ပေါ်​သို့​တက်​သွား​သည့်​အခါ ယေဟောဝါ​ထံ​တော်​မှ ညွှန်ကြားချက်​များ လက်ခံ​ရရှိခဲ့​၏။ သိနာ​တောင်​ရှေ့တွင် စုရုံး​နေကြ​သည့် ဣသရေလလူ​တို့သည် ဘုရားသခင်​ကိုယ်တော်တိုင်​၏ ရင်သပ်​ရှုမောဖွယ် ထင်ရှား​ပြသမှု​ကို မြင်​လိုက်​ကြ​ရ၏။ “တောင်ပေါ်​မှာ မိုးချုန်း​ခြင်း၊ လျှပ်​ပြ​က်​ခြင်း​နှင့်​တကွ မိုးတိမ်တိုက်​လွှမ်းမိုး၍ ကြီးသော​အသံ​နှင့် တံပိုး​မြည်​သဖြင့် တပ်​၌​ရှိသော​လူအပေါင်း​တို့သည် တုန်လှုပ်​ကြ​၏။ . . . ထာဝရ​ဘုရား [သခင်] သည် မီး​ဖြင့်​လွှမ်း​လျက် သိနာ​တောင်ပေါ်​သို့ ဆင်းသက်​တော်​မူ​သောကြောင့် တစ်​တောင်​လုံး မီးခိုး​ထွက်​လေ​၏။ မီးခိုး​သည်လည်း မီးဖို​၏​မီးခိုး​ကဲ့သို့​တက်​၍ တစ်​တောင်​လုံး ပြင်းစွာ​လှုပ်​လေ​၏။”—ထွက်မြောက်ရာ ၁၉:၁၆-၁၈

၃။ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို အဘယ်​နည်းဖြင့် ပညတ်တော်​ဆယ်ပါး​ပေး​ခဲ့​သနည်း၊ ထို​လူမျိုး​သည် အဘယ်အရာကို သဘောပေါက်ခဲ့​သနည်း။

ယေဟောဝါ​သည် မိမိ​လူမျိုး​ကို ကောင်းကင်တမန်​တစ်ပါး​မှ​တစ်ဆင့် စကားပြော​ဆို​ခဲ့​၏၊ ပညတ်တော်​ဆယ်ပါး​ကိုလည်း သူတို့အား ပေး​တော်​မူ​ခဲ့​၏။ (ထွက်မြောက်ရာ ၂၀:၁-၁၇) ထို့​ကြောင့် အဆိုပါ​ပညတ်​များသည် အတိုင်းအဆမဲ့​တန်ခိုး​ကြီး​ရှင်​မှ​ဖြစ်​ကြောင်း သေချာ​သည်။ ယေဟောဝါ​သည် ထို​ပညတ်တော်​ဆယ်ပါး​ကို ကျောက်ပြား​များ​ပေါ် နောက်​တစ်ဖန်​ရေးသားခဲ့​ရ၏၊ အကြောင်း​မှာ ဣသရေလလူ​တို့သည် ရွှေ​နွား​ရုပ်​ကိုးကွယ်​နေကြ​သည်ကို မောရှေ​တွေ့သော​အခါ ထို​ကျောက်ပြား​နှစ်ချပ်​ကို ပစ်ချ​လိုက်​ရာ အစိတ်စိတ်အမြွှာမြွှာ ကွဲ​သွားခဲ့​၏။ ထို​ကျောက်ပြား​များ​ကို မောရှေ​သယ်လာ​သည့်​အခါ သူ၏​မျက်နှာ​သည် ထွန်း​ပ​နေ​၏။ ဤ​အချိန်၌ ထို​ပညတ်​များ​တွင် အထူး​အဓိပ္ပာယ်​ပါရှိကြောင်း လူအားလုံး သိ​ကြ​ပေမည်။—ထွက်မြောက်ရာ ၃၂:၁၅-၁၉; ၃၄:၁၊ ၄၊ ၂၉၊ ၃၀

၄။ ပညတ်တော်​ဆယ်ပါး​သည် အဘယ်ကြောင့် အလွန်​အရေးကြီးရ​သနည်း။

ပညတ်တော်​ဆယ်ပါး ရေးသား​ထား​သည့် ကျောက်ပြား​နှစ်ချပ်​ကို ပထမ​ဦးစွာ ဝတ်ပြုရာ​တဲ​တော်၊ နောက်ပိုင်း၌ ဝတ်ပြုရာ​အိမ်တော်​၏ အသန့်ရှင်းဆုံး​အခန်း​အတွင်းရှိ ပဋိညာဉ်​သေတ္တာတော်​အထဲ ထည့်​ထား​ကြ​၏။ ထို​ကျောက်ပြား​များ​ပေါ် ရေးသား​ထား​သည့် ပညတ်တရား​များသည် မောရှေ​ပညတ်ပဋိညာဉ်​၏ အချက်အချာ​မူများ​ဖြစ်​ပြီး ၎င်း​အပေါ် ဣသရေလ​လူမျိုး​အား ဘုရားသခင်​အုပ်ချုပ်​မည့် နည်း​စနစ်​က အခြေခံ​သည်။ ယေဟောဝါ​သည် ကိုယ်တော်​အထူး​ရွေးချယ်​ထား​သည့် လူမျိုးတစ်မျိုး​နှင့် ဆက်သွယ်​နေ​တော်​မူ​ကြောင်း ထို​ပညတ်​တို့​က သက်သေထူ​၏။

၅။ ဣသရေလ​လူမျိုး​အား ဘုရားသခင်​ပေး​သည့် ပညတ်​များသည် ကိုယ်တော်​၏​မေတ္တာတော်ကို အဘယ်​နည်းများဖြင့် ရောင်ပြန်ဟပ်​ခဲ့​သနည်း။

အဆိုပါ​ပညတ်​များသည် ယေဟောဝါ​အကြောင်း များစွာ​ဖော်ပြ​၏၊ အထူးသဖြင့် မိမိ​လူမျိုး​ကို ကိုယ်တော်​ချစ်​ကြောင်း ဖော်ပြ​သည်။ ပညတ်တရား​ကို လိုက်နာသူ​တို့အတွက် အမှန်တကယ် အဖိုးထိုက်သည့် လက်ဆောင်​ဖြစ်၏။ “ဘုရားသခင်​၏​ပညတ်တော်​ဆယ်ပါး​သည် လူ​တို့​ဖန်တီး​သည့် အဘယ်​ကိုယ်ကျင့်တရား​စနစ်​ထက်​မဆို သာလွန်​မြင့်မား​သည်” ဟု ကျမ်း​ပညာရှင်​တစ်ဦး​က ဆို​ခဲ့​၏။ မောရှေ​ပညတ်​နှင့်​စပ်လျဉ်း၍ ယေဟောဝါ ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါ့​စကား​ကို အမှန်​နားထောင်​၍ ငါ့​ပဋိညာဉ်​ကို​စောင့်ရှောက်​လျှင် အခြားသော​လူမျိုးတကာ​တို့​ထက် သင်တို့သည် ငါ​ပိုင်ထိုက်​သော​ဘဏ္ဍာတော် ဖြစ်​ရ​ကြလိမ့်မည်။ မြေကြီး​ရှိသမျှသည် ငါ​၏​ဥစ္စာ​ဖြစ်၏။ သင်တို့သည်လည်း မင်း​စည်းစိမ်​ရှိသော ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး ဖြစ်​ရ​ကြလိမ့်မည်။”—ထွက်မြောက်ရာ ၁၉:၅၊ ၆

နှလုံး​ပေါ်​ရေးထားသည့် ပညတ်

၆။ ကျောက်ပြား​ပေါ်​ရေးထားသည့် ပညတ်​များ​ထက် အဘယ်​ပညတ်​က ပို​၍​တန်ဖိုး​ရှိကြောင်း ထင်ရှား​ခဲ့ပြီ​နည်း။

ဘုရားသခင့်​ပညတ်​များသည် အမှန်တကယ်​ပင်​တန်ဖိုး​ရှိ၏။ သို့သော် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​၏ ပိုင်ဆိုင်ရာ​သည် ကျောက်ပြား​ပေါ် ရေးသား​ထား​သည့် ပညတ်​များ​ထက် သာ၍​တန်ဖိုး​ရှိကြောင်း သင်​သိပါသလော။ ဣသရေလ​လူမျိုး​နှင့်​ဖွဲ့​ခဲ့​သည့် ပညတ်ပဋိညာဉ်​နှင့်​မတူ​သည့် ပဋိညာဉ်​သစ်​ကို ဖွဲ့​မည်​ဟု ယေဟောဝါ တင်ကူး​မိန့်ဆိုခဲ့​၏။ “ငါ​၏​ပညတ်တရား​ကို သူတို့​အတွင်း​ထဲ​သို့​သွင်း​မည်။ သူတို့​နှလုံး​ပေါ်မှာ ရေးထား​မည်။” (ယေရမိ ၃၁:၃၁-၃၄) ပဋိညာဉ်​သစ်​၏ ဖျန်ဖြေ​စေ့စပ်ရေးမှူး ယေရှု​ကိုယ်တော်တိုင် မိမိ၏​နောက်လိုက်​များ​အား ပညတ်​တစ်ခု​ကို ရေး​မပေးခဲ့​ချေ။ သို့​အစား ကိုယ်တော်​သည် ယေဟောဝါ​၏​ပညတ်တရား​ကို မိမိ​သွန်သင်​ခဲ့​ရာ၊ မိမိ​ပြု​ခဲ့​ရာ​တို့​ဖြင့် တပည့်​နောက်လိုက်​များ​၏ စိတ်နှလုံး​ထဲ စွဲမှတ်စေ​ခဲ့​သည်။

၇။ “ခရစ်တော်​၏​တရား” ကို မည်သူ​တို့အား ဦးဆုံး​ပေးအပ်​ခဲ့​သနည်း။ နောက်ပိုင်း​တွင် ယင်းကို မည်သူ​တို့ လက်ခံခဲ့​ကြ​သနည်း။

ဤ​ပညတ်​ကို “ခရစ်တော်​၏​တရား” ဟု​ခေါ်​သည်။ ယင်းကို ယာကုပ်​မှ​ဆင်းသက်​သည့် ဣသရေလ​လူမျိုး​အား​မဟုတ်ဘဲ “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ဖြစ်သော ဝိညာဉ်​ရေး​လူမျိုးတစ်မျိုး​ကို ဦးဆုံး​ပေးအပ်​ခဲ့​၏။ (ဂလာတိ ၆:၂၊ ၁၆; ရောမ ၂:၂၈၊ ၂၉) ဘုရားသခင်​၏​ဣသရေလ​အမျိုး​ကို ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ဖြင့် ဖွဲ့စည်းထား​၏။ နောက်ပိုင်း​တွင် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​လို​သူ လူမျိုး​အသီးသီး​မှ လူအုပ်ကြီး​လည်း သူတို့နှင့်​ပူးပေါင်း​ခဲ့​သည်။ (ဗျာ. ၇:၉၊ ၁၀; ဇာခရိ ၈:၂၃) သိုးထိန်း​တစ်ပါး​အောက် သိုးအုပ်​တစ်အုပ်​တည်း​ဖြစ်လာ​သည့် အုပ်စု​နှစ်စု​စ​လုံး​သည် “ခရစ်တော်​၏​တရား” ကို လက်ခံ​ယုံကြည်​ကြ​ကာ ၎င်း​တို့​ပြု​လေ​သမျှ​ကို ထို​တရား​နှင့်​အညီ ဖြစ်စေ​သည်။—ယောဟန် ၁၀:၁၆

၈။ မောရှေ​ပညတ်​နှင့် ခရစ်တော်​၏​တရား ကွာခြား​ချက်​ကား အဘယ်နည်း။

မွေး​ကတည်းက မောရှေ​ပညတ်​ကို စောင့်ထိန်း​ခဲ့​ကြ​ရသော ဣသရေလ​လူမျိုး​နှင့်​မတူ​သည့် ခရစ်ယာန်​များသည် လူမျိုး၊ မွေးဖွား​ရာ​အရပ် အစ​ရှိသည်​တို့ကို ထည့်​မ​တွက်​ဘဲ ခရစ်တော်​၏​တရားကို​လက်ခံဖို့ တလိုတလား​ရွေးချယ်​ကြသည်။ ယေဟောဝါ​နှင့် ကိုယ်တော့်​နည်းလမ်းတော်​များ​ကို သူတို့​သင်​ယူ၍ ကိုယ်တော်​၏​အလိုတော်ကို ထမ်းဆောင်​လို​စိတ် ပြင်းပြ​ကြ​၏။ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​၏ “နှလုံး​ပေါ်မှာ” ဘုရားသခင့်​ပညတ် ရေးသား​ထား​သည့်​အတွက် သူတို့သည် နားမထောင်​သူတို့ကို ဘုရားသခင်​ဒဏ်ပေး​မည်​စိုးရိမ်​၍ သို့​မဟုတ် တာဝန်​ရှိ၍​သာ နားထောင်​ကြသည်​မဟုတ်​ချေ။ ၎င်းတို့၏​နာခံမှု​သည် ထို​ထက်​ပို​၍​အခြေခံကျ​ပြီး ပို​၍​အစွမ်းထက်​သည့်​အရာ​ပေါ် အရင်းခံ​၏၊ အခြားသိုး​သည်လည်း ဘုရားသခင့်​ပညတ်​ကို နှလုံး​သွင်းထား​ကြသော​ကြောင့် ထပ်တူ​ပင် နာခံမှု​ရှိကြ​၏။

မေတ္တာ​ပေါ်​အခြေပြု​သည့် ပညတ်​များ

၉။ ယေဟောဝါ​ပညတ်​များ​၏ အနှစ်သာရ​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​ကြောင်း ယေရှု မည်သို့​ဖော်ပြ​ခဲ့​သနည်း။

ယေဟောဝါ​၏​စည်းမျဉ်း ဥပဒေသ​များနှင့် ပညတ်​အားလုံး​တို့၏ အနှစ်သာရ​ကို ချစ်ခြင်း​မေတ္တာ​ဟူ​သည့် စကားလုံး​တစ်လုံးတည်း​ဖြင့် အကျဉ်းချုပ်​ဖော်ပြ​နိုင်​သည်။ ယင်းသည် စစ်မှန်သော​ဝတ်ပြုရေး​၏ အဓိကကျ​သည့်​အစိတ်အပိုင်း အမြဲ​ဖြစ်​ခဲ့​၍ အစဉ်​ဖြစ်​ပေ​လိမ့်​မည်။ ပညတ်တရား​တွင် အဘယ်​ပညတ်​သည် အကြီးဆုံး​ဖြစ်သနည်း​ဟု အမေး​ခံ​ခဲ့​ရ​စဉ် ယေရှု​က “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့။” ဒုတိယ​မှာ “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” ဖြစ်သည်​ဟူ၍ ဖြေဆို​ခဲ့​၏။ ထို့နောက် ကိုယ်တော်​က “ဤ​ပညတ်​နှစ်ပါး​တို့​ကား ပညတ္တိကျမ်း​နှင့် အနာဂတ္တိ​ကျမ်း​ရှိသမျှ​တို့၏ အချုပ်အခြာ​ပင်​ဖြစ်​သတည်း” ဟု​မိန့်ဆို​သည်။ (မဿဲ ၂၂:၃၅-၄၀) ဤသို့ဖြင့် ပညတ်တော်​ဆယ်ပါး​ပါဝင်​သည့် ပညတ်တရား​သာမက ဟေဗြဲ​ကျမ်း​တစ်ကျမ်း​လုံး​သည် ချစ်ခြင်း​မေတ္တာ​ပေါ် အခြေပြု​ကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။

၁၀။ ခရစ်တော်​၏​တရား​တွင် ချစ်ခြင်း​မေတ္တာသည် အဓိကကျ​ကြောင်း မည်သို့​သိရ​သနည်း။

၁၀ ဘုရားသခင်​နှင့်​အိမ်နီးချင်း​ကို ချစ်​သည့်​မေတ္တာသည် ခရစ်ယာန်​များ​၏​နှလုံး​ထဲ​ရှိ တရား​အတွက် အဓိကကျ​ပါသလော။ အဓိကကျ​ပါ​သည်။ ခရစ်တော်​၏​တရား​တွင် ဘုရားသခင်​အား နှစ်နှစ်ကာကာ​ချစ်ခြင်း​အပြင် ခရစ်ယာန်​များသည် အချင်းချင်း ကိုယ်ကျိုး​စွန့်​၍ ချစ်​ကြ​ရမည်​ဟူသော ပညတ်သစ်​လည်း ပါဝင်​၏။ သူတို့သည် တပည့်​နောက်လိုက်​များ​ကို ယေရှု​ချစ်​သကဲ့သို့ အချင်းချင်းချစ်​ကြ​ရမည်​ဖြစ်သည်။ ယေရှုသည် ကိုယ်တော်​၏​မိတ်ဆွေများ​အတွက် အသက်စွန့်​တော်​မူ​ခဲ့​၏။ ဘုရားသခင်​ကို​ချစ်​ရန်၊ တပည့်​နောက်လိုက်​များ​ကို မိမိ​ချစ်​သကဲ့သို့ အချင်းချင်း တစ်ယောက်ကို​တစ်ယောက် ချစ်​ကြ​ရန် ယေရှု​သွန်သင်​ပေး​ခဲ့​၏။ အချင်းချင်း​အပေါ်​ပြသ​သည့် အဆိုပါ​ထူးခြားသော​မေတ္တာသည် စစ်မှန်သော​ခရစ်ယာန်​များ​ကို ခွဲခြား​သိမြင်​နိုင်​သည့် အဓိက​အရည်အသွေး​ဖြစ်​ပေ​သည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၂၊ ၁၃) ရန်သူကို​ပင်​ချစ်​ရန် ယေရှု​သွန်သင်​ပေး​ခဲ့​သည်။—မဿဲ ၅:၄၄

၁၁။ ဘုရားသခင်​နှင့် လူ​တို့ကို​ပါ ယေရှု​ချစ်​မြတ်နိုး​ကြောင်း မည်သို့​ပြသ​ခဲ့​သနည်း။

၁၁ ယေရှုသည် မေတ္တာထား​ရာ​တွင် အပြစ်ဆိုဖွယ်​မရှိ ကောင်းမွန်သော​ပုံသက်သေ​ပြ​ခဲ့​၏။ ကိုယ်တော်​သည် တန်ခိုး​ကြီးမားသော ကောင်းကင်သား​တစ်ဦး​ဖြစ်​စဉ် ကမ္ဘာ​မြေကြီးပေါ်​တွင် ခမည်းတော်​၏​အကျိုး​စီးပွား တိုးတက်စေ​ရန် အခွင့်အရေး​ရသည့်​အခါ တလိုတလား​လက်ခံခဲ့​၏။ အခြားသူများ ထာဝရ​အသက်​ရစေ​ရန် မိမိ​အသက်ကို​ပေး​သည့်​အပြင် မည်သို့​နေထိုင်​ကျင့်ကြံ​သင့်​ကြောင်း ပုံသက်သေ​ပြ​ခဲ့​သည်။ ကိုယ်တော်​သည် နှိမ့်ချ၍ ကြင်နာ​တတ်​ပြီး ထောက်ထား​စာနာ​သည့်​အပြင် ဝန်လေး၍​ပင်ပန်း​နေ​သူများ၊ ဖိနှိပ်ခံနေ​ရသူများကို ကူညီပေး​တော်​မူ​ခဲ့​၏။ ယေဟောဝါ​အား လူ​တို့​သိကျွမ်း​လာ​စေရန် “ထာဝရ​အသက်​နှင့်ယှဉ်သော စကား” ကို မမော​နိုင်​မ​ပန်း​နိုင် ပြောပြ​ခဲ့​သည်။—ယောဟန် ၆:၆၈

၁၂။ ဘုရားသခင်​အား​ချစ်ခြင်း​နှင့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို ချစ်ခြင်း​သည် ခွဲခြား​၍​မရအောင် ဆက်စပ်​နေကြောင်း အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၂ အမှန်​ဆို​ရ​လျှင် ဘုရားသခင်​အား​ချစ်ခြင်း​နှင့် ကိုယ်​နှင့်​စပ်ဆိုင်​သူကို ချစ်ခြင်း​သည် ခွဲခြား​၍​မရအောင် ဆက်စပ်​နေသည်။ တမန်​တော်​ပေါလု​က “ချစ်ခြင်း​မေတ္တာသည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ . . . တစ်စုံ​တစ်ယောက်​သော​သူက ‘ငါသည် ဘုရားသခင်​ကို​ချစ်​၏’ ဟု​ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင်၊ ထို​သူသည် မုသာ​ကို​သုံး​သော​သူ​ဖြစ်၏။ မိမိ​မြင်ရသော မိမိ​ညီအစ်ကို​ကို မချစ်​လျှင်၊ မမြင်​သေး​သော​ဘုရားသခင်​ကို အဘယ်​သို့​ချစ်​နိုင်​မည်​နည်း” ဟု​ဆို​ခဲ့​၏။ (၁ ယောဟန် ၄:၇၊ ၂၀) ယေဟောဝါ​သည် မေတ္တာ​၏​ရင်းမြစ်၊ မေတ္တာ​၏​ပြယုဂ် ဖြစ်​တော်​မူ​၏။ ကိုယ်တော်​လုပ်ဆောင်​တော်​မူသမျှ​သည် မေတ္တာတော်​ကြောင့်​ဖြစ်သည်။ ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ကျွန်ုပ်​တို့​ဖန်ဆင်း​ခံရ​သဖြင့် သူတစ်ပါးကို ကျွန်ုပ်​တို့ မေတ္တာပြ​တတ်ကြ​၏။ (ကမ္ဘာဦး ၁:၂၇) ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကျွန်ုပ်​တို့​မေတ္တာထား​ခြင်း​ဖြင့် ဘုရားသခင်​အား ကျွန်ုပ်​တို့​ချစ်​ကြောင်း ဖော်ပြ​ကြသည်။

ချစ်ခြင်း​က နာခံခြင်း​မည်​၏

၁၃။ ဘုရားသခင်​အား ကျွန်ုပ်​တို့​ချစ်​မြတ်နိုးကြ​မည်​ဆိုလျှင် အဘယ်အရာကို ဦးဆုံး​လုပ်ဆောင်ကြ​ရမည်​နည်း။

၁၃ မျက်စိဖြင့်​မမြင်နိုင်​သည့် ဘုရားသခင်​အား ကျွန်ုပ်​တို့ မည်သို့​ချစ်​နိုင်​ကြ​သနည်း။ အရေး​အကြီးဆုံး​မှာ ကိုယ်တော်​အား​သိကျွမ်းခြင်း ဖြစ်​ပေ​သည်။ ကျွန်ုပ်​တို့သည် သူစိမ်း​တစ်ဦး​ကို ချစ်​သည်၊ ယုံကြည်​သည်​ဟု အမှန်တကယ် မဆို​နိုင်​ပါ။ သို့​ဖြစ်၍ ဘုရားသခင်​အား​သိကျွမ်း​လာရန် ကျမ်းစာ​ဖတ်ရှု​ဖို့၊ ဆုတောင်း​ဖို့၊ ကိုယ်တော်​အား​သိကျွမ်း​ပြီး ချစ်​မြတ်နိုးကြ​သူတို့နှင့် ပေါင်းသင်း​ဖို့ သမ္မာကျမ်းစာ​က အားပေးပါ​သည်။ (ဆာလံ ၁:၁၊ ၂; ဖိလိပ္ပိ ၄:၆; ဟေဗြဲ ၁၀:၂၅) ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​သည် အထူးသဖြင့် အဖိုးထိုက်​လှ​၏၊ အကြောင်း​မှာ ယေရှု​ခရစ်​၏​ဘဝ​အသက်တာ​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​က ယေဟောဝါ​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို ရောင်ပြန်ဟပ်​ခဲ့​၍​ဖြစ်သည်။ ဘုရားသခင်​အား ပိုမို​သိကျွမ်း​လာပြီး ကျွန်ုပ်​တို့​အပေါ် ကိုယ်တော်​ထား​ရှိသည့် မေတ္တာတော်ကို ကျေးဇူး​တင် လေးမြတ်​တတ်လာ​သည်​နှင့်​အမျှ ကိုယ်တော်​အား နာခံ​လို​စိတ်​နှင့် ကိုယ်တော်​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို တုပ​လို​စိတ် ပြင်းထန်​သည်ထက် ပြင်းထန်​လာတော့​၏။ မှန်​ပေ​၏၊ ဘုရားသခင်​အား​ချစ်ခြင်း​တွင် နာခံခြင်း​ပါဝင်​သည်။

၁၄။ ဘုရားသခင့်​ပညတ်​များသည် ဝန်လေး၍​ပင်ပန်း​စ​ရာ​မဟုတ်​ကြောင်း အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၄ လူ​တို့ကို ကျွန်ုပ်​တို့​ချစ်​သည့်​အခါ သူတို့၏​အ​ထာ​ကို သိလာ​သည်၊ ထို​အခါ သူတို့​စိတ်ကြိုက် ပြုမူ​ကျင့်ကြံ​တတ်လာ​၏။ ကျွန်ုပ်​တို့​ချစ်ရသူ​တို့ကို စိတ်​အနှောင့်အယှက်​မပေး​လို​ကြ​ပေ။ တမန်​တော်​ယောဟန်​က “ပညတ်တော်​တို့ကို စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို ချစ်​ရာ​ရောက်​၏။ ပညတ်တော်​တို့ကို စောင့်​ခဲ​သည်မဟုတ်” ဟု​ရေးသားခဲ့​သည်။ (၁ ယောဟန် ၅:၃) ထို​အခါ ပညတ်တော်​တို့သည် ဝန်လေး၍​ပင်ပန်း​စ​ရာ​ဖြစ်သည်၊ အလွန်​များပြား​သည်​ဟု မယူမှတ်​တော့​ချေ။ ကျွန်ုပ်​တို့ကို ချစ်ခြင်း​မေတ္တာက လမ်းညွှန်​ပေး​၏။ ကျွန်ုပ်​တို့ ပြုမူ​လေ​သမျှ​ကို ညွှန်ကြား​သည့် စည်းမျဉ်း​ဥပဒေ မြောက်မြားစွာ​ကို အလွတ်​မှတ်သား​ထား​စ​ရာ မလို​ချေ၊ ဘုရားသခင်​အား​ချစ်​သည့် ကျွန်ုပ်​တို့၏​မေတ္တာက ကျွန်ုပ်​တို့ကို လမ်းညွှန်​ပေး​၏။ ဘုရားသခင်​အား ကျွန်ုပ်​တို့​ချစ်​မြတ်နိုးကြ​မည်​ဆိုလျှင် ကိုယ်တော်​၏​အလိုတော်​ဆောင်ခြင်း​သည် ပျော်ရွှင်စရာ​ဖြစ်​မည်။ ထို​အခါ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​မျက်နှာသာ​ကို ရရှိ​မည့်​အပြင် ကိုယ်တော်​၏​လမ်းညွှန်မှု​မှ အကျိုး​အမြဲ​ခံစားရ​မည်။—ဟေရှာယ ၄၈:၁၇

၁၅။ ယေဟောဝါ​အား​တုပ​ရန် အဘယ်အရာက စေ့ဆော်​ပေး​မည်​နည်း။ ရှင်းပြပါ။

၁၅ ဘုရားသခင်​အား​ချစ်ခြင်း​က ကိုယ်တော်​၏​အရည်အချင်းများ​ကို တုပ​စေ​၏။ လူတစ်ဦးကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုးသည့်​အခါ သူ၏​အရည်အချင်းများ​ကို သဘောကျ​ပြီး သူနှင့်​တူ​လို​ကြသည်။ ယေဟောဝါ​နှင့်​ယေရှု ပေါင်းသင်း​ဆက်ဆံ​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ။ သူတို့သည် ကောင်းကင်​တွင် နှစ်ပေါင်း​ဘီလီယံ​နှင့်​ချီ​၍ အတူတကွ​နေထိုင်ခဲ့​ကြ​၏။ ၎င်းတို့သည် တစ်ဦး​ကိုတစ်​ဦး အလွန်​ချစ်​မြတ်နိုး​ခဲ့​ကြ​၏။ ထို့​ကြောင့် ယေရှုသည် တပည့်​နောက်လိုက်​များ​အား “ငါ့ကို​မြင်​သော​သူသည် ခမည်းတော်​ကို​မြင်​၏” ဟူ၍ ပြောဆို​နိုင်​သည်​အထိ မိမိ၏​ကောင်းကင်​ခမည်းတော်​နှင့် တူ​လေ​သည်။ (ယောဟန် ၁၄:၉) ယေဟောဝါ​နှင့် ကိုယ်တော်​၏​သားတော်​တို့ကို ကျွန်ုပ်​တို့​သိကျွမ်း​လာ​လေ၊ သူတို့ကို လေးမြတ်​လာ​လေ​ဖြစ်​ပြီး သူတို့နှင့်​တူ​ရန် စေ့ဆော်​ခံရ​လေ​ဖြစ်၏။ ယေဟောဝါ​အား ကျွန်ုပ်​တို့​ချစ်ခြင်း​နှင့် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော် အကူအညီ​ရခြင်း​ဖြင့် “လူဟောင်း​၏​အကျင့်​တို့​နှင့် လူဟောင်း​၏​ကိုယ်ကို​ချွတ်ပယ်​၍ . . . အသစ်​ပြုပြင်​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်” နိုင်​လာ​ကြ​မည်။—ကောလောသဲ ၃:၉၊ ၁၀; ဂလာတိ ၅:၂၂၊ ၂၃

လက်တွေ့ကျ​မေတ္တာ

၁၆။ ကျွန်ုပ်​တို့၏ ဟောပြောခြင်း​နှင့် သွန်သင်​ပေးခြင်း​လုပ်ငန်း​အားဖြင့် ဘုရားသခင်၊ ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်​ကြောင်း မည်သို့​ဖော်ပြ​သနည်း။

၁၆ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့် ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ချစ်​သည့်​မေတ္တာ​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောပြီး တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ပါဝင်​ကြသည်။ ဤသို့​လုပ်ဆောင်ခြင်းဖြင့် “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်] တရားကို​သိစေ​ခြင်း​ငှာ” အလိုတော်​ရှိသော ယေဟောဝါ​ဘုရားသခင်​၏ မျက်နှာသာ​ကို ကျွန်ုပ်​တို့​ရရှိကြ​၏။ (၁ တိမောသေ ၂:၃၊ ၄) သို့​နှင့် ကျွန်ုပ်​တို့သည် ခရစ်တော်​၏​တရားကို နှလုံး​ပေါ်​တွင် ရေးသား​ထား​စေရန် အခြား​သူများကို ကူညီ​ပေးခြင်း​မှ ရွှင်လန်းမှု​ရရှိနိုင်​ကြ​၏။ ၎င်း​ပြင် ထို​သူတို့၏​စိတ်သဘောထား​များ ပြောင်းလဲ​လာပြီး ယေဟောဝါ​၏​အရည်အချင်းများ​ကို သူတို့​ရောင်ပြန်ဟပ်​သည်ကို တွေ့မြင်​သဖြင့် ကျွန်ုပ်​တို့​ဝမ်းမြောက်​ကြ​၏။ (၂ ကောရိန္သု ၃:၁၈) အခြား​သူတို့ကို ဘုရားသခင်​အား​သိကျွမ်း​လာ​စေရန် ကူညီပေး​ရခြင်း​သည် ကျွန်ုပ်​တို့​ပေး​နိုင်​သည့် အဖိုးထိုက်​ဆုံး​လက်ဆောင် အမှန်​ဖြစ်၏။ ယေဟောဝါ​နှင့်​မိတ်ဆွေ​ဖြစ်​လို​သူတို့သည် ကိုယ်တော်​၏​ထာဝရ​မိတ်ဆွေ ဖြစ်​နိုင်၏။

၁၇။ စည်းစိမ်ဥစ္စာ​ထက် ဘုရားသခင်​နှင့် လူ​တို့ကို​ချစ်​သည့်​စိတ် မွေးမြူခြင်းက အဘယ်ကြောင့် ပညာရှိရာ​ရောက်​သနည်း။

၁၇ စည်းစိမ်ဥစ္စာ​ကို အထူး​တန်ဖိုး​ထား​ရုံ​မ​က တပ်မက်​နေကြ​သည့် ဤ​လောကတွင် ကျွန်ုပ်​တို့​နေထိုင်ကြ​ရ၏။ သို့​တိုင် ၎င်းတို့သည် မတည်မြဲ​ချေ။ ယင်း​တို့သည် အခိုးခံ​ရနိုင်​၏၊ ပျောက်ပျက်​သွား​နိုင်၏။ (မဿဲ ၆:၁၉) သမ္မာကျမ်းစာ​က ‘လောက​နှင့် လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား ထာဝရ​တည်​၏’ ဟု​သတိပေး​သည်။ (၁ ယောဟန် ၂:၁၆၊ ၁၇) ယေဟောဝါ​သည် ထာဝစဉ်​တည်ရှိ​မည်။ ကိုယ်တော်​ကို​ချစ်​ပြီး ကိုယ်တော်​၏​အမှုတော်ကို ထမ်းဆောင်သူ​တို့​လည်း ထို့​အတူ​ဖြစ်​လိမ့်​မည်။ ထို့​ကြောင့် ခေတ္တ​သာ​ခံသည့် ဤ​လောက​စည်းစိမ်​ကို လိုက်စား​သည်ထက် ဘုရားသခင်​နှင့် လူ​တို့ကို​ချစ်​သည့်​စိတ် မွေးမြူခြင်း​သည် ပို​၍​ပညာရှိရာ​ရောက်​သည် မဟုတ်ပေ​လော။

၁၈။ ခရစ်ယာန်​သာသနာပြု​တစ်ဦး​သည် ကိုယ်ကျိုး​စွန့်​မေတ္တာကို မည်သို့​ပြ​ခဲ့​သနည်း။

၁၈ မေတ္တာ​တရားကို ကြိုးစား​ကျင့်​သူတို့သည် ယေဟောဝါ​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြ​၏။ စီ​နီ​ဂဲ​လ်​နိုင်ငံ​မှ ခရစ်ယာန်​သာသနာပြု​တစ်ဦး​ဖြစ်သူ ဆော​န်ညှာ​ကို​ကြည့်​ပါ။ သူသည် မယုံကြည်​သူ​လင်ယောက်ျား​ထံ​မှ အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​ခံရ​သူ ဟို​င်​ဒီကို ကျမ်းစာ​သင်ပေး​၏။ ခင်ပွန်း​သေဆုံး​သွားပြီး​နောက် ဟို​င်​ဒီ​နှစ်ခြင်း​ခံ​ခဲ့​၏၊ မကြာမီ သူ၏​ကျန်းမာ​ရေး ဆုတ်ယုတ်​သွား​လေ​ရာ အေ့ဒ်စ်​ရောဂါ​သည်​အဖြစ် ဆေးရုံ​တက်​လိုက်ရ​ရှာ​သည်။ ဆော​န်ညှာ​က ဤသို့​ပြန်​ပြောပြ​သည်– “ဆေးရုံ​အမှုထမ်းတွေ သူ့ကို​အတတ်နိုင်ဆုံး ပြုစုပေး​ခဲ့​ကြ​ပေမဲ့ အမှုထမ်း​က​နည်းတယ်။ ဒါနဲ့ ဆေးရုံ​မှာ သူ့ကို​ပြုစု​စောင့်ရှောက်​ပေးဖို့ အသင်းတော်က စေတနာ့​ဝန်ထမ်း​တွေ​ဆီ အကူအညီ​တောင်း​လိုက်တယ်။ ဒုတိယ​ည​မှာ သူ့​ခုတင်​ဘေး ဖျာ​ပေါ်မှာ​နေပြီး သူ​သေ​တဲ့​အထိ ကျွန်မ​ပြုစုပေး​လိုက်ရတယ်။ တာဝန်ခံ​ဆရာဝန်​က ‘လူနာ​မှာ အေ့ဒ်စ်​ရောဂါ​ရှိတယ်ဆိုတာ​ကို မိသားစု​သိသွား​ရင် ဆွေမျိုးရင်းချာ​တွေ​တောင် ဝိုင်း​ပယ်​ထား​တတ်ကြ​တာ​ဟာ ကျွန်တော်​တို့​ရဲ့ အကြီးမားဆုံး​ပြဿနာ​ပဲ။ အမျိုး​လည်း​မတော်၊ တစ်နိုင်ငံ​သားလည်း​မဟုတ်၊ အသားအရောင်​လည်း​မတူတဲ့ ခင်ဗျား​ကျ​တော့ ရောဂါ​ကူး​မှာ ဘာလို့​မကြောက်တာလဲ’ လို့​မေးတယ်။ ကျွန်မ​အတွက် ဟို​င်​ဒီ​ဟာ မွေးချင်း​တစ်ယောက်လို​ပါ​ပဲ​လို့ ရှင်းပြ​လိုက်တယ်။ အခု​မှ​တွေ့ရ​တဲ့ ဒီ​ညီမ​နဲ့​ရင်းနှီး​ပြီး သူ့ကို​ပြုစုပေး​ရတာ ပျော်စရာ​ပါ။” ဆော​န်ညှာ​သည် ဟို​င်​ဒီကို မေတ္တာဖြင့် ကြိုးစား​ပြုစုပေး​ခဲ့​သော်လည်း ရောဂါ​ကူးစက်​မခံခဲ့​ရ​ပေ။

၁၉။ ကျွန်ုပ်​တို့၏​နှလုံး​ပေါ်​၌ ဘုရားသခင့်​ပညတ်​ရှိ​ထား​သည့်​အတွက် အဘယ်အရာကို အခွင့်အရေး​ယူ​သင့်​သနည်း။

၁၉ ကိုယ်ကျိုး​စွန့်​မေတ္တာပြ​ကြ​သူ ယေဟောဝါ​၏​ကျေးကျွန် များစွာ​ရှိပါ​သေး​သည်။ ယနေ့ ဘုရားသခင့်​လူမျိုး​ကို ခွဲခြား​သိမြင်​စေသည့် မှတ်တမ်းတင် ဥပဒေ​ပေါင်း​ချုပ်​ဟူ၍​ကား မရှိ​ချေ။ ယင်းအစား ဟေဗြဲ ၈:၁၀ တွင် ဤသို့​ရေးသား​ထား​သည့်​စကား​များ ပြည့်စုံ​လာ​သည်ကို တွေ့ မြင်​နေကြ​ရ၏– “နောင်​ကာလ​အခါ ဣသရေလ​အမျိုးသား​တို့​၌ ငါ​ပေး​အံ့​သော​ပဋိညာဉ်တရား​ဟူ​မူ​ကား ‘ငါ​ထာဝရ​ဘုရား [သခင်] သည် ငါ့​ပညတ်​တို့ကို သူတို့​စိတ်​ဝိညာဉ်​ထဲ​သို့ သွင်း​မည်။ သူတို့​နှလုံး​ပေါ်မှာ ရေးထား​မည်။ ငါသည် သူတို့၏​ဘုရား [သခင်] ဖြစ်​မည်။ သူတို့​သည်လည်း ငါ​၏​လူ​ဖြစ်​ကြလိမ့်မည်။’” ကျွန်ုပ်​တို့၏​နှလုံး​ပေါ် ယေဟောဝါ​ရေးထားသည့် မေတ္တာ​တရား​ဆိုင်ရာ​ပညတ်​ကို အမြဲ​တန်ဖိုး​ထား​ကာ အခွင့်အရေး​ရ​တိုင်း မေတ္တာပြ​နိုင်​ကြ​ပါစေ။

၂၀။ ခရစ်တော်​၏​တရားသည် တန်ဖိုး​မ​ဖြတ်​နိုင်​သည့် ပိုင်ဆိုင်ရာ အဘယ်ကြောင့်​ဖြစ်သနည်း။

၂၀ ယင်း​သို့​သော​မေတ္တာကို တင်ပြ​ကြ​သည့် ကမ္ဘာချီ​ညီအစ်ကို​များ​အသင်းအပင်း​နှင့်အတူ ဘုရားသခင့်​အမှုတော်​ဆောင်​ရခြင်း​သည် အမှန်တကယ်​ရွှင်လန်းစရာ​ပင်။ မေတ္တာ​ကင်းမဲ့​သည့် ဤ​လောကတွင် ခရစ်တော်​၏​တရားကို နှလုံး​သွင်းထား​သူတို့သည် တန်ဖိုး​မ​ဖြတ်​နိုင်သော​အရာတစ်ခု​ကို ပိုင်ဆိုင်​ထား​ကြ​၏။ သူတို့သည် ယေဟောဝါ​၏​မေတ္တာတော်ကို ခံစားရ​သည်​သာမက ညီအစ်ကို​အသင်းအပင်း​ရှိ ခိုင်မြဲ​သော​မေတ္တာ​နှောင်ကြိုး​ကြောင့် နှစ်ထောင်း​အားရ​နိုင်​ကြ​၏။ “ညီအစ်ကို​တို့သည် သဘောတူ​လျက် ပေါင်းဖော်​ကြသည်​အရာ​မှာ အလွန်​ကောင်း​ပေ​၏။ အလွန်​တင့်တယ်​လျောက်ပတ်​ပေ​၏။” ယေဟောဝါသက်သေ​များသည် နိုင်ငံ​များစွာ​တွင် နေထိုင်ကြ​၍ ဘာသာ​စကား​အမျိုးမျိုး ပြောဆို​သည့် ယဉ်ကျေးမှု​အမျိုးမျိုး​မှ ဖြစ်​ကြသော်လည်း တု​နှိုင်း​၍​မရ​သော ဘာသာရေး​စည်းလုံးမှု​၌ သူတို့​ပျော်မွေ့​နေကြ၏။ ဤ​စည်းလုံးမှု​သည် ယေဟောဝါ​၏​မျက်နှာသာတော်​နှင့်​တွေ့​စေ​သည်။ မေတ္တာဖြင့်​စည်းလုံး​နေကြ​သည့် လူ​တို့​တွင် ယေဟောဝါ​သည် “အစဉ်အမြဲ အသက်ရှင်ခြင်း​အခွင့်​တည်း​ဟူသော ကောင်းချီး​မင်္ဂလာ​ကို စီရင်တော်မူ​၏” ဟု ဆာလံဆရာ​ရေးသားခဲ့​၏။—ဆာလံ ၁၃၃:၁-၃

သင်​ဖြေဆို​နိုင်​သလော

• ပညတ်တော်​ဆယ်ပါး​သည် မည်မျှ​အရေးကြီး​သနည်း။

• နှလုံး​ပေါ်မှာ​ရေးသား​ထား​သည့် ပညတ်တရား​ကား အဘယ်နည်း။

• “ခရစ်တော်​၏​တရား” တွင် ချစ်ခြင်း​မေတ္တာသည် မည်မျှ​အရေးပါ​သနည်း။

• ဘုရားသခင်၊ ကိုယ်​နှင့်​စပ်ဆိုင်​သူကို ကျွန်ုပ်​တို့​ချစ်​ကြောင်း အဘယ်​နည်းများဖြင့် တင်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဣသရေလ​လူမျိုး​တွင်​ကျောက်ပြား​များ​ပေါ်​အက္ခရာ​တင်ထား​သည့်​ပညတ်တရား​များ​ရှိခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံများ]

ခရစ်ယာန်​များ​၌​မူ သူတို့​နှလုံး​ပေါ်​တွင်​ရေးသား​ထား​သည့် ဘုရားသခင့်​ပညတ်​ရှိ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၂၀၀၄ ခုနှစ် ခရိုင်​စည်းဝေးကြီး​တွင် ဆော​န်ညှာ​နှင့်​စီ​နီ​ဂဲ​လ်​မိန်းကလေး​တစ်ဦး