မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်၏ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်မည်လော

ဘုရားသခင်၏ဘုန်းတော်ကို သင်ရောင်ပြန်ဟပ်မည်လော

ဘုရားသခင်​၏​ဘုန်းတော်​ကို သင်​ရောင်ပြန်ဟပ်​မည်​လော

‘ငါ​တို့သည် မှန်​ကဲ့သို့ သခင်​ဘုရား​၏​ဘုန်း​အသရေတော်​ကို’ ရောင်ပြန်ဟပ်​ကြ​၏။—၂ ကောရိန္သု ၃:၁၈

၁။ အဘယ်အရာကို မောရှေ​မြင်ခဲ့​ပြီး အဘယ်အရာ ဆက်​ဖြစ်ပျက်​ခဲ့​သနည်း။

ယင်းသည် အဘယ်သူမျှ မကြုံဖူး​ခဲ့​သော အံ့မခန်းဖွယ်​အဖြစ်​ဆုံး စိတ်အာရုံ​တစ်ခု​ဖြစ်၏။ သိနာ​တောင်ပေါ်​တွင် မောရှေ​တစ်ဦးတည်း​ရှိ​စဉ် ထူးခြားသော​တောင်းဆိုမှု​တစ်ခု​ကို ပြု​လိုက်​ရာ အဘယ်သူမျှ မတွေ့ဖူး​ခဲ့​သည့် ယေဟောဝါ​၏​ဘုန်းတော်​ကို သူ​မြင်ခွင့်​ရခဲ့​၏။ ယေဟောဝါ​ကို သူ တိုက်ရိုက် မ​တွေ့ခဲ့​ချေ။ ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​သည် ဘုန်း​ကျက်သရေ​နှင့် ပြည့်ဝ​လွန်း​လှ​ရာ ကိုယ်တော်​ကို​မြင်ရ​လျှင် အသက်ရှင်​နိုင်သော​သူ တစ်ဦး​တစ်ယောက်မျှ ရှိ​မည်​မဟုတ်ပေ။ ထို့​ကြောင့် ယေဟောဝါ​သည် မောရှေ​ရှေ့ ကြွသွား​စဉ် သူ့ကို​ကာကွယ်​ပေး​သည့်​အနေ​နှင့် ကောင်းကင်တမန်​တစ်ပါး “လက်” ဖြင့် ဖုံးအုပ်​ထား​စေ​၏။ သည့်​နောက် ယေဟောဝါ​၏​သန့်ရှင်း​မြင့်မြတ်​သော ဘုန်းတော်​အလင်း​ကို မောရှေ​အား တွေ့ မြင်​စေ​လေ​သည်။ ထို့​ပြင် ကောင်းကင်တမန်​တစ်ပါး​အားဖြင့် မောရှေ​နှင့် ယေဟောဝါ​စကားပြော​ဆို​ခဲ့​၏။ ၎င်းနောက် အဘယ်​သို့​ဖြစ်ပျက်​ခဲ့​သည်ကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​၏– “မောရှေ​သည် . . . သိနာ​တောင်ပေါ်​မှ ဆင်းသက်​သောအခါ မိမိ​နှင့် ဘုရားသခင် [“ယေဟောဝါ၊” က​ဘ] နှုတ်ဆက်​တော်​မူ​သောကြောင့် မိမိ​မျက်နှာ​အရေ ထွန်း​ပ” နေ​၏။—ထွက်မြောက်ရာ ၃၃:၁၈–၃၄:၇၊ ၂၉

၂။ တမန်​တော်​ပေါလု​သည် ခရစ်ယာန်​များ ရောင်ပြန်ဟပ်​ကြ​သည့် ဘုန်းတော်​အကြောင်း အဘယ်​သို့​ရေးသားခဲ့​သနည်း။

ထို​တောင်ပေါ်​တွင် မောရှေ​နှင့်အတူ သင်​ရှိ​နေသည် ဆိုပါစို့။ အတိုင်းအဆမဲ့​တန်ခိုးရှင်​၏ တ​ဖိတ်ဖိတ်တောက်​ပ​နေသည့် ဘုန်း​တန်ခိုးတော်​ကို မြင်​လိုက်ရ​ခြင်း၊ ကိုယ်တော်​၏​စကားတော်​ကို ကြားနာ​လိုက်ရ​ခြင်း​သည် မည်မျှ​ပီတိဖြာ​စ​ရာ ကောင်း​လိုက်​မည်​တကား။ ပညတ်ပဋိညာဉ်​၏ ဖျန်ဖြေ​စေ့စပ်ရေးမှူး မောရှေ​နှင့်အတူ သိနာ​တောင်ပေါ်​မှ ဆင်းလာ​ရခြင်း​သည် အခွင့်ထူး​လိုက်​မည်​ဖြစ်​ခြင်း။ သို့သော် စစ်မှန်သော​ခရစ်ယာန်​များသည် တစ်နည်း​တစ်​လမ်း​အားဖြင့် ဘုရားသခင့်​ဘုန်းတော်​ကို မောရှေ​ရောင်ပြန်ဟပ်​ခဲ့​သည်ထက်​ပင် သာ၍​ရောင်ပြန်ဟပ်​ကြ​ကြောင်း သင်​သိပါသလော။ စဉ်းစား​မှု​ကို​လှုံ့ဆော်ပေး​သည့် အဆိုပါ​အဖြစ်မှန်​ကို တမန်​တော်​ပေါလု ရေးသားခဲ့​သည့် စာ​တစ်စောင်​တွင် တွေ့ရှိ​ရ၏။ ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များသည် ယေဟောဝါ​၏​ဘုန်းတော်​ကို ကြေး​မုံ​များ​ကဲ့သို့ ရောင်ပြန်ဟပ်​ကြ​၏​ဟု သူ​ရေးသားခဲ့​သည်။ (၂ ကောရိန္သု ၃:၇၊ ၈၊ ၁၈) မြေကြီး​မျှော်လင့်ချက်​ရှိ ခရစ်ယာန်​များသည်​လည်း ဘုရားသခင်​၏​ဘုန်းတော်​ကို တစ်နည်း​အားဖြင့် ရောင်ပြန်ဟပ်​ကြသည်။

ဘုရားသခင့်​ဘုန်းတော်​ကို ခရစ်ယာန်​များ ရောင်ပြန်ဟပ်​ကြ​ပုံ

၃။ မောရှေ​မသိ​ရှိ​နိုင်​ခဲ့​သည့် နည်းများဖြင့် ယေဟောဝါ​အား ကျွန်ုပ်​တို့ မည်သို့​သိကျွမ်း​လာ​ရသနည်း။

ဘုရားသခင့်​ဘုန်းတော်​ကို ကျွန်ုပ်​တို့ မည်သို့​ရောင်ပြန်ဟပ်​နိုင်​ကြ​သနည်း။ မောရှေ​ကဲ့သို့ ကျွန်ုပ်​တို့​တစ်ယောက်မျှ ယေဟောဝါ​အား မြင်ခဲ့​ခြင်း၊ အသံတော်​ကို ကြား​ခဲ့​ရခြင်း​မရှိ​ချေ။ သို့ရာတွင် မောရှေ​မရခဲ့​သည့် နည်း​များစွာ​ဖြင့် ယေဟောဝါ​အား ကျွန်ုပ်​တို့​သိကျွမ်း​လာ​ခဲ့​ရ၏။ ယေရှုသည် မောရှေ​သေဆုံး​ပြီး​နောက် အနှစ် ၁,၅၀၀ နီးပါး​ကြာ​မှ မေရှိယ​အဖြစ် ပေါ်ထွန်း​ခဲ့​သည်။ ထို့​ကြောင့် အပြစ်​နှင့်​သေခြင်း​တို့၏ ဖိစီးမှု​ဒဏ်​ခံ​နေရ​သော လူသား​တို့ကို​ကယ်တင်​ဖို့ အသေခံ​ခဲ့​သည့် ယေရှု​၌ ပညတ်တရား မည်သို့​ပြည့်စုံ​လာ​မည်​ကို မောရှေ​မသိနိုင်​ခဲ့​ချေ။ (ရောမ ၅:၂၀၊ ၂၁; ဂလာတိ ၃:၁၉) ထို့​ပြင် ယေဟောဝါ​၏​အံ့ချီးဖွယ် ရည်ရွယ်တော်မူချက်​ဖြစ်သည့် မေရှိယနိုင်ငံတော်​နှင့် ယင်းက ဆောင်ကြဉ်း​ပေး​မည့် မြေကြီး​ပရဒိသု​ကို အနည်း​အကျဉ်း​သာ မောရှေ​နားလည်ခဲ့​ရ၏။ ကျွန်ုပ်​တို့​မူ​ကား ယေဟောဝါ​၏​ဘုန်းတော်​ကို ပကတိ​မျက်စိဖြင့်​မဟုတ်ဘဲ ကျမ်းစာ​သွန်သင်ချက်​များ​အပေါ် အခြေပြု​ထား​သည့် ယုံကြည်ခြင်း​မျက်စိဖြင့် တွေ့​သိ​ကြ​ရသည်။ ထို့​ပြင် ယေဟောဝါ​၏​အသံတော်​ကို ကောင်းကင်တမန်​တစ်ပါး​မှ​တစ်ဆင့်​မဟုတ်ဘဲ သမ္မာကျမ်းစာ၊ အထူးသဖြင့် ယေရှု၏​ဓမ္မ​အမှု​နှင့် သွန်သင်ချက်​များ​ကို ထူးကဲ​ပြောင်မြောက်​စွာ ဖော်ကျူး​ထား​သည့် ခရစ်ဝင်​ကျမ်း​များ​အားဖြင့် ကြားသိ​ခဲ့​ရ​ကြ​၏။

၄။ (က) ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များသည် ဘုရားသခင့်​ဘုန်းတော်​ကို မည်သို့​ရောင်ပြန်ဟပ်​ကြ​သနည်း။ (ခ) မြေကြီး​မျှော်လင့်ချက်​ရှိသူတို့​သည် အဘယ်​နည်းများဖြင့် ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​နိုင်​ကြ​သနည်း။

ခရစ်ယာန်​များသည် ဘုရားသခင့်​ဘုန်းတော်​ကို မိမိတို့၏​မျက်နှာ​မှ ထွန်း​ပ​သည့် ရောင်ခြည်​များ​ဖြင့် ရောင်ပြန်​မ​ဟပ်​ကြသော်လည်း ဘုန်းထွန်းတောက်​သော ယေဟောဝါ​၏​ကိုယ်​ရည်​ကိုယ်​သွေး​နှင့် ရည်ရွယ်တော်မူချက်​များ​အကြောင်း သူတစ်ပါးကို ပြောပြ​ကြ​သည့်​အခါ သူတို့​မျက်နှာ​များ ပြုံးရွှင်​ကာ တောက်ပ​နေ​၏။ ကျွန်ုပ်​တို့​ခေတ်​ရှိ ဘုရားသခင့်​လူမျိုး​သည် “တစ်ပါး​အမျိုးသား​တို့​တွင် [ယေဟောဝါ] ၏​ဘုန်း​ကို ဟောပြောကြ​လိမ့်​မည်” ဟု ပရောဖက်​ဟေရှာယ ကြို​ဟောခဲ့​သည်။ (ဟေရှာယ ၆၆:၁၉) ထို့​ပြင် ၂ ကောရိန္သု ၄:၁၊ ၂ က​လည်း ဤသို့​ဆို​၏– “ငါ​တို့သည် ထိုသို့​သော​တရား​၏​အမှုကို ဆောင်ရွက်​သော​သူ​ဖြစ်၍ . . . ဆိတ်ကွယ်ရာ​အရပ်၌​ပြုသော ရှက်ဖွယ်​သော​အမှု​များ​ကို ပယ်​ကြ​၏။ ပရိယာယ်​ကို​မ​သုံး၊ ဘုရားသခင်​၏​နှုတ် [မြွက်] တရားတော်​ကို ထိမ်ဝှက်​မှောက်လှန်​ခြင်း​မရှိ။ [အမှန်] တရားကို အ​တည့်​အလင်း​ဖော်ပြ​၍ ဘုရားသခင့်​ရှေ့တော်၌ လူအပေါင်း​တို့၏​စိတ်ထင်​အတိုင်း ချီးမွမ်းဖွယ်​သော အကျင့်ဓလေ့​ကို ကျင့်​ကြ​၏။” ပေါလု​သည် “ပဋိညာဉ်တရား​သစ်​၏” အမှုတော်​ဆောင်​များ​ဖြစ်​ကြ​သည့် ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များ​ကို အထူး​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ (၂ ကောရိန္သု ၃:၆) သို့သော် သူတို့၏​ခရစ်ယာန်​ဓမ္မ​အမှုသည် မြေကြီးပေါ်​တွင် ထာဝစဉ်​အသက်ရှင်​ရန် မျှော်လင့်​ကြ​သည့် မရေမတွက်​နိုင်အောင် များပြား​လှ​သော လူ​တို့​အပေါ်လည်း အကျိုး​သက်ရောက်​ခဲ့ပြီ။ အုပ်စု​နှစ်စု​စ​လုံး​၏ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ယေဟောဝါ​၏​ဘုန်းတော်​ကို ၎င်းတို့၏​သွန်သင်ချက်​ဖြင့်​သာမက ၎င်းတို့၏​လုပ်ရပ်များ​ဖြင့်​လည်း ရောင်ပြန်ဟပ်​ခြင်း​ပါဝင်​သည်။ အမြင့်မြတ်ဆုံး​ဘုရားသခင်​၏ ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ရမည့်​တာဝန် ရထား​ခြင်း​သည် အခွင့်ထူး​လိုက်​လေ​ခြင်း။

၅။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး ကြွယ်ဝမှု​က အဘယ်အရာကို သက်သေထူ​သနည်း။

ယနေ့ ဘုန်း​ကျက်သရေ​ရှိ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ယေရှု​ကြို​ဟောထား​သည့်​အတိုင်း လောက​နိုင်ငံ​အရပ်ရပ် ရှိသမျှ​တို့​၌ ဟောပြောလျက်​ရှိသည်။ (မဿဲ ၂၄:၁၄) အသီးသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​အပေါင်း​မှ လူတို့သည် သတင်းကောင်းကို စိတ်အား​ထက်သန်​စွာ တုံ့ပြန်​ခဲ့​ကြ​ကာ ဘုရားသခင့်​အလိုတော်ကို ထမ်းဆောင်​ရန် ၎င်းတို့၏​ဘဝ​အသက်တာကို ပြုပြင်​ပြောင်းလဲ​ခဲ့​ကြပြီ။ (ရောမ ၁၂:၂; ဗျာ. ၇:၉) အစောပိုင်း​ခရစ်ယာန်​များ​နည်းတူ သူတို့​ကြား​လျက်၊ မြင်​လျက်​ရှိသော​အရာ​တို့ကို မ​ဟော​မပြော​ဘဲ မနေနိုင်​ကြ​ချေ။ (တမန်​တော် ၄:၂၀) လူ့​သမိုင်း​တွင် တစ်ကြိမ်​တစ်ခါ​နှင့်​မျှ​မတူ​အောင် လူ​ခြောက်​သန်း​ကျော်​သည် ဘုရားသခင့်​ဘုန်းတော်​ကို ယနေ့ ရောင်ပြန်ဟပ်​နေကြ၏။ အသင်​လည်း ထို​သူတို့တွင် ပါဝင်​သလော။ ယေဟောဝါ​၏​ကောင်းချီး​နှင့် ကာကွယ်​မှု​ကို ဘုရားသခင့်​လူမျိုး ရရှိ​ထား​ကြောင်း သူတို့၏​ဝိညာဉ်​ရေး ကြွယ်ဝမှု​က သက်သေထူ​သည်။ ကျွန်ုပ်​တို့ကို နတ်ဆိုး​များ တိုက်ခိုက်​နေသည့်​ကြား​မှ ထိုသို့​ဖြစ်နေ​ခြင်း​က ကျွန်ုပ်​တို့​အပေါ် ယေဟောဝါ​၏​ဝိညာဉ်​တော် သက်ရောက်​နေကြောင်း သာ၍​ပင်​ထင်ရှား​၏။ ထိုသို့​အဘယ်ကြောင့်​ဖြစ်​ကြောင်း ယခု ကြည့်​ကြ​စို့။

ဘုရားသခင့်​လူမျိုး​ကို နှုတ်ပိတ်​၍​မရ

၆။ ယေဟောဝါ​ဘက်​ရပ်တည်​ရန် ယုံကြည်ခြင်း​နှင့်​သတ္တိ အဘယ်ကြောင့်​ရှိဖို့လို​သနည်း။

သင်သည် တရားရုံး​တွင် ရက်စက်​သည့် ရာဇဝတ်သား​တစ်ဖက် သက်သေ​ထွက်ဆို​ရန် ဆင့်ခေါ်​ခံရ​သည် ဆိုပါစို့။ အဆိုပါ​ရာဇဝတ်သား​၏​ဂိုဏ်း​သည် အင်အားကြီး​မား​သည့်​အပြင် သူ၏​အပြစ်ကို သင်​မ​ဖော်ထုတ်​ရန် ရှိရှိသမျှ​နည်းလမ်း အကုန်​ထုတ်သုံး​မည်​ဖြစ်​ကြောင်း သင်​သိရှိ​ထား​၏။ အဆိုပါ​ရာဇဝတ်သား​တစ်ဖက် သင်​သက်သေ​ထွက်ဆို​ရန် သင့်​မှာ သတ္တိ​ရှိဖို့လို​မည့်​အပြင် အာဏာပိုင်​များ​က သင့်ကို​ကာကွယ်​ပေး​မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချမှု အပြည့်​ရှိ​ရ​ပေမည်။ ကျွန်ုပ်​တို့သည် ထပ်တူ​အခြေအနေ​မျိုး​တွင် ရှိနေကြ​၏။ ယေဟောဝါ​နှင့် ကိုယ်တော်​၏ ရည်ရွယ်တော်မူချက်​များ​အကြောင်း ကျွန်ုပ်​တို့​သက်သေခံ​ကြ​ရာ​တွင် စာတန်​တစ်ဖက် သက်သေ​ထွက်ဆို​နေကြ၏၊ သူသည် လူ့​အသက်ကို​သတ်​သော​သူ၊ ဤ​လောက​တစ်နိုင်ငံ​လုံး​ကို လှည့်ဖြား​သော မုသာကောင်​ဖြစ်​ကြောင်း ဖော်ထုတ်​ကြ​၏။ (ယောဟန် ၈:၄၄; ဗျာ. ၁၂:၈၊ ၉) ယေဟောဝါ​ဘက်​ရပ်တည်​ပြီး စာတန်​ကို​ဆန့်ကျင်​နိုင်​ဖို့ ကျွန်ုပ်​တို့​တွင် ယုံကြည်ခြင်း​နှင့် သတ္တိ​ပါရှိ​ဖို့​လို​သည်။

၇။ စာတန်​၏​သြဇာ အဘယ်မျှ​လောက်​ကြီးမား​သနည်း၊ အဘယ်အရာကို သူ​ကြိုးစား​လုပ်ဆောင်နေ​သနည်း။

ယေဟောဝါ​သည် အမြင့်မြတ်ဆုံး​အရှင်ဖြစ်​တော်​မူ​၏။ ကိုယ်တော်​၏​တန်ခိုးတော်​သည် စာတန်​ထက် အတိုင်း​ထက်​အလွန် သာလွန်​ပေ​သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အမှုတော်ကို တည်ကြည်​စွာ ထမ်းဆောင်​ကြ​သည့်​အခါ ကျွန်ုပ်​တို့အား ကိုယ်တော်​ကာကွယ်​ပေး​နိုင်စွမ်း ရှိ​ရုံ​မ​က ကာကွယ်​ပေး​လို​တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ကြ​၏။ (၂ ရာဇဝင်ချုပ် ၁၆:၉) သို့​ဖြစ်​လင့်​ကစား စာတန်​သည် နတ်ဆိုး​များနှင့် ဘုရားသခင်​ထံ​တော်​မှ ကင်းကွာ​နေသည့် လူ့​လောကကို စိုးမိုး​ခြယ်လှယ်​နေ​၏။ (မဿဲ ၁၂:၂၄၊ ၂၆; ယောဟန် ၁၄:၃၀) မြေကြီး​ဝန်းကျင်​တွင် ခြေချုပ်မိ​နေ​သဖြင့် ‘ပြင်းစွာ​အမျက်’ ထွက်​နေသော စာတန်​သည် ယေဟောဝါ​၏​ကျေးကျွန်​များ​ကို အပြင်းအထန် အတိုက်အခံပြု​ကာ သူ​ထိန်းချုပ်​ထား​သည့် လောကကို​အသုံးပြု၍ သတင်းကောင်း​ဟောပြောသူ မှန်သမျှ​၏​နှုတ်​ကို ကြိုးစား​လိုက်​ပိတ်​နေ​၏။ (ဗျာ. ၁၂:၇-၉၊ ၁၂၊ ၁၇) ယင်းကို သူ​အဘယ်​သို့​လုပ်ဆောင်​သနည်း။ အနည်းဆုံး နည်း​သုံးနည်း​ဖြင့် လုပ်ဆောင်နေ​ပါ​သည်။

၈၊ ၉။ စာတန်​သည် လွဲမှား​သော​မေတ္တာကို မည်သို့​အသုံးပြု​သနည်း၊ ကျွန်ုပ်​တို့၏​အပေါင်းအသင်း​ကို အဘယ်ကြောင့် ဂရုတစိုက်​ရွေးချယ်​သင့်​သနည်း။

ကျွန်ုပ်​တို့​စိတ်​ပျံ့လွင့်​သွားစေရန် စာတန် ကြိုးစား​အသုံးပြုသည့် နည်း​တစ်နည်း​မှာ စိုးရိမ်​ပူပန်မှု​များ​အားဖြင့်​ဖြစ်၏။ ဤ​နောက်ဆုံး​ကာလ​တွင် လူတို့သည် ငွေ​ကို​တပ်မက်သူ​များ၊ ကိုယ့်​ကိုယ်ကို​ချစ်သော​သူများ၊ အပျော်အပါး​လိုက်စားသူ​များ​ဖြစ်​ကြ​ကာ ဘုရားသခင်​ကို ချစ်​မြတ်နိုးသူ​များ မဟုတ်​ကြ​ချေ။ (၂ တိမောသေ ၃:၁-၄) လူအများစု​သည် နေ့စဉ်​ဘဝ၏​ကိစ္စရပ်​များ​တွင် အာရုံနစ်​မြုပ်​နေကြ​သဖြင့် ကျွန်ုပ်​တို့​ယူဆောင်​လာ​သည့် သတင်းကောင်းကို ဂရုမစိုက်​အား​လောက်​အောင် “သတိမဲ့​နေကြ” ၏။ သမ္မာကျမ်းစာ​အမှန်တရားကို သူတို့ လုံးဝ​စိတ်မဝင်စား​ကြ​ပါ။ (မဿဲ ၂၄:၃၇-၃၉) အဆိုပါ​သဘောထား​သည် ကူးစက်​လွယ်​၏၊ ဝိညာဉ်​ရေး ထိုင်း​မှိုင်း​လေး​ကန်​သည့် အခြေအနေ​သို့ ကျရောက်​သွား​စေနိုင်​၏။ ရုပ်ပစ္စည်း​များနှင့် ဘဝ၏​ပျော်ပါး​ရာ​များ​ကို ကျွန်ုပ်​တို့ ချစ်​မြတ်နိုး​တတ်လာ​ကြ​မည်​ဆိုလျှင် ဘုရားသခင်​အား​ချစ်​သည့်​မေတ္တာ အေး​တိ​အေးစက် ဖြစ်သွား​ပေ​လိမ့်​မည်။—မဿဲ ၂၄:၁၂

ထို့​ကြောင့် ခရစ်ယာန်​များသည် အပေါင်းအသင်းများကို ဂရုတစိုက် ရွေးချယ်​ပေါင်းသင်း​ကြ​၏။ “ပညာရှိ​တို့​နှင့် ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏” ဟု ဘုရင်​ရှောလမုန် ရေးသားခဲ့​သည်။ (သု. ၁၃:၂၀) ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​သူတို့နှင့် “ပေါင်းဖော်” နိုင်​ကြ​ပါစေ။ ယင်းသည် အမှန်ပင် နှစ်သက်ဖွယ်​ကောင်း​လိုက်​လေ​ခြင်း။ အစည်းအဝေးများနှင့် အခြား​အချိန်​တို့​တွင် ဝိညာဉ်​ရေး​ညီအစ်ကို​ညီအစ်မ​များနှင့် အတူတကွ​စုရုံး​ကြ​သည့်​အခါ သူတို့၏​မေတ္တာ၊ ယုံကြည်ခြင်း၊ ရွှင်လန်း​ဝမ်းမြောက်မှု​နှင့် ဉာဏ်ပညာ​တို့​မှ အားပေး​တည်ဆောက်မှု​ရ​ကြ​၏။ အဆိုပါ​ပေါင်းသင်းမှု​က ခရစ်ယာန်​ဓမ္မ​အမှုကို စွဲစွဲမြဲမြဲ ထမ်းဆောင်​ပါ​မည်​ဟူသော ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​ကို ခိုင်မာ​စေ​၏။

၁၀။ စာတန်​သည် ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​သူတို့အား အဘယ်​နည်းများဖြင့် ပြောင်လှောင်​ခဲ့​သနည်း။

၁၀ ဘုရားသခင့်​ဘုန်းတော်​ကို ခရစ်ယာန်​အားလုံး ရောင်ပြန်​မ​ဟပ်​တော့​ရန် စာတန်​ကြိုးစား​အသုံးပြုသည့် ဒုတိယ​နည်းလမ်း​မှာ ပြောင်လှောင်ခြင်း​ဖြစ်၏။ ဤ​နည်း​ဗျူဟာ​ကို ကျွန်ုပ်​တို့​မအံ့သြ​သင့်​ပေ။ မြေကြီးပေါ်​တွင် ယေရှု​ဓမ္မ​အမှုဆောင်​စဉ်​က ပြက်ရယ်ပြု​ခံ​ခဲ့​ရ၏၊ သရော်​ခံ​ခဲ့​ရ၏၊ မထီမဲ့မြင်​ပြု​ခံ​ခဲ့​ရ၏၊ အ​စော်ကား​ခံ​ခဲ့​ရပြီး တံတွေး​ထွေး​ခြင်း​ပင် ခံ​ခဲ့​ရ၏။ (မာကု ၅:၄၀; လုကာ ၁၆:၁၄; ၁၈:၃၂) အစောပိုင်း​ခရစ်ယာန်​များသည်​လည်း လူအများ​ပြောင်လှောင်​စ​ရာ ဖြစ်​ခဲ့​ရ၏။ (တမန်​တော် ၂:၁၃; ၁၇:၃၂) မျက်မှောက်ခေတ် ယေဟောဝါ​၏​ကျေးကျွန်​များသည် အလားတူ မတော်မတရား​ပြု​မှု​ကို ရင်ဆိုင်​ကြ​ရ၏။ တမန်​တော်​ပေတရု​အဆို​အရ သူတို့ကို ပရောဖက်​အတုအယောင်​များ​ဟူ၍ပင် သတ်မှတ်​ကြ​ပေမည်။ “နောက်ဆုံးသော​ကာလ​၌ ပြက်ရယ်ပြု​တတ်သော​သူတို့သည် မိမိတို့​တပ်မက်​ခြင်း​အတိုင်း​ကျင့်​နေ၍၊ ‘သခင်​ဘုရား​ကြွလာ​မည်​ဟူသော ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း။ . . . ခပ်သိမ်း​သော​အရာ​တို့သည် ဖန်ဆင်း​စ​က​ဖြစ်​သကဲ့သို့ ဖြစ်မြဲ​ဖြစ်​ကြ​၏’ ဟု​ဆို​လျက် ကဲ့ရဲ့​ခြင်း​နှင့်​တကွ ပေါ်လာ​ကြလိမ့်မည်” ဟု​ပေတရု ကြို​ဟောခဲ့​သည်။ (၂ ပေတရု ၃:၃၊ ၄) ဘုရားသခင့်​လူမျိုး​သည် လက်တွေ့​မကျ​သူများ​ဟု ကဲ့ရဲ့​ခံ​ခဲ့​ရ၏။ သမ္မာ​ကျမ်းစာ​ပါ ကိုယ်ကျင့်တရား​စံနှုန်း​များသည် ခေတ်​နောက်ကျ​သည်​ဟု ရှုမြင်ကြ​၏။ ကျွန်ုပ်​တို့​ဟောပြောကြ​သည့် သတင်းတရားသည် လူအများစု​အတွက် မိုက်​သော​တရား​ဖြစ်၏။ (၁ ကောရိန္သု ၁:၁၈၊ ၁၉) ခရစ်ယာန်​များ​ဖြစ်​ကြသော ကျွန်ုပ်​တို့သည် ကျောင်းတွင်၊ အလုပ်ခွင်​တွင်၊ တစ်ခါတစ်ရံ မိသားစု​အတွင်း​၌​ပင် ဝိုင်းလှောင်​ခံရ​ကြ​၏။ သို့​ဖြစ်စေ​ကာ​မူ ဘုရားသခင့်​စကားတော်​သည် အမှန်တရား​ဖြစ်​ကြောင်း ယေရှု အသိအမှတ်ပြု​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ဟောပြောခြင်း​အားဖြင့် ဘုရားသခင့်​ဘုန်းတော်​ကို စိတ်မပျက်​ဘဲ ဆက်၍​ရောင်ပြန်ဟပ်​ကြသည်။—ယောဟန် ၁၇:၁၇

၁၁။ ခရစ်ယာန်​များ မဟောပြော​ကြ​ရန် နှိပ်စက်​ညှဉ်းပန်းမှု​ကို စာတန် မည်သို့​အသုံးပြု​ခဲ့​သနည်း။

၁၁ ကျွန်ုပ်​တို့​မ​ဟော​မပြော​ရန် စာတန်​ကြိုးစား​အသုံးပြုသည့် တတိယ​နည်း​မှာ အတိုက်အခံပြု​ခြင်း၊ နှိပ်စက်​ညှဉ်းပန်း​ခြင်း​ဖြစ်၏။ မိမိ၏​နောက်လိုက်​များ​အား ယေရှု ဤသို့​မိန့်ဆိုခဲ့သည်– “လူများ​တို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊ အသေ​သတ်​ခြင်း​ကို​ခံစေ​ခြင်း​ငှာ အပ်နှံ​ကြလိမ့်မည်။ ငါ​၏​နာမ​ကြောင့်​လည်း ခပ်သိမ်း​သော​လူမျိုး​တို့သည် သင်တို့ကို မုန်း​ကြလိမ့်မည်။” (မဿဲ ၂၄:၉) ယေဟောဝါ​၏​သက်သေ​များသည် ကမ္ဘာ့​ဒေသ​အသီးသီး​၌ အမှန်ပင် ဆိုးဆိုးရွားရွား နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရပြီ။ ဘုရားသခင်​၏​အမှုတော်​ဆောင်​များနှင့် စာတန့်​အမှုဆောင်​တို့​ကြား မုန်းတီးခြင်း၊ ရန်ငြိုး​ထားခြင်း ရှိ​လိမ့်​မည်​ဟု ရှေး​အချိန်​ကတည်းက ယေဟောဝါ ကြိုတင်​မိန့်ကြား​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြ​၏။ (ကမ္ဘာဦး ၃:၁၅) ကျွန်ုပ်​တို့ စမ်းသပ်ခံ​ရသည့်​အခါ တည်ကြည်​ကြ​ခြင်း​အားဖြင့်လည်း ယေဟောဝါ​သာ စကြဝဠာ​ကို ပိုင်သ​အုပ်စိုးထိုက်​သည်​ဟု ထောက်ခံ​ပြောဆို​ကြသည်။ ယင်းကို သိရှိ​ထားခြင်း​က အဆိုးရွားဆုံး အခြေအနေ​များ​တွင်​ပင် ကျွန်ုပ်​တို့အား ကြံ့ခိုင်​စေပါ​လိမ့်​မည်။ ဘုရားသခင်​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ဖို့ ကျွန်ုပ်​တို့​အခိုင်အမာ စိတ်​ဆုံးဖြတ်ထား​လျှင် နှိပ်စက်​ညှဉ်းပန်း​ခံရ​သော်လည်း ဟော​မြဲ​ဟောပါ​လိမ့်​မည်။

၁၂။ စာတန် အတိုက်အခံပြု​သည့်​ကြား ကျွန်ုပ်​တို့​ဆက်၍ တည်ကြည်​ကြ​စဉ် အဘယ်ကြောင့် ဝမ်းမြောက်​သင့်​သနည်း။

၁၂ သင်သည် ကဲ့ရဲ့​လှောင်ပြောင်မှု​နှင့် အတိုက်အခံပြု​မှု​ကြား ဤ​လောက​နောက်​မပါဘဲ တည်ကြည်​ကြောင်း ပြ​ပါသလော။ သို့​ဆိုလျှင် သင်​ဝမ်းမြောက်​နိုင်​စ​ရာ အကြောင်း​ရှိ၏။ မိမိ​နောက်လိုက်​တို့ကို ယေရှု ဤသို့​အာမခံ​၏– ‘ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ သင်တို့သည် ပျော်ရွှင်​ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ခြင်း ရှိကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌ သင်တို့၏​အကျိုး​သည် ကြီး​လှ​ပေ​၏။ သင်တို့​ရှေ့​က ပေါ်ထွန်း​သော ပရောဖက်​တို့ကို ထို​နည်းတူ ညှဉ်းဆဲ​ကြပြီ။’ (မဿဲ ၅:၁၁၊ ၁၂) ယေဟောဝါ​၏ သန့်ရှင်းသော ဝိညာဉ်​တော်​တန်ခိုး​ကို သင်​ခံစားရ​ကြောင်း သင်၏​ခံနိုင်ရည်​က သက်သေထူ​၏၊ ယင်းကြောင့် ကိုယ်တော်​၏​ဘုန်းတော်​ကို သင်​ရောင်ပြန်ဟပ်​နိုင်​ခြင်း​ဖြစ်၏။—၂ ကောရိန္သု ၁၂:၉

ယေဟောဝါ​အကူအညီ​ဖြင့် ခံနိုင်ရည်​ရှိ

၁၃။ ခရစ်ယာန်​ဓမ္မ​အမှု၌ ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိ​ရသည့် အဓိက​အကြောင်းရင်း​ကား အဘယ်နည်း။

၁၃ ခရစ်ယာန်​ဓမ္မ​အမှု၌ ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိ​ရသည့် အဓိက​အကြောင်းရင်း​တစ်ရပ်​မှာ ယေဟောဝါ​အား ကျွန်ုပ်​တို့​ချစ်​မြတ်နိုးကြ​ပြီး ကိုယ်တော်​၏​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ရန် နှစ်ထောင်း​အားရ​ကြ​၍​ဖြစ်သည်။ မိမိတို့​ချစ်​မြတ်နိုး​၍ ရိုသေ​လေးစား​ရသူ​တို့ကို လူ​တို့ အတုယူ​တတ်ကြ​၏၊ ကျွန်ုပ်​တို့ အတု​ပ​ထိုက်​ဆုံး​ပုဂ္ဂိုလ်​မှာ ယေဟောဝါ​ဘုရားသခင် ဖြစ်​ပေ​သည်။ ကိုယ်တော်​သည် မေတ္တာ​တရား​ကြီးမား​လှ​သည်​ဖြစ်​ရာ မိမိ၏​သားတော်ကို အမှန်တရား​အကြောင်း သက်သေ​ခံရန်​နှင့် နာခံမှု​ရှိသူတို့​ကို ကယ်လွှတ်​ရန် မြေကြီးပေါ်​သို့ စေလွှတ်​တော်​မူ​၏။ (ယောဟန် ၃:၁၆; ၁၈:၃၇) ကျွန်ုပ်​တို့သည် ဘုရားသခင်​ကဲ့သို့​ပင် လူမျိုးအပေါင်း​တို့ နောင်တ​ရပြီး ကယ်တင်ခြင်း​ရစေ​လို​ကြ​သဖြင့် သူတို့ကို ဟောပြောကြ​၏။ (၂ ပေတရု ၃:၉) ဘုရားသခင်​အား​တုပ​လို​သော စိတ်ပိုင်းဖြတ်​ချက်​နှင့်အတူ ဤ​စိတ်ဆန္ဒ​က ခရစ်ယာန်​ဓမ္မ​အမှုဆောင်ခြင်း​အားဖြင့် ကိုယ်တော်​၏​ဘုန်းတော်​ကို ကျွန်ုပ်​တို့ အမြဲ​ရောင်ပြန်ဟပ်​ရန် လှုံ့ဆော်ပေး​ပါ​သည်။

၁၄။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ခံနိုင်ရည်​ရှိ​ရန် ယေဟောဝါ မည်သို့​ကူညီပေး​သနည်း။

၁၄ သို့သော် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိ​ခြင်း​သည် ယေဟောဝါ​ကြောင့်​ဖြစ်၏။ ကိုယ်တော်​သည် မိမိ၏​ဝိညာဉ်​တော်၊ မိမိ၏​အဖွဲ့အစည်း​နှင့် သမ္မာကျမ်းစာ​အားဖြင့် ကျွန်ုပ်​တို့ကို ထောက်မ​၍ ခွန်အား​ပေး​တော်​မူ​၏။ ယေဟောဝါ​သည် မိမိ၏​ဘုန်းတော်​ကို လိုလိုလားလား ရောင်ပြန်ဟပ်​ကြ​သူတို့အား “သည်းခံခြင်း [“ခံနိုင်ရည်၊” က​ဘ]” ပေးသနား​တော်​မူ​၏။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ကိုယ်တော်​ဖြေကြား​ပေး​ကာ စမ်းသပ်မှု​ခံရ​သည့်​အခါ ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် ဉာဏ်ပညာ​ပေး​တော်​မူ​၏။ (ရောမ ၁၅:၅၊ ၆; ယာကုပ် ၁:၅) ထို့​ပြင် ယေဟောဝါ​သည် ကျွန်ုပ်​တို့​မခံမရပ်​နိုင်​သည့် မည်သည့်​စမ်းသပ်မှု​ကို​မျှ ခွင့်ပြု​တော်​မ​မူ​ချေ။ ယေဟောဝါ​အား ကျွန်ုပ်​တို့ ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ကိုယ်တော်​၏​ဘုန်းတော်​ကို ကျွန်ုပ်​တို့​ဆက်၍ ရောင်ပြန်ဟပ်​စေရန် ထွက်မြောက်​သော​လမ်းကို ကိုယ်တော် စီရင်​ပြုပြင်ပေး​ပါ​လိမ့်​မည်။—၁ ကောရိန္သု ၁၀:၁၃

၁၅။ ကျွန်ုပ်​တို့ကို အဘယ်အရာက ခံနိုင်ရည်​ရှိစေ​သနည်း။

၁၅ ခရစ်ယာန်​ဓမ္မ​အမှုကို ခံနိုင်ရည်​ရှိ​ရှိ ဆောင်ရွက်ခြင်း​က ကျွန်ုပ်​တို့​အပေါ် ဘုရားသခင့်​ဝိညာဉ်​တော်​ရှိကြောင်း သက်သေထူ​သည်။ ဥပမာ​ပေး​ရ​လျှင် တစ်စုံ​တစ်ယောက်​က သင့်​အား မုန့်​တစ်မျိုး​ကို တစ်အိမ်​မှ​တစ်အိမ် အခမဲ့​လိုက်​ဝေ​ခိုင်း​သည် ဆိုပါစို့။ ကိုယ့်​စရိတ်​နှင့်​ကိုယ်၊ ကိုယ့်​အချိန်​နှင့်​ကိုယ် ပြုလုပ်​ရမည်​ဖြစ်၏။ ထို့​ပြင် သင်၏​မုန့်ကို လူနည်းစု​က​သာ လက်ခံ​မည်၊ တချို့​ဆိုလျှင် သင်​ကြိုးစား​လိုက်​ဝေငှ​ပေး​သည်ကို အတိုက်အခံ​ပင် ပြု​ပေမည်။ အဆိုပါ​အလုပ်ကို တစ်လ​ပြီး​တစ်လ၊ တစ်နှစ်​ပြီး​တစ်နှစ် သင်​ဆက်၍ လုပ်ဆောင်​သွားပါ​မည်​သလော။ ဆက်လုပ်​မည်​မဟုတ်။ သတင်းကောင်းကို​မူ သင့်ကိုယ်​ပိုင်​အချိန်၊ ကိုယ်ပိုင်​စရိတ်​ဖြင့် နှစ်​အတန်ကြာ​ပင် အားစိုက်​၍ ကြေညာ​ခဲ့​ပြီး​ဖြစ်​မည်။ အဘယ်ကြောင့်​နည်း။ ယေဟောဝါ​အား သင်​ချစ်၍ ကိုယ်တော်​၏​ဝိညာဉ်​တော်​က သင့်ကို ခံနိုင်ရည်​ရှိစေရန် ကောင်းချီး​ပေး​ခဲ့​သောကြောင့် မဟုတ်ပေ​လော။ မှန်​လိုက်​လေ​ခြင်း။

မမေ့​အပ်သော​လုပ်ငန်း

၁၆။ စွဲစွဲမြဲမြဲ အမှုတော်​ဆောင်​မည်​ဆိုလျှင် ကျွန်ုပ်​တို့​နှင့် ကျွန်ုပ်​တို့၏​စကား​ကို နားထောင်သူ​တို့အတွက်​ပါ အဘယ်​အဓိပ္ပာယ်​ရှိ​မည်​နည်း။

၁၆ ပဋိညာဉ်​သစ်​ဆိုင်ရာ ဓမ္မ​အမှုသည် အလွန်​ထူးမြတ်​သော ဆုကျေးဇူး​ဖြစ်၏။ (၂ ကောရိန္သု ၄:၇) အခြားသိုး​တို့ ကမ္ဘာ​တစ်ဝန်း ဆောင်ရွက်​နေကြ​သည့် ခရစ်ယာန်​ဓမ္မ​အမှုသည်​လည်း အလားတူ​ဖြစ်၏။ ထို့​ကြောင့် ခရစ်ယာန်​ဓမ္မ​အမှုကို သင်​စွဲစွဲမြဲမြဲ ဆောင်ရွက်​သည့်​အတွက် တိမောသေ​ထံ ပေါလု​ရေးသားခဲ့​သည့်​အတိုင်း “ကိုယ်ကို​လည်းကောင်း၊ နားထောင်​သော​သူတို့ကိုလည်း​ကောင်း ကယ်တင်” နိုင်​ပါ​လိမ့်​မည်။ (၁ တိမောသေ ၄:၁၆) အဘယ်အရာကို​ဆိုလို​ကြောင်း စဉ်းစား​ကြည့်​ပါ။ သင်​ဟောပြောနေ​သည့် သတင်းကောင်းသည် အခြား​သူတို့အား ထာဝစဉ်​အသက်ရှင်ခွင့်​ပေး​၏။ သို့​ဖြစ်၍ ဝိညာဉ်​ရေး​အရ သင်​ကူညီပေး​နေသူတို့​နှင့် ချစ်ခင်​ရင်းနှီး​လာနိုင်​သည်။ သင်​ကူညီပေး​ခဲ့​သဖြင့် ဘုရားသခင်​အား သိကျွမ်း​လာ​သူတို့နှင့် ပရဒိသု​တွင် ထာဝစဉ် အတူ​နေထိုင်​ရခြင်း​သည် အလွန်​ဝမ်းသာစရာ ကောင်း​လိုက်​မည်​ဖြစ်​ခြင်း။ သင့်​ကူညီပေး​မှု​ကို သူတို့ ဘယ်​သောအခါ​မျှ မေ့ပျောက်​မည်​မဟုတ်ပါ။ တကယ် ကျေနပ်​အားရစရာ​ပင်။

၁၇။ ကျွန်ုပ်​တို့​ခေတ်​သည် လူ့​သမိုင်း​တွင် ထူးခြားသော​ကာလ အဘယ်ကြောင့်​ဖြစ်​ရသနည်း။

၁၇ သင်သည် လူ့​သမိုင်း​၏ ထူးခြားသော​ကာလ​တွင် အသက်ရှင်နေ​ရ၏။ ဘုရားသခင်​ထံ​မှ ကင်းကွာ​လျက်​ရှိသည့် ဤ​လောက​အလယ်တွင် သတင်းကောင်းကို နောက်​တစ်ဖန် ဟောပြော​လိမ့်​မည်​မဟုတ်​ချေ။ ထိုသို့​သော​လောကတွင် နောဧ​အသက်ရှင်ခဲ့​ပြီး ယင်း​လောက ကွယ်ပျောက်​သွား​သည်ကို သူ​တွေ့ မြင်ခဲ့​ရ၏။ ဘုရားသခင့်​အလိုတော်အတိုင်း သင်္ဘော​ဆောက်​လိုက်၍ မိမိ​နှင့် မိမိ၏​မိသားစု ကပ်ကျော်​ခဲ့​သည့်​အတွက် သူ​အလွန် ဝမ်းသာ​လိုက်​မည်​ဖြစ်​ခြင်း။ (ဟေဗြဲ ၁၁:၇) အသင်​လည်း ထို​အတိုင်း​ပင် ရွှင်လန်း​နိုင်​ပါ​သည်။ ဤ​နောက်ဆုံး​ကာလ​တွင် သင်​ပြုလုပ်​ခဲ့​ရာ​တို့ကို ကမ္ဘာသစ်​ရောက်​သည့်​အခါ ပြန်​စဉ်းစားမိ​လျှင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​အတွက် သင်​အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရှိပြီး ပီတိ​ဖြစ်ပါ​လိမ့်​မည်။

၁၈။ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို အဘယ်​သို့​အာမခံ​၍ အားပေး​တော်​မူ​သနည်း။

၁၈ သို့​ဖြစ်၍ ဘုရားသခင့်​ဘုန်းတော်​ကို ဆက်​ရောင်ပြန်ဟပ်​ကြ​စို့။ ထိုသို့ ကျွန်ုပ်​တို့​ပြုလုပ်​ကြ​ခြင်း​သည် ထာဝစဉ် အမှတ်ရ​စ​ရာ ဖြစ်​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့​အလုပ်ကို ယေဟောဝါ​လည်း မေ့ပျောက်​မည်​မဟုတ်ပါ။ သမ္မာကျမ်းစာ​က ဤသို့​အားပေးထား​၏– “သင်တို့သည် သန့်ရှင်းသူ​တို့ကို အထက်​က လုပ်ကျွေး​သည်​သာမက၊ ယခု​ပင် လုပ်ကျွေး​ခြင်း​အမှုကို​လည်းကောင်း၊ ထိုသို့​ပြုသော​အားဖြင့် နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း၊ ဘုရားသခင်​သည် မေ့လျော့​သည်​တိုင်အောင် အဓမ္မအမှု​ကို ပြု​တော်​မူ​သည်မဟုတ်။ သင်တို့​ရှိသမျှသည် ပျင်းရိခြင်း​နှင့်​ကင်းလွတ်​၍၊ ယုံကြည်ခြင်း​နှင့် သည်းခံခြင်း​အားဖြင့် ကတိတော်​တို့ကို အမွေခံ​ရသော​သူတို့​နည်းတူ ကျင့်​နိုင်​မည်​အကြောင်း ထိုသို့​သော​လုံ့လ​ဝီရိယ​ကို​ထုတ်​၍ အဆုံးတိုင်အောင် ယုံမှား​ခြင်း​နှင့်​ကင်း​သော မျှော်လင့်ခြင်း​နှင့် ပြည့်စုံစေခြင်း​ငှာ ငါ​တို့သည်​အလိုရှိ​ကြ​၏။”—ဟေဗြဲ ၆:၁၀-၁၂

သင်​ရှင်းပြ​နိုင်​သလော

• ခရစ်ယာန်​များသည် ဘုရားသခင့်​ဘုန်းတော်​ကို မည်သို့​ရောင်ပြန်ဟပ်​ကြ​သနည်း။

• ဘုရားသခင့်​လူမျိုး မ​ဟော​မပြော​ရန် စာတန်​ကြိုးစား​အသုံးပြုသည့် နည်း​ဗျူဟာ​အချို့​ကား အဘယ်နည်း။

• ကျွန်ုပ်​တို့​အပေါ် ဘုရားသခင့်​ဝိညာဉ်​တော်​ရှိကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မောရှေ၏​မျက်နှာ​အရေ ထွန်း​ပ​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် အမှုတော်​ဆောင်ခြင်း​တွင် ဘုရားသခင့်​ဘုန်းတော်​ကို ရောင်ပြန်ဟပ်​ကြ