မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သူတို့ ချက်ချင်း လွတ်မြောက်နိုင်ကြ”

“သူတို့ ချက်ချင်း လွတ်မြောက်နိုင်ကြ”

“သူတို့ ချက်ချင်း လွတ်မြောက်​နိုင်​ကြ”

ပြင်သစ်​သမ္မတဟောင်း ချားလ်စ် ဒီ ဂေါလ်​၏​တူမ ယော​န်ဗီယက်ဖ် ဒီ ဂေါလ်​သည် ဂျာမနီ​မြောက်ပိုင်း၊ ရာ​ဗန်စ်​ဘ​ရု​ခ်​မြို့ရှိ နာဇီ​ချွေး​တပ်​စခန်း​တွင် ယေဟောဝါသက်သေ​များနှင့် သိကျွမ်း​ခဲ့​သည်။ ၁၉၄၅၊ ဩဂုတ်​လ​၌ သူ​ရေးသားခဲ့​သော​စာ​တွင် အထက်ပါ​စကား​များ ပါရှိ​၏။

၁၉၄၅၊ ဇန်နဝါရီ ၂၇ ရက်​နေ့တွင် ပိုလန်​နိုင်ငံ၊ အော့ဇ်​ဝ​စ်​ချွေး​တပ်​စခန်း​ရှိ အကျဉ်းသား​အားလုံး​ကို လွှတ်​ပေး​လိုက်​သည်။ ဟစ်တလာ​အုပ်ချုပ်မှု​အောက် ဖိနှိပ်ခံ​ရသူ​များ​အတွက် ထို​ရက်စွဲ​သည် ၁၉၉၆ ခုနှစ်​ကတည်းက ဂျာမနီ​နိုင်ငံ​တွင် အထိမ်းအမှတ်​နေ့​ဖြစ်​ခဲ့​၏။

၂၀၀၃၊ ဇန်နဝါရီ ၂၇ ရက်​နေ့ အစိုးရ​မိန့်ခွန်း​တွင် ဘာ​ဒဲန် ဗာဒန်ဘာခ်​ပြည်နယ်​၏ ပါလီမန်​ဥက္ကဋ္ဌ ပီတာ ရှာ​ဒရော့ဘ်​က ဤသို့​ပြောကြား​ခဲ့​သည်– “ဘာသာရေး သို့​မဟုတ် နိုင်ငံရေး​ယုံကြည်ချက်​ကြောင့် ညှဉ်းပန်း​နှိပ်စက်​ခံရ​သူများ​နှင့် ဟစ်တလာ​ကို​လက်အောက်ခံ​မည့်​အစား အသေခံဖို့ အသင့်ရှိ​သူများ​သည် အလွန်​လေးစားထိုက်​သူများ​ဖြစ်​ကြ​၏၊ ဤ​လေးစားမှုကို စကား​အားဖြင့် ဖော်ပြ​၍​မရနိုင်​ချေ။ ယေဟောဝါသက်သေ​များသည် ဟစ်တလာ​အစိုးရ​၏​တောင်းဆိုချက်​များ​ကို လုံးဝ​ငြင်းပယ်​သည့် တစ်ခု​တည်း​သော ဘာသာရေး​အဖွဲ့​ဖြစ်၏၊ သူတို့သည် ဟစ်တလာ​ကို အလေး​မပြု​ခဲ့​ကြ​ချေ။ . . . သစ္စာ​မခံကြ​ချေ။ သူတို့က​လေး​များသည်​လည်း . . . လူငယ်​လှုပ်ရှားမှု​အဖွဲ့​တွင် မပါဝင်​ခဲ့​ကြ​ချေ။”

ယေရှု​ခရစ်​သည် မိမိ၏​နောက်လိုက်​များ​အကြောင်း ဤသို့​မိန့်ဆိုခဲ့​၏– “အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​ကြ​ပါ။” (ယောဟန် ၁၇:၁၆) ထို့​ကြောင့် ယေဟောဝါသက်သေ​များ​၏​ရပ်တည်မှု​သည် ဘာသာရေး​သက်​သက်​မျှ​သာ​ဖြစ်၏။ ရှာ​ဒရော့ဘ်​က ဤသို့​ဆက်ဆို​သည်– “ချွေး​တပ်​စခန်း​အကျဉ်းသား​များ​အဖြစ် ခရမ်းရောင်​တြိဂံ​တံဆိပ် တပ်ဆင်​ထား​ကြ​ရသော ယေဟောဝါသက်သေ​များသည်​သာ ရက်ရက်စက်စက် အသတ်ခံရ​ခြင်း​မှ ကင်းလွတ်ခွင့်​ရနိုင်​ကြ​မည်။ သူတို့၏​ယုံကြည်ခြင်းကို​စွန့်​ပါ​မည်​ဟု လက်မှတ်ထိုး​ရုံ​မျှ​ဖြင့် လွတ်မြောက်​နိုင်​ကြ​၏။”

သက်သေခံ​အများစု​အတွက် ယုံကြည်ခြင်းကို​စွန့်​ခြင်း​သည် စိတ်ကူး​၍​ပင်မ​ရနိုင်​ချေ။ သို့​ဖြစ်၍ သက်သေခံ ၁,၂၀၀ ခန့်​သည် နာဇီ​အုပ်ချုပ်ချိန်​အတွင်း သေဆုံး​ခဲ့​ရ​ရှာ​သည်။ သက်သေခံ​နှစ်​ရာ့​ခု​နစ်​ဆယ်​သည် စစ်​မ​တိုက်​လို​သူများ​အဖြစ် ကွပ်မျက်​ခံ​ခဲ့​ရ၏။ သူတို့သည် “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏” ဟူသော​အချက်​ကို အပြော​ဖြင့်​သာ လိုက်နာ​ခဲ့​ကြ​ခြင်း​မဟုတ်ပေ။—တမန်​တော် ၅:၂၉

မြောက်ပိုင်း ရိုင်-ဗီစ်ဖာလီ​ရာပြည်​နယ် ပါလီမန်​ဥက္ကဋ္ဌ ဥရ​စ် ရှာ​မ​စ်ဒ် ဖော်ပြ​သည့်​အတိုင်း ယေဟောဝါသက်သေ​များသည် သာမန်​လူများ​သာ​ဖြစ်​ကြ​၏။ သူ၏​မိန့်ခွန်း​ကို​ရည်ညွှန်း​၍ လ​န်​ဒါ​ခ် အီတဲနာ​ဘရိုရှာ​က ယေဟောဝါသက်သေ​များသည် “သူတို့၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​အတိုင်း ဘာသာရေး​ယုံကြည်ချက်များ​ကို အခိုင်အမာ​စွဲကိုင်​ထား​ကြ​ပြီး ခရစ်ယာန်​ခံယူ​ချက်​ကြောင့် နာဇီ​အတွေးအခေါ်ကို ဆန့်ကျင်​ရဲ​ကြ​သည့် သာမန်​လူများ” ဖြစ်​ကြောင်း ဖော်ပြ​သည်။ ခက်ခဲ​သော​အခြေအနေ​များ​တွင် ယေဟောဝါ​ဘုရားသခင်​အပေါ် သစ္စာစောင့်သိ​သူများ​ကြောင့် ကိုယ်တော် အားရ​ရွှင်လန်း​တော်​မူ​မည်​ကို ကျွန်ုပ်​တို့ တပ်အပ်ပြော​နိုင်​ပါ​သည်။ နယပုံပြင် ၂၇:၁၁ တွင်​ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “ငါ့​သား ပညာရှိ​လော့။ ကဲ့ရဲ့​သော​သူ၏​စကား​ကို ငါ​ချေ​နိုင်အောင် ငါ့​စိတ်​ကို ရွှင်လန်း​စေ​လော့။”

[Picture Credit Line on page 30]

Courtesy of United States Holocaust Memorial Museum