‘သေခြင်းသည် ထာဝစဉ်နစ်မြုပ်ပြီ’
‘သေခြင်းသည် ထာဝစဉ်နစ်မြုပ်ပြီ’
သတင်းစာတစ်စောင်တွင် မိမိကိုယ်ကိုသတ်သေခဲ့သော သူငယ်မလေးအကြောင်း ဖတ်ရမည့်အစား အထက်ပါခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖတ်ရသည်ဆိုကြပါစို့။ အဘယ်သတင်းစာမျှ ထိုသို့ မဖော်ပြနိုင်ခဲ့ဖူးသည်မှာ မှန်ပါသည်။ သို့သော် နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သော သမ္မာကျမ်းစာတွင် အထက်ပါစကားများပါရှိသည်။
သမ္မာကျမ်းစာတွင် သေခြင်းတရားအကြောင်း ပီပီပြင်ပြင် ရှင်းပြထား၏။ ထိုတွင် ကျွန်ုပ်တို့သေရသည့်အကြောင်းကိုသာမက လူသေတို့၏အခြေအနေကို ရှင်းပြသည့်အပြင် ချစ်ရသော သေလွန်သူများအတွက် မျှော်လင့်ချက်ကိုပါ ဖော်ပြထားသည်။ အဆုံးတွင် ‘သေခြင်းသည် ထာဝစဉ်နစ်မြုပ်ပြီ’ ဟုဆိုနိုင်မည့် အလွန်အရေးပါသောအချိန်တစ်ချိန်အကြောင်း ဖော်ပြထားသည်။—၁ ကောရိန္သု ၁၅:၅၄။
သမ္မာကျမ်းစာသည် သေခြင်းအကြောင်းကို နားလည်ရခက်သောအသုံးအနှုန်းများဖြင့်မဟုတ်ဘဲ ကျွန်ုပ်တို့ရင်းနှီးကျွမ်းဝင်သောစကားများဖြင့် ရှင်းပြသည်။ သာဓကအနေနှင့် သေခြင်းသည် ‘အိပ်ပျော်နေခြင်း’ နှင့်တူကြောင်း၊ လူသေများသည် ‘သေခြင်း၌အိပ်ပျော်နေ’ ကြောင်း အကြိမ်ကြိမ်ဖော်ပြသည်။ (ဆာလံ ၁၃:၃; ၁ သက်သာလောနိတ် ၄:၁၃; ယောဟန် ၁၁:၁၁-၁၄) သေခြင်းကို “ရန်သူ” တစ်ပါးအဖြစ်လည်း ဖော်ပြထား၏။ (၁ ကောရိန္သု ၁၅:၂၆) ထိုထက်အရေးကြီးသည်မှာ သေခြင်းသည် အိပ်ပျော်ခြင်းနှင့် အဘယ်ကြောင့်တူသည်၊ လူတို့အဘယ်ကြောင့်သေဆုံးရသည်၊ ဤရန်သူကြီးကို နောက်ဆုံး မည်သို့အောင်ပွဲခံမည့်အကြောင်း သမ္မာကျမ်းစာက သိနားလည်စေသည်။
အဘယ်ကြောင့်သေရသနည်း
သမ္မာကျမ်းစာ၏ပထမစာစောင်က ဘုရားသခင်သည် ပထမလူသားအာဒံကိုဖန်ဆင်းပြီး ပရဒိသုစံအိမ်တွင် သူ့ကိုနေရာချခဲ့ပုံအကြောင်း ပြောပြသည်။ (ကမ္ဘာဦး ၂:၇၊ ၁၅) အာဒံဖန်ဆင်းခံရချိန်တွင် အလုပ်တာဝန်တစ်ခုနှင့်အတူ တင်းကျပ်သောတားမြစ်ချက်တစ်ခုကို ရရှိခဲ့သည်။ ဧဒင်ဥယျာဉ်ထဲမှ အပင်တစ်ပင်နှင့်ပတ်သက်၍ သူ့ကို ဘုရားသခင်ဤသို့မိန့်မှာခဲ့သည်– “ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” * (ကမ္ဘာဦး ၂:၁၇) ထို့ကြောင့် သေခြင်းသည် မရှောင်လွှဲနိုင်ရာမဟုတ်ကြောင်း အာဒံနားလည်ခဲ့သည်။ ဘုရားသခင့်ပညတ်ကိုချိုးဖောက်ခြင်း၏ တိုက်ရိုက်အကျိုးဆက်မှာ သေခြင်းဖြစ်သည်။
ဝမ်းနည်းစရာမှာ အာဒံနှင့် သူ၏ဇနီးဧဝတို့ မနာခံခဲ့ကြခြင်းဖြစ်သည်။ ဖန်ဆင်းရှင်၏အလိုတော်ကို လျစ်လျူရှုဖို့ရွေးချယ်ကြသဖြင့် အကျိုးဆက်များကိုခံစားခဲ့ကြရသည်။ အပြစ်၏အကျိုးဆက်များကို ဖော်ပြရာတွင် ဘုရားသခင်က “သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၉) ထိုအခါ သူတို့သည် အကြီးအကျယ်ချွတ်ယွင်းသော မစုံလင်သူများဖြစ်လာကြ၏။ သူတို့၏မစုံလင်မှု သို့မဟုတ် အပြစ်ရှိသောအခြေအနေကြောင့် သူတို့သေရခြင်းဖြစ်သည်။
ဤချွတ်ယွင်းမှုဖြစ်သည့် အပြစ်ကို အာဒံနှင့်ဧဝတို့၏သားမြေးများဖြစ်သော လူသားမျိုးနွယ်တစ်ရပ်လုံး အမွေခံခဲ့ကြရသည်။ တစ်နည်းအားဖြင့် မျိုးရိုးလိုက်သောရောဂါကဲ့သို့ဖြစ်သည်။ အာဒံသည် မသေဘဲ အသက်ရှင်ရသည့်အခွင့်ကို ဆုံးရှုံးခဲ့ရုံမက မစုံလင်မှုကို သူ၏သားမြေးများထံ လက်ဆင့်ကမ်းပေးခဲ့သည်။ ထိုအခါ လူ့မိသားစုသည် အပြစ်၏ဓားစာခံများ ဖြစ်ခဲ့ကြ၏။ ယင်းကြောင့် သမ္မာကျမ်းစာက “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟုဆိုခြင်းဖြစ်သည်။—ရောမ ၅:၁၂။
“အပြစ်တရားသည် . . . ဤလောကသို့ဝင်”
ဤမျိုးရိုးလိုက်သော ချွတ်ယွင်းချက် သို့မဟုတ် အပြစ်ကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်၍မမြင်နိုင်ပေ။ “အပြစ်” ဟူသည် ကျွန်ုပ်တို့၏ကနဦးမိဘများထံမှ အမွေဆက်ခံထားသော ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးယိုယွင်းပျက်ပြားမှုကိုဆိုလိုပြီး မြင်တွေ့နိုင်သောအကျိုးဆက်များရှိ၏။ သို့သော် ဖြေရှင်းနည်းတစ်ခုကို ဘုရားသခင်ပြင်ဆင်ပေးခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆:၂၃) ကောရိန္သုမြို့သားများထံရေးသော သူ၏ ပထမစာတွင် သူ့အတွက် အလွန်အဓိပ္ပာယ်ရှိသော ဤအာမခံချက်ကို ပေါလုထည့်ရေးခဲ့သည်– “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့။”—၁ ကောရိန္သု ၁၅:၂၂။
အပြစ်နှင့်သေခြင်းကို ဖယ်ရှားပစ်ရာတွင် ယေရှုခရစ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်မှာ ထင်ရှားသည်။ ကိုယ်တော်သည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” မြေကြီးသို့ကြွလာ၏ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၂၀:၂၈) သတ်မှတ်ထားသောငွေကိုပေးမှသာ ဓားစာခံလွတ်မြောက်နိုင်မည့် ပြန်ပေးဆွဲမှုနှင့် ထိုအခြေအနေကို နှိုင်းယှဉ်ကြည့်နိုင်သည်။ ဤအခြေအနေတွင် အပြစ်နှင့်သေခြင်းမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေနိုင်မည့် ရွေးဖိုးမှာ ယေရှု၏စုံလင်သော လူ့အသက်ဖြစ်သည်။ *—တမန်တော် ၁၀:၃၉-၄၃။
ဘုရားသခင်သည် ရွေးနုတ်ဖိုးပြင်ဆင်ပေးရန် မြေကြီးပေါ်သို့ ယေရှုအားစေလွှတ်ပြီး သူ၏အသက်ကို ပူဇော်စေခဲ့သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် . . . ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) သို့သော် ခရစ်တော်သည် ပူဇော်ရာယဇ်အဖြစ် မသေဆုံးမီ ‘အမှန်တရားဘက်၌ သက်သေခံ’ ခဲ့သည်။ (ယောဟန် ၁၈:၃၇) ကိုယ်တော်ဓမ္မအမှုဆောင်ချိန်အတွင်း သေခြင်းနှင့်ပတ်သက်သော အဖြစ်မှန်အချို့ကို အခွင့်ကောင်းယူပြီး ဖော်ပြခဲ့သည်။
‘သူငယ်မ အိပ်ပျော်နေသည်’
ယေရှုမြေကြီးပေါ်ရှိစဉ် သေခြင်းအကြောင်း ကောင်းစွာသိခဲ့၏။ မိမိဝန်းကျင်ရှိလူတို့ ဆုံးပါးသွားသည့်အတွက် ဝမ်းနည်းပူဆွေးခဲ့ဖူးသည့်အပြင် မိမိကိုယ်တိုင် စောစောသေဆုံးရမည်ဖြစ်ကြောင်း ကိုယ်တော်ကောင်းစွာသိထားသည်။ (မဿဲ ၁၇:၂၂၊ ၂၃) ကြည့်ရသည်မှာ၊ ယေရှုအသတ်မခံရမီ လအနည်းငယ်တွင် ကိုယ်တော်၏ရင်းနှီးသောမိတ်ဆွေ လာဇရုသေဆုံးသွားခဲ့သည်။ ၎င်းဖြစ်ရပ်က သေခြင်းကို ယေရှုမည်သို့ရှုမြင်ကြောင်း ထိုးထွင်းသိမြင်စေပါသည်။
လာဇရုသေဆုံးပြီဖြစ်ကြောင်း ယေရှုသိသောအခါ “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်” ဟုဆို၏။ တပည့်များက လာဇရုသည် အိပ်ပျော်နေလျှင် သက်သာရာရလိမ့်မည်ဟု ယူမှတ်ကြ၏။ ထို့ကြောင့် ယေရှုက “လာဇရုသေပြီ” ဟုရှင်းရှင်းမိန့်တော်မူသည်။ (ယောဟန် ၁၁:၁၁-၁၄) ရှင်းနေသည်မှာ၊ သေခြင်းသည် အိပ်ပျော်ခြင်းနှင့်အတူတူဟု ယေရှုသဘောပေါက်ထားသည်။ သေခြင်းကို ကျွန်ုပ်တို့ သဘောပေါက်ဖို့ခက်မည်ဖြစ်သော်လည်း အိပ်ပျော်ခြင်းကို ကျွန်ုပ်တို့နားလည်နိုင်ကြသည်။ ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်တွင် ကျွန်ုပ်တို့သည် ယာယီအားဖြင့် အဘယ်အရာကိုမျှမသိဖြစ်နေရာ အချိန်ကုန်လွန်သွားသည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ဝန်းကျင်တွင် အဘယ်အရာဖြစ်ပျက်နေသည်ကိုလည်းကောင်း မသိကြချေ။ လူသေတို့၏အခြေအနေကို သမ္မာကျမ်းစာက ဤအတိုင်းပင် ရှင်းပြထားသည်။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟု ဒေ. ၉:၅ ကဆိုသည်။
လူတို့သည် ဘုရားသခင့်တန်ခိုးတော်အားဖြင့် သေခြင်းမှ ပြန်လည်နိုးထလာနိုင်သောကြောင့် ယေရှုသည် သေခြင်းကို အိပ်ခြင်းနှင့်နှိုင်းယှဉ်ခဲ့သည်။ တစ်ကြိမ်တွင် သမီးလေးသေဆုံးပြီးခါစဖြစ်၍ အလွန်စိတ်ချောက်ချားနေသော မိသားစုတစ်စုထံ ယေရှုလည်ပတ်ခဲ့သည်။ ယေရှုက “သူငယ်မ သေသည်မဟုတ်၊ အိပ်ပျော်နေသည်” ဟုဆို၏။ ထို့နောက် ကိုယ်တော်သည် သူငယ်မအနားသွားပြီး သူ၏လက်ကိုကိုင်သောအခါ သူငယ်မ “ထလေ၏။” တစ်နည်းအားဖြင့် သူသည် သေခြင်းမှထမြောက်ခဲ့သည်။—မဿဲ ၉:၂၄၊ ၂၅၊ သမ္မာ။
ယေရှုသည် သူ၏မိတ်ဆွေလာဇရုကို သေခြင်းမှ ထိုနည်းတူ ထမြောက်စေခဲ့သည်။ သို့သော် ထိုအံ့ဖွယ်အမှုကိုမပြုမီ လာဇရု၏အစ်မ မာသအား ကိုယ်တော်က “သင်၏မောင်သည် ထမြောက်လိမ့်မည်” ဟုနှစ်သိမ့်ပေးခဲ့သည်။ မာသက “နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည်ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်” ဟု စိတ်ချလက်ချပြန်ပြောခဲ့သည်။ (ယောဟန် ၁၁:၂၃၊ ၂၄) ဘုရားသခင့်ကျေးကျွန်အားလုံး အနာဂတ်တစ်ချိန်ချိန်တွင် ရှင်ပြန်ထမြောက်လိမ့်မည်ကို သူမျှော်လင့်ကြောင်း ထင်ရှားသည်။
ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပာယ်အတိအကျကား အဘယ်နည်း။ “ရှင်ပြန်ထမြောက်ခြင်း” အတွက် ဂရိစကားလုံး (အနာစတာစစ်) သည် စာသားအရ “မတ်တတ်ရပ်ခြင်း” ဖြစ်သည်။ သေခြင်းမှထလာခြင်းဟု အဓိပ္ပာယ်ရ၏။ အချို့သူတို့အတွက် ယင်းသည် မယုံနိုင်စရာဖြစ်နိုင်သော်လည်း ကိုယ်တော်၏စကားသံကို လူသေများကြားမည့်အကြောင်း မိန့်တော်မူပြီးနောက် ယေရှုက “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၅:၂၈) မြေကြီးပေါ်ရှိစဉ် ယေရှုကိုယ်တော်တိုင်ပြုခဲ့သော ရှင်ပြန်ထမြောက်မှုများက ဘုရားသခင့်မှတ်ဉာဏ်ရှိ လူသေများသည် တာရှည် “အိပ်ပျော်” နေရာမှ ပြန်လည်နိုးထလာကြမည်ဟူသော ကျမ်းစာကတိကို ယုံကြည်စိတ်ချစေပါသည်။ ဗျာ. ၂၀:၁၃ ကဤသို့ပရောဖက်ပြုသည်– “သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကိုအပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံ [လူသားတို့၏ သာမန်သင်္ချိုင်း] သည်လည်း မိမိတို့၌ရှိသောလူသေတို့ကို အပ်ပေးကြ၏။”
ဤသေလွန်သူများသည် လာဇရုနည်းတူ ထမြောက်လာ၍ အိုမင်းပြီး တစ်ဖန်ပြန်သေဆုံးသွားဖို့သာ ထလာခြင်းလော။ ထိုသို့ ဘုရားသခင် ရည်ရွယ်တော်မမူပါ။ သမ္မာကျမ်းစာက “နောက်တစ်ဖန် သေဘေးမရှိ” တော့မည့်အချိန် ရောက်လာမည်ဟု အာမခံထားရာ မည်သူမျှ အို၍ သေရတော့မည်မဟုတ်ပေ။—ဗျာ. ၂၁:၄။
သေခြင်းသည် ရန်သူတစ်ပါးဖြစ်၏။ လူသားမျိုးနွယ်ကို ဝေဒနာများစွာခံစားစေသော ဖျားနာခြင်းနှင့် အိုမင်းခြင်းစသည့် အခြားရန်သူများလည်းရှိသည်။ ယင်းတို့အားလုံးကို နှိမ်နင်းပစ်ပြီး နောက်ဆုံးတွင် လူ့အကြီးမားဆုံးရန်သူကို ပြစ်ဒဏ်စီရင်မည်ဟု ဘုရားသခင်ကတိထားတော်မူသည်။ “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလတ္တံ့။”—၁ ကောရိန္သု ၁၅:၂၆။
ထိုကတိတော်ပြည့်စုံလာသောအခါ လူသားတို့သည် အပြစ်နှင့် သေခြင်းကင်းစင်သော စုံလင်သည့်အသက်ကို ရရှိကြပါလိမ့်မည်။ ဤအတောအတွင်း ကျွန်ုပ်တို့ချစ်ရသောသေလွန်သူများသည် အိပ်စက်အနားယူနေကြောင်း၊ ဘုရားသခင့်မှတ်ဉာဏ်၌ ရှိသူများဖြစ်လျှင် အချိန်တန်သော် ရှင်ပြန်ထမြောက်လာကြမည်ဖြစ်ကြောင်း သိထားရခြင်းဖြင့် နှစ်သိမ့်မှုရယူနိုင်၏။
သေခြင်းအကြောင်းနားလည်ထားခြင်းက ဘဝကိုအဓိပ္ပာယ်ရှိစေ
သေခြင်းနှင့် သေလွန်သူများအတွက် မျှော်လင့်ချက်အကြောင်း ကောင်းကောင်းသိနားလည်ထားခြင်းက ဘဝရှုမြင်ပုံကို ပြောင်းလဲစေနိုင်သည်။ ရှေ့ဆောင်းပါး၌ဖော်ပြထားသော အီယမ်းသည် အသက် ၂၀ ကျော်အရွယ်တွင် လူသေများနှင့်ပတ်သက်သော သမ္မာကျမ်းစာရှင်းပြချက်ကို သိရှိလာသည်။ သူဤသို့ပြောပြသည်– “ကျွန်တော့်အဖေ တစ်နေရာရာမှာရှိနေသလိုလို အမြဲခံစားခဲ့ရတယ်။ ဒါကြောင့် အဖေသေပြီး အိပ်ပျော်နေတယ်လို့ သိခါစမှာ ကျွန်တော်စိတ်ဓာတ်ကျခဲ့မိတယ်။” သို့သော် လူသေများကိုရှင်ပြန်ထမြောက်စေမည့် ဘုရားသခင့်ကတိတော်ကို အီယမ်းဖတ်ရှုရသောအခါ သူ့ဖခင်ကို ပြန်တွေ့နိုင်မည်ဟုသိရသောကြောင့် အလွန်ဝမ်းသာခဲ့သည်။ “အဲဒီနောက် ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် ငြိမ်သက်မှုခံစားရတယ်” ဟု သူပြန်ပြောပြသည်။ သေခြင်းအကြောင်း အမှန်အတိုင်းသိနားလည်ခြင်းက သူ့ကို စိတ်အေးစေပြီး စိတ်ငြိမ်သက်မှုရစေခဲ့သည်။
ရှေ့ဆောင်းပါး၌ဖော်ပြထားသော ဆိုးရွားသည့်ကားတိုက်မှုတွင် ကလိုက်ဖ်နှင့် ဘရဲန်ဒါတို့သည် ၂၁ နှစ်အရွယ် သားဖြစ်သူ စတီဗင်ကို ဆုံးရှုံးခဲ့ရသည်။ လူသေတို့နှင့်ပတ်သက်သော သမ္မာကျမ်းစာအဆိုကို သူတို့သိထားကြသော်လည်း ထိုရုတ်တရက်ဆုံးရှုံးမှုကြောင့် သူတို့ဝမ်းနည်းကြေကွဲနေကြဆဲဖြစ်၏။ အကြောင်းမှာ သေခြင်းသည် ရန်သူတစ်ပါးဖြစ်ပြီး ယင်းသည် နာကျင်မှုခံစားစေသည်။ သို့သော် လူသေတို့၏အခြေအနေနှင့်ပတ်သက်သော ကျမ်းစာအသိပညာက သူတို့၏ဝမ်းနည်းပူဆွေးမှုကို တဖြည်းဖြည်း လျော့နည်းစေခဲ့သည်။ ဘရဲန်ဒါဤသို့ပြောပြသည်– “သေခြင်းအကြောင်း ကျွန်မတို့နားလည်လာတဲ့အခါ ကျွန်မတို့ဘဝကို ပြန်အဖတ်ဆယ်ပြီး အသက်ဆက်နိုင်ခဲ့ကြတယ်။ စတီဗင် သေရာကနိုးထလာမယ့်အချိန်ကို ကျွန်မတို့ မစဉ်းစားမိတဲ့နေ့ မရှိသလောက်ပါပဲ။”
“အိုသေမင်း သင်၏လက်နက်သည် အဘယ်မှာရှိသနည်း”
လူသေတို့၏အခြေအနေကို သိနားလည်ထားခြင်းက ကျွန်ုပ်တို့၏ဘဝကို ဟန်ချက်ညီညီရှုမြင်စေနိုင်သည်မှာ ရှင်းပါသည်။ သေခြင်းသည် ပဟေဠိတစ်ခုဖြစ်စရာမလိုပါ။ ကျွန်ုပ်တို့အနီးတွင် မယောင်မလည်ရှိနေသော ဤရန်သူကို စိုးရွံ့ထိတ်လန့်ခြင်းမရှိဘဲ ဘဝကို ပျော်မွေ့နိုင်ပါသည်။ သေခြင်းသည် ကျွန်ုပ်တို့ကို ထာဝစဉ်အနိုင်ရမည်မဟုတ်ကြောင်း သိရှိထားခြင်းက “လူ့သက်တမ်း တိုလှသည်” ဟူသောယုံကြည်မှုဖြင့် ပျော်သလိုနေလိုစိတ်ကို ဖယ်ရှားပေးပါသည်။ ဘုရားသခင့်မှတ်ဉာဏ်၌ရှိသော ကျွန်ုပ်တို့ချစ်ရသည့် ကွယ်လွန်သူများသည် သေခြင်း၌အိပ်ပျော်နေ၍ ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်နေကြကြောင်း သိရှိရခြင်းက စိတ်သက်သာရာရစေပြီး အသက်ဆက်ရှင်လိုစိတ်ရှိစေသည်။
အသက်ပေးရှင် ယေဟောဝါဘုရားသခင်သည် သေခြင်းကို ထာဝစဉ်မြှုပ်နှံပစ်မည့်အချိန်ကို ကျွန်ုပ်တို့စိတ်ချလက်ချ စောင့်မျှော်နိုင်ကြပါသည်။ “အိုသေမင်း သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ အိုသေမင်း သင်၏လက်နက်သည် အဘယ်မှာရှိသနည်း” ဟု ကျွန်ုပ်တို့မေးနိုင်မည့်အခါ အမှန်ဝမ်းသာစရာကောင်းလိုက်မည်ဖြစ်ခြင်း!—၁ ကောရိန္သု ၁၅:၅၅၊ သမ္မာ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ဤကား သေခြင်းအကြောင်း ကျမ်းစာ၏ပထမဆုံးဖော်ပြချက်ဖြစ်သည်။
^ အပိုဒ်၊ 11 အာဒံသည် စုံလင်သောလူ့အသက်ကို ဆုံးရှုံးခဲ့သောကြောင့် ရွေးရန်အဖိုးမှာ စုံလင်သောလူ့အသက်ဖြစ်ရပေမည်။ အပြစ်သည် လူသားအားလုံးကို ညစ်ညူးစေသည်ဖြစ်ရာ မစုံလင်သူလူသားတစ်ယောက်မျှ ရွေးဖိုးမပေးနိုင်ချေ။ ယင်းကြောင့် ဘုရားသခင်သည် ထိုရည်ရွယ်ချက်ဖြင့် သားတော်ကို ကောင်းကင်မှစေလွှတ်ခဲ့ခြင်းဖြစ်သည်။ (ဆာလံ ၄၉:၇-၉) ဤအကြောင်းနှင့်ပတ်သက်၍ ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ထာဝရအသက်ရစေသော အသိပညာစာအုပ် အခန်း ၇ ကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အာဒံနှင့်ဧဝတို့၏မနာခံမှုကသေခြင်းကိုဖြစ်စေ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သေဆုံးသွားသောသူငယ်မ၏လက်ကို ယေရှုကိုင်သောအခါ သူသည် ထလေ၏
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မိမိတို့ချစ်မြတ်နိုးရသောသေလွန်သူများ လာဇရုနည်းတူသေခြင်းမှနိုးထလာမည့်အချိန်ကို စောင့်မျှော်နေသူများစွာရှိ