သေခြင်း၏ အဖျက်စွမ်းအား
သေခြင်း၏ အဖျက်စွမ်းအား
“ခြောက်နှစ်သမီး မိမိကိုယ်ကိုသတ်သေ။” ထိတ်လန့်တုန်လှုပ်ဖွယ် ဤသတင်းခေါင်းစီးက ဂျက်ကီဟူသော မိန်းမငယ်လေး၏ ကြေကွဲဖွယ်သေဆုံးမှုအကြောင်း ဖော်ပြသည်။ မကြာသေးမီက သူ့မိခင်မှာ ရောဂါကျွမ်းပြီး သေဆုံးသွားခဲ့သည်။ ခုတ်မောင်းလာနေသော ရထားတစ်စီးရှေ့ ဝင်မရပ်မီ ဂျက်ကီက သူသည် ‘ကောင်းကင်တမန်တစ်ပါးဖြစ်လာပြီး မိခင်နှင့်အတူရှိ’ နေချင်သည်ဟု သူ၏မွေးချင်းများအား ပြောခဲ့သည်။
၁၈ နှစ်အရွယ် အီယမ်းသည် မိမိ၏ဖခင် အဘယ်ကြောင့်ကင်ဆာရောဂါဖြင့် သေဆုံးရကြောင်းရှင်းပြဖို့ ခရစ်ယာန်ဘုန်းကြီးအား တောင်းပန်ခဲ့သည်။ ခရစ်ယာန်ဘုန်းကြီးက အီယမ်း၏ဖခင်သည် လူကောင်းတစ်ဦးဖြစ်၍ ဘုရားသခင်က ကောင်းကင်၌ခေါ်ထားလိုသောကြောင့်ဟုဆို၏။ ထိုရှင်းပြချက်ကိုကြားပြီးနောက် အီယမ်းသည် ဤမျှရက်စက်သောဘုရားသခင်ကို သိလိုစိတ်မရှိတော့ချေ။ ဘဝသည် အလွန်အဓိပ္ပာယ်မဲ့နေပုံပေါက်သဖြင့် အီယမ်းသည် ပျော်သလိုနေရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အရက်၊ မူးယစ်ဆေးများနှင့် အကျင့်ယိုယွင်းခြင်းတို့ဘက် ဦးလှည့်လေသည်။ သူ့ဘဝမှာ အထိန်းအကွပ်မဲ့ ဖြစ်ချင်တိုင်းဖြစ်နေခဲ့သည်။
“အသက်ရှင်သောသူတို့သည်မိမိတို့သေရမည်ကိုသိရကြ၏”
စိတ်ထိခိုက်စရာ ဤအဖြစ်အပျက်နှစ်ခုက သေခြင်းတရားသည် လူ့ဘဝကို လုံးလုံးပျက်စီးစေနိုင်ကြောင်း ဖော်ပြသည်၊ အထူးသဖြင့် ရုတ်တရက်သေဆုံးလျှင်ဖြစ်သည်။ “အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကိုသိရကြ၏” ဟူသော သမ္မာကျမ်းစာဖော်ပြချက်ကို လူတိုင်းသိရှိနေသည်မှာ မငြင်းသာပေ။ (ဒေ. ၉:၅၊ သမ္မာ) သို့သော် လူအများက ရက်စက်သောထိုအဖြစ်မှန်ကို မသိကျိုးကျွန်ပြုလိုကြ၏။ အသင်ကော မည်သို့နည်း။ အသက်ရှင်စဉ်တွင် အချိန်ပေးစရာ၊ အာရုံစိုက်စရာလုပ်ငန်း များလွန်းသဖြင့် အလှမ်းဝေးသေးပုံရသည့် သေရမည့်အလားအလာကို ကျွန်ုပ်တို့မစဉ်းစားဘဲနေပေမည်။
“လူအများစုသည် သေခြင်းတရားကို ကြောက်ရွံ့သဖြင့် ထိုအကြောင်း မစဉ်းစားမိအောင် ကြိုးစားကြသည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆို၏။ သို့သော် ပြင်းထန်သောမတော်တဆမှုတစ်ခု သို့မဟုတ် အသက်အန္တရာယ်ရှိသောရောဂါတစ်ခုက ကျွန်ုပ်တို့ကို သေခြင်းတရား၏အဖြစ်မှန်နှင့် ထိပ်တိုက်တိုးစေနိုင်သည်။ သို့တည်းမဟုတ် ဆွေမျိုးမိတ်သင်္ဂဟတစ်ဦး၏အသုဘက လူသားအားလုံးကို အသင့်စောင့်ကြိုနေသော ရက်စက်သည့်နိဂုံးကို သတိရစေနိုင်သည်။
သို့တိုင် အသုဘလိုက်ပို့သူများက “ငါတို့တော့ကျန်သေးတယ်” ဟု ပြောလေ့ရှိသည်။ ထိုအတိုင်း အမှန်ဖြစ်ပါသည်။ အမှန်အားဖြင့်၊ အချိန်ကုန်မြန်လွန်းသဖြင့် များမကြာမီ ဇရာအိုပြဿနာများ ဝင်လာလေတော့သည်။ ထိုအခါ သေခြင်းသည် အလှမ်းဝေးပုံ မပေါက်တော့ချေ။ အသုဘပို့စရာ အကြိမ်ပေါင်းများလာမည်၊ ရာသက်ပန်မိတ်ဆွေများစွာဆုံးရှုံး၍ ပူဆွေးမှုတိုးလာပေမည်။ သက်ကြီးရွယ်အိုများစွာက “ငါ့အလှည့်ဘယ်တော့ရောက်မလဲ” ဟု တွေးပူနေတော့မည်။
ပဟေဠိကြီး
မလွဲမသွေသေရမည့်အဖြစ်ကို မည်သူမျှမငြင်းကြသော်လည်း သေပြီးနောက်အဘယ်အရာဖြစ်မည်နည်းဟူသောအချက်က လူအများအတွက် ပဟေဠိကြီးတစ်ခုဖြစ်နိုင်သည်။ ရှေ့နောက်မညီသော ရှင်းပြချက်မြောက်မြားစွာကြောင့် သံသယစိတ်ရှိသူက မသိနိုင်ရာကို အချေအတင်ဆွေးနွေးခြင်းသက်သက်ဖြစ်သည်ဟု ရှုမြင်နိုင်သည်။ လက်တွေ့အကျိုးမျှော်သူကမူ ဘဝတွင် ရနိုင်သမျှ ကောင်းနိုးရာရာများကို မွေ့လျော်ခံစားသင့်သည်ဟု ကောက်ချက်ချပေမည်။
သေခြင်းသည် အရာအားလုံး၏နိဂုံးမဖြစ်နိုင်ဟု ယူမှတ်သူများလည်း ရှိသေးသည်။ သို့သော် သေပြီးနောက် အဘယ်အရာဖြစ်သွားသည်ကို သဲသဲကွဲကွဲမသိကြချေ။ အချို့က ထာဝရသုခချမ်းသာဘုံတွင် ဘဝဆက်မည်ဟု ယူဆကြစဉ် အခြားသူများကမူ အနာဂတ်တစ်ချိန်ချိန်တွင် အခြားသူတစ်ဦးအဖြစ် ပြန်အသက်ရှင်လာလိမ့်မည်ဟု ထင်မှတ်ကြသည်။
ပူဆွေးကျန်ရစ်သောဆွေမျိုးများက “သေလွန်သူများ အဘယ်မှာရှိသနည်း” ဟု အမြဲလိုလိုမေးတတ်ကြသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ဘောလုံးအသင်းတစ်ခုသည် အားကစားပွဲတစ်ခုသို့အသွား သူတို့စီးလာသောမီနီဘတ်စ်ကို ကုန်တင်ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်ရာ မီနီဘတ်စ်မှာ လမ်းဘေးသို့ထိုးကျသွားသည်။ အသင်းသားငါးဦး သေဆုံးခဲ့သည်။ ထိုမတော်တဆမှုတွင် သားသေဆုံးချိန်မှစ၍ မိခင်တစ်ဦး၏ဘဝမှာ ကမောက်ကမဖြစ်သွားရသည်။ သူ၏သား အဘယ်နေရာရောက်နေသည့်ကိစ္စနှင့် နပန်းလုံးနေရရှာသည်။ သား၏အုတ်ဂူသို့ မှန်မှန်သွားပြီး နာရီပေါင်းများစွာ အသံထွက်စကားပြောတတ်သည်။ “သေပြီးတဲ့နောက် ဘာမှမရှိတော့ဘူးဆိုတာကို ကျွန်မမယုံနိုင်ဘူး၊ ဒါပေမဲ့ မသေချာဘူး” ဟုသူညည်းတွားသည်။
သေခြင်းတရားကို ကျွန်ုပ်တို့သဘောထားပုံသည် လောလောဆယ်ပင် ကျွန်ုပ်တို့ဘဝအပေါ် အကျိုးသက်ရောက်နိုင်သည်မှာ ထင်ရှားသည်။ သေဆုံးခြင်းအဖြစ်ဆိုးကို လူတို့တုံ့ပြန်ပုံကြောင့် မေးခွန်းများစွာပေါ်လာပါသည်။ အသင်ကိုယ်တိုင် မည်သို့တုံ့ပြန်မည်နည်း။ သေခြင်းတရားကို မေ့ထားပြီး အသက်ရှင်ရေးကိုသာ အာရုံစူးစိုက်နေသင့်သလော။ ခြိမ်းခြောက်နေသော သေခြင်းတရားကြောင့် ဘဝပျက်ရတော့မည်လော။ ပူဆွေးကျန်ရစ်သူသည် ချစ်မြတ်နိုးရသော သေလွန်သူ၏အခြေအနေကို တစိမ့်စိမ့်တွေးမြဲတွေးနေရတော့မည်လော။ သေခြင်းတရားသည် ပဟေဠိသာ အမြဲဖြစ်နေရမည်လော။