မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကသောင်းကနင်းနိုင်သော ဤကာလတွင် ဘုရားသခင်နှင့်အတူ သွားလာလော့

ကသောင်းကနင်းနိုင်သော ဤကာလတွင် ဘုရားသခင်နှင့်အတူ သွားလာလော့

ကသောင်းကနင်း​နိုင်သော ဤ​ကာလ​တွင် ဘုရားသခင်​နှင့်အတူ သွားလာ​လော့

“ဧနောက်​သည် ဘုရားသခင်​နှင့်အတူ သွားလာ​၏။ နောက်​တစ်ဖန် သူသည်​မရှိ။ အကြောင်း​မူ​ကား ဘုရားသခင် သိမ်းယူ​တော်​မူ​သောကြောင့်​တည်း။”—ကမ္ဘာဦး ၅:၂၄

၁။ ကျွန်ုပ်​တို့​ခေတ်တွင် ကပ်​ဆိုက်​နေသည့် အသွင်​အချို့​ကား အဘယ်နည်း။

ကသောင်းကနင်း​နိုင်သော​ကာလ။ ၁၉၁၄ ခုနှစ်​တွင် မေရှိယနိုင်ငံတော် တည်ထောင်​ပြီး​ကတည်းက လူ​တို့​တွေ့ကြုံ​ခဲ့​ရသည့် ဆူပူ​သောင်းကျန်း​သော​နှစ်များ​ကို အဆိုပါ​စကား​များ​က ဖော်ညွှန်း​လိုက်​၏။ လူတို့သည် ထို​အချိန်​ကတည်းက “နောက်ဆုံးသော​နေ့ရက်​များ” တွင်​အသက်​ရှင်​နေကြ​ရ၏။ အစာ​ခေါင်းပါး​ခြင်း၊ ကာလ​နာ​များပြားခြင်း၊ ငလျင်​လှုပ်ခြင်း​နှင့် စစ်​ဖြစ်​ခြင်း​အစ​ရှိသော ကပ်ဘေး​များသည် ဤမျှ​လောက် တစ်ခါ​မှ​မဆိုး​ဝါး​ခဲ့​ဖူး​ချေ။ (၂ တိမောသေ ၃:၁သ​မ; ဗျာ. ၆:၁-၈) ယေဟောဝါ​ကို ဝတ်ပြုသူ​အားလုံး​လည်း ခေတ်​ကာလ​၏​ဆင်းရဲ​ခက်ခဲ​မှုများ​နှင့် မရေရာ မသေချာမှု​များ​ကို အနည်း​နှင့်​အများ ကြုံတွေ့​နေကြ​ရ၏။ ၎င်း​တို့​တွင် စီးပွားရေး​ကျပ်တည်း​မှု၊ နိုင်ငံရေး​မငြိမ်သက်မှု၊ ရာဇဝတ်မှု​နှင့် ဖျားနာ​မှု​တို့​ပါဝင်​ပြီး ယင်း​တို့​က ဘဝကို​ဆင်းရဲ​ခက်ခဲ​စေ​သည်။

၂။ ယေဟောဝါ​ကျေးကျွန်​များသည် အဘယ်​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​နေရ​ကြ​သနည်း။

ထို့​ပြင် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို စွဲလမ်း​သော” ယေဟောဝါ​ကျေးကျွန်​များ​ကို စာတန်​တိုက်ခိုက်​နေရာ သူတို့သည် ပြင်းထန်သော​ညှဉ်းပန်း​နှိပ်စက်မှု တစ်မျိုး​ပြီး​တစ်မျိုး ခံ​နေရ​ရှာ​သည်။ (ဗျာ. ၁၂:၁၇) ကျွန်ုပ်​တို့သည် ညှဉ်းပန်း​နှိပ်စက်မှု​ကို တိုက်ရိုက်​မခံရ​သော်လည်း ခရစ်ယာန်စစ်​အားလုံး​သည် စာတန်​နှင့် လောက​စိတ်ဓာတ်​ကို တွန်းလှန်​နေရ​ကြ​၏။ (ဧဖက် ၆:၁၂) အလုပ်ခွင်​တွင်၊ ကျောင်းတွင်၊ အခြား​မည်သည့်​နေရာတွင်​မဆို စစ်မှန်သော​ဝတ်ပြုရေးကို စိတ်မဝင်စား​သူများ​နှင့် ကျွန်ုပ်​တို့ ပေါင်းသင်း​နေရ​ကြ​၍ ထို​စိတ်ဓာတ် လွှမ်းမိုး​မခံဖို့ အမြဲ​သတိရှိ​နေရ​မည်။

လောကသား​များနှင့်​မဟုတ်ဘဲ ဘုရားသခင်​နှင့်အတူ သွားလာ​လော့

၃၊ ၄။ ခရစ်ယာန်​များသည် လောကသား​များနှင့် မည်သို့​ကွာခြား​သနည်း။

ပထမ​ရာစု​မှ ခရစ်ယာန်​များသည်​လည်း ဤ​လောက​စိတ်ဓာတ်​ကို တွန်းလှန်​ခဲ့​ကြ​၍ ခရစ်ယာန်​အသင်းတော်​ပြင်ပ​ရှိသူ​များနှင့် လုံးဝ​ခြားနား​ခဲ့​၏။ “ထို​ကြောင့် ကြွင်း​သော​တစ်ပါး​အမျိုးသား​တို့သည် လျှပ်​ပေါ်သော​စိတ်​နှင့်​ကျင့်​သည်​နည်းတူ၊ သင်တို့သည် နောက်​တစ်ဖန် မကျင့်​မည်​အကြောင်း သခင်​ဘုရား​အခွင့်​နှင့် ငါ​မှာ​လိုက်​၏။ ထို​သူတို့သည် ဉာဏ်​အလင်းကွယ်​သည်​ဖြစ်၍ စိတ်နှလုံး​မိုက်မဲ​သော​အားဖြင့် အလျှင်း​မသိသော​ကြောင့် ဘုရားသခင်​၏​အသက်​နှင့် ကွာရှင်း​လျက်​ရှိကြ​၏။ ထို​သူတို့သည် ရှက်ကြောက်ခြင်း​မရှိ၊ တပ်မက်​ခြင်း​အလွန်​ပြင်း​သည်​နှင့် ညစ်ညူး​သော​အကျင့်​အမျိုးမျိုးကို ကြိုး​စား၍​ကျင့်​လို​သော​ငှာ မိမိတို့ကို ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​ကြ​၏” ဟူ၍ ပေါလု​ရေးသား​ပြီး ကွာခြား​ချက်​ကို ဖော်ပြ​သည်။—ဧဖက် ၄:၁၇-၁၉

ပေါလု​ခေတ်​နှင့်​ကျွန်ုပ်​တို့​ခေတ်တွင်​ပါ ဤ​လောကသည် ဝိညာဉ်​ရေး​အလင်းကွယ်​ပျောက်​နေပြီး ကိုယ်ကျင့်တရား ပျက်ပြား​နေကြောင်း အဆိုပါ​စကား​များ​က ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​လိုက်ခြင်း​ပင်။ ပထမ​ရာစု​မှာ​ကဲ့သို့ ယနေ့ ခရစ်ယာန်​များသည်​လည်း လောကသား​များ​ကဲ့သို့ မကျင့်​ကြ​ချေ။ ယင်းအစား၊ ဘုရားသခင်​နှင့်အတူ သွားလာ​ရသည့် အခွင့်ထူး​ကြီး​ကို သူတို့​ရရှိ​ထား​ကြသည်။ သို့သော် နိမ့်ကျ​ပြီး မစုံလင်သူ​များ ယေဟောဝါ​နှင့်အတူ သွားလာ​၏​ဟု​ဆို​ခြင်း​သည် ယုတ္တိတန်​သလော​ဟု လူ​အချို့ သိ​လို​ကြ​ပေမည်။ သမ္မာကျမ်းစာ​က​မူ သွားလာ​နိုင်​သည်​ဟု​ဆို​၏။ ယေဟောဝါ​က​လည်း ထိုသို့​သွားလာ​စေ​လို​၏။ ထို့​ကြောင့် ပရောဖက်​မိက္ခာ​က ‘တရား​သဖြင့်​ပြုခြင်း၊ ကရုဏာ​ကို​နှစ်သက်ခြင်း၊ သင်၏​ဘုရားသခင်​နှင့်အတူ စိတ်​နှိမ့်ချစွာ သွားလာခြင်း​မှတစ်ပါး အဘယ်အရာကို ထာဝရ​ဘုရားသခင် တောင်း​တော်​မူ​သနည်း’ ဟူ၍ ဘီ.စီ.အီး. ရှစ်ရာစု​တွင် ရေးသားခဲ့​သည်။—မိက္ခာ ၆:၈

ဘုရားသခင်​နှင့်အတူ မည်သို့​နှင့် အဘယ်ကြောင့် သွားလာ​ရ

၅။ မစုံလင်သူ​တစ်ဦး​သည် ဘုရားသခင်​နှင့်အတူ မည်သို့​သွားလာ​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် အတိုင်းအဆမဲ့​တန်ခိုးရှင်၊ မျက်မြင်မရ ဘုရားသခင်​နှင့်အတူ မည်သို့​သွားလာ​နိုင်​သနည်း။ လူ​လူ​ချင်း သွားလာ​ပုံ​နှင့် မတူ​သည်​မှာ ထင်ရှား​၏။ သမ္မာကျမ်းစာ​အရ “သွားလာခြင်း” ဟူသည် “ဘဝ​လမ်းစဉ်​အတိုင်း လျှောက်လှမ်းခြင်း” ဟု​အဓိပ္ပာယ်​ရနိုင်​သည်။ * ဘုရားသခင်​နှင့်အတူ သွားလာ​သူသည် ဘုရားသခင် ပြဋ္ဌာန်း​ထားသော၊ ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့သော ဘဝ​လမ်းစဉ်​အတိုင်း လျှောက်လှမ်းခြင်း​ဖြစ်သည်ဟု ကျွန်ုပ်​တို့ နားလည်​ရ​ပါ​သည်။ ဤ​လမ်းစဉ်​အတိုင်း လျှောက်လှမ်းခြင်း​သည် ကျွန်ုပ်​တို့ကို လောကသား​များနှင့် ကွဲပြား​ခြားနား​စေ​၏။ ယင်းသည် ခရစ်ယာန်​တစ်ဦး ရွေးချယ်​အပ်​သည့် တစ်ခု​တည်း​သော​လမ်းစဉ်​ဖြစ်၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​များစွာ​ရှိ၍​ဖြစ်သည်။

၆၊ ၇။ ဘုရားသခင်​နှင့်အတူ သွားလာခြင်း​သည် အဘယ်ကြောင့် အကောင်းဆုံး​လမ်းစဉ်​ဖြစ်သနည်း။

ဦးဆုံး​အနေ​နှင့် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်၊ အသက်​၏​ဇာစ်​မြစ်​ဖြစ်သည့်​အပြင် ကျွန်ုပ်​တို့ အသက်ဆက်​နိုင်​ရန် လိုအပ်ရာ​မှန်သမျှ ထောက်ပံ့​ပေးရှင်​လည်း​ဖြစ်​တော်​မူ​၏။ (ဗျာ. ၄:၁၁) ထို့​ကြောင့် ကိုယ်တော်​တစ်ပါး​တည်း​သာ ကျွန်ုပ်​တို့ မည်သို့​လျှောက်လှမ်း​ရမည်ကို မိန့်ဆို​ပိုင်ခွင့်​ရှိ၏။ ထို့​ပြင် ဘုရားသခင်​နှင့်​လျှောက်လှမ်းခြင်း​သည် အကောင်းဆုံး​လမ်းစဉ်​ဖြစ်၏။ ယေဟောဝါ​သည် မိမိ​နှင့်​လျှောက်လှမ်း​သူများကို အပြစ်လွှတ်​ပြီး စိတ်ချ​ရသော ထာဝရ​အသက်​မျှော်လင့်ချက်ကို ပေးသနား​တော်​မူ​သည်။ ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​သည် မိမိ​နှင့်အတူ လျှောက်လှမ်း​သူများ​အား ပညာရှိ​အကြံပြုချက်ကိုလည်း ပေးသနား​ထား​၏၊ သူတို့သည် မစုံလင်သူ​များ​ဖြစ်​ပြီး စာတန်​အုပ်ချုပ်​သော ဤ​လောကတွင် နေထိုင်ကြ​ရ​သော်လည်း ယခု​ဘဝကို ယင်း​အကြံပြုချက်​က အောင်မြင်​စေနိုင်​၏။ (ယောဟန် ၃:၁၆; ၂ တိမောသေ ၃:၁၅၊ ၁၆; ၁ ယောဟန် ၁:၈; ၂:၂၅; ၅:၁၉) ဘုရားသခင်​နှင့်အတူ သွားလာ​ရသည့်​အကြောင်း နောက်တစ်ခု​မှာ ထိုသို့​စိတ်လို​ကိုယ်​လျောက် ကျွန်ုပ်​တို့ လျှောက်လှမ်း​ကြ​လျှင် အသင်းတော်တွင် ငြိမ်သက်မှု​နှင့် စည်းလုံးမှု​ရှိစေ​၍​ဖြစ်သည်။—ကောလောသဲ ၃:၁၅၊ ၁၆

နောက်ဆုံး​နှင့် အရေးကြီးဆုံး​မှာ ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​သောအခါ ဧဒင်ဥယျာဉ်​တွင်​ဖြစ်ပေါ်​ခဲ့​သည့် ပိုင်သ​အုပ်စိုးမှု​နှင့်​ပတ်သက်​၍ အလွန်​အရေးကြီး​ကိစ္စ​တွင် ကျွန်ုပ်​တို့ မည်သည့်​ဘက်၌​ရှိကြောင်း ဖော်ပြ​၏။ (ကမ္ဘာဦး ၃:၁-၆) ယေဟောဝါ​ဘက်တွင် အပြည့်အဝ​ရှိကြောင်း ကျွန်ုပ်​တို့၏​ဘဝ​လမ်းစဉ်​က ဖော်ပြ​ပြီး ကိုယ်တော်​တစ်ပါး​တည်း​သာ​လျှင် ပိုင်သ​အုပ်စိုးရှင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ သတ္တိရှိရှိ ကြွေးကြော်​ကြသည်။ (ဆာလံ ၈၃:၁၈) သို့ဖြင့် ဘုရားသခင့်​နာမတော်​ကို ရိုသေ​လေးမြတ်​ပြီး ကိုယ်တော်​၏​အလိုတော် ပြည့်စုံ​ပါစေ​ဟူသော ဆုတောင်းချက်​နှင့်​အညီ ကျွန်ုပ်​တို့ လုပ်ဆောင်​ရာ​ကျ​မည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင်​နှင့်အတူ သွားလာ​လို​သူများ​သည် တကယ့်ကို ပညာရှိ​လိုက်​လေ​ခြင်း။ ယေဟောဝါ “တစ်ဆူတည်း​သာ​လျှင် ပညာ​နှင့်​ပြည့်စုံ​တော်​မူ” သောကြောင့် မိမိတို့ လမ်းမှန်​ပေါ် သွားလာ​နေသည်​ကို စိတ်ချ​နိုင်​ကြ​၏။ ကိုယ်တော်​သည် ဘယ်တော့​မျှ မမှား​နိုင်​ချေ။—ရောမ ၁၆:၂၇

၈။ ဧနောက်​နှင့်​နောဧ​တို့​ခေတ်​သည် ကျွန်ုပ်​တို့​ခေတ်​နှင့် မည်သို့​ဆင်တူ​သနည်း။

သို့သော် ဤမျှ​ကသောင်းကနင်း​နိုင်​ပြီး ယေဟောဝါ​အား လူအများစု မကိုးကွယ်​ကြ​သည့်​အချိန်တွင် ခရစ်ယာန်​ပီသ​စွာ မည်သို့​နေထိုင်​နိုင်​မည်​နည်း။ အလွန်​ဆင်းရဲ​ခက်ခဲ​သည့်​ကာလ​တွင် သမာဓိ​စောင့်ထိန်း​ခဲ့​ကြ​သည့် ရှေး​သစ္စာရှိ​သူများ​၏​ဘဝကို စဉ်းစား​သုံးသပ်ကြည့်​လျှင် အဖြေ​ရနိုင်​ပါ​သည်။ ထို​သူတို့​ထဲ​မှ နှစ်ဦး​မှာ ဧနောက်​နှင့် နောဧ​တို့​ဖြစ်သည်။ သူတို့​နှစ်ဦးစလုံး​သည် ကျွန်ုပ်​တို့​ခေတ်​နှင့် အလွန်​ဆင်တူ​သည့်​ခေတ်တွင် အသက်ရှင်ခဲ့​ကြ​၏။ ဆိုးသွမ်း​မိုက်မဲမှု​ကို နေရာအနှံ့​တွေ့ရ​၏။ နောဧ​ခေတ်တွင် မြေကြီး​သည် အကြမ်းဖက်မှု​နှင့် ကိုယ်ကျင့်တရား​ပျက်ပြားမှု​တို့​ဖြင့် ပြည့်နှက်​ခဲ့​သည်။ သို့​တိုင် ဧနောက်​နှင့် နောဧ​တို့သည် သူတို့​ခေတ်​၏ လောက စိတ်ဓာတ်​ကို တွန်းလှန်​ပြီး ယေဟောဝါ​နှင့်အတူ သွားလာ​ခဲ့​ကြသည်။ မည်သို့ တွန်းလှန်​နိုင်​ခဲ့​ကြ​သနည်း။ အဆိုပါ​မေးခွန်း​၏ အဖြေကို​ရရှိရန် ဤ​ဆောင်းပါး​တွင် ဧနောက်​၏​ပုံသက်သေ​ကို ဆွေးနွေး​ပြီး နောက်​ဆောင်းပါး​တွင် နောဧ​အကြောင်းကို သုံးသပ်ကြ​မည်။

ကသောင်းကနင်း​နိုင်သော​ကာလ​တွင် ဘုရားသခင်​နှင့်အတူ ဧနောက်​သွားလာ​ခဲ့

၉။ ဧနောက်​နှင့်​ပတ်သက်​၍ အဘယ်​အချက်အလက်​ရှိ​သနည်း။

ဘုရားသခင်​နှင့်အတူ သွားလာ​သူ​အဖြစ် သမ္မာကျမ်းစာ​တွင် ပထမ​ဆုံး​ဖော်ပြ​ခံရ​သူ​မှာ ဧနောက်​ဖြစ်သည်။ “မ​သု​ရှ​လ​ဖွားမြင်​သော​နောက် ဧနောက်​သည် . . . ဘုရားသခင်​နှင့်အတူ​သွားလာ” ၏​ဟူ၍ သမ္မာကျမ်းစာ​က​ဆို​သည်။ (ကမ္ဘာဦး ၅:၂၂) ထို့နောက် ဧနောက်​၏​သက်တမ်း​ကို​ဖော်ပြ​၏။ သူ၏​သက်တမ်း​သည် ကျွန်ုပ်​တို့၏​သက်တမ်း​ထက် ပို​ရှည်​သော်လည်း ထို​ခေတ်​အတွက် တို​သည်။ သူ၏​အသက်ကို​ဖော်ပြ​ပြီး​နောက် မှတ်တမ်းက “ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏။ နောက်​တစ်ဖန် သူသည်​မရှိ။ အကြောင်း​မူ​ကား ဘုရားသခင် သိမ်းယူ​တော်​မူ​သောကြောင့်​တည်း” ဟု​ဆို​၏။ (ကမ္ဘာဦး ၅:၂၄) အတိုက်အခံပြု​သူများ​က ဧနောက်​ကို မ​သတ်​မီ သူ့ကို ယေဟောဝါ သိမ်းယူ​သွား​သည်​မှာ ထင်ရှား​၏။ (ဟေဗြဲ ၁၁:၅၊ ၁၃) ဧနောက်​အကြောင်းကို အဆိုပါ​တိုတုတ်​သော​ကျမ်းပိုဒ်​များ​အပြင် သမ္မာကျမ်းစာ​တွင် အနည်း​အကျဉ်း​ဖော်ပြ​ထား​ရာ​များ​ရှိသည်။ မည်သို့​ပင်​ဆို​စေ၊ ဧနောက်​ခေတ်တွင် ကသောင်းကနင်း​နိုင်​ခဲ့​ကြောင်း ကျွန်ုပ်​တို့​တွင်​ရှိသည့် အချက်အလက်​နှင့် တခြား​ကိုးကားချက်​များ​မှ သိရှိ​ရ၏။

၁၀၊ ၁၁။ (က) အာဒံ​နှင့်​ဧဝ​တို့ ပုန်ကန်​ပြီး​နောက် ဖောက်ပြန်မှု​သည် မည်သို့​ပျံ့နှံ့​သွား​သနည်း။ (ခ) ဧနောက်​သည် အဘယ်​ပရောဖက်ပြုချက်​ကို ဟောခဲ့​သနည်း၊ လူ​တို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၀ ဥပမာ၊ အာဒံ​အပြစ်ပြု​ပြီး​နောက် လူ့​မျိုးနွယ်​တွင် ကိုယ်ကျင့်တရား​ပျက်ပြားမှု မည်သို့​တစ်မုဟုတ်ချင်း ပျံ့နှံ့​သွား​သည်ကို သုံးသပ်ကြည့်​ပါ။ အာဒံ​၏​သားဦး ကာဣန​သည် သူ၏​ညီ​အာဗေလ​ကို သတ်ခဲ့​ချိန်​တွင် ပထမ​ဆုံး​လူသတ်သမား​ဖြစ်လာ​၏။ (ကမ္ဘာဦး ၄:၈-၁၀) အာဗေလ​သည် အသေ​ဆိုး​နှင့်​သေ​ခဲ့​ရပြီး​နောက် အာဒံ​နှင့်​ဧဝ​တို့သည် ရှေ​သ​အမည်​ရှိ သား​နောက်​တစ်ဦး​ကို ဖွားမြင်​ခဲ့​သည်။ သူနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ဖတ်​ရသည်မှာ “ရှေ​သ​သည်လည်း သားကို​ရ​၍ ဧ​နုတ်​ဟူသော​အမည်​ဖြင့်​မှည့်​လေ​၏။ ထို​ကာလ​၌ ယေဟောဝါ​၏​နာမတော်​ကို ခေါ်​စ​ပြု​ကြ​လေ​သည်။” (ကမ္ဘာဦး ၄:၂၅၊ ၂၆က​ဘ) ဝမ်းနည်းစရာမှာ ထို​သူတို့သည် အယူဖောက်ပြန်​သော​နည်းဖြင့် “ယေဟောဝါ​၏​နာမတော်​ကို​ခေါ်” ကြ​ခြင်း​ဖြစ်သည်။ * ဧ​နုတ်​မွေး​ပြီး နှစ်များ​စွာ​အကြာတွင် ကာဣန​မှ​ဆင်းသက်လာ​သူ လာ​မက်​သည် သူ၏​ဇနီး​နှစ်ဦး​အတွက် သီချင်း​တစ်ပုဒ်​ရေးစပ်​စဉ်​က သူ့​အား နာကျင်စေ​ခဲ့​သူ လူငယ်​တစ်ဦး​ကို သတ်ခဲ့​ကြောင်း ထည့်​ရေးခဲ့​သည်။ ထို့နောက် “ကာဣန​သည် ခု​နစ်​ဆ​သော​လက်စားချေခွင့်​ကို​ရ​လျှင် လာ​မက်​သည် ခု​နစ်​ဆ​ယ့်​ခု​နစ်​ဆ​ကို​ပင်​ရ​လိမ့်​မည်” ဟူ၍ ရေးဖွဲ့​ခဲ့​သည်။—ကမ္ဘာဦး ၄:၁၀၊ ၁၉၊ ၂၃၊ ၂၄သ​မ။

၁၁ ဧဒင်ဥယျာဉ်​တွင် စာတန် စတင်​လိုက်​သော ဖောက်ပြန်မှု​ကြောင့် အာဒံ​၏​သားစဉ်မြေးဆက်​များ​ကြား​တွင် တစ်မုဟုတ်ချင်း ဆိုးသွမ်းမှု ပျံ့နှံ့​သွားခဲ့​ကြောင်း အဆိုပါ​အကျဉ်းချုပ်​အချက်အလက်​များ​က ဖော်ပြ​၏။ ထိုသို့​သော​လောကတွင် ဧနောက်​သည် ယေဟောဝါ​၏​ပရောဖက်​တစ်ဦး​ဖြစ်​ခဲ့​ပြီး သူ​ဟောပြောခဲ့​သော ပြင်းထန်​သည့်​စကားလုံး​များသည် ယနေ့​ထိ သက်ဆိုင်​နေဆဲ​ရှိ၏။ ဧနောက်​က ‘ထာဝရ​ဘုရားသခင်​သည် ခပ်သိမ်း​သော​သူတို့ကို တရား​စီရင်တော်မူ​၍ မတရားသော​သူတို့သည် မတရား​သဖြင့်​ပြုသော မကောင်းမှု​ရှိသမျှ​တို့၏​အပြစ်ကို​လည်းကောင်း၊ မတရားသော​လူဆိုး​တို့သည် ဘုရားသခင်​ကို​ပြစ်မှား​၍​ပြော​သော ကြမ်းတမ်းသော​စကား​ရှိသမျှ​တို့၏​အပြစ်ကို​လည်းကောင်း ဖော်ပြခြင်း​ငှာ အတိုင်းမသိ​များစွာသော မိမိ​သန့်ရှင်းသူ​တို့​နှင့်​တကွ ကြွလာ​တော်​မူ​လိမ့်​မည်’ ဟု​ပရောဖက်ပြု​၍​ဟောခဲ့​ကြောင်း ယုဒ​က ဖော်ပြ​၏။ (ယုဒ ၁၄၊ ၁၅) အဆိုပါ​စကား​များသည် အာမဂေဒုန်​၌ အပြီးသတ်​ပြည့်စုံ​လိမ့်​မည်။ (ဗျာ. ၁၆:၁၄၊ ၁၅) သို့​တိုင် ဧနောက်​ခေတ်​၌​ပင် ထို​ပရောဖက်ပြု​စကား​များ​ကို ကြား​လိုက်၍ စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​ကြ​သည့် “မတရားသော​လူဆိုး” များစွာ​ရှိ​မည်​မှာ သေချာ​သည်။ ဧနောက်​ကို သူတို့​မ​သတ်​မီ ယေဟောဝါ သိမ်းယူ​ခဲ့​ခြင်း​သည် အမှန်ပင် မေတ္တာ​ရှိ​ပေ​သည်။

ဘုရားသခင်​နှင့်အတူ ဧနောက်​သွားလာ​နိုင်​ရန် အဘယ်​အကူအညီ​ရရှိခဲ့​သနည်း

၁၂။ ဧနောက်​သည် သူ၏​တစ်ခေတ်​တည်း​သားများ​နှင့် မည်သို့​ကွာခြား​သနည်း။

၁၂ ဧဒင်ဥယျာဉ်​တွင် အာဒံ​နှင့်​ဧဝ​တို့သည် စာတန်​၏​စကား​ကို နားထောင်ပြီး ယေဟောဝါ​အား ပုန်ကန်​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃:၁-၆) သူတို့၏​သား အာဗေလ​သည် သူတို့နှင့်​မတူ​သည့်​လမ်းစဉ်​ကို လိုက်လျှောက်​ခဲ့​ရာ သူ့ကို ယေဟောဝါ နှစ်သက်​အားရ​တော်​မူ​ခဲ့​၏။ (ကမ္ဘာဦး ၄:၃၊ ၄) ဝမ်းနည်းစရာမှာ အာဒံ​၏​သားစဉ်မြေးဆက်​အများစု​သည် အာဗေလ​နှင့်​မတူကြ​ချေ။ သို့သော် နှစ်ပေါင်း​များစွာ​အကြာတွင် သူနှင့်​တူ​သည့် ဧနောက်​ကို ဖွားမြင်​ခဲ့​သည်။ ဧနောက်​နှင့် အာဒံ​၏​တခြား​မျိုးဆက်​များ မည်သို့​ကွာခြား​သနည်း။ တမန်​တော်​ပေါလု​က “ဧနောက်​သည် ယုံကြည်ခြင်း​အားဖြင့် သေခြင်းနှင့်​လွတ်​၍ ဘဝ​ပြောင်း​ရ၏။ ဘုရားသခင်​သည် သူ့ကို ဘဝ​ပြောင်း​စေတော်မူ​သောကြောင့် သူသည် နောက်​တစ်ဖန်​မ​ပေါ်​မရှိ။ သူသည် ဘဝ​မပြောင်းမီ ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့သော​သူ​ဖြစ်သည်ဟု သက်သေခံခြင်း​ကို​ရလေ​၏” ဟု​ရေးသားခဲ့​ရာ ထို​မေးခွန်း​ကို ဖြေဆို​ပေး​ခဲ့​သည်။ (ဟေဗြဲ ၁၁:၅) ဧနောက်​သည် ယုံကြည်ခြင်း​တွင် စံပြ​ဖြစ်​ခဲ့​ကြသော ‘အတိုင်းမသိ​များပြား​သည့် [ခရစ်ယာန်​ခေတ်​မတိုင်မီ​က] သက်သေခံ’ များ​ထဲ​မှ တစ်ဦး​ဖြစ်​ခဲ့​သည်။ (ဟေဗြဲ ၁၂:၁) ယနေ့ ကျွန်ုပ်​တို့​အများစု​၏​သက်တမ်း​ထက် သုံး​ဆ​ပို​များ​သည့် အသက် ၃၀၀ ကျော်​အသက်ရှင်ခဲ့​သော ဧနောက်​သည် သူ၏​သက်တမ်း​တစ်လျှောက်​တွင် အမူအကျင့်ကောင်း​ကို ထိန်းသိမ်း​ထား​နိုင်​ခြင်း​မှာ ယုံကြည်ခြင်း​ကြောင့်​ဖြစ်၏။

၁၃။ ဧနောက်​တွင် အဘယ်​ယုံကြည်ချက်​မျိုး​ရှိ​သနည်း။

၁၃ “ယုံကြည်ခြင်း​သည် မျှော်လင့်​ရာ​များ​၌ စိတ်ချ​ခြင်း၊ မျက်ကွယ်​ရာ​များ​ကို မျက်မှောက်ပြု​ခြင်း​ဖြစ်၏” ဟု​ရေး​၍ ဧနောက်​နှင့် တခြား​သက်သေခံ​များ​၏ ယုံကြည်ခြင်းကို ပေါလု​ဖော်ပြ​ခဲ့​သည်။ (ဟေဗြဲ ၁၁:၁သ​မ) မှန်​၏၊ ယုံကြည်ခြင်း​သည် ကျွန်ုပ်​တို့​မျှော်လင့်​ထား​ရာ​များ အမှန်တကယ်​ဖြစ်လာ​မည်​ဟု စိတ်ချ​စွာ စောင့်မျှော်​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့​ဘဝတွင် အရေးကြီးဆုံး​ဟု ရှုမြင်သည့်​အရာ​ကို အကျိုး​သက်ရောက်​သည့်​အထိ ပြင်းပြ​စွာ မျှော်လင့်​နေခြင်း​ဖြစ်သည်။ ထိုသို့​သော​ယုံကြည်ခြင်းက ဧနောက်​ကို ဘုရားသခင်​နှင့်အတူ သွားလာ​စေ​ခဲ့​သည်၊ သူ၏​ဝန်​ကျင်း​ရှိ လောကသား​များ​မှာ​မူ ဘုရားသခင်​နှင့်အတူ မသွား​လာ​ခဲ့​ကြ​ချေ။

၁၄။ ဧနောက်​၏​ယုံကြည်ခြင်း​သည် အဘယ်​တိကျ​မှန်ကန်သော အသိပညာ​အပေါ် အခြေပြု​ခဲ့​သနည်း။

၁၄ စစ်မှန်သော​ယုံကြည်ခြင်း​သည် တိကျ​မှန်ကန်သော​အသိပညာ​အပေါ် အခြေပြု​၏။ ဧနောက်​တွင် အဘယ်​အသိပညာ​ရှိခဲ့​သနည်း။ (ရောမ ၁၀:၁၄၊ ၁၇; ၁ တိမောသေ ၂:၄) ဧဒင်ဥယျာဉ်​တွင် ဖြစ်ပျက်​ခဲ့​ရာ​များ​ကို သူသိ​ရှိ​မည်​မှာ သေချာ​၏။ ထို့​ပြင် သူ၏​လက်ထက်​တွင် တည်ရှိ​နေ​သေး​သော ဝင်ခွင့်​မရတော့​သည့် ဧဒင်ဥယျာဉ်​တွင် အသက်တာသည် အဘယ်​အခြေအနေ​မျိုး​ရှိခဲ့​သည်ကို​လည်း သူ​ကြားသိ​ထား​ပေမည်။ (ကမ္ဘာဦး ၃:၂၃၊ ၂၄) ဘုရားသခင်​သည် ကမ္ဘာ​မြေ​ကို အာဒံ​၏​သားစဉ်မြေးဆက်​များနှင့် ပြည့်​စေလို၍ တစ်ကမ္ဘာ​လုံး​ကို မူလ​ပရဒိသု​ကဲ့သို့​ဖြစ်စေ​ရန် ရည်ရွယ်​တော်​မူ​ကြောင်းကို​လည်း သိရှိ​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၈) ၎င်း​ပြင် စာတန်​၏​ခေါင်း​ကို​ကြိတ်​ပြီး စာတန်​၏​လှည့်ဖြားမှု​ကြောင့် ဖြစ်ပေါ်​လာ​သည့် ဆိုးကျိုး​များ​ကို ပယ်ဖျက်​ပေး​မည့် မျိုးနွယ်တော်​ပေါ်ထွန်း​လာ​မည်​ဟူသော ယေဟောဝါ​၏​ကတိတော်​ကိုလည်း ဧနောက် အမှန်​စိတ်ဝင်စား​ခဲ့​ပေမည်။ (ကမ္ဘာဦး ၃:၁၅) ဧနောက် ပရောဖက်ပြု​ခဲ့​သော​စကား​များ​က​ပင် စာတန်​၏​မျိုးနွယ် ဖျက်ဆီး​ခံရ​မည်​ဟု ကြို​ဟောထား​၏၊ ယင်းကို ယုဒ​ကျမ်း​တွင် မှတ်တမ်း​တင်ထား​သည်။ ဧနောက်​တွင် ယုံကြည်ခြင်း​ရှိခဲ့​ရာ သူသည် “ကိုယ်တော်​ကို ကြိုး​စား၍​ရှာ​သော​သူအား အကျိုးပေး” ရှင်​ယေဟောဝါ​အား ကိုးကွယ်​ခဲ့​ခြင်း​ဖြစ်သည်။ (ဟေဗြဲ ၁၁:၆သမ္မာ) ထို့​ကြောင့် ကျွန်ုပ်​တို့​တွင်​ရှိသည့် အသိပညာ​လောက် ဧနောက်​တွင် မရှိခဲ့​သော်လည်း သူ၏​ယုံကြည်ခြင်း​ခိုင်ခံ့​စေရန် သူ့မှာ အသိပညာ​အလုံအလောက်​ရှိသည်။ သူသည် ဤသို့​သော​ယုံကြည်ခြင်း​မျိုး​ဖြင့် ကသောင်းကနင်း​နိုင်သော​ကာလ​တွင် သမာဓိ​စောင့်ထိန်း​နိုင်​ခဲ့​၏။

ဧနောက်​၏​ပုံသက်သေ​ကို တုပ​လော့

၁၅၊ ၁၆။ ဧနောက်​၏​လမ်းစဉ်​ကို ကျွန်ုပ်​တို့ မည်သို့​လိုက်လျှောက်​နိုင်​ကြ​သနည်း။

၁၅ ဧနောက်​နည်းတူ ကျွန်ုပ်​တို့သည် မျက်မှောက်ခေတ် ကသောင်းကနင်း​နိုင်သော​ကာလ​တွင် ယေဟောဝါ​၏​အလိုတော်နှင့်​တွေ့​လို​ကြ​လျှင် ဧနောက်​၏​ပုံသက်သေ​ကို လိုက်လျှောက်သင့်​သည်။ ယေဟောဝါ​နှင့် ကိုယ်တော်​၏​ရည်ရွယ်ချက်​တို့​နှင့်​ပတ်သက်​သည့် တိကျ​မှန်ကန်သော အသိပညာကို ဆည်းပူး​ပြီး စွဲမှတ်​ထား​ဖို့​လို​သည်။ သို့ရာတွင် ထို့​ထက်မက ပြုလုပ်​ဖို့​လို​သေး​သည်။ ကျွန်ုပ်​တို့၏​ဘဝ​လမ်းစဉ်​ကို တိကျ​မှန်ကန်သော​အသိပညာ​အား လမ်းညွှန်​စေ​သင့်​သည်။ (ဆာလံ ၁၁၉:၁၀၁; ၂ ပေတရု ၁:၁၉) ဘုရားသခင်​စဉ်းစား​တွေးခေါ်​သကဲ့သို့ စဉ်းစား​တွေးခေါ်​ပြီး ကျွန်ုပ်​တို့​ပြုမူ​သမျှ​သည် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ဖို့​လို​သည်။

၁၆ ဧနောက်​ခေတ်တွင် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သော တခြား​သူများ​ရှိမရှိ မှတ်တမ်းက မဖော်ပြသော်လည်း ဧနောက်​သည် တစ်ဦးတည်း သို့​မဟုတ် လူနည်းစု​ထဲ​တွင် တစ်ဦး​ဖြစ်​နိုင်၏။ ကျွန်ုပ်​တို့သည်​လည်း ဤ​လောကတွင် လူနည်းစု​သာ​ဖြစ်​ကြသော်လည်း ယင်းကြောင့် ကျွန်ုပ်​တို့ စိတ်ပျက်​အားလျော့​မသွား​ပါ။ ကျွန်ုပ်​တို့​တစ်ဖက်၌ မည်သူ​ပင်​ရှိပါစေ၊ ကျွန်ုပ်​တို့​ဘက်တွင် ယေဟောဝါ​ရှိပါ​လိမ့်​မည်။ (ရောမ ၈:၃၁) ဘာသာ​တရား​ကင်းမဲ့​သူများ မကြာမီ ဖျက်ဆီး​ခံ​ရတော့မည်​ကို ဧနောက် သတ္တိရှိရှိ သတိပေး​ခဲ့​သည်။ ကျွန်ုပ်​တို့သည်​လည်း ကဲ့ရဲ့​ပြောင်လှောင်မှု၊ ဆန့်ကျင်မှု​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​တို့​ကြား ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို သတ္တိရှိရှိ ဟောပြောနေကြ​ပါ​သည်။ (မဿဲ ၂၄:၁၄) ဧနောက်​သည် သူ၏​တစ်ခေတ်​တည်း​သားများ​လောက် အသက်​မရှည်​ခဲ့​ချေ။ သို့​တိုင် သူသည် ထို​လောက​မှ​အရာ​ကို မမျှော်လင့်​ဘဲ ထို​ထက်​သာ၍​မြတ်သော​အရာ​ကို အာရုံစိုက်ခဲ့​၏။ (ဟေဗြဲ ၁၁:၁၀၊ ၃၅) ကျွန်ုပ်​တို့သည်​လည်း ယေဟောဝါ​၏​ရည်ရွယ်ချက် ပြည့်စုံ​မည့်​အချိန်ကို အာရုံစိုက်​နေကြ​သည်။ ထို့​ကြောင့် ဤ​လောကကို ကျွန်ုပ်​တို့ အပြည့်အဝ​အသုံးမပြု​ကြ​ချေ။ (၁ ကောရိန္သု ၇:၃၁) သို့​ပြု​မည့်​အစား ကျွန်ုပ်​တို့၏​ခွန်အား​နှင့် ဥစ္စာ​အင်ခွင်များကို ယေဟောဝါ​၏​လုပ်ငန်းတော်တွင် အသုံးပြု​ကြ​၏။

၁၇။ ဧနောက်​တွင် မရှိသည့် အဘယ်​အသိပညာ ကျွန်ုပ်​တို့​တွင်​ရှိ​သနည်း၊ သို့​ဖြစ်၍ ကျွန်ုပ်​တို့ အဘယ်အရာ​လုပ်ဆောင်​သင့်​သနည်း။

၁၇ ယေဟောဝါ ကတိထားရာ မျိုးနွယ်တော်​သည် အချိန်တန်လျှင် ပေါ်ထွက်​လာ​မည်​ကို ဧနောက် ယုံကြည်​စိတ်ချ​ခဲ့​သည်။ မျိုးနွယ်တော် ယေရှု​ခရစ် ပေါ်ထွက်​လာပြီး ရွေးနုတ်ဖိုး​ပေး​ခဲ့​သည့်​အချိန်​သည် ယခု​ဆိုလျှင် အနှစ် ၂၀၀၀ နီးပါး​ရှိခဲ့​ပြီ၊ သို့ဖြင့် ဧနောက်​ကဲ့သို့ ရှေး​အချိန်​က သစ္စာရှိခဲ့​သော​သက်သေ​များ​အပြင် ကျွန်ုပ်​တို့​လည်း ထာဝရ​အသက်​ရ​ခွင့်​ရှိကြသည်။ ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အဖြစ် ယခု စိုးစံ​လျက်​ရှိသော ထို​မျိုးနွယ်တော်​သည် စာတန်​ကို ကောင်းကင်​မှ ဤ​ကမ္ဘာ​မြေကြီးပေါ်​သို့ နှင်ချ​ခဲ့ပြီ​ဖြစ်သည့်​အတွက် ကျွန်ုပ်​တို့​ဝန်းကျင်​တွင် အလွန်​ဆင်းရဲ​ခက်ခဲ​နေရ​ခြင်း​ဖြစ်သည်။ (ဗျာ. ၁၂:၁၂) မှန်​၏၊ ဧနောက်​တွင်​ရှိခဲ့​သည့် အသိပညာ​ထက် ကျွန်ုပ်​တို့​တွင် ပို​ရှိသည်။ သို့​ဖြစ်၍ ဧနောက်​နည်းတူ ခိုင်ခံ့​သော​ယုံကြည်ခြင်း​ရှိကြပါ​စေ။ ဘုရားသခင်​၏​ကတိတော်​များ ပြည့်စုံ​လာ​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​သဖြင့် ကျွန်ုပ်​တို့​ပြု​လေ​သမျှ​အပေါ် ဩဇာ​သက်ရောက်​ပါစေ။ ကျွန်ုပ်​တို့သည် ကသောင်းကနင်း​နိုင်သော​ကာလ​တွင် အသက်​ရှင်​နေကြ​ရ​သော်လည်း ဧနောက်​ကဲ့သို့ ဘုရားသခင်​နှင့်အတူ သွားလာ​ကြပါစို့။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 ၁၉၉၈၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၃၊ ပိုဒ် ၂ ကို​ရှု။

^ အပိုဒ်၊ 10 ဧနုတ်​ခေတ်​မတိုင်မီ​က ယေဟောဝါ​သည် အာဒံ​နှင့် စကားပြော​ဆို​ခဲ့​သည်။ အာဗေလ​သည် ယေဟောဝါ​နှစ်သက်သော​ယဇ်ကို ပူဇော်​ခဲ့​၏။ မနာလို​စိတ်ဖြင့် ကာဣန လူ​မ​သတ်​မီ​က ဘုရားသခင်​သည် သူနှင့်​ပင် အဆက်အသွယ်​ပြု​ခဲ့​သည်။ ထို့​ကြောင့် “ယေဟောဝါ​၏​နာမတော်​ကို​ခေါ်” စ​ပြု​ကြ​ခြင်း​သည် စင်ကြယ်သော​ဝတ်ပြုရေး​နှင့်​အညီ​မဟုတ်ဘဲ အခြား​တစ်နည်း​ဖြင့် ခေါ်​ခြင်း​ဖြစ်​ရမည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ဘုရားသခင်​နှင့်အတူ သွားလာခြင်း​ဟူသည် အဘယ်နည်း။

• ဘုရားသခင်​နှင့်အတူ သွားလာခြင်း​သည် အဘယ်ကြောင့် အကောင်းဆုံး​လမ်းစဉ်​ဖြစ်သနည်း။

• ဧနောက်​သည် ကသောင်းကနင်း​နိုင်သော​ကာလ​တွင် အသက်ရှင်​နေထိုင်​ရသည့်​ကြား ဘုရားသခင်​နှင့်အတူ မည်သို့​သွားလာ​နိုင်​ခဲ့​သနည်း။

• ဧနောက်​ကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယုံကြည်ခြင်း​အားဖြင့် “ဧနောက်​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏”

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ကတိတော်​များ အမှန်တကယ်​ဖြစ်ပျက်​လာ​မည်​ကို ကျွန်ုပ်​တို့ အခိုင်အမာ​ယုံကြည်​စိတ်ချ

[Picture Credit Lines on page 13]

ယာ​အစွန်​မှ အမျိုးသမီး– FAO photo/B. Imevbore; collapsing building: San Hong R-C Picture Company